ငယ်ငယ်က ဖတ်ဖူးမှတ်ဖူးတဲ့ စာတိုပေတိုလေးတွေနဲ့ရော၊ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများအရရော ဉာဏ်မီသလောက်လေး တွေးကြည့် ငေးကြည့်မိတယ်။
စစ်သေနင်္ဂဗျူဟာမှာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ကြခိုက်ကြပဟေ့ ယှဉ်ကြပြိုင်ကြပဟေ့ဆိုရင် အင်အား ကြီးသည် ငယ်သည်ထက် “သူလျှို” - “သပ်လျှို” သေသပ်ပိုင်နိုင်တဲ့သူဟာ အသာစီးသွားတာပဲ။ အနိမ့်ဆုံးတော့ တစ်ဖက်သူရဲ့ တိုက်ကွက် ဟာကွက် အလေ့အထ အပြုအမူတွေကို အကျအန အနုလုံ ပဋိလုံ သုံးသပ်လေ့လာတတ်တဲ့သူက အားသာတာပဲ။
ဥပမာ - ကမ္ဘာကျော် ဘောလုံးအသင်းတွေပဲကြည့်ကြည့် လက်ဝှေ့သမားတွေပဲကြည့်ကြည့် ပြိုင်ဘက်ကို သေချာ လေ့လာ အထပ်ထပ် ဆန်းစစ်ပြီးမှ တိုက်ပွဲဝင်တယ်။
ဘယ်အာဏာရှင် တိုင်းပြည်မှာပဲကြည့်ကြည့် တစ်ဖက် အတိုက်အခံထဲကို အာဏာရှင်တို့က စနစ်တကျနဲ့ကို သပ်လျှို သူလျှိုတွေထည့် အတိုက်အခံရဲ့ အပြုအမူအစီအစဉ်တွေကို ကျကျနန ရီဆာ့ခ်ျလုပ်ပြီး အာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်ကြတယ်။
အာဏာရှင်တို့မည်သည် အဿပြာ ပြီးတယ်၊ အင်အား ကြီးတယ်၊ အမြဲအချိန်ပြည့် အာဏာလက်မလွှတ်ရေးကို တွေးခေါ်စဉ်စား စီမံအကွက်ချတယ်။ Plan A ~ Z အကုန်ရှိတယ်။ အတိုက်အခံတို့မည်သည် စိတ်ဓာတ်ခွန်အားမှ တပါးအခြားမရှိသည့်အပြင် ... သပ်လျှို သူလျှိုထည့် သွပ်သွင်းလိုက်ရင် အိ ခနဲ ကို ကွိ ကုန်တာပဲ။
အတိုက်အခံကို အဓိကဖြိုခွင်းဖို့ သပ်လျှိုတဲ့ ကီးပွိုင့်ထဲမှာ အတိုက်အခံတွေထဲမှာ အာဏာရှင်စိတ် မသိမသာ ကူးစက်လာအောင် dictator virus timebomb တွေ ပစ်ထည့်ပေးထားလိုက်တာပဲ။ တော်ရုံ သမာဓိအားမရှိတော့ ခေါင်က စပြိုတော့ လစ်ကုန်တာပဲ။
နောက်တစ်နည်းက ခေါင်က သိပ်မာနေရင် အောက်ခြေတွေကို ဓနအင်အားနဲ့ ပေါင်မုန့်ကျွေးပြီး ဖြိုပစ်ထာပဲ။ အဲဒီမှာတင် သိက္ခာနဲ့ ရိက္ခာ မျက်ရည်စက်လက်နဲ့လဲပြီး ဇာတ်သိမ်းကုန်ကြတာ။ ဒါက အတိုက်အခံကို ဗျူဟာကျကျ ပိပိသေသေသပ်သပ် ဖဲ့တာ။
အာဏာရှင်တို့အကြောက်ဆုံး လူထုကိုတော့ ကိုင်ရတွယ်ရခက်တယ်။ လူထုကို သေချာ ကိုင်တွယ်နိုင်တဲ့ အာဏာရှင် ကမ္ဘာမှာ အတော်ရှားတယ်၊ နောက်ဆုံး လူထုက စ ဖောက်ကြတာများတယ်ဆိုတာ သိထားတဲ့ စူဠမဟာ အာဏာရှင် အနည်းစုကတော့ လူထုတွေကို အကြောက်တရား စိုးမိုးအောင် (သို့မဟုတ်) တစ်ဦးချင်းစီရဲ့ အတ္တစိတ်တွေ ကဲသထက်ကဲလာအောင် အချိန်ယူ စနစ်တစ်ကျ သွတ်သွင်းပလိုက်ထာပဲ။
ဟုတ်ကဲ့ ... ကျွန်တော် ဉာဏ်မီသလောက်လေး တွေးကြည့်တာ နည်းနည်းများသွားပြီ ... ခင်ဗျားတို့ရော ဘယ်လို မြင်ကြသလဲဗျ ... ကျွန်တော် ဟားဗတ်တက္ကသိုလ်ကဆင်းတဲ့ အကယ်ဒမစ်တော့ မဟုတ်ပါဘူးခင်ဗျ၊ အပျော်တမ်း ဓာတ်ပုံသမား၊ ကြေးစား သမာအာဇီဝ ဗွီဒီယို အယ်ဒီတာလေးတစ်ဦးပါ။ ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment