Tuesday, April 8, 2014

မျိုးရိုး အမွေခံ နိုင်ငံရေး အိန္ဒိယမှာ ကျဆုံးတော့မလား (ညီစောလွင်)

ဒီနေ့ ကမ္ဘာမှာ နေရူး- ဂန္ဒီ မျိုးဆက်လို အရိုက်အရာ ဆက်ခံတဲ့ နိုင်ငံရေးမျိုးကို မတွေ့ရတော့ပါဘူး။ ဒါပေမယ့် အိန္ဒိယမှာတော့ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျလက်အောက်ကနေ အိန္ဒိယ လွတ်လပ်ရေးရခဲ့တဲ့အချိန်ကစလို့ အိန္ဒိယနိုင်ငံကို နေရူး မိသားစုထဲက တယောက်မဟုတ် တယောက်က အဓိက အခန်းကဏ္ဍက ဦးဆောင်လာခဲ့တာပါ။ အိန္ဒိယရဲ့ ဒီနှစ် ရွေးကောက်ပွဲဟာ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ မျိုးရိုးစဉ်ဆက် နိုင်ငံရေး ဆက်ပြီး ရှင်သန်နိုင်မလား၊ ကျဆုံးမလားဆိုတာကို မှတ်ကျောက်တင်ပါလိ့မ်မယ်။

နေရူး-ဂန္ဒီ မျိုးဆက်ရဲ့ အညွန့်အဖူး ရာအူး ဂန္ဒီဟာ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီအနိုင်ရဖို့ ခက်ခက်ခဲခဲ ဦးဆောင်နေရပါတယ်။ ပြိုင်ဘက် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရိန် ဒြာ မိုးဒီ ခေါင်းဆောင်တဲ့ ဘီဂျေပီ ပါတီအပေါ် လူကြိုက်များနေတယ်။ လက်ရှိ ကွန်ဂရက်ပါတီခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေ ထူပြောနေတာနဲ့ တိုင်းပြည်စီးပွားရေး နှေးကွေးနေတာကြောင့် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အားကောင်းလာခဲ့တဲ့ မျိုးရိုးစဉ်ဆက် နိုင်ငံရေးကို ပြည်သူ့အဆုံးအဖြတ် ခံယူရပါတော့မယ်။ ရာအူး ဂန္ဒီဟာ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ နေရူးရဲ့ မြစ်တော်သူ ဖြစ်ပါတယ်။ အကြိုစစ်တမ်းတွေအရတော့ ဒီရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီဟာ သမိုင်းမှာ အဆိုးရွားဆုံး အနေအထားနဲ့ရှုံးမယ့် အနေအထားမှာ ကျဆင်းနေပါတယ်။ 


ရာအူး ဂန္ဒီရဲ့ အဘွား အင်ဒီယာ ဂန္ဒီ၊ အဘိုး နေရူး တို့ဟာ အိန္ဒိယရဲ့ ဝန်ကြီးချုပ်တွေဖြစ်ခဲ့ပြီး အမေဖြစ်တဲ့ ဆိုနီယာ ဂန္ဒီကလည်း ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဆိုနီယာ ဟာ အိန္ဒိယမှာ သြဇာအကြီးဆုံး နိုင်ငံရေးသမားဆိုရင်လည်း ဟုတ်ပါတယ်။ 

၂၀၁၄ ရွေးကောက်ပွဲမှာ ရာအူးနဲ့ မိုးဒီ တို့ရဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ မိုးဒီရဲ့ စီးပွားရေးသမားတွေ စိတ်တိုင်းကျ ပေါ်လစီတွေကြောင့် အိန္ဒိယ စီးပွားရေးအသိုင်းအဝိုင်းနဲ့ နိုင်ငံခြားကုမ္ပဏီတွေက သူ့ကို ထောက်ခံကြပါတယ်။ အကြိုစစ်တမ်းတွေအရ မိုးဒီဟာ နေရူးမျိုးဆက် အသာစီးယူထားပါတယ်။ ရာအူး ဂန္ဒီကတော့ ထောက်ခံသူတွေကို စည်းရုံးတဲ့နေရာမှာတော့ တိုင်းပြည်မှာ လူထုလူတန်းစား အလွှာစုံ စီးပွားရေး တိုးတက်မှုဘက်က ရပ်တည်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ အမျိုးသမီးတွေရဲ့ ဘဝအရည်အသွေးနဲ့ စွမ်းရည်မြင့်မားလာဖို့ ဦးစားပေး ဆောင်ရွက်မယ်လို့ ပြောနေပါတယ်။ 

တကယ်တော့ ကွန်ဂရက်ပါတီကိုယ်တိုင်က အကျပိုင်းကို ရောက်နေတာပါ၊ ဒုတိယကမ္ဘာ့စစ်ပြီးခါစ အတွေးအခေါ်ဖြစ်တဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ ဆင်းရဲသားတွေကို ကယ်တင်မယ်ဆိုတဲ့အမြင်ဟာ ခေတ်နဲ့ အံမဝင်တော့ပါဘူး။ တဖက်မှာ ရှင်သန်လှုပ်ရှားနေတဲ့ ပုဂ္ဂလိက ကဏ္ဍဟာ တဆင့်ပြီးတဆင့် အောင်ပွဲခံနေပါတယ်။ ဒီလိုနဲ့ ဒီနှစ်တွေအတွင်းမှာ ကွန်ဂရက်ပါတီကို ထောက်ခံတဲ့မဲတွေ တရိပ်ရိပ် ကျဆင်းသွားခဲ့ပါတယ်။ အကြိုစစ်တမ်းတွေ အားလုံးလိုလိုမှာလည်း အတိုက်အခံ ဘီဂျေပီ ပါတီက ကွန်ဂရက်ပါတီကို အပြတ်အသတ် အနိုင်ယူသွားမယ်ဆိုတာကို ပြသနေပါတယ်။ 

ရာအူး ဂန္ဒီနဲ့ အတိုက်အခံ ပြိုင်ဘက် နရိန်ဒြာ မိုးဒီတို့ ရုပ်မြင်သံကြားမှာ စကားစစ်ထိုးတဲ့အခါမှာလည်း ဂန္ဒီဟာ မျက်နှာပန်း မလှခဲ့ပါဘူး။ ဆယ်စုတခုအတွင်း ပထမဆုံးလုပ်တဲ့ တီဗွီ အင်တာဗျူးမှာ အဖြေတွေက အပေါ်ယံ ဆန်ပါတယ်။ မိုးဒီရဲ့ မိန့်ခွန်းတွေထဲမှာ ရာအူး ကို မင်းသားလေး လို့ ရိတာမျိုးလည်း ပါဝင်ပါတယ်။ 

အသက် ၆၃ နှစ်အရွယ် မိုးဒီဟာ ဂူဂျရတ်ပြည်နယ် ဘတ်နာဂါ ဆိုတဲ့ တောင်ပေါ် မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ မိုးဒီတို့ မိသားစုဝင် ၈ ယောက်ရှိတဲ့ အိမ်ထောင်စုဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရလို့ မိုးဒီဟာ ကျောင်းလည်း ကောင်းကောင်း မနေခဲ့ရပါဘူး။ ကျောင်းကထွက်ပြီးနောက် အိမ်ကနေ ရုတ်တရက် ပျောက်သွားခဲ့ပြီး နှစ်ပေါင်းများစွာကြာလို့ သူ့အဖေ ဈာပနကျတော့မှ အိမ်ပြန်လာပါတယ်။ 

ရထားဘူနာဘေး လက်ဖက်ရည်ဆိုင်ငယ်လေးပိုင်ရှင်ရဲ့သား မိုးဒီဟာ အိန္ဒိယရဲ့ အဓိက အတိုက်အခံ ဘီဂျေဘီ ပါတီကို ဦးဆောင်နေပြီး တိုင်းပြည်စီးပွားရေး တိုးတက်စေရမယ်။ စက်မှုလက်မှု အလုပ်အကိုင်တွေကို ဖန်တီးပေးမယ်။ လူတွေ ပညာတတ်စေရမယ်လို့ ကတိပေးထားပါတယ်။ 

ဂူဂျာရတ်ပြည်နယ်နဲ့ အိန္ဒိယ နိုင်ငံတဝှမ်းမှာ မိုးဒီရဲ့ စက်မှု ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေကို ချီးကျူးကြပါတယ်။ ဂူဂျာရတ်ပြည်နယ်ဟာလည်း မိုးဒီရဲ့ စီးပွားရေးပေါ်လစီတွေကြောင့် အိန္ဒိယရဲ့ တခြားပြည်နယ်တွေနဲ့မတူဘဲ တရှိန်ထိုး တိုးတက်နေပါတယ်။

ဝေဖန်သူတွေကတော့ မိုးဒီ ဂူဂျာရတ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ၂၀၀၂ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ လူတွေ အုပ်စုဖွဲ့ တိုက်ခိုက်မှုကို ထောက်ပြကြပါတယ်။ အဲဒီအဖြစ်ပျက်မှာ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။ အဲဒီ သွေးထွက်သံယိုကို ဟိန္ဒူအမျိုးသားရေးဝါဒီ မိုးဒီက တမင် လွှတ်ပေးထားခဲ့တယ်။ အားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မိုးဒီက တလျှောက်လုံး ငြင်းဆန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရားရုံးချုပ်က စုံစမ်းခဲ့ပေမယ့် တရားစွဲနိုင်လောက်တဲ့ အထောက်အထားတွေ မတွေ့ခဲ့ရပါဘူး။ ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါမှာတော့ မိုးဒီက သူ့ကိုယ်သူ ဟိန္ဒူလူများစုဘက်က ရပ်တည်ကာကွယ်သူဆိုတာထက် အလယ်အလတ် သဘောထားရှိသူဆိုတဲ့ ပုံရိပ်ကို ဖန်တီးနေပါတယ်။

လောလောဆယ်မှာ မဲဆန္ဒရှင်တွေဟာ တိုင်းပြည် စီးပွားရေး နှေးကွေးတာ၊ ငွေကြေးဖောင်းပွမှု မြင့်မားတာ၊ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေ တခုပြီးတခု ပေါ်ပေါက်နေတာတွေကြောင့် ကွန်ဂရက် ပါတီအပေါ် လူကြိုက်နည်းနေပါတယ်။ 

ကွန်ဂရက်ခေါင်းဆောင် အသက် ၄၃ နှစ်အရွယ် ရာအူး ဂန္ဒီဟာ လွတ်လပ်ရေးခေါင်းဆောင် ဆိုရှယ်လစ်ဝါဒီ ဂျဝါဟာရာ နေရူးရဲ့လမ်းစဉ်ကို ထင်ဟပ်ထားတဲ့ ကွန်ဂရက်ပါတီရဲ့ နိုင်ငံရေးဒဿနကို အပြောင်းအလဲ လုပ်နိုင်ပါ့မလားဆိုတဲ့ အပေါ်မှာလည်း ဝေဖန်သူတွေက သံသယရှိကြပါတယ်။ ဒီလို အပြောင်းအလဲလုပ်နိုင်မှပဲ ပါတီရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ပြီး ကျယ်ပြန်တဲ့ ထောက်ခံမှုကို ရမယ်လို့ သုံးသပ်ကြပါတယ်။ 

ကွန်ဂရက်ပါတီအပေါ် ဖုံးလွှမ်းနေတဲ့ တိမ်မည်းတွေကို ဖယ်ရှားနိုင်ဖို့တော့ ရာအူး ဂန္ဒီအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကွန်ဂရက်ပါတီ အမာခံထောက်ခံသူတွေကတော့ အင်ဒီယာ ဂန္ဒီရဲ့ မြေးမလေး ရာအူး ဂန္ဒီရဲ့ ညီမငယ် ပရီယန်ကာအပေါ်မှာ မျှော်လင့်အားကိုးနေကြပြန်ပါတယ်။ အဘွား ဝန်ကြီးချုပ်ရဲ့ခြေရာကိုနင်းမယ်လို့ မျှော်လင့်နေကြတာပါ။ အခုအထိတော့ ပရီယန်ကာက နိုင်ငံရေး ရှေ့တန်းကို ထွက်မလာသေးဘဲ သူ့အစ်ကိုရဲ့ မဲဆွယ်ပွဲတွေနဲ့ သူ့အမေ ဆိုနီယာ ဂန္ဒီ ရဲ့ မဲဆန္ဒနယ်မှာပဲ ထောက်ခံလှုပ်ရှားနေတာ တွေ့ရပါတယ်။

နေရူးရဲ့သမီး ဝန်ကြီးချုပ် အင်ဒီယာ ဂန္ဒီ ၁၉၈၄ မှာ လုပ်ကြံခံရ၊ အင်ဒီယာရဲ့သား ရာဂျစ် ဂန္ဒီကလည်း ၁၉၉၁ ခုနှစ်မှာ လုပ်ကြံခံခဲ့ရနဲ့ နေရူးမျိုးဆက်ရဲ့ ဝမ်းနည်းဖွယ် အိန္ဒိယနိုင်ငံရေးလောကမှာ ဇာတ်ရှိန်တက်ခဲ့ပါတယ်။ ရာအူးဟာ ရာဂျစ် ဂန္ဒီရဲ့သား ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်သစ် အိန္ဒိယမှာ အတိတ်က နိုင်ငံရေး အလွမ်းဇာတ်ဟာ အချိန်ကြာလာတဲ့အမျှ တဖြည်းဖြည်းနဲ့ မှုန်းဝါးသွားပါပြီ။

လေ့လာသူ တော်တော်များများကတော့ ရာအူးကို ချီတုံချတုံစိတ်နဲ့ ဧကရာဇ်မင်းလို့ မြင်ကြပါတယ်။ ပါတီတွင်းမှာ တံခါးပိတ် လေ့ကျင့်ခဲ့ရပြီး လက်တွေ့နိုင်ငံရေး အသိပညာ နုသေးတယ်လို့ မြင်ကြပါတယ်။ အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာအတွက် ရွေးကောက်ပွဲမှာ လက်ရှိ အတိုက်အခံ ဘီဂျေပီ ပါတီဟာ မဲအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကို အနိုင်ရပြီး ကွန်ဂရက်ပါတီက ၂၅ ရာခိုင်နှုန်း အနိုင်ရမယ်လို့ စစ်တမ်းတခုက ပြသနေပါတယ်။ မဲပေးသူ ၈၁၄ သန်း ရှိပါတယ်။ ဧပြီလ ၇ ရက်နေ့မှာ စတင်မယ့် ရွေးကောက်ပွဲဟာ မေလ ၁၂ နေ့ကျမှ အဆုံးသတ်ပြီး တရားဝင် ရလဒ်တွေကတော့ မေလ ၁၆ ရက်နေ့ကျရင် ထွက်ပေါ်လာမယ့်လို့ မျှော်လင့်ရပါတယ်။ ။ 

No comments: