Sunday, April 27, 2014

ဦးဝင်းတင်ရဲ့ ကဏန်းမျက်စိ (ကိုညို)

ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့ ၃ လအလို၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ သွေးမြေမကျမီ တလခန့်အလို တနည်းပြောရရင် တပါတီအာဏာရှင် မဆလပါတီကြီး မူမမှန်၊ လူမမှန်လို့ ပြည်သူလူထုက လုံးဝမနှစ်မြို့တော့တဲ့ ၈၈ မေလမှာ သတင်းစာဆရာကြီး ဦးဝင်းတင်က အတွေးအမြင်စာစဉ် အမှတ် (၃၆) မှာ ကဏန်းမျက်စိဆိုတဲ့ ဆောင်းပါးတပုဒ် ရေးသားဖော်ပြခဲ့တယ်။ စာပေစိစစ်ရေး အားကောင်းနေဆဲကာလမှာ ပေါက်ထွက်လာတဲ့ ဆောင်းပါးပါ။ အဲဒီဆောင်းပါးမျိုးကို သာမန်လူတယောက်ယောက်ကတောင် ၁၉၈၈ ကနေ အနှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရလက်ထက်မှာ ရေးသားမယ်ဆိုရင်လည်း ပုံနှိပ်ဖော်ပြခွင့် လုံးဝ မရနိုင်မယ့် ဆောင်းပါးပါ။ 

အဲဒီဆောင်းပါးက ခိုင်မာတောင့်တင်းပြီး အောင်မြင်တဲ့ ကမ္ဘာ့ လူမှု၊ စီးပွား၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အပါအဝင် နယ်ပယ်တိုင်းမှာ သေးငယ်တဲ့ အားနည်းချက်တွေ ရှိစမြဲဖြစ်သလို၊ အဲဒီမပြောပလောက်တဲ့ အားနည်းချက်ကလေးကနေ ခိုင်မာတောင့်တင်းတဲ့ လူ့အဖွဲ့အစည်းတခုလုံးကို ဖြိုလှဲနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်ဆိုတဲ့ Message၊ လမ်းညွှန် အတွေးအခေါ်တခုကို ချပေးလိုက်တာဖြစ်တယ်။ တနည်းပြောရရင် စာဖတ်သူတွေအကြား အာဏာရှင်ရဲ့ အားနည်းချက်ကို မြင်အောင်ကြည့်ပြီး ဖြိုလှဲဖို့ သတိပေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ 


ဆောင်းပါးထဲက အားကောင်းတဲ့ အာဘော်ကို ချုပ်ပြောပြရရင် ရေသတ္တဝါ ကဏန်းကောင်ဟာ သံချပ်ကာ စစ်ရေယာဉ်လို မာကျောတဲ့ အခွံတွေနဲ့ခြေဖျားကနေ တကိုယ်လုံး ဖုံးကာထားတယ်။ သူ့ရဲ့ နူးညံ့တဲ့ အသားကို မှက် ခြင် ယင်တွေ ဘယ်လိုမှကိုက်လို့မရနိုင်ဘူးလို့ ထင်ရတယ်။ ဒါပေမယ့် အဲဒီလိုမာကျောထူထဲတဲ့ အခွံတွေ အချပ်ချပ် ထပ်ထပ် ဖုံးကာနေတောင်မှ ခြင်တကောင်က အဲဒီကဏန်းကောင်ကို သေအောင်လုပ်ကြံနိုင်တယ်ဆိုတဲ့ ကဏန်းရဲ့ အားနည်းချက်ရှိနေတယ်။ အဲဒါကတော့ ကဏန်းမှာ မျက်လုံးအိမ် မရှိ၊လျှိုးဝင်ငုတ်လျှိုးလို့မရတဲ့ အပြင်ထွက်နေတဲ့ မျက်လုံးပဲဖြစ်တယ်။ ကဏန်းမျက်လုံးကို ခြင်ကိုက်ခံရတာနဲ့ ကဏန်း သေပါတယ်။ ကဏန်းမျက်လုံးဟာ ကဏန်းရဲ့ အသက်အန္တရာယ်ရှိတဲ့ အားနည်းချက်ပါ။ ဆရာ့စာဖတ်လိုက်ရမှ ကဏန်းကောင်ရဲ့ တကယ့်အားနည်းချက်ကို သိလိုက်ရတယ်။ 

ဆရာဦးဝင်းတင်က ကဏန်းဥပမာလိုပဲ အားကြီးခိုင်မာတယ်ဆိုသူတွေရဲ့ ဥပမာတချို့ကို ပြခဲ့ပါသေးတယ်။ မြို့အစောင့်အရှောက်ထူပြောပြီး ခက်ခဲတဲ့ သထုံပြည်ကို ပုဂံ အနော်ရထာမင်း ချီတက်သိမ်းပိုက်တော့ မြို့ရိုးတနေရာမှာ ကြက်မ တဝပ်စာ အလစ်အလပ်လေးက အားနည်းချက်တခုအဖြင့် သထုံပြည်ကျဖို့ ဖြစ်လာသလို၊ မွန်သူရဲ သမိန်ဗရမ်းနဲ့ တရုတ်စစ်သည်ကျော် ဂါမဏိတို့ စီးချင်းထိုးပွဲမှာ ဓား လှံ မပေါက်တဲ့ သံကွန်ချာချပ်ဝတ်တန်ဆာ ကိုယ်လုံးပြည့် ဝတ်ဆင်ထားသူ ဂါမဏိရဲ့အားနည်းချက်က ချိုင်းကြားက လှံတဖျားစာ အကွက်အလပ် လစ်ဟင်းချက်လေးပါ။ သမိန်ဗရမ်းရဲ့ အဲမောင်းလှံပျံဟာ ဂါမဏိရဲ့ လှံတဖျားလွတ် ဟာကွက်ကနေ ဇီဝိန်ချုပ်စေခဲ့တယ်။ ပြီးတော့ အမေရိကန် အာကာသ လွန်းပျံယာဉ်ကြီး ချဲလင်ဂျာ ပေါက်ကွဲမှုရဲ့ အားနည်းချက်က တွန်းတင် ဒုံးပျံကြီးရဲ့ ကိုယ်ထည် နှစ်ပိုင်းအဆက်နေရာမှာ ကြားခံထည့်ထားတဲ့ “အိုကွင်း” ခေါ် ဆီလုံကွင်း နေရာကနေ မီးလောင်ပေါက်ထွက်ပြီး ဒုံးပျံကြီးတခုလုံး ပျက်ဆီးခဲ့ပုံ… စသဖြင့် ကြီးမားခိုင်ခန့်တယ်ဆိုတဲ့ အရာတွေထဲက သေးငယ်ပြီး အမှတ်တမဲ့ အလေးမမူစရာ အရာလေးတခုဟာ အလုံးစုံ ပြိုကျပျက်ဆီးမှုကို ဖြစ်လာနိုင်စေတယ်လို့ သတိပေးထားတာပါ။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ ဂဏန်းမျက်စိ ဆောင်းပါးဟာ စိတ်ဝင်စားစရာကောင်းသလို အဲဒီဆောင်းပါးထွက်လာစဉ် နောက်ခံကာလကလည်း မဆလ ပါတီအတွင်း ခေါင်းဆောင်တွေ မညီမညွတ်ဖြစ်နေချိန်၊ ခြစား လာဘ်စားမှု၊ အရည်အချင်းကင်းမဲ့ပြီး အပြစ်ရှာမှု၊ ပါတီတွင်း အရေးယူမှု၊ သန့်စင်မှု သတင်းတွေ ထွက်ပေါ်နေတဲ့ကာလလည်းဖြစ်တာကို သတိပြုမိပါတယ်။ အဲဒီအချိန်မှာ ဆရာကြီး ဦးဝင်းတင်က အာဏာရှင်တွေရဲ့အားနည်းချက်ကို ရှာဖွေလုပ်ဆောင်ဖို့ အသိပေးလိုက်တဲ့ ဆောင်းပါးများလားလို့ တွေးစရာပါ။ ဦးဝင်းတင်လွတ်မြောက်ပြီး မကြာမီ သူကိုယ်တိုင် ပြည်ပ ရေဒီယိုတခုကနေ ကဏန်းမျက်စိဆောင်းပါးလေး အရေးတော်ပုံမတိုင်မီကာလ မှတ်မှတ်ရရ ရေးဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနှစ်အပိုင်းအခြားမှာ သူ ရေးသားခဲ့တဲ့ မျိုးဆက်ကွာဟမှု၊ အောင်ဇော၊ ဖြစ်ရပ်ယောင်၊ အတွေးသစ် အမြင်သစ်၊ မနက်ဖန်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း စတဲ့ ဆောင်းပါးတွေဟာ ခေတ်သစ်တခုကိုတည်ဆောက်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ အတွေးအမြင်တွေနဲ့ အဟောင်းအမြင်းတွေ ဖယ်ရှားဖို့တွန်းအားတွေ ပါဝင်နေတာကြောင့်ပါ။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ ကဏန်းမျက်စိမှာ အနောက်တိုင်းထွက် စာပေသမိုင်းနဲ့ အတွေးအခေါ်တွေမှာလည်း မြန်မာ့အတွေးအမြင်လို ပုံသဏ္ဍန်တွေရှိတဲ့အကြောင်း၊ ခေါမစာဆိုကြီး ဟိုးမားရဲ့ အီလိယက်မော်ကွန်းကဗျာကြီးထဲက သူရဲကောင်း အာခိလိစ်ရဲ့ (Achilles) ဖြစ်ရပ်ကိုလည်း တင်ပြထားပါတယ်။ မိခင်ဖြစ်တဲ့ ပင်လယ်နတ်သမီးက သူ့သား အာခီးလိစ်ကို အန္တရာယ်အသွယ်သွယ်က ကင်းငြိမ်းအောင် တန်ခိုးကြီးတဲ့ စတိုက်မြစ်ထဲ ခြေဖနောင့်ကိုကိုင်ပြီး ရေနှစ်ပေးတယ်။ ဒါပေမယ့် ဖနောင့် ရေမစိုဘူး၊ ဂရိဒဏ္ဍာရီပုံပြင်ထဲက အာခီးလီစ်ဟာ မြားပီး၊ ဓားပီးသူ၊ ဘယ်စစ်သည်မှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်တဲ့ ဘုန်းတန်ခိုးကို ပိုင်ဆိုင်ထားသူဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံး ရန်သူ့မြားတစင်း သူ့ခြေဖနောင့်ကိုလာစိုက်ပြီး သေခဲ့တယ်။ ဒါကြောင့် (Achilles) ရဲ့ ဖနောင့်ကိုရှာရမယ်ဆိုတာ အထိမခံတဲ့ ပျော့ကွက်ကို ရှာရမယ်လို့ နိုင်ငံရေး၊ အဖွဲ့အစည်း၊ စီမံကိန်း အစရှိတဲ့ လူမှုနယ်ပယ်တွေမှာ သုံးလေ့ရှိတယ်။ 

ဆရာကြီးရဲ့ ဆောင်းပါးထဲက အာခီးလိစ်ဖနောင့် ဥပမာလေးတခုဟာ အမေရိကန်နိုင်ငံသား ပရော်ဖက်ဆာဂျင်းရှပ်ပ် (Dr. Gene Sharp) ရဲ့ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ (From Dictator to Democracy) ဆိုတဲ့စာအုပ်မှာ ပေးတဲ့ ဥပမာလေးနဲ့ သွားတူနေပါတယ်။ ဒါပေမယ့် ဂျင်းရှပ်ပ်ရဲ့စာအုပ်က ၁၉၉၃ ခုနှစ်မှာရေးသားခဲ့ပြီး ထိုင်းနိုင်ငံ အခြေစိုက် ခေတ်ပြိုင်သတင်းစာတိုက်က ၁၉၉၅ ဇန်နဝါရီမှာ မြန်မာလိုဘာသာပြန်ပြီး ထုတ်ဝေခဲ့ပါတယ်။ ဆရာကြီး ဦးဝင်းတင်ရဲ့ အတွေးအခေါ်က အတော်လေး ခေတ်မီတာကို သတိထားမိတယ်။ 

ဂျင်းရှပ်ပ်စာအုပ်ထွက်မလာခင် ၁၉၉၄ လောက်က ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေနေထိုင်ရာ နယူးဒေလီမြို့ကို အမေရိကန်နိုင်ငံသား ဗိုလ်မှူးဟောင်း ရောဘတ်ဒ်ဟာဗေးလ် (Robert Halvey) နဲ့ မိုက်ကယ်ဗီယာ (Michel Beer) တို့ရောက်လာပါတယ်။ အိန္ဒိယမှာ အကြမ်းမဖက် နိုင်ငံရေးဖခင်ကြီး မဟတ္တမ ဂန္ဒီကြီးရဲ့ နိုင်ငံရေးအတွေးအခေါ်တွေအတိုင်း နေထိုင်လှုပ်ရှားတဲ့ ကျနော်တို့အပေါ် ထောင်ထောင်မောင်းမောင်း တောင့်တောင့်ခိုင်ခိုင် အမေရိကန် စစ်မှုထမ်းဟောင်းကြီး ဟာဗေးလ်က စိတ်ဝင်စားပါတယ်။ ကျနော်တို့ အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (All Burma Students League-ABSL) အဖွဲ့ဌာနချုပ်ရုံးစိုက်ရာ အိန္ဒိယ အောက်လွှတ်တော်အမတ် (နောင် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ) မစ္စတာ ဂျော့ဖာနန်ဒေ့ခ်ျစ်ရဲ့ နေအိမ်ခြံဝန်းမှာ နေထိုင်ကြတာဖြစ်တယ်။ 

ဟာဗေးလ်က ဂျင်းရှပ်ပ်ရဲ့ အတွေးအခေါ်တချို့ကို မိတ်ဆက်ပေးပါတယ်။ ဒီအတွက် အလုပ်ရုံဆွေးနွေးပွဲတခုလုပ်ချင်လို့ ပါဝင်စေချင်ကြောင်း ပြောတယ်။ နောက်ပိုင်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ အကြမ်းမဖက် နိုင်ငံရေးအံတုမှု သင်တန်းကို တက်ရောက်လေ့လာခဲ့တယ်။ 

ဆရာ ဦးဝင်းတင်ပြောတဲ့ အင်အားကြီးသူတွေရဲ့ အားနည်းချက်ဆိုတဲ့ အတွေးအခေါ်တွေကို ဂျင်းရှပ်ပ်ရဲ့ အာဏာရှင်များရဲ့ အားနည်းချက်ဆိုပြီး လေ့လာရပါတယ်။ 

အာဏာရဲ့အရင်းအမြစ်ဟာ (၁) သြဇာတိက္ကမဖြစ်တဲ့ ပြည်သူက တရားဝင် အသိအမှတ်ပြုပေးမှု၊ (၂) အစိုးရကို ပူးပေါင်း ကူညီပံ့ပိုးပေးသူတွေ၊ (၃) အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့၊ အသင်းအဖွဲ့အစည်းတွေ၊ (၄) အစိုးရကို အကူအညီ ပေးချင်သူတွေ၊ ဝါဒမှိုင်းမိနေသူ၊ ကြောက်ရွံ့သူ၊ အမိန့်နာခံချင်သူ၊ (၅) ရုပ်ဝတ္တု၊ ငွေကြေး၊ သယံဇာတ၊ စီးပွားရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ (၆) အစိုးရဥပဒေ မူဝါဒ၊ ခြိမ်းခြောက်အရေးယူမှု စတဲ့ အရာတွေအပေါ်မှာ အခြေခံတယ်။ အဲဒီအခြေခံ ၆ ချက်က အာဏာရှင်အစိုးရကို မထမ်းပိုးရင်၊ ကင်းလွတ်နေရင်၊ ဖီဆန်ရင် အာဏာရှင် အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုကျတတ်တယ်လို့ ဆိုပါတယ်။ 

ဆရာ ဦးဝင်းတင်နဲ့ ဂျင်းရှပ်ပ်တို့ပြောနေတဲ့ အားနည်းချက်တွေဟာ မြန်မာအာဏာရှင်တွေမှာ အများကြီးရှိတယ်။ အကြီးမားဆုံးအားနည်းချက်က အာဏာကို ယစ်မူးခြင်းနဲ့ အာဏာဆုပ်ကိုင်ထားလိုခြင်းပါပဲ။ ပြည်သူတွေနဲ့ကင်းကွာ၊ ယုံကြည်မှုပျက်ပြားစေတာမို့ ဖြစ်တယ်။ ပြီးတော့ အာဏာရှင်တွေဟာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိမှာ စိုးရိမ်တတ်တာကလည်း အားနည်းချက်တခုပါ။ အတင်းအဓမ္မ ပါလာအောင် လုပ်ရပါတယ်။ မူဟောင်း၊ လုပ်နည်း လုပ်ဟန် အဟောင်းတွေကို အသစ်ပြုပြင်ပြောင်းလဲဖို့ ခက်ခဲတာ၊ အရည်အချင်းညံ့ဖျင်းတာ၊ အောက်ခြေကနေ အထက်ကို သတင်းမှန်မပြောရဲလို့ သတင်းအချက်အလက်မှန်တွေ မရနိုင်တာ၊ နည်းလမ်းအသစ်တွေ မပြောင်းတတ်လို့ နည်းဟောင်းတွေချည်း ထပ်နေတဲ့အခါ အောက်ခြေကစပြီး ယိုင်နဲ့လာတာ၊ ပြည်သူတွေက အစိုးရအပေါ် မယုံတော့တာ၊ ငြီးငွေ့ကုန်တာတွေဟာ အစိုးရလဲပြိုစေမယ့် အားနည်းချက်တွေပါ။ 

ပြီးတော့ အစိုးရအဖွဲ့အတွင်း၊ ဌာနဆိုင်ရာအတွင်း အပြိုင်အဆိုင်ဖြစ်တာ၊ ရန်လိုတာ၊ မညီမမျှတာတွေက တချိန်မှာကွဲပြဲမယ့် အားနည်းချက်တွေဖြစ်သလို အရာရှိကြီးတွေ၊ ဝန်ကြီးတွေရဲ့ မောက်မာမှု၊ လွဲချော်မှုနဲ့ ရာထူးထုတ်ပယ်မှုတွေ၊ လူမွေးမှုတွေ၊ လူနည်းစုသဘောနဲ့ ဆုံးဖြတ်တာတွေဟာ အုပ်ချုပ်ရေးယိုင်ရွဲ့စေမယ့် အားနည်းချက်တွေဖြစ်တယ်။ အဓိကအားနည်းချက်ကတော့ လူထုကြီးတရပ်လုံးရဲ့ ထောက်ခံမှု မရနိုင်တော့ဘဲ အုံကြွပေါက်ကွဲစေမယ့် အခြေအနေမျိုး ရောက်သွားတာပါ။ 

ဆရာကြီး ဦးဝင်းတင်ဟာ ၁၉ နှစ်လောက် အကျဉ်းထောင်ထဲနေခဲ့စဉ်မှာရော၊ အကျဉ်းထောင်ပြင်ပ နိုင်ငံရေးလှုပ်ရှားစဉ်ရော မိမိယုံကြည်ချက်အတိုင်း တဆံချည်မှမလွဲအောင် ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ ပြည်သူ့ဆန္ဒနဲ့လွဲဖယ်ပြီး အုပ်ချုပ်တဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ဘူး။ မဟုတ်မမှန်တာကို တွေ့မြင်နေရက် ကြောက်ရွံမှုတစုံတရာကြောင့် ဟုတ်တယ် မှန်တယ်ဆိုပြီး သံယောင်မလိုက်၊ ထောက်ခံမှုမပြုဘူး။ ထောင်ထပ်ချလည်း ပြန်ဝင်မယ့်သူပါ။ ဒါကြောင့်လည်း ဦးဝင်းတင်အပေါ် ပြည်သူတွေကသာမက သူနဲ့ ဆန့်ကျင်ဘက်အုပ်စုတွေ၊ အာဏာပိုင်တွေကတောင် လေးစားတာ၊ တုန်လှုပ်တာဖြစ်တယ်။ အာဏာရှင်တွေဟာ သူ့လို ဇရာအိုကြီးတယောက်ကို ထောင်ထဲမှာသေအောင် ညှဉ်းဆဲသတ်ခဲ့တာ ဖြစ်တယ်။ ဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓာတ်ခိုင်မာလို့ ထောင်ပြင်မှာ ၆ နှစ်ကြာ ဝေဒနာပေါင်းစုံနဲ့ အသက်ရှင် နေနိုင်သေးတာ ဖြစ်တယ်။ သူ့ရဲ့ ရှင်သန်ရပ်တည်ရာတလျှောက်လုံး သူ မနှစ်မြို့တဲ့ အစိုးရအပေါ် အားနည်းချက်ကို အရနင်းပြီး စိတ်ဓာတ်ရေးရာ အောင်ပွဲခံခဲ့တယ်။ 

တကယ်တော့ ဘယ်အာဏာရှင်တွေနဲ့ အစိုးရပဲဖြစ်ပစေ မမျှတမှု၊ လိမ်လည်အုပ်ချုပ်မှု၊ မတရားဥပဒေနဲ့ အုပ်ချုပ်မှုနဲ့ ဖိနှိပ်အုပ်စိုးမှုတွေဟာ သူတို့ရဲ့ အကြီးအကျယ်ဆုံး အားနည်းမှုတွေသာ ဖြစ်ပါတယ်။ ကဏန်းမျက်စိတွေ ဖြစ်တယ်။ ဆရာကြီး ဦးဝင်းတင်ဟာ ကဏန်းမျက်စိကိုရှာပြီး အစိုးရအပေါ် လှလှပပ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 

ကိုညို (အော်စလို) 
၂၄ ဧပြီ၊ ၂၀၁၄ 

(ဒီကနေ့ တနင်္ဂနွေ ဧပြီ ၂၇ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ ဖော်ပြတယ်) 

ဦးဝင်းတင်ရဲ့ ကဏန်းမျက်စိ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ 

 

No comments: