Sunday, April 6, 2014

ခွေး နိုင်ငံရေး နဲ့ ခွေး သံခင်းတမန်ခင်း (ညီစောလွင်)

အမှန်ကတော့ ဇာတ်လမ်းထဲမှာ ခွေးက ကန့်လန့် ကန့်လန့် ကန့်လန့်နဲ့ ပါရတာပါ၊ နိုင်ငံအကြီးအကဲတွေရဲ့ ခွေးမှပဲ နိုင်ငံရေးနဲ့ သံခင်းတမန်ခင်းထဲကို ပါနိုင်မှာပေါ့။

ဆိုကြပါစို့။ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က သူနဲ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေ၊ ထင်ရှားသူတွေရဲ့ ဆီဆေး ပုံတူတွေ လူမသိအောင် ရေးဆွဲထားပြီး အခုရက်ပိုင်းမှာ ပန်းချီပြပွဲလိုက်တော့ နိုင်ငံတကာ ထိပ်တန်း သတင်းတပုဒ်ဖြစ်သွားတယ်။ ရိုးရိုး ပုံတူတော့ မဟုတ်ပါဘူး။ တဦးချင်းအပေါ် သူ ခံစားမိသလို ရေးဆွဲထားပါတယ်။ 

ဥပမာ အီရတ်စစ်ပွဲမှာ တိုက်ဖော်တိုက်ဖက်ဖြစ်တဲ့ တိုနီဘလဲကို ယုံကြည်ချက်အပေါ် ရပ်တည်တဲ့သူ၊ ယုံကြည်အားကိုးလောက်တဲ့ မိတ်ဆွေကောင်းဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တယ်လို့ ပြောတယ်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဆိုရင်လည်း အလွန် ဂရုဏထားတတ်သူဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တာ စသဖြင့် ပြောထားပါတယ်။ အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်းရဲ့ပုံကတော့ စိုးရိမ်ပူပန်နေ မျက်နှာမျိုးနဲ့ တွေ့ရပါတယ်။ တခြား ခေါင်းဆောင်တွေကိုလည်း ခံစားချက်အမျိုးမျိုးနဲ့ ရေးဆွဲထားပါတယ်။ ထားပါတော့။ 


စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ရုရှားသမတ ဘလာဒီမာပူတင်ရဲ့ပုံ ဖြစ်ပါတယ်။ ခံစားချက် ကင်းမဲ့ပြီး အေးစက်မာကျောတဲ့ မျက်နှာ၊ လိုချင် တက်မက်မှုတွေနဲ့ ပူလောင်နေတဲ့ မျက်နှာမျိုးနဲ့ တွေ့ရပါတယ်။ ပန်းချီကားထက် စိတ်ဝင်စားစရာကောင်းတာက နောက်ကွယ်က ဇာတ်လမ်းလေးတပုဒ်ပါ၊ ဒါကို ဘယ်သူမှ မသိပါဘူး၊ တကယ်တော့ ပတ်သက်နေတဲ့ ပူတင်ကိုယ်တိုင်တောင် အခုမှပဲ သိမယ့် သဘောရှိပါတယ်။ 

ဇာတ်လမ်းက ဒီလို။ တနေ့မှာ ပူတင်က အမေရိကန်ပြည်ထောင်စုကို လာလည်တော့ သမ္မတ ဘုရှ်က သူရဲ့အချစ်တော် ခွေးကလေး “ဘာနေ” ကို ပြတယ်တဲ့။ ခွေးက စကော့တလန်က လာတဲ့ တယ်ရီယာ ခွေးမျိုး ဖြစ်ပါတယ်။ ခွေးကလေး ဘာနေကို ခဏကြည့်ပြီးတော့ ပူတင်က “ဒါကို ခွေးလို့ ခေါ်သလား” လို့ ပြောလိုက်တယ်တဲ့။ ဘုရှ်က ဒါဟာ သူ့အချစ်တော် ခွေးကို နှိမ်တယ်လို့ ခံစားရတယ်။ နောက်တနှစ်လောက်ကြာတဲ့အခါ ဘုရှ်တို့ ဇနီးမောင်နှံ ရုရှားကို သွားတော့ ပူတင်က သူမွေးထားတဲ့ အမဲလိုက်ခွေးကို ပြသတဲ့၊ ပြီးတော့ “ဘာနေထက်တော့ ပိုကြီးတယ်၊ ပိုသန်တယ်၊ ပိုမြန်တယ်” လို့ ကြွားလိုက်သေးတယ်တဲ့။ 

ဒီအဖြစ်အပျက်နှစ်ခုကို ဘုရှ်က တသက်မေ့မယ့်ပုံမရှိပါဘူး။ ပူတင်ပုံကို ရေးတော့ ဒီအကြောင်းလေး စိတ်ထဲပေါ်လာပြီး ပူတင်အပေါ် သူ့ခံစားချက်တွေကို ပုံဖော်ခဲ့တယ်။ “ငါ့ခွေးက မင်းခွေးထက် ပိုကြီးတယ်ဆိုတဲ့ စိတ်နေစိတ်ထားမျိုးက စိတ်ဝင်စားစရာပဲ” လို့ ဘုရှ်က ပြောတယ်။ 

ပူတင်ရဲ့လက်စွဲတော် အချစ်တော် ခွေးမလေးရဲ့ နာမည်က ကိုနီ လို့ ခေါ်ပါတယ်၊ ခွေးချစ်တတ်တဲ့ ပူတင်အတွက် သူရဲ့ ဝန်ကြီးတယောက်က လက်ဆောင်ပေးခဲ့တာပါ၊ (ဒါလည်း ခွေးနိုင်ငံရေးလို့ ခေါ်ချင် ခေါ်နိုင်မယ်) ပူတင်နားက ဘယ်တော့မှ မခွာတဲ့ ခွေးမလေးအဖြစ် မီဒီယာတွေမှာ တွေ့ရတယ်။ ပူတင်တက်တဲ့ အစည်းအဝေးတွေမှာ သူ့ကို တတ်ခွင့်မရရင် သောင်းကျန်းတတ်တယ်။ ဒါကြောင့် တော်ရုံအစည်းအဝေးတွေမှာ ခွေးမလေး ကိုနီ ကိုလည်း တက်ခွင့်ပြုရပါတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပူတင်နားမှာ ရပ်ပြီး သတင်းထောက်တွေကို ဟောင်တတ်ပါတယ်။ 

ဂျာမန် ဝန်ကြီးချုပ် အန်ဂဲလာ မာကဲနဲ့ ပူတင်တို့ကြားထဲမှာလည်း ခွေးမလေး ကိုနီက ပါရပြန်ပါတယ်။ ဖြစ်ပုံက မာကဲ က ခွေးကြောက်တတ်သူ၊ သူ ငယ်ငယ်က ခွေးကိုက်ခံရပြီးကတည်းက ခွေးမြင်တိုင်း ကြောက်နေတယ်။ ဒါကို ကေဂျီဘီဟောင်း ပူတင်က သိတော့ ခေါင်းမာတဲ့ မာကဲ နဲ့ အကျိတ်အနယ် ဆွေးနွေးရမယ့် ပွဲတိုင်းကို ခွေးမလေး ကိုနီကိုပါ မသိချင်ယောင်ဆောင်ပြီး ခေါ်သွားတယ်တဲ့။ ဆွေးနွေးတဲ့အခါ ခွေးကြောက်တတ်တဲ့ မာကဲကို စိတ်ပိုင်းဆိုင်ရာ အနိုင်ယူဖို့ ဖြစ်တယ်လို့ သတင်းသမားတွေက သုံးသပ်ကြတယ်။ 

တကယ်တော့ ပူတင်ကလည်း ခွေးချစ်သူ လို့ နာမည်ကြီးပါတယ်၊ ဒါပေမယ့် နိုင်ငံရေး လုပ်ငန်းတွေအတွက် ခွေးကို အသုံးချဖို့လည်း ဝန်မလေးတဲ့သူလို့ဆိုရင် လွန်မယ် မထင်ပါဘူး။ လူတွေကို မဲဆွယ်ဖို့ ခွေးတွေကို ကြင်နာပြ၊ လူသားဆန်ပြတာမျိုးလည်း လုပ်ချင်လုပ်မယ့် လူမျိုးပါပဲ။ ပူတင်ကိုယ်တိုင်ကလည်း ဝေဖန်ခံရတာတွေ များလို့၊ စိတ်မကြည်တဲ့အခါ ခွေးမလေးဆီက အကြံဉာဏ်တွေကို တောင်းတယ်၊ ခွေးမလေးက အကြံဉာဏ်တွေ ပေးတယ်လို့ ပြောဖူးပါတယ်။ 

အခုတော့ ပူတင်ရဲ့ လက်သုံးတော် ခွေးမလေး ကိုနီက အသက် ဆယ်နှစ်နှစ်ဆိုတော့ အတော်အိုနေလို့ လူမြင်ကွင်းကို မထွက်နိုင်ရှာတော့ပါဘူး။ ဘုရှ်ရဲ့ ဘာနေ ကတော့ မနှစ်က အသက် ၁၂ နှစ်မှာပဲ သေသွားခဲ့ပါပြီ။ အချစ်တော် ခွေးကလေး ဘာနေ သေသွားတော့ ဘုရှ်တို့ လင်မယားနှစ်ယောက်က ဖေ့ဘွတ်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

“အိမ်ဖြူတော်မှာ ဘာနေဟာ ရှစ်နှစ်လုံးလုံး ကျနော့်နားမှာ နေတယ်။ နိုင်ငံရေး အကြောင်းကို သူတခါမှ မပြောပါဘူး။ ဒါပေမယ့် အမြဲတမ်း သစ္စာရှိတဲ့အဖော်ကောင်းပါ” တဲ့။ 

ဘုရှ်နဲ့ ပူတင်တို့ ရဲ့ ခွေးဇာတ်လမ်းကို ဖတ်ပြီးတဲ့အခါ Liplomacy စကားတလုံးကို သတိရသွားတယ်။ တကယ်မရှိလောက်ပါဘူး။ ဒါပေမယ့် ဖောရိန်းပေါ်လစီမှာ နိုင်ငံရေးသမားတွေ အနမ်းနဲ့ မိတ်ဖွဲ့တဲ့ ဓာတ်ပုံတွေကို စုပြီး တင်ထားတဲ့ အယ်ဘမ်ရဲ့ ခေါင်းစဉ်ပါ။ တဆက်တည်း သတိရတာက money politics ဆိုတာပါ။ ဒီဇာတ်လမ်းကိုတော့ Dogplomacy နဲ့ Dogpolitics လို့ အပျင်းပြေ စကားလုံး ကုလားဖန်ထိုးလိုက်ပါတယ်။ 

Democracy (ပြည်သူတွေ အုပ်စိုးတဲ့ စနစ်) ရဲ့ ချန်ပီယံဖြစ်တဲ့ အမေရိကန် သမ္မတကြီးနဲ့ Kleptocracy (သူခိုးတွေ အုပ်စိုးတဲ့ စနစ်) စံပြနိုင်ငံဖြစ်တဲ့ ရုရှားမှာ ဥပဒေကို လက်တလုံးကြားလုပ်ပြီး အုပ်ချုပ်နေတဲ့ သမ္မတ ပူတင်တို့ ကြားက ခွေးဇာတ်လမ်းက ဒီမျှပါပဲ။ ။ 

 

No comments: