၁၉၉၆-၇ လောက်မှာ ထိုင်းနယ်စပ်နား ပြန်ကပ်ရတယ်...။ ၁၉၉၇ နှစ်ကုန်ခါနီးလောက်မှာ ဒေါက်တာနိုင်အောင်နဲ့ နိုင်ငံခြား သွားရမတဲ့...။ ဒီနေရာမှာ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်မှန်ကလေးတခုကို... ပြန်ပြောစရာက ရှိလာပြန်ရော...။ မကဒတ မှာ နိုင်ငံခြားသွားဖို့ ဗဟိုကော်မတီက ပထမဆုံး တရားဝင်အရွေးခံရတဲ့ ၃ ယောက်ထဲမှာ ကျနော် ပါတယ်..။ ၁၉၈၉ ခုနှစ်၊ မေ-ဇွန်လောက် အဲဒီအချိန်က ရေကျော်စခန်း၊ တပ်ရင်း ၂၀၇ မှာလုပ်တဲ့ အစည်းအဝေးကပေါ့...။
ပြောရရင် ကျနော်က အဲဒီအချိန်မှာ ဗဟိုကော်မတီဝင်တောင် တင်းပြည့်ကျပ်ပြည့် မဖြစ်သေးပါဘူး...။ အဲဒီတုန်းက တည်ဆဲ မကဒတ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်မြေကော်မတီများရဲ့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နှစ်ဦးစီဟာ အလိုအလျောက် ဗဟိုကော်မတီဝင် ဖြစ်ရမယ်တဲ့...။ ခုခေတ်စကားနဲ့ပြောရင် “အေဘီခြေဥ စီစီ” တွေပေါ့ဗျာ...။ အဲဒီလိုနဲ့ မကဒတ ကေအဲန်ယူနယ်မြေ ကော်မတီ ဥက္ကဋ္ဌ ကျနော်နဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ခင်တို့ ၂ ယောက် ရေကျော်ဗဟိုကော်မတီ အစည်းအဝေး တက်ခွင့်ရတာပါ။ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် နဲ့ အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း လက်ထက်မှာပေါ့...။ ထားပါတော့... သူတို့တွေ အပါအဝင် ကျန်ခေါင်းဆောင် အတော်များများသာ တတိယနိုင်ငံရောက်ကုန်ကြရော မှတ်မှတ်ရရ အဲဒီခေတ်မှာ တခါမှလည်း မတခါ ခဲ့ရပါဘူး...။
၁၉၉၇ ပြည်ပထွက်ဖို့ကြုံလာတော့ ထုံးစံအတိုင်း ဘန်ကောက် ဒုတိယရွှေ “အင်ဘက်ဆီ” မှာ စာအုပ် လုပ်ကြရတာပေါ့...။ အဲဒီခေတ်ကတော့ အတော်လွယ်သားပဲ... ကပ်ခွာတွေပါပဲ... လက်ရာလည်း အတော်သေသပ်တယ်... ဈေးလည်း မများဘူး...။ ကျနော့် စာအုပ်နာမည်က ဝေလင်း တဲ့။ အေးလေ... လင်းပေါ့... ဘာဖြစ်လဲ... အမေရိကားရောက်လို့ K2 ပြန်ဖြစ်ရင် ပြီးတာပဲမဟုတ်လား...။ အဲဒီခေတ်က ဗီဇာကလည်းလွယ်သား...။ သံအမတ် ဒါမှမဟုတ် Political Section က တယောက်ယောက်နဲ့တွေ့၊ ပြီးရင် Visa Section မှာ ဖောင်ဖြည့်ပြီး စာအုပ်ကလေးထားခဲ့ရုံပဲ...။ နောက်နေ့ ရပြီဆိုမှ သွားယူပေါ့...။ တခြား ဗီဇာလာလျှောက်တဲ့ ယပလက်တွေဆို ထောက်ခံစာတွေ၊ ပိုင်ဆိုင်မှုတွေ... ဘဏ်စာအုပ်တွေ... တထပ်ကြီးနဲ့ မပြီးနိုင်... မစီးနိုင် ရွာလည်နေတာ...။ ကိုယ်တွေကတော့ ဖိတ်စာလေးတရွက်ထဲနဲ့ ပြီးတာပဲ...။
ဆိုတော့ အဲဒီကတည်းက ဝေလင်းနဲ့ပဲ ဟိုဟိုဒီဒီ သွားလိုက်သေးတယ်...။ ဝေလင်းကုန်သွားတော့... နောက်တအုပ်က မောင်မောင်မြင့်တဲ့...။ မြင့်... မြင့်... နိမ့်... နိမ့်... လိမ့် လို့ရရင် ပြီးရောပေါ့...။ ဒီတအုပ်ကုန်တော့မှ နာမည်ရင်း၊ ပါတီကူလာ အစစ်နဲ့ စာအုပ်တအုပ် စ ရတယ်...။ စ လုံးက ဂတုံးတကောင်ရဲ့သူငယ်ချင်း Leonardo DiCaprio (Catch me if you can) လုပ်ပေးတာ...။ First page ကို သူ့ဟာသူလုပ်တာ... သိပ်သေသပ်တာပေါ့...။ အဲဒီတော့မှ ပြဿနာက စ တာ...။
ဒီတခေါက်လည်း အမေရိကား သွားရဦးမတဲ့...။ တပ်ပေါင်းစုတာဝန်နဲ့... ပဒိုမန်းရှာ၊ ဒေးဗစ်တာကပေါ၊ စပ်အွတ်ကျေးသီး၊ ကိုသန်းထွဋ် နဲ့ ကျနော်။ ကျနော်ပဲ အားလုံးအတွက် စာအုပ်တွေယူသွားပြီး ဗီဇာလျှောက်ပေးမယ်ပေါ့...။ ဒီတခေါက် DCM အသစ်နဲ့ တွေ့တယ်...။ ခုန်ချတဲ့သူတွေများလာလို့ အရင်နဲ့စာရင် သံရုံးက နည်းနည်းတော့ စိစိစစ်စစ်လုပ်လာပြီ...။ အရင်သွားဖူးတယ် မဟုတ်လားတဲ့...။ ၂ ခေါက်၊ ၃ ခေါက်ရှိပါပြီဆိုတော့... လျှောက်လွှာထဲမှာ ထည့်ရေးလိုက်ပေါ့ တဲ့... ပိုမြန်တာပေါ့တဲ့...။ DCM က အကြံပေးတယ်...။ ကိုယ်လည်း ထည့်ရေးလိုက်တာပေါ့...။ အဲဒီတော့မှပဲ ကျန်တဲ့သူတွေ အကုန်ရပြီး ကိုယ့်ဟာက ကြာနေတယ်...။
INS ကစစ်တော့ ဒီနာမည်နဲ့ ဒီဓာတ်ပုံနဲ့ တခါမှ မသွားဘူးပါဘူး ဖြစ်ကုန်ရော...။ ဓာတ်ပုံနဲ့တိုက်စစ်တော့မှ စာအုပ်တွေ နာမည်မတူတာ တွေ့သွားတယ်...။ INS က ဗီဇာမပေးနိုင်ဘူးလုပ်ရော...၊ မပေးလည်း မသွားရုံပေါ့...။ ခုမှ ကိုယ့်နာမည်ရင်းနဲ့ ပါတီကူလာအစစ်နဲ့ပါဆိုမှပဲ...။ Political Section က မပေးလို့မဖြစ်ဘူးဆိုပြီး ထောက်ခံပေးတော့မှ စာအုပ်ပေါ်မှာတော့ ကပ်မပေးနိုင်ဘူးတဲ့... သတ်သတ် စာရွက်တရွက်ပေါ်မှာ ဗီဇာကပ်၊ စာအိတ်ထဲမှာ ထည့်ပေးလိုက်တယ်...။ ဆိုလိုတာက သူတို့ ဗီဇာအစစ်ကို စာအုပ်အတုပေါ်မှာ ကပ်မပေးနိုင်ဘူးပေါ့လေ...။ အလကား... ဖင်ကောင်း...။ အရင်စာအုပ်တွေနဲ့ အခု ဟိုလူကြီးတွေ စာအုပ်တွေကျတော့ရော စစ်တာမှတ်လို့ ..။
ဦးမားကိုဘန်းကြီး တခါတုန်းက ကိုင်ဖူးတဲ့ စာအုပ်တအုပ်ဆို ဒေါ်မြင့်မြင့်အေး ဆိုလားပဲ... မှတ်ကရော...။.သူ့အသက်လောက်နဲ့တော်တဲ့ စာအုပ်ရှာမရလို့... တဲ့။ အမြန်လိုတာနဲ့ ရတာဆွဲထားလိုက်ရတာ... တဲ့။ အော်... ဦးမားတို့ ကယားမျိုးက ရွာနာမည်မှာတင် ဒေါတခဲတို့.. ဒေါတမကြီးတို့နဲ့ ဒေါ ပါတာမဟုတ်ဘူး... လူနာမည်မှာလည်း ဒေါ ပါတာပဲကိုး... လို့...။ သူလည်း ဒေါ်မြင့်မြင့်အေးကြီးနဲ့ ကမ္ဘာပတ်နေတာ တနှစ်ခွဲလောက် ကြာတယ်... အေးဆေး...။
ထားလိုက်ပါတော့... အဲဒီလိုနဲ့ ယပလက်ကအထွက် လဝက ကိုပြဖို့ စာအိတ်တလုံး... US Port of Entry က INS ကိုပေးဖို့ စာအိတ်တလုံး မဖောက်နဲ့ဆိုပြီး ပေးလိုက်တယ်... ။ အထွက်မှာ အဲယားလိုင်းကရော လဝက ကရော ရစ်လိုက်တာ... ဘာပြောကောင်းမလဲ...။ လေယာဉ်ပေါ်ထိ လိုက်ရစ်တယ်..။ ရာဇအိနြေ္ဒပျက်လိုက်သည့် ဖြစ်ခြင်း... လေထဲရောက်မှပဲ ဝိုင် ၂ လုံး၊ ၃ လုံး တောင်းသောက်ပြီး အရှက်ဖြေရတယ်...။ လေယာဉ်မယ်လည်း စိတ်မရှည်တော့လို့ နောက်ဆုံးတခေါက် တောင်းတော့ ၂ လုံး တခါတည်းလာပေးသွားတယ်...။
ဟိုဘက် အဝင်မှာတော့ မရစ်ပါဘူး...။ စာအိတ်ဖောက်ကြည့်ပြီး အေးဆေးပဲ တုံးထုပေးလိုက်တယ်...။ အဲဒါကျတော့ရော ဘာထူးလဲ... ဒီစာအုပ်ပေါ်မှာ တုံးထုရတာပဲ...။
အဲဒီကတည်းက အမေရိကားသွားရင် နာမည်ရင်း၊ ပါတီကူလာအစစ်နဲ့ ဘယ်စာအုပ်ပဲကိုင်ကိုင်... စာအုပ်ပေါ်မှာ ဗီဇာ ကပ်မပေးတော့ဘူး... ကိုရွှေ DCM ကောင်းမှုနဲ့ စာအိတ်ကလေးတလုံး ကိုင် ကိုင်ပြီး သွားရတယ်...။
တခါကျတော့ Visa Section က မောင်တယောက်က သဘောကောင်းပြီး မင်း ခဏခဏ သွားနေတာပဲ One Year Multiple Entry Visa ယူထားမလားလို့ မေးတယ်... ဟား ... သိပ်ကောင်းတာပေါ့လို့...။ ဒါလည်း စာရွက်ပေါ်မှာ စာအိတ်ကလေးနဲ့ပဲ...။ ၂၀၀၅ ဒီဇင်ဘာမှာ လာလည်ပါဆိုပြီး အဲဒီတုန်းက UN သံအမတ်လုပ်နေတဲ့ ကိုသောင်းထွန်းက Milage Award လေယာဉ်လက်မှတ် ၂ ယောက်စာ ပို့ပေးတယ်။
ဒါနဲ့ အတော်ပဲဆိုပြီး LA က အမျိုးတွေနဲ့ သူငယ်ချင်းတွေဆီ ဝင်လည်တယ်။ LAX မှာ... INS က ရစ်ရော...။ ဘာလာလုပ်လဲ...၊ ဘယ်လောက်ကြာမလဲ... ဘယ်ကိုသွားဦးမလဲ... ဒီမှာအမျိုးတွေရှိလား... စသဖြင့်... ထုံးစံအတိုင်း စုံနေတာပေါ့...။ နာရီဝက်၊ ၄၅ မိနစ်လောက်ကြာတော့ အပြင်က ကျနော့်အသိတယောက်က စိတ်ပူနေပြီ...။ ကျနော်ပေးထားတဲ့ ဝါရှင်တန်က နံပါတ်တွေကို ဖုန်းခေါ်ဖို့ပြင်နေပြီ...။ ပထမစစ်တဲ့သူက အမေရိကန်တရုတ်... သူ့အထက်က Superintendent က မက်ဆီကန်နွယ်ဖွား...၊ ကိုယ့်ကို escort လုပ်ပြီး ဘေးတဖက်တချက်ကနေ ညှပ်ခေါ်ပြီး အခန်းထဲထည့်၊ ဘေးက ရပ်စောင့်နေတဲ့ ပုလိပ် ၂ ယောက်က အာဖရိကနွယ်ဖွားတွေ...။ နည်းနည်းကြာတော့ ကိုယ်လည်း တင်းလာတယ်...။ ရွှေသူပုန်ပါလို့လည်း ပြောင် ပြောပြီးနေပြီ...၊ အားလုံးမေးသမျှလည်း ကောင်းကောင်းမွန်မွန်ဖြေပြီးနေပြီ... မကျေနပ်ရင်လည်း ဆက်ကြည့်ပါဆိုပြီး DOS နဲ့ DOD က ပုဂ္ဂိုလ်တွေရဲ့ဖုန်းနံပါတ်တွေလည်း ထုတ်ပေးထားပြီးပြီ...။ ပြည်ဝင်ခွင့်မပေးရင်လည်း ပြန်ရုံပဲ... ထပ်မမေးနဲ့တော့... လို့ ချဲ တော့တာပေါ့...။
မင်းက ဘာထပ်သိချင်နေတာလဲ...၊ ဘာစိုးရိမ်လို့လဲ... ပြန်မေးလိုက်တယ်.. ။ ဒီတော့မှ ကိုယ့်လူက... လူတွေက အမေရိကားရောက်ပြီးရင် မပြန်ချင်ကြတော့ဘူး...၊ အကြောင်းအမျိုးမျိုးပြပြီး ခုန်ချဖို့ ကြိုးစားတော့တာပဲ... ဘာညာ သာရကာ.. လက်ချာရိုက်တော့တာပဲ...။ ကိုယ့်ကို အငံ့လေးလို့ ထင်ပုံရတယ်...။ ဘယ်ရမလဲ ဒီတော့မှပဲ ကိုယ့်ဂွင်ထဲဝင်တော့တယ်...။ မင်း... အမေရိကားသမိုင်း မသင်ဖူးဘူးလား...၊ အမေရိကားဆိုတာ migrants တွေနဲ့တည်ထားတာ မဟုတ်ဘူးလား...၊ ခုထိ ကမ္ဘာတလွှားကနေ ရွှေ့ပြောင်းအခြေချချင်တဲ့လူတွေ တနှစ်တနှစ်ကို လူ ၇၀၀၀၀ ကျော်လောက် လက်ခံနေတာပဲ မဟုတ်လား...၊၊ ငါ့ကို ပထမစစ်တဲ့သူက တရုတ်၊ မင်းက စပိန်၊ ဟို ရဲ ၂ ယောက်က အာဖရိကအနွယ်တွေ မဟုတ်ဘူးလား... ကျန်တာတွေက ဥရောပ နဲ့ အင်္ဂလန်ကလာတဲ့ လူဖြူတွေပဲ မဟုတ်ဘူးလား...။ ဘယ်မှာလဲ အမေရိကန်အစစ်... နေးတစ်အမေရိကန် အစစ်တွေတွေ့ချင်ရင် Grand Canyon ထဲမှာပဲ သွားကြည့်ရတော့မယ် မဟုတ်လား ... ။ အဲဒီတော့ ငါ မပြန်ဘဲနဲ့ ခုန်ချနေလိုက်တော့လည်း ဘာထူးမှာမို့လို့လဲ... Kansas ရဲ့ Dust in the wind သီချင်းထဲကလို Just a drop of water in an endless sea ပဲ မဟုတ်လား...။ မင်းတို့အစိုးရ ဒီနှစ် လူ ၇၀၀၀၀ ခေါ်တဲ့အခါကျရင် တစ်ယောက်လျှော့ခေါ်လိုက်ပေါ့ကွာ... စသဖြင့်... သီချင်းတွေ ဘာတွေ ဆိုပြပြီး Nonstop ကျွေးတော့တာပေါ့...။
ဘေးက လူမဲ ပုလိပ်ကြီး ၂ ယောက်လည်း ပြုံးဖြီးဖြီးနဲ့ မရယ်မိအောင် အတော်အောင့်ထားရတဲ့ပုံပဲ...။ အဲဒီတော့မှ Antonio Banderas အမျိုးက ယဉ်ယဉ်ကျေးကျေးနဲ့ (ရွဲ့ပြောပုံရပါတယ်) “Thank you for educating me, enjoy your stay, Sir” ဆိုပြီး လွှတ်ပေးလိုက်တယ်...။ တော်သေးတာပေါ့... မဟုတ်ရင် The Terminal ထဲက Tom Hanks ကြီးလို Catherine Zeta-Jones လေးတွေနဲ့ LAX ထဲမှာ နှစ်ပါးသွားနေရနိုင်တယ်...။ လူမဲပုလိပ်ကြီး ၂ ယောက်လည်း ကိုယ့်နောက်ကိုလိုက်လာရင်း ကော်ဖီဝယ်တိုက်ပါရစေလို့ ပြောတယ်...။ သူတို့လည်း ဟို INS ငနဲတွေကို သိပ်ကြည့်ရပုံမပေါ်ဘူး...။ မင်းပြောတာ သိပ်ကောင်းတာပဲကွာ... Lawyer လားတဲ့...။ သေလိုက်ပါတော့...၊ မဟုတ်ပါဘူး... Lawyer တွေ၊ MP တွေကို စကားပြောနည်း သင်တန်းပေးနေတဲ့ ကျူရှင်ဆရာရဲ့သူငယ်ချင်းပါလို့...။ ခုမှပဲ နောက်နိုင်တော့တယ်...။
အဲဒီတခေါက်က နောက်ထပ် အမှတ်တရ တခုရှိသေးတယ်...။ ကျနော်တို့က LA, SF, Arizona (Grand Canyon) ကနေ Florida (Tampa) က သန်းဝင်းတို့ဆီသွားလည်မယ်ဆိုတော့ ကိုသောင်းထွန်းတို့၊ ကိုအောင်မိုးဝင်းတို့က သူတို့လည်း လာခဲ့မယ်တဲ့...။ NYC ကနေ ကားမောင်းပြီး လာကြတယ်...။ Tampa ကနေ Miami ကိုသွားပြီး ရွှေဆရာဝန်ကြီးတယောက်အိမ်မှာ နှစ်သစ်ကူးည ပါတီကိုသွားကြတယ်...။ (Keywest အသွား လမ်းမှာ ကိုသန်းနိုင်တို့အိမ်ဝင်ပြီး ထမင်းစားတာလည်း မှတ်မိတယ်)..။ တကယ်တော့ ဖိတ်ထားတဲ့ နယူးရီးယားပါတီကို မသွားချင်ဘူး... Miami Beach New Year Party ကို ကြုံဖူးချင်လို့ သွားတာ...။ ဒါပေမယ့် ကိုသောင်းထွန်းက နယ်စပ်၊ ပြည်တွင်းအခြေအနေ ရှင်းပြဖို့ မဖြစ်မနေ လိုက်ခဲ့ဖို့လိုတယ်ဆိုလို့ လိုက်သွားရတယ်...။ (သွားလည်ပါတယ်ဆိုမှ အလုပ်လုပ်ခိုင်းနေတယ်...။ တော်တော် ဒစ်ပလိုမေစီတို့... ပရိုတိုကောလ်တို့ နားမလည်တဲ့ သံတမန်ပဲ...)
တခုတော့ ကောင်းပါတယ်... ကျနော့်အဖေ မိတ်ဆွေ၊ ကျနော့်အကိုကြီးရဲ့ဆရာ... မြန်မာပြည်မှာတုန်းက ကျနော်တို့အိမ်မှာ ဆေးခန်းဖွင့်သွားဖူးတဲ့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဖေသန်းမောင်နဲ့ ပြန်တွေ့ရတယ်...။ ဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) နဲ့လည်း တွေ့လိုက်ရတယ်...။ အမှတ်တရဆိုတာ... အဲဒီအိမ်က နယူးရီးယားပါတီကို ပြောတာ...။ အဖိုးကြီး... အဖွာကြီးတွေချည်းပဲ...။ Countdown လုပ်တဲ့အချိန်ထိ စားစရာမျိုးစုံနဲ့ ရေနဲ့ အချိုရည်တွေပဲ တိုက်တယ်။ Countdown လုပ် Happy New Year...အော်ပြီးခါမှ ရှန်ပိန် တယောက်တခွက်တိုက်တယ်...။ ရှန်ပိန်နဲ့ ဘယ်လောက်စိတ်ပိန်ရမလဲ... စဉ်းစားသာကြည့်ပေတော့...။ တောထဲမှာရော... နယ်စပ်မှာရော... ကြုံဖူးသမျှ နယူးရီးယားထဲမှာ Miami က နယူးရီးယားက ပျင်းစရာအကောင်းဆုံး... အခြောက်ကပ်ဆုံး နယူးရီးယားပဲ...။
အခုစာရေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ထိုင်းတီဗီမှာ သတင်းလာနေတယ်...။ ဘန်ကောက် ခေါက်ဆန်လမ်းမှာ လမ်းဘေးမှာတင် ဒရိုင်ဘာလိုင်စင်တွေ၊ ကျောင်းသားကဒ်တွေ၊ အမေရိကန် အိုင်ဒီ (ဒရိုင်ဘာလိုင်စင်) တွေ ပေါ်တင် အတုလုပ်ပေးနေတာကို နိုင်ငံခြားသားတယောက်က ဗီဒီယိုရိုက်ပြီး Youtube မှာ တင်ထားတဲ့အကြောင်း...။ အစောပိုင်းကာလတွေမှာတုန်းက ခေါက်ဆန်မိတ် ကျောင်းသားကဒ်တွေ ကိုင်ဖူးတယ်။ နောက် UN အင်တာနေရှင်နယ် ဒရိုင်ဘာလိုင်စင်နဲ့ ကားတက်မောင်းတယ်...။ ထိုင်းပုလိပ်က UN ကလား... တဲ့...။ ခပ်... လိုက်တော့... အလေးတောင် ပြုသွားသေးတယ်...။
နောက်... စ လုံး ဂတုံးနဲ့ ဘန်ကောက် Leonardo ကောင်းမှုနဲ့ ကညန အင်တာနေရှင်နယ် ဒရိုင်ဘာလိုင်စင်တခု ရတယ်...။ လက်ထဲက ရွှေစာအုပ်နဲ့ အဲ့ဒါနဲ့ပေါင်းလိုက်တော့ ထိုင်းဒရိုင်ဘာ လိုင်စင် အစစ်ရတယ်...။ နှစ်တု တစ်စစ်... ပေါ့..။ တနှစ်...၊ တနှစ်ကုန်လို့ သက်တမ်းတိုးတော့ ငါးနှစ်ပေးလိုက်တယ်...။ ဂတုံး ဘန်ကောက်ကနေ စ လုံးကို ရွေ့သွားတော့ သူ့ ဒရိုင်ဘာလိုင်စင်အလွတ်တွေ ပေးသွားတယ်...။ လိုရင် သုံးဖို့တဲ့...။ ကိုယ့်ဘော်ဒါ ဘော်ဂျက်တွေကိုတောင် မောင်းကြမယ်ဟေ့... ကောင်းကောင်းဆိုပြီး ထုတ်ပေးလိုက်သေးတယ်...။ မှတ်မှတ်ရရ အခု MPC မှာ ဦးအောင်မင်း လမ်းရှင်းလုပ်နေတဲ့ ဆရာကြီးတယောက်တောင် ပါသေး...။
(ဒီတခါလည်း အဆုံးသတ်လို့ မရသေးဘူး... ပဉ္စမပိုင်းပေါ့ဗျာ...)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment