Wednesday, April 16, 2014

ကျနော်တို့ ဒုက္ခသည် မဟုတ်ဘူး (ကိုညို)


နိဒါန်း 

၂၀၁၃ ဖေဖော်ဝါရီလကုန်ပိုင်းမှာ သမ္မတကြီးဦးသိန်းစိန် နော်ဝေးနိုင်ငံ ရောက်လာတော့ သမ္မတကြီးခရီးစဉ်နဲ့ အတူပါလာတဲ့ မီဒီယာသမားတယောက်နဲ့ စကားလက်ဆုံကြခဲ့တယ်။ အဲဒီပုဂ္ဂိုလ်က ဒီမှာ မြန်မာဒုက္ခသည်တွေ ဘယ်လောက်ရှိသလဲလို့ မေးတယ်။ ကျနော် အံ့သြသွားတယ်။ “ဒီမှာ ဒုက္ခသည်တယောက်မှ မရှိဘူး” လို့ ဖြေလိုက်တယ်။ ပြီးတော့ “တတိယနိုင်ငံရောက်လာရင် ဒုက္ခသည်လို့ သတ်မှတ်လို့မရဘူး၊ ဒီနိုင်ငံမှာ ဒီနိုင်ငံသားလူမျိုးတွေလိုပဲ သူတို့ဥပဒေအတိုင်း တန်းတူရည်တူ နေထိုင်ကြတာပါ” လို့ စိတ်မသက်မသာနဲ့ ဖြေလိုက်ရတယ်။

မြန်မာပြည်က လူတွေ နှစ်ပေါင်းများစွာ တံခါးပိတ်ခံရ၊ အမှောင်ထဲနေခဲ့ရတော့ ပြည်ပရောက် မြန်မာတွေအကြောင်း သိပ်မသိကြပါလား။ ပြည်ပရောက်မြန်မာတိုင်းကို တချို့က ဥစ္စာစီးပွားရှာသူတွေလို့ ထင်ချင်ထင်၊ တချို့က အထောက်အပံ့တွေနဲ့ ရပ်တည်ပြီး ဂုဏ်သိက္ခာမဲ့ ဒုက္ခသည်တွေလို့ ထင်ချင် ထင်နေတတ်ကြတယ်။ ဒါကလည်း စစ်အာဏာရှင်ဘက်တော်သားတွေရဲ့ တဖက်သတ် ဝါဒဖြန့်မှုတွေကြောင့် ဖြစ်မှာပါ။ ဒါနဲ့ပဲ ကျနော် စိတ်ထဲမှာ နော်ဝေးနဲ့ ဥရောပနိုင်ငံတချို့က မြန်မာနိုင်ငံသားတွေအကြောင်းတွေကို ကိုယ်တိုင်ဖြတ်ကျော်လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မြန်မာစာဖတ်သူတွေသိအောင် ပြောပြချင်စိတ်တွေ ပေါ်လာတယ်။ တခုတော့ရှိတယ်။ ကိုယ့်အတွေ့အကြုံနဲ့ တခြားလူတွေ အတွေ့အကြုံ တူချင်မှလည်း တူမယ်။

ကျနော်ကတော့ နိုင်ငံရေးနောက်ခံနဲ့ ပြည်ပရောက်လာသူဖြစ်တယ်။ သတင်းသမားတယောက်လည်းဖြစ်တော့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြောရင် ပိုကောင်းမယ်လို့ တွက်ဆတယ်။ ပြီးတော့ ကိုယ့်ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့အတူ ကိုယ်သိသမျှ၊ မေးမြန်းမိသမျှ၊ ဖတ်ရှုမှတ်သား၊ သင်ကြားမိသမျှကို အခြေခံ ရေးချင်တယ်။ နော်ဝေးနိုင်ငံအတွေ့အကြုံတွေကို နောက်ပိုင်းမှာ အခန်းဆက်သဘောမျိုးမဟုတ်ဘဲ အကြောင်းအရာပေါ် အခြေခံပြီး တသီးတကန့်စီ ရေးသွားဖို့လည်း စိတ်ကူးတယ်။ ပြည့်စုံတဲ့ဆောင်းပါးတော့ ဖြစ်မယ်မထင်ဘူး။ ကျနော်မြင်တဲ့ ကျနော့်ရှု့ဒေါင့် အတွေ့အကြုံသက်သက်ပဲဖြစ်မှာပါ။ 

ဒုက္ခသည်ဘဝ နိဂုံး 

၂၀၁၄ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ မှာ နော်ဝေးနိုင်ငံ အော်စလိုရောက်တာ ၆ နှစ်တိတိပြည့်သွားပါပြီ။ ကျနော်တို့မိသားစု အပါအဝင် မိသားစု ၅၀ (လူဦးရေ ၁၅၀ ဝန်းကျင်)လောက်ဟာ အိန္ဒိယကနေ နော်ဝေးနိုင်ငံကို အခြေချနေထိုင်ခွင့်ရခဲ့တယ်။ ကျနော်တို့မလာခင် ၅ နှစ်ကျော် ၆ နှစ်ကျော်ကတည်းက ထိုင်းနယ်စပ်နဲ့ မလေးရှားဘက်က မြန်မာနိုင်ငံသား ဗမာ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရိုဟင်ဂျာလို့ခေါ်ဆိုသူတချို့ ခန့်မှန်းခြေ နှစ်ထောင်ဝန်းကျင်လောက် နိုင်ငံအနှံ့ မြို့ကြီးတချို့မှာ ရောက်နေကြတယ်။ ကျနော်တို့က အိန္ဒိယကနေ နော်ဝေးနိုင်ငံကိုလာတဲ့ ပထမဆုံးအသုတ်ဖြစ်သလို နောက်ဆုံးအသုတ်လည်း ဖြစ်တယ်။ အိန္ဒိယကနေ နောက်ထပ်ရောက်လာတာမျိုး မကြားရတော့ဘူး။ ကျနော်က အိန္ဒိယမှာ အနှစ် ၂၀ လောက်နေခဲ့ရတယ်။ 

၁၉၈၈ စစ်အာဏာသိမ်းပြီး နောက်တလအကြာ အောက်တိုဘာလမှာ အိန္ဒိယနယ်စပ် ဒုက္ခသည်စခန်းကို အဦးဆုံး ရောက်ခဲ့တယ်။ တနှစ်ကျော်လောက် ဒုက္ခသည်စခန်းမှာနေပြီး ၉ လလောက်က မဏိပူရပြည်နယ် အင်ဖား အကျဉ်းထောင်ထဲမှာ နေခဲ့ရတယ်။ အဲဒီကနေ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတဦးရဲ့အကူအညီနဲ့ ထောင်ကလွတ်ပြီး နယူးဒေလီကို ရောက်ခဲ့တယ်။ နယူးဒေလီမှာ ကျနော်တို့ မြန်မာကျောင်းသားလူငယ် ၂၀ နီးပါး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှာ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် လက်ခံလာအောင် အဦးဆုံး လှုပ်ရှားခဲ့ကြသူတွေဖြစ်တယ်။ ကျနော့်ရဲ့ ဒုက္ခသည်လက်မှတ် နံပါတ်က (၈) ဖြစ်တယ်။ နောက်ပိုင်းမှာ ဒုက္ခသည် ထောင်နဲ့ ချီ ဖြစ်သွားပြီ။ 

နယူးဒေလီမှာ ကျနော်တို့ဟာ နယ်စပ်ဒုက္ခသည်စခန်းကနေ ၁၉၉၁ နောက်ပိုင်းရောက်လာတဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်(ABSL) အဖွဲ့ကိုဖွဲ့ပြီး နယူးဒေလီနဲ့ မဏိပူ၊ မီဇိုရမ် အိန္ဒိယ တောင်ပိုင်း ဒေသတွေက သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေးအဖွဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ တက္ကသိုလ်ကျောင်းသား အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အကြမ်းမဖက် နိုင်ငံရေးကို တောက်လျှောက် လုပ်ခဲ့ကြတယ်။ အိန္ဒိယမှာနေခဲ့တဲ့ အနှစ်၂၀ ဟာ ဘဝမှာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တဲ့ မှတ်တမ်းတွေဖြစ်တယ်။ အိန္ဒိယက အနှစ် ၂၀ ဖြတ်သန်းမှု အတွေ့အကြုံတွေကို ရေးရင် သီးခြား စာအုပ်တအုပ် ဖြစ်သွားနိုင်တယ်။ 

အဲဒီမှာ ကိုယ့်ရဲ့ အာရ်အက်ဖ်အေ သတင်းထောက်ဘဝနဲ့ ရပ်တည်လှုပ်ရှားမှုက ၁၀ နှစ် ကြာခဲ့တယ်။ အိန္ဒိယမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် နေထိုင်ရင်း မိမိဝါသနာနဲ့ ယုံကြည်ချက်ကို ကျောရိုးထားပြီး ၁၉၉၄ လောက်ကစပြီးတော့ ၂ နှစ် တကြိမ် တော်လှန်ရေးသီချင်းတွေကို စပ်ဆိုအသံသွင်းခဲ့တယ်။ အဲဒီမှာ လုရှိုင်း (မီဇို) တိုင်းရင်းသူ အဆိုတော် လင်းလင်းနဲ့ ဖူးစာဆုံခဲ့တယ်။ ၂၀၀၁ နှစ်ဦးမှာ အိမ်ထောင်ပြုပြီး သားတယောက် သမီးတယောက် ထွန်းကားခဲ့တယ်။ 

တကယ်တော့ တတိယနိုင်ငံကို ထွက်ခွာဖို့ UNHCRက ကျနော်တို့ မြန်မာကျောင်းသားတွေကို ၁၉၉၃ လောက်စပြီး ဖိအားပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယအစိုးရက UNHCR ကို တရားဝင် ရုံးဖွင့်ခွင့်မပေးဘူး။ နားလည်မှုနဲ့ ဖွင့်ထားတာ။ အိန္ဒိယက မိမိအိမ်နီးချင်းနိုင်ငံက လူတွေကို ဒုက္ခသည်အဖြစ် တရားဝင် လက်မခံဘူး။ ကျနော်တို့ရဲ့ ထင်ထင်ပေါ်ပေါ် နိုင်ငံရေးလှုပ်ရှားမှုတွေက UNHCR အတွက် စိုးရိမ်ပူပန်စရာဖြစ်တယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် ၃ ကြိမ်လောက် UNHCR ကခေါ်တွေ့ပြီး တတိယနိုင်ငံမှာ သွားရောက် အခြေစိုက်နေထိုင်ဖို့ စိတ်မဝင်စားဘူးလားလို့ မေးမြန်းခံရတယ်။ ကျနော် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တော်တော်များများက သိပ်စိတ်မဝင်စားကြဘူး။ အိန္ဒိယမှာ သိပ်အဆင်ပြေနေလို့တော့ မဟုတ်ဘူး။ ငတ်တလှည့် ပြတ်တလှည့် နေထိုင်ရတာ။ 

အဲဒီတုန်းက ကျနော်တို့ ယုံကြည်နေတာက မြန်မာပြည်နဲ့ကပ်ရက် အိမ်နီးခြင်းနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုရှိနေတာ အသင့်လျှော်ဆုံးဖြစ်တယ်။ စစ်အစိုးရကို ထိထိရောက်ရောက် ဒုက္ခပေးဖို့ ပြည်သူနဲ့အနီးဆုံး အိမ်နီးချင်းနိုင်ငံမှာရှိရမယ်ဆိုတဲ့ အယူအဆပါ။ တကယ်လည်း ကျနော်တို့တတွေ ၂ နိုင်ငံနယ်စပ်အထိ နိုင်ငံရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ခဲ့တယ်။ ပြည်တွင်း မြေအောက် အစုအဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်ခဲ့တယ်။ စစ်အစိုးရက ကျနော်တို့ကို နာမည်စာရင်းနဲ့တကွ “သူတို့ဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေဖြစ်လို့ မြန်မာအာဏာပိုင်တွေက အလိုရှိပါတယ်” ဆိုပြီး အမြဲတောင်းဆိုလေ့ရှိတယ်။ 

၁၉၉၇ လောက်ကစပြီး ကျနော် ရေဒီယိုသတင်းထောက်လုပ်တော့ အိန္ဒိယ ရဲကတကြိမ်၊ စစ်တပ်ကတကြိမ် ဖမ်းဆီးခံရပါတယ်။ တကြိမ်မှာဆို မိုးရေး နယ်စပ်ရဲတပ်ဖွဲ့က ဖမ်းဆီးရာမှာ မြန်မာအာဏာပိုင်တွေက တမူးဘက်ကို လွှဲပြောင်းပေးဖို့အထိ တောင်းဆိုခံခဲ့ရတယ်။ နယ်စပ်အခြေစိုက် မြန်မာကျောင်းသားတချို့အပြင် မိုးရေးမြို့ ကုန်သည်ကြီးများအသင်းနဲ့ ကူကီးကျောင်းသားများသမဂ္ဂ ရဲ့ တောင်းဆိုမှုကြောင့် လွတ်မြောက်ခဲ့တယ်။ 

နယ်စပ်သတင်းထောက်လုပ်ခဲ့စဉ် အိန္ဒိယနယ်ခြားအာဏာပိုင်တချို့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လာဘ်စားမှုတွေအပြင် မဏိပူရ ခွဲထွက်ရေးသူပုန်တွေ မြန်မာပြည်ထဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းစီးပွားရှာ အခွန်ကောက်ပြီး တရားမဝင်နေထိုင်တဲ့ သတင်းတွေပါ ရေဒီယိုကနေ ထုတ်လွှင့်ခဲ့လို့ ကျနော့်ကို အိန္ဒိယ အာဏာပိုင်တွေရော၊ သူပုန်တွေကပါ မလိုလားကြပါဘူး။ နောက်ပိုင်း ၂ နိုင်ငံနယ်စပ်ကို မသွားနိုင်တဲ့အထိ ဖမ်းဝရမ်းထုတ်တာ၊ ခြိမ်းခြောက်တာတွေ ခံခဲ့ရပါတယ်။ သတင်းထောက်တယောက်ရဲ့နယ်မြေဟာ အသက်အန္တရာယ်နဲ့ လုံခြုံရေးကြောင့် ကျဉ်းမြောင်းခဲ့ရတယ်။ အိန္ဒိယမှာ နေထိုင်ရတာ မပျော်မရွှင် မလွတ်မလပ် ဖြစ်လာပါတယ်။ 

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းပြီးနောက်ပိုင်း အဲဒီတုန်းက မြန်မာပြည် နိုင်ငံရေးအနေအထားဟာ ဆိုးဆိုးရွားရွားဖြစ်သွားပြီလို့ ကျနော်တို့ တွက်ချက်လိုက်ပါတယ်။ အာဏာရှင်တွေဟာ ဘယ်တော့မှ သူတို့အခွင့်အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်တော့မှာ မဟုတ်ဘူး၊ တိုက်ပွဲဟာ ရေရှည်ဖြစ်သွားပြီလို့ ထင်လိုက်ပါတယ်။ တဖြည်းဖြည်းကြီးပြင်းလာတဲ့ သားသမီးတွေရဲ့အနာဂတ်ဟာ မိမိရဲ့နိုင်ငံရေးယုံကြည်ချက် တခုတည်းပေါ်မှာ ရှိမနေသင့်ဘူးလို့ သတိထားမိလာတယ်။ ကျနော်ရဲ့ သတင်းထောက်ဝင်ငွေနဲ့ အိန္ဒိယမှာ ရပ်တည်နေနိုင်ပေမယ့် သားသမီးတွေရဲ့ ပညာရေးနဲ့ ရေရှည်အနာဂတ်ကိုတော့ အာမမခံနိုင်တော့ပါ။ ဒါနဲ့ပဲ UNHCR ရဲ့ တတိယနိုင်ငံ အခြေချနေထိုင်ခွင့်အစီအစဉ်ကို လက်ခံလိုက်ပါတယ်။ 

တတိယနိုင်ငံသွားမယ်လို့ ဆုံးဖြတ်ချက်ကျချိန်နဲ့ ထွက်ခွာခွင့်ရတဲ့ကာလဟာ လအနည်းငယ်သာ ကြာပါတယ်။ နော်ဝေးသွားရမယ်ဆိုတော့ ကျနော် အကြောက်အကန် ငြင်းပါတယ်။ နော်ဝေးမှာ မနေချင်ပါဘူး၊ ဖြစ်နိုင်ရင် အများနည်းတူ အမေရိကားနဲ့ သြစတေးလျှားကိုသာ သွားလိုပါတယ်လို့ UNHCR အရာရှိကို မေတ္တာရပ်ခံခဲ့ပါတယ်။ လုံးဝ မရပါ။ နော်ဝေး မသွားချင်ရင် မင်းအတွက် တတိယနိုင်ငံအခြေချဖို့ အခွင့်အရေး နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ပျော်ရာမနေ တော်ရာပဲနေတာပေါ့၊ ကိုယ်ရောက်တဲ့နေရာမှာ ပျော်အောင်၊ အကျိုးရှိအောင် နေနိုင်ဖို့သာ အဓိက ကျပါတယ်လေလို့ စိတ်ကို ဒုန်းဒုန်းချပြီး နော်ဝေးနိုင်ငံမှာ မိသားစုဘဝ အခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

တကယ်တော့ နော်ဝေးဟာ ကျနော်နဲ့ အံဝင်ဂွင်ကျမယ့် နေရာတခုတော့မဟုတ်ဘူးဆိုတာ ကျနော် ကြိုတင်တွေးမိပါတယ်။ သားနဲ့သမီးတို့ ပညာရေးနဲ့ အနာဂတ်ဘဝအတွက် ကျနော့်ရဲ့မျှော်လင့်ချက် ဆန္ဒတွေကို ဖျောက်လိုက်ရပါတယ်။ ကျနော်ဟာ ကျော်ကြားတဲ့ ရေဒီယို ဂျာလစ်တယောက် ဖြစ်ချင်တယ်။ ထက်မြက်တဲ့ သတင်းထောက်တယောက် ဖြစ်ချင်တယ်။ နော်ဝေးရောက်ပြီး တလအကြာမှာပဲ ကျနော့်ရဲ့ အာအက်ဖ်အေ အကြီးတန်းသတင်းထောက် (Supar Stringer) ရာထူးနဲ့ လစာကို ပြန်လွှဲလိုက်ပါတယ်။ ကျနော် သတင်းအလုပ် မလုပ်နိုင်တော့ပါဘူး။ တပတ်တခါရေးတဲ့ ပြင်ပ ဆောင်းပါးရှင်အဖြစ်နဲ့ အားထုတ်ရပါတယ်။ ရံဖန်ရံခါမှပဲ သတင်းပို့ပါတယ်။ 

နော်ဝေးဟာ ကျနော့်အတွက် သတင်းထောက် သင်္ချိုင်း ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီကနေ့အချိန်မှာတော့ ကျနော် အဲဒီသင်္ချိုင်းကနေ ပြန်ထလာပါပြီ၊ ရေးစရာတွေ နေ့စဉ်နဲ့အမျှ တွေ့နေရတယ်။ ကျနော့်ပြည်သူတွေကို အသိပေးချင်တာတွေ ရေးလို့ကုန်မယ် မထင်ဘူး။ မြင်မြင်သမျှ ရေးချချင်စရာ၊ တွေးမိသမျှ ရေးချချင်စရာ၊ ခံစားမိသမျှ ပြောပြချင်စရာတွေချည်းပဲ။ 

ကမ္ဘာ့အချမ်းသာဆုံးနဲ့ နေချင်စရာအကောင်းဆုံး နိုင်ငံလေးတနိုင်ငံက ပြည်သူတွေရဲ့ ရိုးသားပြီးလှပတဲ့ စိတ်သဘောထားတွေ၊ သူတို့ရဲ့ရုန်းကန် အားထုတ်မှုနဲ့ ကြိုးစားမှုတွေ၊ ကိုယ်ချင်းစာ ရိုင်းပင်းစိတ်ရှိသလို ကာယသတ္တိနဲ့ ဉာဏ ဗျတ္တိ ၊ လက်ရုံးရော နှလုံးရည်ပါ ထက်မြက်သူတွေ၊ အထူးသဖြင့် နိုင်ငံသားအားလုံး အခွင့်အရေးတန်းတူ၊ အဆင့်အတန်းမခွဲခြား နေထိုင်ဆက်ဆံပုံတွေ၊ ငြိမ်းချမ်းတည်ငြိမ်ပြီး အမျက်ဒေါသ မရှိတဲ့အကြောင်းတွေ၊ လမ်းလျှောက်တတ်ခါစ ကလေးအရွယ်ကစပြီး ဒီမိုကရက်တစ် အလေ့အထနဲ့ မြင့်မြတ်တဲ့ လူသားစိတ်စွဲငြိသွားအောင် သင်ကြားပျိုးထောင်ပေးပုံတွေ၊ လှပတဲ့ တောတောင် ရေမြေနဲ့ သဘာဝ ဝန်းကျင်တခုလုံးကို အမျှော်အမြင်ကြီးကြီးနဲ့ ပြုစုပျိုးထောင်ပုံတွေ၊ လူသားတယောက်ရဲ့ဘဝမှာ ငွေကြေး ဓန ဥစ္စာထက် ပညာဉာဏ်နဲ့ ရိုင်းပင်းကူညီမှု၊ ချစ်ခင် ကိုယ်ချင်းစာမှုကိုပဲ တန်ဖိုးထားတတ်ကြပုံတွေ... ... အကောင်းတွေနဲ့ အဆိုးတွေပါ ရောပြွန်းနေတဲ့ကြားက ဥရောပတိုက်သားတွေရဲ့ အတုယူထိုက်တဲ့ အလေ့အထ စိတ်ဓာတ် ယဉ်ကျေးမှုတွေကို ကြာလေ မြင်လေ ကြည်နူးလေပဲ။ ကျနော်တို့ဟာ ဥစ္စာငွေကြေးထက် မတရားမှုတွေ အကြောက်တရားတွေ ကင်းလွတ်ပြီး လူသားတယောက်ဘဝကို ပီပီပြင်ပြင် ရချင်တာဖြစ်တယ်။ တရိစ္ဆာန်နဲ့ လူသား ခြားနားမှုဟာ အသိဉာဏ်လို့ပြောရင် မလုံလောက်ပါဘူး။ 

ဒီနိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်တွေတောင် အသိဉာဏ်ရှိကြလို့ပါ။ တကယ်တော့ လူနဲ့ တိရိစ္ဆာန်ရဲ့ သိသာထင်ရှားတဲ့ မတူညီမှုဟာ ပြုံးတတ်ခြင်း မပြုံးတတ်ခြင်းနဲ့ ရယ်တတ်ခြင်း မရယ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ တချိန်က ကျနော်ကိုယ်တိုင် နှစ်ပေါင်းအတော်ကြာ မပြုံးတတ် မရယ်တတ် ဖြစ်ခဲ့ဖူးတယ်။ အကြောက်တရားတွေ၊ မပြည့်စုံမှုတွေ၊ နာကျည်းဒေါသတွေနဲ့ အသက်ရှူမြန်နေကြတဲ့ ကျနော်တို့ပြည်သူတွေကို မြင်နေရပြီး ကျနော်လည်း လူ့သဘာဝအမှန် မကိုက်ညီတဲ့ နာကျည်းမှုတွေနဲ့ ကျင်လည်ခဲ့ဖူးတာ ပြန်ဆင်ခြင်မိလာတယ်။ ကျနော်တို့ပြည်သူတွေဘဝကို အရိုင်းအစိုင်းစနစ်ကြီးက လူမပီသတဲ့ ကျေးကျွန်ခေတ်ထဲ တွန်းပို့ခဲ့တယ်။ 

ဒီကနေ့ထိ အလှတွေ မပီမပြင်၊ ဘဝတွေ မရေမရာ။ ဘာပဲဖြစ်ဖြစ် ကျနော်ကျင်လည်ရာ ပတ်ဝန်းကျင်က တွေ့တာ၊ မြင်တာ၊ ခံစားရတာတွေကို ပြောပြချင်လာတယ်။ ဒီအချိန်မှာ ကျနော်ဟာ လူမပီသတဲ့ ကျေးကျွန်တယောက်မဟုတ်သလို ဒုက္ခသည်တယောက်လည်း မဟုတ်တော့ဘူး။ လူပီသတဲ့ လူသားစိတ်နဲ့ လူတယောက်ဖြစ်နေပါပြီ။ ဒုက္ခသည်တယောက်ရဲ့ ဘဝနိဂုံးချုပ်ပြီး လူပီသသူတယောက်ရဲ့ ဘဝနိဒါန်းစနေပါပြီ။ ကျနော်တို့ ဒုက္ခသည် မဟုတ်တော့ပါဘူး။ ကျနော်တို့ပြည်သူတွေလည်း နောက်ထပ် ဘယ်တော့မှ ဒုက္ခသည် မဖြစ်စေရဘူး။ 

ကိုညို (အော်စလို) 
၁၆ ဧပြီ ၂၀၁၄ 

(မနှစ်ကရေးခဲ့တာလေး ပြန်လည်တည်းဖြတ် ရေးသားထားတာပါ။ မကြာခင် အသစ်ရေးထားတာတွေ တင်ချင်လို့ပါ...

 

No comments: