ကျနော် လက်ဝှေ့ပွဲကို နတ်ပွဲတွေလောက် မကြိုက်ပါဘူး၊ တကယ် မကြည်ချင်တာပါ။
ထိုးကြ၊ ကျိတ်ကြ၊ သွေးထွက်သံယိုဖြစ်တာကို မကြည်ချင်လို့... ဘာညာ… အဲ့လိုလည်း မဟုတ်ဘူး။ လက်ဝှေ့ပွဲမှာ တီးတဲ့ ဆိုင်းဝိုင်းသံကို မကြိုက်တာ၊ ထိုးပုံကို မကြိုက်တာ။ အလွန်ပျင်းစရာကောင်းတယ်လို့ ကျနော် ထင်တယ်။
လက်ဝှေ့ပွဲက တော်တော်နဲ့ မပြီးတော့ဘူး၊ တပွဲချင်းလည်း ကြာတယ်။ ကာကွယ်နေတာ၊ ရှောင်နေတာနဲ့ တော်တော်နဲ့လည်း ချက်ကောင်းကို မထိဘူး၊ နာမည်ကြီးလေ ပိုပျင်းစရာကောင်းလေလို့ ထင်တယ်။ ကြည့်ရတာ အားမရဘူး၊ အရှိန်ရမယ် ရှိသေး၊ သံချောင်းသံကြားပြီး နားချိန်ကို ရောက်သွားပြန်ရော…။
ဒါကြောင့် လက်ဝှေ့ပွဲကို ကျနော် မကြည့်ချင်ဘူး။
လက်ဝှေ့ပွဲထက်စာရင် နတ်ပွဲကမှ သီချင်းသံက မြိုင်မြိုင်နဲ့ နတ်ကတော်ကြီးတွေ “အက” နဲ့ “အဟဲ” က ပျော်စရာကောင်းတယ်လို့ ကျနော် ထင်တယ်။ အဆင်ပြေရင် ငှက်ပျောသီးလည်း စားရသေးတယ်။
ဒါပေမယ့် ငယ်ငယ်က သင်္ကြန်ရောက်တိုင်း လက်ဝှေ့ပွဲ အမြဲကြည့်ရတယ်။ ကျနော့် အဖေ့ကြောင့်ပါ။ ကျနော့်အဖေက သင်္ကြန်ပိုးရှိတယ်လို့ ပြောရမယ်။ သင်္ကြန်နီးလာရင် ဇော်ဝမ်းသီချင်းအခွေတွေ ဝယ်တတ်တယ်။ အထက်တန်းကျောင်းသားဘဝမှာ သင်္ကြန်မှာ အပြင်ထွက်မလည်တဲ့ ကျနော့်ကို အပြင်ထွက်ဖို့ တိုက်တွန်းတတ်တယ်။
ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆိုရင် ကျနော်တို့မောင်နှမတွေအားလုံး အကြီးတွေ (အဖေ့ အစ်မတွေ) ရှိတဲ့ ကျိုက်မရောမြို့ကို သွားကြတယ်။ တရက်ကြိုပြီး အိမ်မှာ မုန့်တွေလုပ်၊ မနက်စောစော အမေက ခေါက်ဆွဲကြော်...၊ ဘဲဥချဉ်ရည်ဟင်း၊ ကြက်သား၊ ဝက်သား အချိုချက်၊ အချဉ်ချက်... ချိုင့်ကြီး၊ ချိုင့်ငယ်နဲ့ထည့်...။ ကျနော်တို့ မောင်နှမတတွေ ရေမိုးချိုး... သနပ်ခါးလိမ်းကြတယ်၊ ဝတ်ကောင်းစားလှတွေ ဝတ်ပေါ့။ အကြီးတွေကို ကန့်တော့ဖို့ ကျိုက်မရောမြို့ကို ချီတက်ကြတယ်။ စဉ်းစားကြည့်ရင် စိတ်ထဲမှာ ကြည်နူးသလိုလို ရှိတုန်းပါပဲ။
နှစ်ကူးချိန်မှာ လူကြီးတွေကို သွားကန်တော့တဲ့ အလေ့အထက ကျနော့်ကို မမွေးခင်ကတည်းက ရှိခဲ့တယ်။ ကျနော့်ကို တပေါင်းလဆန်း ၁ ရက်နေ့မှာမွေးတော့ သင်္ကြန်နဲ့ အလွန်နီးတယ်။ အဲဒီနှစ် သင်္ကြန်မှာတောင် ကျနော့်ကို အနှီးနဲ့ သေချာ ထုပ်ပိုးပြီး ထုံးစံအတိုင်း အကြီးတွေဆီကို သွားကန့်တော့ကြတယ်လို့ အမေက ပြောဖူးတယ်။ ထုံးစံအတိုင်း မနက်စောစော…။ မုန့်တွေ၊ ထမင်း၊ ဟင်းတွေ ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ပေါ့။ အိမ်ရှိ လူကုန် သွားကြတယ်။
ဖြည့်ပြောရရင် မော်လမြိုင်နယ်တဝိုက်မှာ သင်္ကြန်ရက်တွေက တခြားနယ်တွေထက် ပိုရှည်တယ်လို့ ထင်တယ်။ နေ့အလိုက် သွားရမယ့် နေရာတွေ ရှိတယ်။ ဥပမာ ဆိုပါစို့။ အတက်နေ့ဆိုရင် ကျိုက်မရော…။ နှစ်ဆန်းတရက်နေ့ဆိုရင် ရိုးဂိုးကို သွားကြတယ်။ အထက်တန်း ကျောင်းစာအုပ်ထဲမှာပါတဲ့ ခရုံဂူမှာစည်တဲ့ နေ့တနေ့လည်း အကျက်နေ့လို ထင်တယ်။ ဒါကြောင့် ကျိုက်မရောကို ကျနော်တို့ ချီတက်တဲ့နေကတော့ အတက်နေ့ပေါ့၊ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့…။ လူကြီးတွေကို ကန်တော့မယ်။ ပြီးတော့ သင်္ကြန်လည်မယ်။
အဲဒီတုန်းက ကျိုက်မရောမြို့က အလွန်စည်တယ်။ ရန်ကုန်က အဆိုတော်တွေ ဆင်းလာတတ်တယ်။ ချစ်ကောင်း၊ ဟေမာနေဝင်း၊ ကော်နီတို့ ခေတ်ပေါ့၊ စိုးသူ၊ရန်အောင်၊ တင့်တင့်ထွန်းတို့လာတဲ့နှစ်ဆိုရင်တော့ ပိုစည်တာပေါ့။ စတိတ်ရှိုးတွေ ရှိတယ်။ ဒီနှစ် ဘယ်သူလာမလဲဆိုတာက ကြိုပြီး သတင်းထွက်လေ့ရှိတယ်။ ကောလဟလတွေနဲ့ ရောနေတာပေါ့။
အဲ့ဒီအချိန်မှာ ကျနော့် ဝမ်းကွဲအစ်ကိုတွေက လူပျိုပေါက်တွေ ဖြစ်နေပြီး သူတို့မှာ အဖွဲ့တွေ ရှိတယ်။ ကျနော် မှတ်မိတဲ့ အစ်ကိုတွေက သုံးယောက်ရှိတယ်။ တယောက်နဲ့ တယောက် အဖွဲ့ မတူပါဘူး၊ အကြီးဆုံးတယောက်က အဆိုဝါသနာရှင်၊ ချစ်ကောင်း ခရေဇီ…။ နောက်နှစ်ယောက်ကျတော့ သံချပ်အဖွဲ့ထဲပါသလား၊ ရေကစားအဖွဲ့ထဲပါသလား မမှတ်မိတော့ပါ။
မနက်ကတည်းက ရေကစားယာဉ်တွေက မြို့လမ်းမကြီးအတိုင်း ဆူဆူညံညံနဲ့ ထွက်ကြပြီး ကျနော့်အဖေရဲ့ အစ်မအိမ်က လမ်းဘေးဆိုတော့ ဝရမ်တာကနေ ကြည့်တာပေါ့။ အိမ်ရှေ့ ရေတိုင်ကီထဲက ရေတွေကိုခပ်ပြီး ပက်ကြတာပေါ့။
မျက်နှာကို ဆေးရောင်တွေခြယ်...။ အဲဒီတုန်းက ဆိုးဆေးတွေ ခေတ်မစားသေးတော့ ဆံပင်ကို လေးကွက်ကြားရိတ်၊ သို့မဟုတ်လည်း ထူးထူးဆန်းဆန်း ပုံတွေနဲ့ ရိတ်ကြတယ်။ အင်္ကျီဗလာ သို့မဟုတ် စွပ်ကျယ်အစုတ်တွေနဲ့လူတွေ ကားပေါ်မှာ အော်ကြတယ်။
“အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး... အီကြာကွေး...”
ဒီလိုအော်တဲ့ကားတွေ နောက်က အပျိုလှလှတွေ ပါတဲ့ အလှပြကားတန်း…။ အဲဒီနောက်က ဆေးရောင်စုံ... အုန်းလက်ထန်းလက်တွေ၊ ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ နွားလှည်းတန်း...။ နွားတွေဆိုတာကလည်း ဆေးတွေ ခြယ်၊ ခြူတွေဆွဲ၊ ဂျို (ချို) တွေမှာ ပန်းတွေဝေလို့... ကျော့လို့ မော့လို့... ဝလို့ ဖီးလို့ပေါ့… လှည်းယာဉ်တွေကလည်း ကော့လို့ပေါ့…။ သိပ်လှတယ်။
အလွန်ရှည်တဲ့ ယာဉ်တန်း၊ လှည်းတန်းကြီးကို ကြည့်ငေး၊ ရေပက်လို့ ဝရင် ဘုရားဘက်ကို ချီတက်ကြတယ်၊ ဘုရားကိုဝင်ဖူး။ ပြန်အထွက်မှာ ဘုရားမုခ်ဦးမှာ မုန့်လက်ဆောင်၊ ကြံရည် တခုခု သောက်ကြမယ်၊ ပြီးရင်တော့ ကျနော် မကြိုက်တဲ့ လက်ဝှေ့ပွဲ ဇာတ်လမ်းက စပါပြီ။
ဘုရားနားမှာ လက်ဝှေ့စင်ကြီး ရှိတယ်။ သင်္ကြန်ဆိုရင် နာမည်ကျော်တွေရဲ့ စိန်ခေါ်ပွဲ ရှိတတ်တယ်။ ကျနော်မှတ်မိတဲ့ နာမည်တချို့ရှိတယ်။ ပွဲတိုင်းကျော်၊ သမန်းကျား၊ ရိုးရိုးလေး၊ မဟာဒူး... စသဖြင့်...။ (မှားချင်လည်း မှားမယ်)၊
အဖေက လက်ဝှေ့ပွဲခရေဇီ…။ အလွှတ်မခံဘူး။
အမေ၊ အဒေါ်နဲ့ အစ်မတွေက တောင်ဝိုင်းဘက်ကို ရေကစားဖို့ ဆက်လက် ချီတက်သွားကြပါတယ်။ ကျနော်လည်း လိုက်ချင်ပေမယ့် အဖေက ဘယ်တော့မှ မထည့်ပါဘူး။ လိုချင်တဲ့ မုန့်ဝယ်ပေးတယ်၊ လိုချင်တဲ့ရေပြွတ် ဝယ်ပေးမယ်၊ သေနတ်ယူမလား၊ လက်ပစ်ဗုံး ယူမလား...။ အစ်မတွေနဲ့တော့ မလိုက်ရဘူး၊ အဖေက မလွှတ်ဘူး၊ လူကျပ်တယ်။ ရေမွှန်မယ်၊ စသဖြင့်…။
နောက်တော့ ကျနော့်လက်ကိုဆွဲပြီး လက်ဝှေ့ပွဲကို ချီတက်သွားပါတယ်၊ ကျနော့်အထက်က အစ်ကိုတယောက်ရှိပေမယ့် မှတ်မိသလောက်အဖေက ကျနော့်ကိုပဲ လက်ဝှေ့ပွဲခေါ်တာ များပါတယ်။
ပြီးရင်တော့ အမိုးမရှိတဲ့ ပွဲကြည့်စင်မှာ လက်ဝှေ့ပွဲကို ကြည့်ရပါတယ်။ လက်ဝှေ့ပွဲကို စိတ်မဝင်စားလို့၊ အိပ်နေတာများမယ် လို့ ထင်တယ်။ ဒါကြောင့် လက်ဝှေ့ပွဲတွေကိုတော့ မမှတ်မိတော့ပါ။ ဒီလိုနဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သင်္ကြန်ရောက်တိုင်း လက်ဝှေ့ပွဲကို သွားကြည့်ရပါတယ်။ ဘယ်လောက်ပဲ ကြည့်ကြည့် လက်ဝှေ့ပွဲတွေအပေါ် ကျနော့် သဘောထားက မပြောင်းပါဘူး။ လက်ဝှေ့ပွဲ ဆိုင်းဝိုင်းသံကြားရင် ပျင်းမြဲ…။ အိပ်ငိုက်မြဲပါပဲ။
အခုတော့ အဖေလည်း အသက် ၇၀ ဆိုတော့ လက်ဝှေ့ပွဲတွေ သွားမကြည့်တော့ပါဘူး၊ သင်္ကြန်ဆိုရင် ဥပုသ်စောင့်နေရပြီပေါ့။ မတ်လထဲမှာ ကျနော် ပြန်သွားတော့ ကျနော်ရယ်၊ အဖေရယ်၊ တူ၊ တူမတွေရယ် ကျိုက်မရောဘုရားကို သွားဖူးကြတယ်။ ငယ်ငယ်တုန်းက မုန့်လက်ဆောင်းစားပြီး မောင်နှမတတွေ လမ်းခွဲခဲ့ကြတဲ့ ဘုရားမုခ်ဝဘက်ကို ငေးကြည့်ရင်းနဲ့ အဲဒီနေရာမှာ အဖေ့ကို ဂျီကျခဲ့ပုံတွေကို ပြန်မြင်လာတယ်၊ ငယ်ငယ်က ကျနော် ပျင်းခဲ့တဲ့ လက်ဝှေ့ဆိုင်းသံတွေကို ပြန်ကြားလာတယ်။
ဒီတခါ ဖုန်းဆက်ရင်အဖေ့ကို ကျန်းမာအောင် နေဖို့ မှာရမယ်။ ကျနော် မကြိုက်တဲ့ လက်ဝှေ့ပွဲကို သင်္ကြန်ကာလတခုမှာ အဖေနဲ့အတူ သွားကြည့်ချင်သေးတယ်လို့ ပြောရမယ်။ ဒီတခါတော့ ကျနော်က အဖေ့လက်ကို ဆွဲ၊ အဖေ့က အဖေ့ မြေးလက်ကို ဆွဲလို့ပေါ့။ ။
(အဖေ သို့)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment