ကျနော်တို့ အဝေးရောက် မြန်မာတွေအဖို့ မိခင်မြေကိုအလွမ်းဆုံးအချိန်ဟာ အခုလို အတာသင်္ကြန်ကာလပဲဖြစ်တယ်။ သင်္ကြန်သီချင်းလေးတွေနားထောင်ပြီး သင်္ကြန်တွင်း လည်ပတ်ပျော်မြူးခဲ့ရတဲ့ လူငယ်ဘဝလေးကို ပြန်လည် မြည်းစမ်းချင်လာတယ်။ ပြီးတော့ ပြည်ပမှာနေထိုင်ခဲ့စဉ် မိမိတို့ရိုးရာသင်္ကြန်ပွဲတော်ကို မမေ့မလျှော့ကျင်းပခဲ့ကြသလို သင်္ကြန်သံချပ်တွေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ကဘောက်ချိ၊ ကဘောက်ချာ အဖြစ်သနစ်တွေကို လွတ်လွတ်လပ်လပ် လှောင်ပြောင်ခဲ့ကြတာလည်း သတိတရဖြစ်မိတယ်။
တလောက ရန်ကုန်မှာသံချပ်စာသားတွေကို ကြိုတင်ခွင့်ပြုချက်ရယူရမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ သတိထားမိတယ်။ စာနယ်ဇင်းတွေတောင် လွတ်လွတ်လပ်လပ်ထွက်နေတဲ့အချိန်၊ တနှစ်မှတခါ ရိုးရာဓလေ့နဲ့အညီ အပြုသဘောနဲ့ ဝေဖန်သရော်ပြီး ပြည်သူအပေါင်းရဲ့ စိတ်ထွက်ပေါက်ပေးတဲ့ သံချပ်ကို ဘာလို့များ ထိတ်လန့်နေရပါလိမ့်။ မြန်မာမှုကို ချစ်ခင်မြတ်နိုးသူတွေကတော့ သင်္ကြန်နဲ့ သံချပ်ကို ခွဲခြားမထားချင်ပါဘူး။ တနည်းပြောရရင် ဒီမိုကရေစီစိတ်ဓာတ်နဲ့အညီ ပွင့်လင်းပြီး ထင်သာမြင်သာရှိတဲ့ ရိုးရာသင်္ကြန်သံချပ်ဟာ မြန်မာ့အတာသဘင် ရဲ့ ဂုဏ်ကျက်သရေလိုလည်း ဖြစ်နေပါတယ်။ ၁၉၈၈ မတိုင်မီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတာတောင် သင်္ကြန်သံချပ်တွေကို ဆင်ဆာဖြတ်ပြီး အတိုင်းအတာ တစုံတရာအထိ ခွင့်ပြုခဲ့ပါတယ်။
ပွင့်လင်းတဲ့ မျက်မှောက်ခေတ်ကြီးမှာ တချိန်ကလို သံချပ်ကို ထိမ်းချုပ်ဖို့လည်း မလိုအပ်တော့ပါ။ ၁၉၈၈ ကနေ ၂၀၁၀ ကာလအထိ စစ်အစိုးရက သံချပ်တွေကို ပိတ်ပင်ထားပါတယ်။ မြန်မာလူငယ်တွေဟာ သံချပ်ဆိုတာ သံချပ်ကာကားကို ပြောတာလားလို့ ထင်မှတ်ကုန်တဲ့အထိ သံချပ်သဘောသဘာဝကို မသိတော့ပါဘူး။ ရိုးရာကို မမေ့သင့်ဘူးဆိုတဲ့ အဖြစ်သဘောအနေနဲ့ ဆင်ဆာအထပ်ထပ်၊ နိုင်ငံရေး၊ လူမှုရေး ဦးတည်ချက်၊ ဒို့တာဝန်အရေးသုံးပါး၊ ကြွေးကြော်သံတွေနဲ့ သံချပ်ပြိုင်ပွဲတွေတော့ ဝတ်ကျေတန်းကျေလုပ်ကြပါတယ်။ ဒါပေမယ့် အနှစ်သာရ မရှိပါ။ အစိုးရ ဖော်လံဖား သံချပ်အဆင့်ပဲ ရှိပါတယ်။
ကျနော်တို့ အိန္ဒိယမှာနေထိုင်ခဲ့စဉ် အခုလို တန်ခူးလဆန်းရောက်တာနဲ့ သံချပ်ခွေတွေ ပုံမှန်ထုတ်လေ့ရှိပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမို့ တိုက်ပွဲဝင်သံချပ်၊ စွမ်းအားမြှင့်သံချပ်၊ စိတ်ဓာတ်မြှင့်တင်ရေးသံချပ် ဆိုပြီး စစ်အာဏာရှင်စနစ်ကို ထိုးနှက်ဝေဖန်တဲ့ နိုင်ငံရေး သံချပ်သက်သက်ဖြစ်ပါတယ်။ သံချပ်ဆရာကတော့ ၁၉၈၈ ကတည်းက အိန္ဒိယနယ်စပ်မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ မန္တလေးသား ကဗျာဆရာ မြတ်ထက် (ဒေါက်တာ အောင်ကျော်ဦး) ဖြစ်တယ်။ သံချပ်စီစဉ်သူက ကျောက်မဲ ကျော်ကြီးဖြစ်တယ်။ သံချပ်အခွေက ၁၉၉၇ ကစပြီး မနှစ်က ၂၀၁၃ အထိ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်နေတာပါ။ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်က သံချပ်ဆရာ ခရီးလွန်နေလို့ မထုတ်ဖြစ်ခဲ့ဘူး။
သံချပ်အခွေစထုတ်ဖို့ ဖြစ်လာတာကလည်း မှတ်သားစရာလေးပါ။ အိန္ဒိယမြန်မာနယ်စပ် မိုးရေးမြို့မှာ စစ်အစိုးရဆန့်ကျင်တဲ့ မြန်မာကျောင်းသားလူငယ်တွေ အများအပြားနေကြတယ်။ မိုးရေးမြို့ခံတွေဆိုတာကလည်း မြန်မာစကား တတ်ကျွမ်းသူ များတယ်။ မြန်မာပြည်ဘွား အိန္ဒိယနိုင်ငံသားတွေလည်း များတယ်။ မြန်မာကျောင်းသားတွေနဲ့လည်း မိသားစုတွေလို နေထိုင်တယ်။ မြန်မာကျောင်းသားတွေက အထိမ်းအမှတ် နေ့ရက်တွေဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ၈ လေးလုံးနေ့၊ စက်တင်ဘာ စစ်အာဏာသိမ်းနေ့၊ ဖုန်းမော်နေ့၊ တော်လှန်ရေးနေ့တွေဆို မိုးရေးမြို့ဈေးနဲ့ နယ်စပ်တလွှားမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပိုစတာတွေ ကပ်၊ လက်ကမ်းစာစောင်တွေ ဖြန့်ကြတယ်။ အခမ်းအနားတွေလည်း ကျင်းပကြတယ်။ ဒါက ပြုလုပ်နေကြ အစဉ်အလာ။
သင်္ကြန်ရောက်တော့လည်း နယ်စပ်ဂိတ်အနီးမှာ မြန်မာပြည်အတိုင်း မဏ္ဍပ်ကြီးထိုးပြီး ရေပက်ကစားတယ်။ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်နဲ့ မုန့်ဖက်ထုတ်တွေလုပ်ပြီး တမူးမြို့ခံတွေကို ဧည့်ခံကျွေးမွေးတယ်။ မြန်မာပြည်အတိုင်း စည်ပိုင်းထဲ ရေအပြည့်ထည့်၊ မီးသတ်ပိုက်တွေနဲ့ တမူးမြို့ကလာတဲ့ သင်္ကြန်ကားတွေကို ပက်တယ်။ နယူးဒေလီမှာရှိတဲ့ မြန်မာကျောင်းသားတွေတောင် သင်္ကြန်နီးရင် ပိုက်ဆံစုပြီး နယ်စပ်သင်္ကြန်ကို ဝင်နွှဲနေကြပါ။
၁၉၉၆ ခုနှစ်မှာ ဒေါက်တာအောင်ကျော်ဦးက နိုင်ငံရေးအတို့အထောင်ပါတဲ့ လက်တန်းသံချပ်လေး စပ်လိုက်တယ်။ ပြီးတော့ မြန်မာကျောင်းသားတွေက မြို့ထဲလှည့်ပတ်ပြီး သံချပ်တိုင်ကြတယ်။ မိုးလေးမြို့ခံတွေလည်း ဝင်နွှဲတယ်။ မြင်ရသူတွေအဖို့ ပျော်စရာလေးပါ။ တမူးဘက်က အာဏာပိုင်တွေက မိုးရေးမြို့ လုံခြုံရေးရဲတွေကို ဆူပူအောင်လှုံ့ဆော်နေပါတယ်လို့ အကြောင်းကြား တားမြစ်တဲ့အထိ သံချပ်လေးက အုတ်အော်သောင်းနင်းဖြစ်သွားတယ်။ အဲဒီမှာတင် နောက်နှစ်မှာ သင်္ကြန်သံချပ် အခွေထုတ်မယ်ဆိုပြီး နယ်စပ်ကျောင်းသားတွေ အပါအဝင် ဒေါက်တာအောင်ကျော်ဦးနဲ့ ကျောက်မဲကျော်ကြီးတို့ ဆုံးဖြတ်လိုက်ကြတယ်။
သံချပ်စာသားတွေကို ဒေါက်တာအောင်ကျော်ဦးကပဲ မြတ်ထက်ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးတယ်။ ၁၉၉၇ မှာ ထားပချေမိ၊ ငါဝန်ရှိလိမ့် ဆိုတဲ့နာမည်နဲ့ ထုတ်တယ်။ နယူးဒေလီမှာ အသံသွင်းတယ်။ သံချပ်ခွေသာထုတ်ချင်တာ တူရိယာပစ္စည်းက မရှိဘူး။ လင်းကွင်းအစား ဒန်အိုးဖုံးနဲ့ စတီးပန်းဂံပြားတွေ သုံးတယ်။ ဒိုးပတ်နဲ့ ထောက်ဒိုး မရှိတော့ မြန်မာပြည်ဘွား စာရေးဆရာကြီး ဦးမောသီရိ (အောလ်အင်ဒီးယား ရေဒီယို)က အိန္ဒိယဗုံ ငှားပေးတယ်။ (တီးကောင်းကောင်းနဲ့ ဗုံပေါက်သွားလို့ သံချပ်ဆရာ သွားတောင်းပန်ရတယ်) ပတ်စာအဖြစ် ပေါင်မုန့်ကို အနေတော်လေး ရေနဲ့နှုးပြီးသုံးတယ်။ အသံသွင်းနေတုန်း ပတ်စာက ကွာကျသွားလို့ မကြာခဏ ဒုက္ခရောက်တယ်။ ဝါးလက်ခုပ်လုပ်ဖို့ ဝါးကလည်း ရှာရခက်တယ်။ စည်းနဲ့ဝါးအစား စတူဒီယိုမှာတွေ့တဲ့ သစ်သားပြားတွေ ခေါက်ရတယ်။
စတူဒီယိုက Old Delhi (ဒေလီမြို့ဟောင်း) ဘက်မှာ တနာရီခွဲကြာ ကားမောင်းရတယ်။ ညကတည်းက ချက်ပြုတ်ထားပြီး ထမင်းဟင်းတွေ သယ်သွားကြတယ်။ သံချပ်အဖွဲ့တွေ အသံသွင်း ခဏနားပြီး နေ့လည်စာစားတယ်။ အသံဖမ်းတဲ့လူက အိန္ဒိယသား၊ ကိုယ့်ဆီက တူရိယာပစ္စည်းတွေက သံပန်းကန်ပြားတွေ၊ သစ်သားပြားတွေဆိုတော့ သူလည်း အူကြောင်ကြောင်နဲ့ အသံဖမ်း မိုက်ကရိုဖုံးတွေ ဆင်ရတယ်။ သံချပ်ဆိုတော့ အတိုင်တွေ၊ အဖောက်တွေနဲ့ မညီမညာအသံတွေကို ညှိရတာလည်း သူ့ခမျာ လွယ်မယ်မထင်ဘူး။ ဘာသာစကားလည်း မပေါက်ကြတော့ ဒေလီမှာနေထိုင်တဲ့ မြန်မာပြည်ဘွား ကူနန်းဆိုသူက ဘာသာပြန်လုပ်ပေးတယ်။
ပထမဆုံးအတွေ့အကြုံတွေနဲ့ဆိုတော့ အမှားမှား၊ အလွဲလွဲတွေနဲ့။ အသံသွင်းပြီးသားကို မှားဖျက်မိလို့ သံချပ်ဝိုင်းတော်သားတွေ အိမ်ပြန်ရောက်ပြီးမှ စတူဒီယိုကို တခေါက်ပြန်သွား သွင်းကြရသေးတယ်။ နောက်ပိုင်းနှစ်တွေသွင်းတဲ့ အခွေတွေမှာ သူလည်း အထာပေါက်သွားပြီ။ တူရိယာပစ္စည်း ဒိုး၊ ဗုံ၊ လင်းကွင်း၊ ဝါးလက်ခုပ်ကအစ တမူးကတဆင့် မှာယူတယ်။ ကာရာအိုကေသီချင်းတွေလည်း ပေါ်လာ၊ ဂစ်တာတီးခတ်နိုင်သူတွေလည်းရှိတော့ နောက်ပိုင်းမှာ သံချပ်တွေလည်း ပိုပီပြင်လာတယ်။ ဒါပေမယ့် တီးခတ်သူတွေအားလုံးဟာ စနစ်တကျ လေ့လာသင်ကြား တတ်မြောက်သူတွေတော့ မဟုတ်ဘူး။ ကြားဖူးနားဝတွေနဲ့ တယောက်နဲ့တယောက် အကြံဉာဏ်တွေယူပြီး အရေးတော်ပုံစိတ်ဓာတ်နဲ့ တီးကြတာပါ။
အိန္ဒိယက သံချပ်တွေထုတ်တဲ့ကာလတွေဟာ မြန်မာပြည်ထဲမှာ သံချပ်ထိုးသံ တိတ်ဆိတ်နေ နိုင်ငံရေးစကားတောင် ကျယ်ကျယ်မပြောရဲတဲ့အချိန် ဖြစ်တယ်။ သံချပ်ဆရာ မြတ်ထက်ကလည်း ကလောင်သွားကလည်း ထက်၊ နဘေကာရံလည်း နိုင်၊ အာဝဇ္ဇန်းလည်း ရွှင်၊ ဟာသဉာဏ်လည်းကြွယ်သူဆိုတော့ သံချပ်စာသားတွေက ထိမိပြောင်မြောက်တယ်။ သံချပ်ခေါင်းစဉ်တွေကလည်း အားပါတယ်၊ မှတ်မိသလောက်.. သစ္စာ ကျောက်တုံး မြှောက်လိုက်ပြီ၊ ဘယ်ပုရပိုက် မင်းကြိုက်သလဲ၊ စိတ်ကူးအပြင် ထိပ်ဖူးဝင်လိမ့်။ ဘုန်းဘုန်းချမှ လုံးလုံးရမယ်၊ ခြောက်စား ဟောက်စား ခေါက်ထားစမ်းပါ၊ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့၊ စနစ်ဆိုးနဲ့ စစ်ချိုးခွာစို့၊ သူသေ ကိုယ်ရှင် တိုက်ပွဲဝင်၊ ငုံ့မခံရဖို့ တုံ့ပြန်စို့၊ ရပ်ကြည့်လို့ အမြတ်မရှိ၊ ထုလေမာလေ တို့လူတွေ စသဖြင့်ပေါ့။
စစ်အာဏာရှင်ခေတ် နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ မီဒီယာလောက၊ ဝန်ထမ်းလောက အကြောင်းအရာတွေအပြင် သူတို့စီမံကိန်းတွေ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံဥပဒေပါမကျန် ထောင့်စုံကနေ စကားလုံးပြောင်ပြောင်နဲ့ တင်ပြထားတော့ ကြားရသူတိုင်း နှစ်ခြိုက်အားပေးတယ်။ စစ်အာဏာရှင်တွေချည်း သရော်တာမဟုတ်၊ ကိုယ့်ဒီမိုကရေစီအင်အားစုတွေရဲ့ အားနည်းချက်နဲ့ အမြီးအမောက်မတည့်တာတွေလည်း လှောင်ပြောင်သရော်ပါတယ်။ ဥပမာ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ၊ အမျိုးသမီးများအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပြည်ပမီဒီယာတွေကိုလည်း ဝေဖန်တယ်။ သံချပ်ခွေထွက်ပြီဆို ရေဒီယိုသတင်းဌာန (ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ) က တခွေလုံး အစအဆုံး လွှင့်ထုတ်ပေးတယ်။ ပြည်တွင်းကိုလည်း နယ်စပ်ကတဆင့် ဖြန့်တယ်။ သံချပ်အခွေမိလို့ ထိမ်းသိမ်းခံရသူတွေလည်း ရှိတယ်။
အိန္ဒိယနယ်စပ် မိုးရေးမြို့ သင်္ကြန်မဏ္ဍပ်ကနေ သံချပ်ကို အသံချဲ့စက်နဲ့လွှင့်ရင် တမူး လုံခြုံရေးတပ်က မကြိုက်ဘူး။ အိန္ဒိယအာဏာပိုင်တွေကို လှမ်းတိုင်တယ်။ အိန္ဒိယရဲတွေကလည်း အံ့သြကြတယ်။ သီချင်းခွေ၊ သံချပ်ခွေလွှင့်တာ အဲလောက် စိုးရိမ်စရာရှိသလားပေါ့ ...။ ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နယ်စပ်က ဒီမိုကရေစီ အင်အားစုတွေကပဲ သဘောထားကြီးပြရတယ်။ သံချပ်ခွေကို တဖက်ကမ်းကကြားအောင် မဖွင့်တော့ဘူး။
အိန္ဒိယက သံချပ်အခွေကို ပြည်သူတွေက တခဲနက်အားပေးကြတယ်။ ရေဒီယိုအသံလွှင့်ချက်ကနေ တကူးတက အသံဖမ်းပြီး လက်ဆင့်ကမ်းဖြန့်ကြတယ်။ သံချပ်စာသားတွေဟာ သတင်းအချက်အလက်မှန်တွေနဲ့ ပြည်သူတွေကြားက ဟာသတွေ၊ သရော်ချက်တွေ၊ ရင်ဖွင့်ပြောဆိုချက်တွေကို အခြေခံရေးတာလို့ ဆရာမြတ်ထက်က မကြာခဏ ဝန်ခံလေ့ရှိတယ်။ သံချပ်ဆရာက ကိုယ့်လူအချင်းချင်းပေးတတ်တဲ့ အကြံဉာဏ်တွေ၊ ဟာသနဲ့ ပျက်လုံးတွေကိုလည်း လက်ခံပြီး အလျှင်းသင့်သလို သုံးလေ့ရှိတယ်။
နှစ်စဉ် ဒီလိုအချိန်ဆို အိန္ဒိယက သံချပ်တွေ ထွက်ပေါ်နေကျပါ။ ဒီနှစ်တော့ မထွက်နိုင်တော့ပါဘူး။ သံချပ်ဆရာ မြတ်ထက်လည်း ကျန်းမာရေးမကောင်းသလို စီစဉ်သူ ကျောက်မဲကျော်ကြီးလည်း နယ်စပ်မှာ မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရတယ်။ သံချပ်ဝိုင်းတော်သားတွေလည်း နိုင်ငံတကာအနှံ့ အကွဲကွဲအပြားပြားလွင့်စင်ပြီး ဘဝတိုက်ပွဲ ကိုယ်စီနွှဲနေကြတယ်။ တကယ်လို့များ သံချပ်ဝိုင်းတော်သားတွေ နယူးဒေလီမှာရှိနေသေးရင် အခုလိုခေတ်ကလည်း ပွင့်လင်း၊ ပြောစရာရေးစရာတွေကလည်း ပိုလို့များနေတော့ အတော့်ကိုထိရောက်တဲ့ သံချပ်အခွေကြီး ထွက်လာမယ်လို့ ခန့်မှန်းတယ်။ လယ်သိမ်းယာသိမ်း ပြဿနာ၊ လွှတ်တော်ရဲ့အခြေအနေ၊ တမတ်သားပြဿနာ၊ခြေဥ ပြင်ရေး မပြင်ရေး၊ မျိုးစောင့်ဥပဒေ၊ အမျိုး ဘာသာ သာသနာနဲ့ အစွန်းရောက် အမျိုးသားဝါဒီတွေ၊ ရခိုင်နဲ့ ရိုဟင်ဂျာ၊ သမ္မတနေရာနဲ့ တိုင်းရင်းသားအရေး၊ ကမောက်ကမ ငြိမ်းချမ်းရေးတွေအကြောင်း... ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ သံချပ်တွေ မျိုးတုံးပြီး လွတ်လပ်စွာ ပြောခွင့်ဆိုခွင့် သဘောထားမှန် ထုတ်ဖော်ခွင့်တွေ မရခဲ့စဉ်ကာလတွေက အိန္ဒိယက သံချပ်သံတွေဟာ ပြည်သူ့ သဘောထားအမှန်တွေကို ပဲ့တင်ထပ်ပေးနိုင်ခဲ့တယ်၊ အဲဒီ ကျေးဇူးတရားလေးကို စိတ်ထဲ သတိတရနဲ့ လွမ်းမိနေတုန်းပါ…။ ။
ကိုညို (အော်စလို)
၀၃ ဧပြီ ၂၀၁၄
(၀၆ ဧပြီ ၂၀၁၄ ထုတ် ဒီမိုကရေစီ တူဒေးသတင်းစာပါ ဆောင်းပါး)
No comments:
Post a Comment