Thursday, April 17, 2014

ကျနော်တို့ ဒုက္ခသည် မဟုတ်ဘူး (၂) - ကိုညို


မြန်မာနယ်စပ်သို့ နှုတ်ဆက်ခရီး 

ကျနော်တို့မိသားစု နော်ဝေးမှာသွားနေတော့မယ်ဆိုတော့ အပေါင်းအသင်းတွေ ဆွေမျိုးသားချင်းတွေက လာနှုတ်ဆက်ကြတယ်။ နော်ဝေးမထွက်ခင် တလလောက်ကြိုပြီး ဇနီးသည်လင်းလင်းရဲ့ မိသားစုမောင်နှမတွေနေတဲ့ နယ်စပ်ကို ကျနော်တို့မိသားစု သွားလည်တယ်။ မြန်မာနဲ့ထိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တွေက မဏိပူရ(တမူး)၊ မီဇိုရမ်(ချင်းပြည်နယ်)၊ နာဂလင့်(နာဂတောင်တန်း) ၊ အဒူနာချာ(ကချင်ပြည်နယ်)၊ အာသံ(ကချင်)၊ ထရီပူရ(ရခိုင်-ဘင်္ဂလား) တို့ဖြစ်တယ်။ အဲဒီနယ်စပ်ဒေသချင်း ထိစပ်နေတာကိုက ကီလိုမီတာ ၁၆၀၀ ကျော်လောက်ရှိတာကိုး။ ပြီးတော့ အိန္ဒိယ အရှေ့မြောက် ပြည်နယ် ၇ ခုဟာ အိန္ဒိယထက်စာရင် မြန်မာတွေနဲ့ ရုပ်ရည်ရော၊ ယဉ်ကျေးမှုရော၊ ဘာသာစကားရော၊ အစားအသောက်နဲ့ ဓလေ့စရိုက်ကအစ နီးနီးစပ်စပ်ရှိတယ်။

ရေခြားမြေခြား တို့သွေးသား 

အဲဒီ ၇ ပြည်ထောင်ကို အိန္ဒိယမှာတော့ ညီအမ ၇ ဖော် Seven Sisters လို့ ခေါ်တယ်။ အဲဒီက တိုင်းရင်းသားတွေဆိုရင် မြန်မာနဲ့ ဟိုဘက်ဒီဘက် ဆွေမျိုးတွေချည်းပဲ။ မဏိပူရ ကသည်းလူမျိုးတွေက ဗမာနဲ့ အတော်တူတယ်၊ စကားလည်း ခပ်ဆင်ဆင်။ အာသံမှာလည်း ရှမ်း၊ ကချင်နဲ့ ရှေးပဒေသရာဇ်ခေတ် မဟာဗန္ဓုလတပ်တွေ စစ်ချီစဉ် မိုးတွင်းကာလ စစ်နားတော့ စစ်ချီရာလမ်းကြောင်းက အာသံကျေးလက်ရွာတွေမှာ နားနေရာက ပြည်တော်မပြန်တော့ဘဲ ကျန်ရစ်ခဲ့တဲ့ ဗမာအနွယ်တွေလည်း ရှိကြတယ်။ 


တခါတုန်းက ကျနော် ဗုဒ္ဓဂါယာကို ဘုရားဖူးသွားရင် အဲဒီနယ်က ရှမ်းတချို့နဲ့ ရှေးဗမာအနွယ်တွေကို ဆုံဖူးတယ်။ ဗမာပြည်ကို အရမ်းစိတ်ဝင်စားတယ်။ ရွှေတိဂုံဘုရားဖူးချင်တယ်လို့ ပြောတယ်။ သူတို့က ဗမာစကားတော့ မတတ်တော့ဘူး။ ဟိန္ဒီူစတန် ဘာသာစကားနဲ့ ပြောပါတယ်။ ဘုန်းကြီးကျောင်းရှိတယ်၊ စေတီတွေရှိတယ်၊ အဲဒီတုန်းက ဗုဒ္ဓဂါယာကနေ ဘုရားဆင်းတုတော် လာပင့်တာပါ။ ရခိုင်နဲ့ အိမ်နီးချင်း တြီပူရပြည်နယ်ဘက်မှာနေထိုင်တဲ့ ချက်ခ်မာ လူမျိုးတွေက ရှေးမြန်မာ သက်လူမျိုးနွယ်တွေလို့ ပြောကြတယ်၊ အဲဒီမှာ ရခိုင်တွေလည်း ရှိတယ်။ 

အဒူနာချယ်ပရာဒတ်ခ်ျပြည်နယ်မှာတော့ ကချင်ပြည်နယ်နဲ့နီးလို့ ကချင် ဂျင်းဖောလူမျိုးတွေ အများကြီးပဲ။ တနှစ်တစ်ခါကျင်းပတဲ့ မနောပွဲကို မြန်မာဘက်က ကချင်တွေလာလေ့ရှိတယ်။ နာဂလင့်က နာဂတွေနဲ့ မြန်မာဘက်က နာဂတွေကတော့ အတူတူပဲ၊ မျိုးနွယ်အလိုက် ဘာသာစကားတော့ ကွဲတယ်။ မစ်ဂ္ဂါလီယာပြည်နယ်က ခါဇီအမျိုးအနွယ်တွေကတော် မွန်မျိုးနွယ်ဆက်တွေလို့ ကြားဖူးတာပဲ၊ သေချာတော့ မသိဘူး၊ မီဇိုရမ်ပြည်နယ်ကတော့ ချင်းမျိုးနွယ်တူတွေပါ။ လင်းလင်းက မြန်မာပြည်မှာ လုရှိုင်းလို့ခေါ်တဲ့ မီဇိုချင်းမျိုးနွယ်ပါ။ 

လုရှိုင်းလူမျိုးတွေနဲ့ လုရှိုင်းတောင်တန်းများ 

နယူးဒေလီကနေ နယ်စပ်ကိုရောက်ဖို့ဆို ကုန်းလမ်းက ရထားတတန် ကားတတန် သွားရတယ်။ အမြန်ရထားစီးရင် တည အိပ် ၂ ရက်ခရီးလောက် ရထားစီးရတယ်။ အဲဒီအခါ အိန္ဒိယအရှေ့မြောက်ရဲ့ မီးရထားလမ်းဆုံးဖြစ်တဲ့ အာသံပြည်နယ်မြို့တော် ဂွာတီး(Guwaharti)ကို ရောက်တယ်။ အာသံက တဆင့် မြန်မာနယ်စပ်အထိဆို ကားနဲ့ နောက်ထပ် တညအိပ် ၂ ရက်ခရီး သွားရအုံးမယ်။ လေယာဉ်ဆို ခဏပဲ။ မနက်စောစောထွက် ကလကတ္တား(သို့မဟုတ်) အာသံမှာ တထောက်နားပြီးရင် မဏိပူရ၊ မီဇိုရမ်သွားတဲ့ လေယာဉ်စီးရုံပဲ။ မနက်သွား ညနေရောက်။ 

ကျနော်က မဏိပူရ အင်ဖားမှာ နှစ်အတန်ကြာ နေဖူးတယ်။ အင်ဖားထက် မီဇိုရမ်က တောင်ထူထပ်တယ်၊ အကွေ့အကောက် များတယ်။ ဝါးတရိုက် တကွေ့လို့ ပြောရမလောက်အောင်ပဲ။ ကားကို မူးဝေ အော့အန်နေအောင် စီးရတယ်။ မီဇိုရမ်ရောက်တုန်း ကျနော်လည်း နောက်ထပ် ဘယ်တော့မှ ပြန်ရောက်မယ်ဆိုတာ မသေချာလို့ တညလုံး ကားစီးသွားရတဲ့ မြန်မာနယ်စပ် (မီဇိုရမ်-မြန်မာနယ်စပ် ရိ-ဇိုခွပ်သာ) ကို အလွမ်းပြေ သွားကြည့်ခဲ့သေးတယ်။ ၂ နိုင်ငံနယ်ခြားက ချောင်းလေးပဲ ခြားတာ။ ကိုလိုနီခေတ်က နယ်ခြားမျဉ်းမရှိဘူး။ အိန္ဒိယ မြန်မာ ၂ နိုင်ငံလုံးက ဗြိတိလျှ အင်ပါယာထဲပါနေတော့ မြန်မာကို အိန္ဒိယဘုရင်ခံက လက်အောက်ခံ နိုင်ငံအနေနဲ့ တွဲပြီး အုပ်ချုပ်တာဖြစ်တယ်။ မြန်မာပြည် လွတ်လပ်ရေးပေးရတော့ အင်္ဂလိပ်တွေက တောင်တန်းတွေ မြစ်ချောင်းတွေကို နယ်ခြားမျဉ်းလို သတ်မှတ်ပြီး ဟိုဘက် ဒီဘက် ခွဲလိုက်တာဖြစ်တယ်။ 

အရင် အင်္ဂလိပ်ခေတ်က မီဇိုရမ်က ချင်းတွေနဲ့ မြန်မာဘက်က ချင်းတွေ ဟိုဘက် ဒီဘက် လွယ်လွယ်ကူကူ သွားနေကြတာပဲ။ ဆွေမျိုးသားချင်းတွေလည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းနေကြတာ။ မီဇိုရမ်က လုရှိုင်း(မီဇို) ချင်းတွေ အများကြီး အင်္ဂလိပ်တပ်ရော နောက်ပိုင်း မြန်မာ့တပ်မတော်မှာရော စစ်မှုထမ်းခဲ့တာပေါ့။ ဟိုတုန်းက ဗိုလ်ချုပ်နေဝင်း နဲ့ ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ လက်အောက်ခံတပ်တွေမှာ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး တာဝန်ထမ်းခဲတဲ့ လုရှိုင်းစစ်မှုထမ်းဟောင်းတချို့နဲ့ ကျနော် မီဇိုရမ်မှာ စကားလက်ဆုံကြဖူးတယ်။ သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲနဲ့ ပြည်တွင်းစစ်တိုက်ပွဲ အတွေ့အကြုံတွေကို နားထောင်ခဲ့ဖူးတယ်။ စစ်တပ်က အနားယူပြီးတဲ့နောက် အခွင့်အရေးမဲ့နေတဲ့ ချင်းစစ်သားအိုကြီးတွေရဲ့ ပင်စင်မဲ့ အစောင့်အရှောက်မဲ့ ဘဝတွေအကြောင်း သတင်းဆောင်းပါး ရေးဖူးတယ်။ 

နယ်စပ်အမှတ် (၂) ကုန်သွယ်ရေးစခန်း 

အိန္ဒိယ- မြန်မာနယ်စပ် တရော်ချောင်းတဖက်က မြန်မာအလံနဲ့ လဝက ရုံး၊ အိမ်ယာတွေကြည့်ရင်း တဖက်ကမ်းကနေ အလွမ်းဖြေခဲ့တယ်။ ထွက်လာတုန်းက အလွန်ဆုံး ၂ နှစ်ပဲကြာမယ်လို့တွက်ထားတာ အခုလို နှစ် ၂၀ ကြာသွားမယ်လို့ ထင်မှမထင်တာ။ နယ်စပ်တံတားပေါ်မှာ အထမ်းသမားတွေ၊ ကလေးငယ်တွေနဲ့ ချင်းတိုင်းရင်းသားတွေ ဟိုဘက် ဒီဘက် ထမ်းပိုးကူးသန်းသွားနေကြတာကြည့်ရင်း ကျနော်တို့ပြည်သူတွေ ထမင်းတလုတ်အတွက် ပင်ပင်ပမ်းပမ်း ပုခုံးထမ်းစားနေရတဲ့ဘဝက ဘယ်တော့လွတ်မှာလည်းဆိုတာကို တွေးရင်း အဖြေမရဖြစ်နေတယ်။ 

ဒီနေရာမှာ တခုသုံးသပ်လို့ရတာက အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်တို့ ကွာခြားပုံပဲ။ အိန္ဒိယနယ်စပ်က တခြား နယ်စပ်ဒေသတွေထက် ဖွံ့ဖြိုးမှုနည်းတယ်။ ဆင်းရဲတယ်။ မြန်မာပြည်ကနေ ထိုင်းတို့၊ တရုတ်တို့ဘက်ထွက်ရင် လူနေမှုကကို တိုင်းပြည်ထက် မြင့်နေတာတွေ့ရပေမယ့် အိန္ဒိယဘက်ကျတော့ မြန်မာနဲ့ လူနေအဆင့်အတန်းက သိပ်မကွာဖူး။ ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ ထိုင်းမှာက လွတ်မြောက်ရေးတိုက်ပွဲ မရှိကြဘူး။ သူတို့ အစိုးရကို ပုန်ကန်တဲ့ သူပုန် မရှိဘူးလို့ ပြောနိုင်တယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်တွေမှာက သူပုန်အဖွဲ့တွေ အများကြီး။ ပြည်နယ်ခွဲထွက်ရေး တောင်းဆိုနေတဲ့ သူပုန်တွေရှိတယ်။ 

တခုတော့ ရှိတယ်၊ စီးပွားမဖွံ့ဖြိုးလို့သာ လူနေမှုနိမ့်ကျတာ ပညာတတ် တိုးပွားမှုနဲ့ ဒီမိုကရေစီတန်ဖိုးနဲ့အညီ ပွင့်လင်းလွတ်လပ်မှုက အိန္ဒိယက ပိုသာနေသလိုပဲ။ အချိန် အတိုင်းအတာမသိ ဝေးကွာတော့မယ့် အမိနိုင်ငံကြီးကို တဖက်ကမ်းက ငေးမော နှုတ်ဆက်ကြည့်ရင်း နယ်စပ်ကနေ ပြန်တက်လာခဲ့တယ်။ ရင်ဝထဲမှာ ဝမ်းနည်းသလိုလို၊ ပူပန်နေသလိုလို၊ ငိုချင်သလိုလို ဝေဒနာတခုက စူးခနဲပေါ်လာတယ်။ ကျနော် ဗမာပြည်နယ်စပ်ကနေ ပြန်တော့မယ်ဆိုတိုင်း အဲဒီခံစားမှုမျိုးကြီး ပေါ်လာတတ်တယ်။ ဒီခံစားမှုကြီးက ရိုးလို့လည်း မသွားဘူး။ 

ဇနီးသည် လင်းလင်းရဲ့ မိသားစုမောင်နှမတွေက ကျနော့်ကို သိပ်ချစ်ကြတယ်။ ကိုယ့်မိသားစု ညီအကို မောင်နှမတွေနဲ့ နှစ်ရှည်ခွဲခွာနေရတဲ့ ကျနော့်အပေါ် ကိုယ်ချင်းစာ မေတ္တာထားတယ်။ သားတယောက်ထဲရှိတဲ့ လင်းလင်းမိဘ ၂ ပါးစလုံးက ကျနော့်ကို သားအရင်းလို သဘောထားပြီး ချစ်တယ်။ ကျနော်တို့ နော်ဝေးကို အပြီးသွားတော့မယ်ဆိုတော့ အားလုံးက မျက်ရည်တွေနဲ့ ဆုတောင်းပေးရှာတယ်။ အမှတ်တရ လက်ဆောင်တွေပေးတယ်။ တချို့က နယူးဒေလီအထိ လိုက်ပို့တယ်။ ကျနော်ဟာ တခြား ဘဝတူရဲဘော်တွေထက် ပိုပြီး ကံကောင်းသူတယောက်ဆိုရင် မမှားနိုင်ဘူး။ 

နယူးဒေလီက မြန်မာဒုက္ခသည်တွေ 

တကယ်တော့ အိန္ဒိယက မြန်မာဒုက္ခသည် တော်တော်များများဟာ သြစတေးလျှား၊ ကနေဒါ၊ အမေရိကားနဲ့ နယူးဇီလန်နိုင်ငံတွေမှာပဲ အခြေချနေထိုင်ဖို့ ခေါ်တာများတယ်။ ၁၉၉၅-၉၆ လောက်ကစပြီး အမေရိကားကို စကောလားရှစ်ပေးပြီး ပညာသင်ကြားရေး အစီအစဉ်နဲ့ ခေါ်ယူတာတွေလည်း ရှိတယ်။ အသက်အရွယ် အကန့်အသတ်နဲ့ တိုဖယ်လ် အရည်အချင်းစစ်ပြီး အောင်မြင်သူ လူငယ်တွေကို ခေါ်တာဖြစ်တယ်။ နောက်ပိုင်း UNHCR အစီအစဉ်နဲ့ပါ တတိယနိုင်ငံ ပြန်လည်နေရာချထားရေးအစီအစဉ်တွေ ပေါ်လာတာဖြစ်တယ်။ ထိုင်းနယ်စပ်နဲ့ မလေးရှားက တိုင်းရင်းသားတွေကို ခေါ်တာများတယ်။ 

နောက်ပိုင်းမှ အိန္ဒိယကို ခေါ်တာ။ အိန္ဒိယက ချင်းတိုင်းရင်းသားတွေကိုလည်း စပြီးခေါ်ရော နယ်စပ်က ချင်းတိုင်းရင်းသားတွေ ရာနဲ့ချီပြီး တသုတ်ပြီးတသုတ် နယူးဒေလီကို တက်လာကြတယ်။ အခန်းကျဉ်းကျဉ်း တိုက်ခန်းလေးထဲမှာ ဖြစ်သလိုကျောခင်းပြီး ရှိသမျှ ငွေစအနည်းအကျဉ်းနဲ့ ချို့ချို့ငဲ့ငဲ့နေထိုင်ကြတယ်။ ကျနော်တို့ နယူးဒေလီရောက်ခါစ ၁၉၉၁-၉၂ တုန်းက အိပ်ခန်းကျယ်တခန်းပါတဲ့ အိမ်လခက ရူပီး ၅၀၀ နဲ့ ၈၀၀ ကြားပဲ ရှိတယ်။ အခုနောက်ပိုင်း အနည်းဆုံး ရူပီး ၅ ထောင်ဝန်းကျင်ပဲ။ ဒေလီမှာ လူက တသောင်းကျော် ဖြစ်သွားတယ်။ သက္ကရာဇ် ၂၀၀၀ မတိုင်ခင်တုန်းက နိုင်ငံရေးနဲ့ တနည်းမဟုတ်တနည်း ပတ်သက်ပြီး နေထိုင်ခဲ့သူတွေများပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြားထွက် ပညာသင်ချင်လို့၊ အလုပ်လုပ်ကိုင်ဖို့၊ တတိယနိုင်ငံထွက်ချင်လို့ဆိုတဲ့ ဆန္ဒဇောနဲ့ လူတွေ များလာတယ်။ သေချာတာတခုကတော့ အားလုံးက မြန်မာပြည်မှာ နေထိုင်ရတာ အဆင်မပြေ တိုးတက်လမ်း ရှာမတွေ့လို့ ထွက်လာကြတာဖြစ်တယ်။ 

တနည်းပြောရရင် စနစ်ဆိုးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေချည်းပဲ။ အစောပိုင်းနှစ်တွေကတော့ သူတို့ကို UNHCR က အသိအမှတ်ပြုကဒ်တွေပေးပြီး ထောက်ပံ့ငွေ အနည်းအကျဉ်းပေးတယ်။ အခုတော့ အားကိုးမှီခိုရာမရှိတဲ့ အသက် ၆၀ ကျော် လူကြီးတွေနဲ့ မှီခိုအထောက်အပံ့မရှိတဲ့ ၁၈ နှစ်အောက်တွေကိုပဲ ထောက်ပံ့တယ်။ ဒါလည်း မစို့မပို့ ပိုက်ဆံပါ။ ရပ်ကွက်တခုပြီးတခု အလှည့်ကျရောင်းတဲ့ ညလည်ဈေးတွေကနေ ရောင်းမရလို့ စွန့်ပစ်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ (ဂေါ်ဖီ၊ မုံလာ၊ မုန်ညှင်း၊ ခရမ်းချဉ်... စသဖြင့်) တွေကို အိတ်တလုံးနဲ့ လိုက်ကောက်ပြီး စားသောက်ရသူတွေ အများကြီး။ တိုင်းရင်းသား ဒုက္ခသည်အများစုက ကြုံရာကျပမ်း အလုပ်လုပ်ရတယ်၊ အိမ်တွင်း အလုပ်ရုံ အသေးစား လေးတွေမှာ လစာနည်းနည်းနဲ့ တရားမဝင် အလုပ်သမားအဖြစ် အလုပ်လုပ်ရတယ်။ ဘာအာမခံချက်မှ မရှိဘူး။ သူတို့ကိုကာကွယ်ပေးမယ့် အဖွဲ့အစည်းလည်း မရှိဘူး။ တချို့ဈေးရောင်းတယ်။ တချို့ အသက်အရွယ်ငယ်ငယ် မိန်းကလေးတွေ ခန္ဓာကိုယ် ရောင်းစားနေရတယ်။ 

NGO ခပ်တဲ့ရေ၊ NGO သောက်လို့ကုန် 

မကွယ်မဝှက်ပြောရရင် သက္ကရာဇ် ၂၀၀၀ လောက်စပြီး လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အထိ အိန္ဒိယမှာ နိုင်ငံရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပေါမှပေါ၊ လက်ချိုးရေတွက်လို့ မနိုင်ဘူး။ NGO တွေနဲ့ လုံးထွေးပြီး မှိုလိုပေါက်လာကြတာ။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ အမှန်တကယ်လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အသွေး တိုးတက်ရေး၊ ဘဝမြှင့်တင်ရေး၊ ဒုက္ခသည် အလုပ်သမားတွေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ထိမ်းသိမ်းကာကွယ်မှုကို လက်တွေ့ကျကျ မလုပ်ပေးနိုင်ခဲ့ဘူး။ အဲဒီဒုက္ခသည်တွေကို အကြောင်းပြုပြီး ပြည်ပက NGO တွေ အဖွဲ့အစည်းတွေကပဲ လစာပုံမှန်ယူ၊ ခရီးစရိတ်တွေ၊ အကျိုးဆောင်ခတွေ ဖြတ်ယူပြီး လှုပ်ရှားခဲ့ကြတယ်။ 

အဲဒီမှာ အိန္ဒိယ ဌာနေအဖွဲ့အစည်းတွေ၊ NGO တွေအပြင် မြန်မာအဖွဲ့တွေလည်း ပါတယ်။ ဥပမာ UNHCR အဖွဲ့ဆိုပါတော့၊ ကမ္ဘာအရပ်ရပ်က လှူဒါန်းတဲ့ အလှူငွေတွေက ဒုက္ခသည်တွေဆီ အပြည့်အဝမရောက်ဘဲ သူတို့အဖွဲ့အစည်းရဲ့ဝန်ထမ်းလစာထဲ ရောက်ကုန်တာ များတယ်။ ဆိုပါစို့၊ အိန္ဒိယအစိုးရက သူ့နိုင်ငံသား အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ UNHCR အပါအဝင် ပြည်ပက လာရောက် ရုံးစိုက်တဲ့ အဖွဲ့အစည်းတွေနဲ့ သဘောတူထားတဲ့ ဥပဒေတွေရှိတယ်။ မိမိတို့ဆီက အလုပ်သမားဦးရေ ဘယ်လောက်ကို ဘယ်လစာနှုန်းထားနဲ့ ဘယ်လို အာမခံချက် အခွင့်အရေးတွေအတိုင်း အလုပ်ခန့်ထားရမယ်ဆိုတာပဲ။ ဒီတော့ ဒုက္ခသည်တွေကို ကူညီဖို့ရာ ရုံးခန်းငှားရမ်းခ နဲ့ ဒေါ်လာနဲ့တွက်ယူတဲ့ ဝန်ထမ်းအရာရှိလစာ အသာထားအုံး၊ အိန္ဒိယက အလုပ်သမားတွေနဲ့တင် ‘ကုလားခတ်တဲ့ ရေ၊ ကုလားဖင်ဆေးလို့ ကုန်’ ဆိုတဲ့ စကားပုံအတိုင်း ကွက်တိပဲ။ အမှန် ဒုက္ခရောက်နေသူတွေက ငတ်တုန်း၊ ငတ်ဆဲပဲ။ 

ပြီးတော့ အိန္ဒိယဆိုတာက ယဉ်ကျေးမှုထဲမှာ ဇာတ်အဆင့်အတန်း ခွဲခြားမှုတွေက သိပ်အရှိန်အဝါကြီးခဲ့တာကိုး။ ဒီကနေ့ ပညာတတ်ပြည်သူတွေက ဇာတ်စနစ်နဲ့ အဆင့်အတန်းခွဲခြားမှု၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတာတွေ ဆန့်ကျင်နေကြပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ ပျောက်မသွားဘူး။ မြန်မာဒုက္ခသည်တွေက ဒေလီအနောက်ပိုင်း ဆင်းရဲတဲ့ရပ်ကွက်လေးတွေမှာ နေထိုင်ရတော့ ခွဲခြားဆက်ဆံခံရတယ်။ ဌာနေ အိန္ဒိယလူမျိုးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်တာ ခံရတယ်။ ပိုဆိုးတာက မြန်မာတွေဟာ နီပေါလူမျိုးတွေနဲ့ ရုပ်ချင်းဆင်ကြတယ်။ ဆင်းရဲတဲ့ နီပေါ အမျိုးသမီးတချို့ဟာ အိမ်ဖော်အလုပ်နဲ့ ပြည့်တံဆာ လုပ်ငန်းတွေမှာ ရှိနေတတ်တယ်။ မြန်မာတိုင်းရင်းသူတွေကိုလည်း အဲလို အတန်းအစားလို့ ယေဘူယအမြင်နဲ့ ထင်တတ်တယ်။ ဒါကြောင့် မြန်မာတိုင်းရင်းသူ အမျိုးသမီးတချို့ ကာအိနြေ္ဒ ထိပါးနှောက်ယှက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ ဖြစ်ခဲ့တယ်။ UNHCR ကလည်း အသေအချာ လိုက်ဆောင်ရွက်မပေးနိုင်ပေမယ့် တတ်နိုင်သလောက်တော့ ကူညီပါတယ်။ ပြဿနာပေါ်ရင် ရဲစခန်းတွေမှာ အမှုဖွင့်တယ်။ ဒါပေမယ့် အိန္ဒိယက သူ့နိုင်ငံက အမျိုးသမီးတွေရဲ့ လုံခြုံရေးတောင် မကာကွယ်နိုင်တာဆိုတော့... သိပ်မထူးပါဘူး။ 

တချို့တိုင်းရင်သားတွေက လည်တယ်။ ကျမကတော့ မတရားအကျင့်ခံရပါတယ်၊ အကာအကွယ်မဲ့နေပါတယ်၊ ကျမကတော့ အားကိုးရာမဲ့နေတဲ့ မုဆိုးမပါ၊ ကျမကတော့ ဘဝမလုံခြုံပါဘူး... ဘာညာဆင်ခြေတွေနဲ့ လိမ်လည်ပြီး တတိယနိုင်ငံထွက်ဖို့ ဇာတ်လမ်းဆင်ကြတယ်။ နိုင်ငံရေးနဲ့ မပတ်သက်ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အသက်အန္တရာယ်ရှိသလိုလို၊ စစ်တပ်ရဲ့ အဓမ္မ လုပ်အားပေးခိုင်းစေလို့၊ မတော်မတရားကျင့်ခံရလို့ဆိုပြီး UNHCR အစောင့်အရှောက်ခံ ဒုက္ခသည်လက်မှတ်ရအောင် ဇာတ်လမ်းထွင်ကြတယ်။ ပြီးတော့ တတိယနိုင်ငံတွေကို နည်းအမျိုးမျိုးတွေနဲ့ လိမ်ညာပြီး ထွက်ခွာနိုင်အောင် ကြိုးစားတယ်။ 

အိန္ဒိယက တော်သေးတယ်။ မလေးရှားနဲ့ ထိုင်းက ပိုပြီး ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ မိသားစုအလိုက်၊ မိမိတို့တိုင်းရင်းသား အမျိုးအနွယ်အလိုက် အုပ်စုလိုက် မျက်နှာသာပေးမှုတွေ၊ လာဘ်ပေးလာဘ်ယူတွေနဲ့ တတိယနိုင်ငံ ထွက်ခွာခွင့်ကို အောက်လမ်းနည်းတွေ သုံးကြတယ်။ မိမိတို့ဘဝတခုရှင်သန်ဖို့ တရားတာ မတရားတာ၊ ဂုဏ်သိက္ခာမဲ့တာ မမဲ့တာ၊ လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာတွေ လှည့်မကြည့်နိုင်တော့ဘူး။ 

ခေတ်ကြီးက အမှောင်လွှမ်း၊ တိုင်းပြည်ကြီးက ဖရိုဖရဲ၊ အုပ်ချုပ်သူတွေကလည်း အိမ်ခေါင်မလုံတော့ နယ်ပယ်အသီးသီးက ပြည်သူတွေမှာလည်း ဖြစ်ချင်ရာဖြစ်ကုန်တော့တာပဲလေ။ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နိုင်ငံရေးလှုပ်ရှားခဲ့ကြတဲ့ လူတချို့ကတော့ ဒီကနေ့အထိ နယ်စပ်ကဒုက္ခသည်စခန်းတွေနဲ့ မြို့ပေါ်တွေမှာ အနာဂတ်မဲ့နေတုန်းပါ။ ခေတ်ကြီးကလည်း ဆည်းဆာလား အာရုံလား မသဲမကွဲ၊ ညီအကို မသိတသိအချိန်မှာ လည်သလို ကြည့်စားနေရတာဆိုတော့ ဇာတ်ပွဲက ကြည့်မကောင်းသလို ဖြစ်နေတာသေးတာပေါ့။ 

နော်ဝေးမသွားမီ ပြင်ဆင်လေ့လာမှု 

ကျနော် အပါအဝင် အိမ်ထောင်စု ၅၀ ကို နော်ဝေးလူဝင်မှုကြီးကြပ်ရေးဌာနက လာပြီး အင်တာဗျူးလုပ်တယ်။ ဆေးစစ်တယ်၊ အိန္ဒိယပြည်ထဲရေးဌာနရဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနဲ့ ဒီနိုင်ငံမှာ တရားဝင်နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား ထောက်ခံစာတွေ၊ ရဲစခန်းထောက်ခံစာတွေ ယူရတယ်။ အိန္ဒိယဌာနဆိုင်ရာ ရုံးတွေဟာ ဗြိတိလျှခေတ် ကြိုးနီစနစ်တွေ ရှင်သန်နေသလို ရုံးဌာနတွင်း လာဘ်ပေးလာဘ်ယူမှုတွေ အချိန်ဆွဲမှုတွေကတော့ များမှ များ၊ မြန်မာပြည်လိုပဲ သိပ်မကွာဖူး။ 

FRO လို့ခေါ်တဲ့ နိုင်ငံခြားသား နေထိုင်ခွင့်မှတ်ပုံတင်လုပ်ဖို့အတွက် ဘာမဆိုင် ညာမဆိုင် ထောက်ခံစာယူရတဲ့ ရဲအဖွဲ့ကို လာဘ်ထိုးရသတဲ့။ တရက် ကျနော့်အိမ်ကို ရဲတယောက် ရောက်လာတယ်။ နိုင်ငံခြားသွားမယ်ဆို ရဲစခန်းရဲ့ထောက်ခံစာယူရတာမို့ လာရောက်ဖို့ အသိပေးတာပါ။ လူတော်တော်များများက ရဲကို လက်ဖက်ရည်ဖိုးပေးနေကျမို့ ကျနော်ကလည်း ပေးဖို့ပြင်တယ်၊ ဒါပေမယ့် ရဲက ကျနော့်ဆီက မယူရဲဘူး၊ “ခင်ဗျားက ဂျာနယ်လစ်ပဲ၊ မယူပါဘူး” လို့ ပြောတယ်။ ဂျာနယ်လစ်ဆီက ယူမိလို့ သတင်းရေးလိုက်မှာကို စိုးရိမ်ပုံရတယ်။ ကျနော်တို့ နော်ဝေးနိုင်ငံ သွားမယ့်သူတွေကို နော်ဝေးအစိုးရက သူ့နိုင်ငံအကြောင်း သိသင့်သိထိုက်တဲ့ ယဉ်ကျေးမှု မိတ်ဆက်သင်တန်းတခုကို ပေးပါတယ်။ 

ကိုညို (အော်စလို) 
၁၆ ဧပြီ ၂၀၁၄ 

(ယခင်ရေးပြီးသားကို ပြန်လည်တည်းဖြတ်ဖော်ပြတာပါ။ မကြာမီ နော်ဝေးနိုင်ငံမှာ နေထိုင်ရတဲ့ဘဝတွေကို ဆက်တိုက် ရေးသားဖော်ပြသွားမှာ ဖြစ်တယ်) 

No comments: