တတိယနိုင်ငံအတွက် ပြင်ဆင်ခြင်း
နော်ဝေးမသွားခင် သီတင်း ၃ ပတ်အကြာ သွားမယ့်သူတွေကို အသုတ်လိုက်ခွဲပြီး နယူးဒေလီမှာပဲ နော်ဝေးနိုင်ငံအကြောင်း သိကောင်းစရာ ယဉ်ကျေးမှုမိတ်ဆက်သင်တန်းတခုကို တက်ရပါတယ်။ ဒါကတော့ နော်ဝေးနိုင်ငံက UDI ခေါ် နော်ဝေး လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အစီအစဉ်တခုပါ။ နော်ဝေးနိုင်ငံထွက်ခွာမယ့် ဒုက္ခသည်တွေ ကိုယ်အခြေစိုက်မယ့် နိုင်ငံအကြောင်း အကျဉ်းချုပ်သိထားဖို့ မိတ်ဆက်ပေးတဲ့သဘောပါ။
နော်ဝေးနိုင်ငံက ဗီယက်နမ်လူမျိုး အရပ်ပုပု ဆာမူရိုင်းဆံပင်နဲ့ Mr. NAM ဆိုသူက ကျနော်တို့ကို နော်ဝေးအကြောင်း မိတ်ဆက်ပြောပြပါတယ်။ သင်တန်းမှာ နော်ဝေးနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ပညာရေးစနစ်၊ အလုပ်အကိုင်၊ နေထိုင်မှုစရိတ်နဲ့ လူမှုအထောက်အပံ့၊ မိသားစုပုံစံ၊ တရားဥပဒေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူနေမှုဘဝတွေအကြောင်း အတော်လေး ပြည့်စုံပါတယ်။ ဒုက္ခသည်အားလုံးလိုလိုဟာ နော်ဝေးနိုင်ငံအကြောင်းမသိတော့ ထူးဆန်းအံ့သြစရာပေါ့...။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက် ဆီးနှင်းထူထပ်ပြီး ၆ လလောက် ရေခဲနေတဲ့ဒေသဆိုတော့ နှင်းမမြင်ဖူးတဲ့ ကျနော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ မသိရင် မေးဖို့လည်း အတန်တန်ပြောတယ်။ သူပြောတာလေးက မှတ်သားစရာကောင်းတယ်။
“နားမလည်ရင်မေးဖို့ အားနာစရာ မလိုဘူး၊ မေးခွန်းမေးတာ ရှက်စရာလည်း မဟုတ်ဘူး၊ အာရှသားတွေဟာ မရှက်သင့်တာကို ရှက်တတ်တယ်၊ အားနာတယ်၊ ဒီမေးခွန်းဟာ ပေါကြောင်ကြောင်နိုင်ပါတယ်၊ ကလေးမေးခွန်းပါ၊ မမေးသင့်ဘူး၊ မိုက်မဲတဲ့မေးခွန်းဆိုတာမျိုးတွေ မရှိဘူး၊ မေးခွန်းတိုင်းဟာ အရေးကြီးတယ်၊ သင့်မေးခွန်းကို သင့်လိုပဲ မေးချင်သူ၊ သိချင်သူ အများအပြားရှိတာကို သတိပြုပေးပါ၊ နားထောင်ရုံသက်သက်မဟုတ်ဘဲ၊ ပူးပေါင်းပါဝင်ခြင်းနဲ့ ကိုယ့်ရဲ့အမြင်တွေ ဆွေးနွေးတင်ပြခြင်းဟာ နော်ဝေးနိုင်ငံရဲ့ ကျောင်းသားကောင်းတွေပြုမူတဲ့ အလေ့အထဖြစ်တယ်” ဆိုတာလေးပါ။
ကျနော်တို့ထဲက တယောက်က မေးခွန်းထမေးတယ်၊ “နော်ဝေးနိုင်ငံက ၆ လလောက် နေရောင်မမြင်ရဘဲ ၆ လလောက်ပဲ နေရောင်တွေ့ရတာဆိုတော့ အဲဒီကလူတွေက ၆ လပဲ အလုပ်လုပ်ပြီး ကျန်တဲ့ ၆လကတော့ အလုပ်လုပ်စရာ မလိုဘူးပေါ့နော်” လို့မေးတော့ အားလုံးက ရယ်ကြတယ်။ Nam ကတော့ မရယ်ဘူး၊ နွေရာသီမှာ တလ အားလပ်ရက် ရှိတယ်၊ ကျန်တဲ့ နော်ဝေးနိုင်ငံက တရားဝင်ပြဌာန်းထားတဲ့ အားလပ်ရက် (ဘာသာရေး အထိမ်းအမှတ်နေ့) ကလွဲလို့ အမြဲတမ်း အလုပ်လုပ်ကြတဲ့အကြောင်း၊ အလုပ်ရဲ့ဂုဏ်ကို နော်ဝေးလူမျိုးတွေက တန်ဖိုးထားကြောင်း၊ အလုပ်မလုပ်ရင်သာ ရှက်စရာကောင်းကြောင်း၊ ပညာသင်တာလည်း အလုပ်၊ ဘာသာစကားသင်တာလည်း အလုပ် ဆိုတာတွေကို စိတ်ရှည်ရှည် ပြန်ရှင်းပြတယ်။
ပြီးတော့ Nam က အာရှသားပီပီ အာရှစရိုက်ကိုလည်းသိနေတော့ ဘာမဆို စိတ်ရှည်ဖို့၊ သည်းခံဖို့လည်း ပြောတယ်။ “ဟိုရောက်ရင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ၊ အမှိုက်တွေ နေရာတိုင်း မပစ်ပါနဲ့ အမှိုက်ပုံးတွေ နေရာတိုင်းမှာ ရှိတယ်၊ အများသွားလာတဲ့ နေရာတွေမှာ၊ မြင်ကွင်းမှာ အမှိုက်ပစ်တာကို နော်ဝေးတွေ မကြိုက်ဘူး” လို့မှာကြားပါတယ်။
နော်ဝေးဟာ ရာသီဥတု ၄ မျိုး ရှိတယ်။ ဆောင်းရာသီ (နိုဝင်ဘာ-မတ်)၊ နွေဦးရာသီ (ဧပြီ-မေ)၊ နွေရာသီ (ဇွန်-သြဂုတ်)၊ ဆောင်းဦးရာသီ (စက်တင်ဘာ- အောက်တိုဘာ) ဖြစ်တယ်။ ဘယ်ရာသီမှာ ဘယ်လို ဝတ်စားရမယ်ဆိုတာတွေ၊ ဘယ်လို ရာသီမှာ အဝတ်အစားနဲ့ အစားအသောက်တွေ ဘယ်လိုဝယ်ရမယ်ဆိုတာတွေကအစ ပြောပြတယ်။ နော်ဝေး ရာသီဥတုအကြောင်း နော်ဝေးရောက်မှ သေချာခံစားထိတွေ့ ရေးပြတာက ကောင်းမှာမို့ ဟိုရောက်မှပဲ သေချာပြောပြတော့မယ်။
Mr Nam က ကျနော်တို့အားလုံးကို ဆောင်ရန် ရှောင်ရန် ကျင့်ဝတ်စည်းကမ်းတွေနဲ့ လူမှုအလေ့အထတွေလည်း ပြောပြတယ်။ ဥပမာ ဒီမှာနေသလို ယောက်ျားလေးနှစ်ယောက်ထဲ ပုခုံးဖက်၊ လက်ချိတ်ပြီးမသွားဖို့၊ ဟိုမှာတော့ ဂေး (လိင်တူရည်းစား)သာ လုပ်တတ်တဲ့ဓလေ့လို့ ပြောတယ်။ ကိုယ့်အိမ်ရောက်ရင် အိမ်မှာလုပ်တဲ့ ကိတ်မုန့်ဖြစ်စေ၊ စားစရာတခုခုပေးပြီး အိမ်နီးချင်း၊ အခန်းချင်းကပ်ရက်တွေကို အရင်မိတ်ဆက်ဖို့လည်း သတိပေးတယ်။ လူတွေနဲ့ မျက်လုံးချင်းဆုံမိတိုင်း “ဟိုင်း၊ ဟယ်လို” လို့ နှုတ်ဆက်တာမျိုး၊ ပြုံးပြတာမျိုးလုပ်ဖို့လည်း သတိပေးတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေကို ချိုချိုသာသာ ဆက်ဆံဖို့၊ မရိုက်ဖို့၊ နော်ဝေးဥပဒေက ခွင့်မပြုတဲ့အကြောင်းတွေကအစ သတိပေးရှာတယ်။ ကျနော့်စိတ်အထင် သင်တန်းဟာ ၁၀ ရက်ဝန်းကျင်ရှိမယ် ထင်တယ်။ အဲဒီနောက် ကျနော်တို့ဟာ UNHCR က လေယာဉ်လက်မှတ်ထုတ်ပေးမယ့်အချိန်ကို စောင့်ရပါတယ်။ ဘယ်နေ့ထွက်ရမယ်ဆိုတာတော့ ကျနော်တို့ကို တလကြိုတင်ပြီး အကြောင်းကြားထားပါတယ်။
နော်ဝေးဟာ စတုရန်း ကီလိုမီတာ ၂ သိန်းကျော်လောက်သာရှိတဲ့ ဥရောပတိုက် မြောက်ဘက်ထိပ်မှာ တောင်နဲ့မြောက် ရှည်မျောမျော သွယ်တန်းနေတဲ့ ပင်လယ်ကမ်းရိုးတန်းနိုင်ငံလေးပါ။ မြောက်ကနေ တောင်ဘက် ကားမောင်းရင် စုစုပေါင်း ၂၅ နာရီကနေ ၃၅ နာရီထိသာကြာနိုင်သလို လေယာဉ်နဲ့ဆို ၂ နာရီ ၃ နာရီနဲ့ နိုင်ငံနယ်နမိတ်အဆုံး ရောက်သွားမှာပါ။ သဘာဝ တောတောင်တွေထူထပ်ပြီး အလွန်လှပတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာမှာ နေချင်စရာ အကောင်းဆုံးနိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာ့နေချင်ဖွယ်ကောင်းပြီး လှပတဲ့ ထိပ်တန်းနိုင်ငံထဲမှာ ပါဝင်တယ်။ လူဦးရေကလည်း ၅ သန်းကျော်ပဲရှိတယ်။ ရန်ကုန်မြို့ လူဦးရေလောက်ပဲ ရှိမယ်ထင်ပါရဲ့။
အခုဆို သူတို့လူဦးရေရဲ့ ၁၀% ဟာ တိုင်းတပါးက ရွှေ့ပြောင်းလာသူတွေလို့ ဆိုရမယ်။ ပါကစ္စတန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဗီယက်နမ်နဲ့ အရှေ့ဥရောပနိုင်ငံကလူမျိုးတွေ များတယ်။ နောက်ပိုင်း အာဖရိက၊ အာရှသားတွေ အတော်များများ အခြေချလာလို့ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုအစုံ ဖွံ့ဖြိုးရာနိုင်ငံတခုလို ဖြစ်လာတယ်။ မြေဧရိယာရဲ့ ၃%လောက်ပဲ စိုက်ပျိုးလို့ရပြီး တနှစ်မှာ ၄ လပဲ စိုက်ပျိုးချိန်ရှိတယ်။ ဒါကြောင့် စိုက်ပျိုးရေးထက် ကမ်းရိုးတန်းတလျှောက် ငါးဖမ်းလုပ်ငန်းကိုပဲ မိရိုးဖလာ အသက်မွေးလုပ်ငန်းတခုအနေနဲ့ လုပ်ကိုင်နေကြတာပါ။
အမှန်တော့ ရှေးဦးနော်ဝေးပြည်သူတွေဟာ အတော်လေး ဆင်းရဲဒုက္ခခံပြီး နေထိုင်ရပ်တည်ခဲ့ရတာပါ။ နိုင်ငံကလည်း ဆင်းရဲပါတယ်။ ဗိုက်ကင်းတိုင်းပြည်လို့ လူသိများတဲ့ နော်ဝေးဟာ ပင်လယ်ဓားပြသားတွေအဖြစ်လည်း ထင်ရှားတယ်။ ပင်လယ်ပြင် ကုန်ကူးသန်းရေးနဲ့ နယ်ပယ်စူးစမ်းရှာဖွေမှုတွေ လုပ်ခဲ့တယ်။ ဗိုက်ကင်းခေတ်အလွန် ၁၀၃၀ လောက်မှာ ခရစ်ယာန် အယူဝါဒထွန်းကားပြီး ဘုရင့်နိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ၁၄ ရာစုလောက်မှာ ပုလိပ်ရောဂါ ကပ်ဘေးနဲ့ကြုံပြီး လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ရောဂါနဲ့ ဆုံးကုန်တယ်။
တိုင်းပြည်အင်အားချိနဲ့ခဲ့သလို မင်းဆက်လည်း ပျက်ခဲ့ရတယ်။ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေကို မှီခိုရပြီး အဲဒီနိုင်ငံတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းရာနဲ့ချီ နေထိုင်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်မှာ (၁၉၄၀-၄၅)ထိ ဂျာမဏီက သိမ်းပိုက်ခဲ့တယ်။ နော်ဝေးနိုင်ငံရဲ့ ဘုန်းတန်ခိုးသြဇာ ထွန်းတောက်လာတဲ့ကာလဟာ သိပ်မကြာသေးပါဘူး။ နိုင်ငံရဲ့ ကံဇာတတက်ချင်တော့ ၁၉၆၀ နဲ့ ၁၉၇၀ နှောင်းပိုင်းမှာ မြောက်ဘက်ပိုင်းပင်လယ်တွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက် အမြောက်အမြားကို တူးဖော်တွေ့ရှိတယ်။ အဲဒီနောက်ပိုင်း သဘာဝဓာတ်ငွေ့ကို အမေရိကန်က ရှဲလ်ကုမ္မဏီကို ငှားရမ်းထုတ်လုပ်ခဲ့တယ်။ အလုပ်သမားအင်အားနည်းလွန်းလို့ ပါကစ္စတန်နိုင်ငံက အလုပ်သမားတွေကို ငှားရမ်းခေါ်ဆောင်ခဲ့တယ်။ (ဒါကြောင့်လည်း ပါကစ္စတန်လူမျိုးတွေ နော်ဝေးမှာ ပေါများလာတာဖြစ်တယ်)။
နော်ဝေးနိုင်ငံမသွားခင် အနှစ် ၂၀ လောက် နေထိုင်စဉ် စုဆောင်းထားတဲ့ မှတ်တမ်းစာအုပ်တွေ၊ သတင်းစာဟောင်းတွေ၊ စာအုပ်စာတမ်း၊ မဂ္ဂဇင်းနဲ့ ဝတ္တုတွေ ထုတ်ပိုးရတယ်။ အားလုံးတော့ သယ်သွားလို့မရ၊ ကိုယ်လိုချင်တာ ရသလောက် သယ်သွားရုံပေါ့။ ၁၀ နှစ် ၁၀ မိုး သတင်းထောက်လုပ်လာခဲ့စဉ် သတင်းမှတ်တမ်းနဲ့ ဒေတာတွေအားလုံး စနစ်တကျ ပြန်လည်စိစစ်ပြီး ယူသင့်တာယူ၊ ဖျက်သင့်တာ ဖျက်ရတယ်။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပေမယ့် ဆက်လက်ကိုင်ဆောင်ထားဖို့ မလိုမပ်တော့တဲ့ မှတ်တမ်းတွေကို ဖျက်ဆီးခဲ့ရတယ်။ အဲဒီအထဲမှာ အိန္ဒိယနိုင်ငံကူးလက်မှတ်တို့၊ နာမည်အမျိုးမျိုးနဲ့ အကြံအဖန်လုပ်ထားတဲ့ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားတွေလည်း ပါတယ်။
သတင်းထောက်ဘဝနဲ့ ခရီးသွားလာခဲ့စဉ် နယ်စပ်ခရီးတချို့မှာ ဒီကဒ်ပြားတွေဟာ ကျနော်ကို လုံခြုံမှုပေးခဲ့တဲ့ ကျေးဇူးရှင်တွေပေါ့။ ပြီးတော့ ဟိုမှာ မရနိုင်ဘူးလို့ထင်ရတဲ့ အစားအသောက်၊ လက်ဖက်ခြောက်တွေကအစ လျှက်ဆားနဲ့ ပရုတ်ဆီအဆုံး အိန္ဒိယနယ်စပ်ကနေ ဝယ်လာတာတွေပေါ့။ ဇနီးသည် လင်းလင်းက သူ့ရဲ့ လုရှိုင်း(မီဇို) ရိုးရာ ဗုံနဲ့ အဝတ်အစား၊ အသုံးအဆောင်လေးတွေ ရအောင်သယ်တယ်။ လေယာဉ်မှာ လူတယောက်ကို ကီလို ၂၀ သာ တင်ဆောင်ခွင့်ပြုတယ်ဆိုတော့ စာအုပ်တွေကို ရသလောက်သယ်နိုင်အောင် ကိုယ်နဲ့ အတူသွားမယ့် ကိုမြင့်အေးတို့ကိုလည်း မျှသယ်ပေးဖို့ အကူအညီတောင်းရတယ်။ နော်ဝေးမှာနေထိုင်နေတဲ့ မြန်မာသတင်းသမဂ္ဂအဖွဲ့က ကိုမောင်မောင်မြင့်၊ မြကြေးမုံ နဲ့ DVB က မိတ်ဆွေတွေဆီကလည်း သတင်းတွေမေး၊ အကြံဉာဏ်တွေယူရတာပေါ့။
နော်ဝေးကို မထွက်ခွာမီ ရက်ပိုင်းအလိုမှာပဲ လေယာဉ်လက်မှတ် ထုတ်ပေးပါတယ်။ ကျနော်တို့ခရီးစဉ်ကို IOM (International Organization for Migration) နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့က တာဝန်ယူစီစဉ်ပေးတယ်။ နယူးဒေလီကနေ ဧပြီလ ၁၅ ရက်၊ မနက် ၄ နာရီမှာ လေယာဉ်ထွက်တယ်။ လန်ဒန် ဟီသရိုးလေဆိပ်မှာ တထောက်နားတယ်။ IOM က တာဝန်ရှိသူတယောက် လာတွေ့တယ်။ ပြီးတော့ နော်ဝေးထွက်ခွာမယ့် လေယာဉ်ကို ဘယ်ဂိတ်တံခါးကနေ စီးရမယ်ဆိုတာကို လမ်းညွှန်ပေးတယ်။ ကျနော်တို့ကို အင်္ဂလိပ်လို ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်သူတွေမှန်းသိတာမို့ ကြာကြာမနေဘဲ သူလည်း နှုတ်ဆက်ပြီးပြန်သွားပါတယ်။ ဘာသာစကား အခက်အခဲရှိသူတွေကိုသာ IOM ကိုယ်စားလှယ်တွေက သေချာကြပ်မတ် ကူညီပေးတာပါ။
ဟီးသရိုးလေဆိပ်မှာ နာရီအတော်ကြာ နားနေခဲ့ရတယ်။ လေယာဉ်ပေါ်မှာ မြန်မာဆိုလို့ ကျနော်တို့ မိသားစု (သား ၆ နှစ်၊ သမီး ၄ နှစ်)နဲ့ ကိုမြင့်အေးတို့ ဇနီးမောင်နှံ (သမီးတယောက် သားတယောက်၊ ဇနီးဖြစ်တဲ့ မထားရီရဲ့မောင်လေး) တို့ပဲ ပါလာတယ်။ နယူးဒေလီက မြန်မာဒုက္ခသည် အိမ်ထောင်စု (၅၀-စုစုပေါင်း လူဦးရေ ၁၅၀ လောက်)ကို နော်ဝေးခေါ်ယူတာဆိုပေမယ့် တပြိုင်တည်း အားလုံးကို ခေါ်သွားတာ မဟုတ်ပါဘူး။ အိမ်ထောင်စု ၂ စု တစ်တွဲ၊ ၃- ၄ စု တစ်တွဲ ခေါ်တာပါ။ ဒီလူတွေအားလုံး နော်ဝေးနိုင်ငံက တမြို့ထဲမှာနေရတာ မဟုတ်ဘူး။ ကျနော်တို့က အော်စလို၊ တခြားလူတွေက တခြားမြို့အနှံ့ အကွဲကွဲအပြားပြား ရောက်ကုန်တာပါ။
ဟီသရိုးကနေ ညနေပိုင်းမှာ လေယာဉ်နဲ့ နော်ဝေးကို ထွက်ခွာခဲ့တယ်။ နော်ဝေးလေဆိပ်မှာ ကျနော်တို့ကို နေရာချထားပေးမယ့် အော်စလိုကွန်မြွန်းက ပုဂ္ဂိုလ်တွေ လာကြိုနေမယ်လို့ ကြိုသိထားပါတယ်။ ပြီးတော့ ကျနော်နဲ့ နယ်စပ်ဒုက္ခသည်စခန်းမှာရော၊မဏိပူရပြည်နယ် အင်ဖားအကျဉ်းထောင်မှာရော၊ နယူးဒေလီမှာရော အတူနေပြီး တဖွဲ့ထဲ နိုင်ငံရေးလှုပ်ရှားလာခဲ့တဲ့ သူငယ်ချင်း ထွန်းထွန်း (မောင်မောင်မျိုးညွန့်) လည်း လေဆိပ်မှာ လာစောင့်နေမယ်လို့ အစောကတည်းက အီးမေးလ် ပို့ထားပါတယ်။ ည ၉ နာရီခွဲလောက် အော်စလို လေဆိပ်ရောက်တော့ လေတိုက်ပြီး အတော်လေး စိမ့်အေးနေတာကို သတိပြုမိတယ်။ နွေဦးဆိုပေမယ့် ကျနော်တို့လို အပူပိုင်းဘက်ကလာသူတွေအဖို့ အတော်လေး အေးနေသေးတယ်။
အော်စလိုကွန်မြွန်းက နော်ဝေးအမျိုးသမီး ၃ ဦးနဲ့ ကိုမင်းမင်းဦး (လူ့ဘောင်သစ်) တို့ လာကြိုကြတာကို ဝမ်းမြောက်ဝမ်းသာ တွေ့ရတယ်။ ကိုမင်းမင်းဦးက NHEC (မြန်မာနိုင်ငံ ပညာရေးနဲ့ ကျန်းမာရေးကော်မတီ-ထိုင်းနိုင်ငံ) မှာ တာဝန်ထမ်းနေတုန်း နယူးဒေလီကို အလည်ရောက်ခဲ့လို့ ရင်းနှီးသိကျွမ်းခဲ့ပြီး ဖြစ်တယ်။ လေဆိပ်မှာ သူငယ်ချင်း ထွန်းထွန်းက ထမင်းပေါင်းအိုးလေး တလုံးရယ်၊ ၅ ကီလို ဆန်အိတ်လေးနဲ့ ကြိုရှာတယ်။ ထွန်းထွန်းကတော့ ကျနော်တို့နဲ့မလိုက်ဘဲ နှုတ်ဆက်ပြီး သူ့ကားနဲ့ပဲ သူ့အိမ်ပြန်သွားတယ်။ သူပေးခဲ့တဲ့ ပေါင်းအိုးလေးကြောင့် ကျနော်တို့ အလွယ်တကူ ထမင်းချက်စားနိုင်တာ ဖြစ်တယ်။ လေဆိပ်နဲ့အော်စလိုက တနာရီလောက် ကားမောင်းရတယ်။ တယောက်နဲ့တယောက် အပြန်အလှန် မိတ်ဆက်ကြပြီး ကျနော်တို့အတွက် အဆင်သင့် ကြိုတင်ငှားရမ်းထားတဲ့ အိမ်ရှိရာကို မောင်းနှင်ထွက်ခွာလာခဲ့တယ်။
ကိုညို (အော်စလို)
၁၇ ဧပြီ၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment