Friday, April 11, 2014

ဘုရားခေါ်သံ (ကံထွန်းသစ်)

မျက်နှာချင်းဆိုင်တွင်ရှိနေသော Burbank Park ကလေးသည် နိုးထ လူးလွန့်လာပြီ။ သူ့ကို ဖုံးလွှမ်းထားခဲ့သော Snow ထုကြီး ပြယ်သွားပြီမို့ မြက်ခင်းကလည်း မရဲတရဲ စိမ်းဖန့်စပြုပြီ။ မေပယ်လ် (Maple) နှင့် အခြားပင်ပျို ပင်အိုတို့ကမူ ပုရစ်မစီတတ်သေး။ သို့သော် မကြာမီ သူတို့လည်း ပွဲဝင်ကြတော့မည်။ ရှဥ့်မြီးဖွားလေးများက တက်သက်ပြေးလွှားနေကြသလို တဆောင်းလုံးပျောက်နေသည့် ငှက်လေးတွေလည်း စိုးစီသံပေးကြပြီ။ ဟိုး … ပန်းခြံထောင့် ကလေးကစားကွင်းလေးမှာတော့ ကလေးငယ်သုံးဦးက ဒါန်းကိုယ်စီ စီးလျက်။ 

ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်ကတည်းက ဝင်လာခဲ့သော Winter ရာသီသည် သူ့ စနိုးဝတ်ရုံကိုသိမ်းကာ ဖိုသီဖတ်သီ ထွက်ခွာသွားခဲ့ပြီကော။

နွေဦးရာသီ (Spring) သို့ ဝင်ရောက်ခဲ့သည်မှာလည်း ဒီနေ့ဆို ရက်သတ္တ သုံးပတ်မြောက်ခဲ့ပြီ။ သို့တိုင် ကိုယ့်ရင်သည် အေးခဲမှု မပြယ်သေး။

ဆယ်မျိုးသော “ပလိဗောဓ” တို့တွင် ခုနစ်မျိုး၊ ရှစ်မျိုးမက ကြောင့်ကျစိုက်ရမှုတို့နှင့် လုံးထွေးရင်း အချိန်တွေကို ခဲစားပစ်ခဲ့မိ၊ ကျောင်းတက် (E.S.L)၊ တရားထိုင်၊ စာကြည့်၊ ပေးမင့် (Payment) ပေး၊ လေ့ကျင့်ခန်းလုပ်၊ တရားဟော၊ အင်တာနက်သုံး… အင်တာနက်သုံး၊ ပေးမင့်တွေပေး၊ တရားထိုင်၊ စာကြည့်၊ လေ့ကျင့်ခန်းလုပ်၊ တရားဟော၊ ကျောင်းတက်…၊ စနိုးတောတွင် စက်တခုလိုလည်ပတ်ရင်း ကိုယ့်လိပ်ပြာသည် အေးခဲနေတော့သည်။ ရေခဲမှတ် သုညဒီဂရီအောက် များစွာရောက်နေသော ရာသီအေးသက်သက်ကြောင့်တော့ မဟုတ်တန်ရာ၊ စာစိတ်ပေစိတ်တို့ ကောလောက်အောင် အေးခဲနေမှုကို ဖာသာ အံ့သြမိ။ 

သည်အထဲ… အမိမြေဆီက ဘာသာစွဲတင်းသူ၊ မျိုးစွဲပြင်းသူ၊ အာဏာရှင်ဖယ်ဖို့ ဘဝရင်းသူတွေ၏ အချင်းချင်း ပဋိပက္ခသံတွေကလည်း လေးပင်စွာ ဖိစီးပြန်တော့သည်။ ကျောက်တောင်ကြီးတခုနှယ် အသက်၊ သွေး၊ ချွေးများစွာပေး၍ စတေး၍ တွန်းဖယ်ခဲ့ကြရသော စနစ်ဆိုးကြီးတခုသည် ကိုယ့်အချင်းချင်း မညီညွတ်မှုကြောင့် တိုး၍ ခိုင်သွားမှဖြင့်… ဆိုသည့် အတွေးရောက်သောအခါမူ အရုပ်ကြိုးပြတ် ဖြစ်ရပြန်သည်လေ။ 

ခုတလော… ပုံပြင်လေးတခုကိုလည်း ခဏခဏ တကိုယ်တည်း ပြောနေမိသည်။ ရေသောက်ရန်လာကြသည့် တောဝက်နှင့် ခြင်္သေ့ ပုံပြင်၊ ရေကို သူ အလျင်သောက်မည်၊ ငါ အလျင်သောက်မည်နှင့် ငြင်းခုံသတ်ပုတ်ကြစဉ် ရှုံးသောသူ၏ခန္ဓာကို စားသောက်ရန် စောင့်ဆိုင်းနေကြသည့် လင်းတများကို လှမ်းမြင်သောအခါမှ သတိတရားရကာ ရေကိုအတူသောက်ပြီး ငြိမ်းချမ်းစွာ ထွက်ခွာသွားကြသည့်အကြောင်း။ 

ခုလည်း ပြုံးနေကြမည့် လင်းတတွေကို မြင်စေချင်ကြစမ်းပါဘိ။ 

သည်အကြောင်းလေးတွေကို ရေးအံ့ပြင်မိတော့လည်း “အမျက်ကောဓ” လျှံတွေ ဟူးဟူးထချိန်မှာ ရေတပေါက်နှယ် အရာမထင်၊ ခန်းခြောက်သွားမှာပါလေဟု အတွေးရောက်ကာ တွန့်ဆုတ်ရပြန်သည်။ သို့နှင့် အတွေးအမြင်တို့သည် အေးခဲပျောက်ကွယ်သွားကြသည်မှာ အကြိမ်ကြိမ်။ 

“ဘာဖြစ်လို့ စာမရေးတာလဲ”… “တခုခုတော့ ပြောပါလား”… “ ဘာဖြစ်လို့ ရေငုံနေတာလဲ”… စသည့် စာဖတ်ပရိသတ်တွေနှင့် မိတ်ဆွေများ၏ မေးခွန်းသံတွေ၊ “ဘုန်းဘုန်းရေ… တခြားဟာတွေ မရေးချင်နေ… ဘုန်းဘုန်းမွေးနေ့ရောက်တော့မှာနော်… မွေးနေ့လက်ဆောင် အမှတ်တရ တခုခုတော့ရေးဦး” ဆိုသည့် အစ်မတယောက်၏ တောင်းဆိုသံတို့သည်လည်း အေးခဲမှုကို တိုးမပေါက်။ 

လိပ်ပြာနှိုးသည့်အနေဖြင့် Facebook မှာ တကြောင်းစ၊ နှစ်ကြောင်းစ တို့ဖြစ် ခြစ်ဖြစ်သော်ငြား၊ စာတစောင် ပေတဖွဲ့ ရေးသားလိုစိတ်ကမူ မြုပ်လေပေါ့၊ ပေါ်မလာ…။ 

သို့နှယ် အေးခဲနေသောအတွေးတို့ကို ပြန်နွှေးနေစဉ်… “တင်” ခနဲ ဖုန်းမှ Viber Message ထားသံ ကြားလိုက်မိ၍ လှမ်းယူကြည့်လိုက်တော့ ရန်ကုန်က ညီတပည့်တယောက်၊ ဖုန်းကိုဖွင့်ကာ ပြန် Hi လိုက်ရာ၊ သူပြန်ရိုက်လိုက်သည်က “ဘုန်းဘုန်း… ဗုဒ္ဓက အမျိုးသားဝါဒီလား…” တဲ့။

ဟေ… ဟု အာမေဍိတ် လွတ်ကျသွားခဲ့သည်။ တခါမျှ မစဉ်းစားဖူးခဲ့၊ အမျိုးသားဝါဒီလား… အမျိုးသားဝါဒီလား…၊ အဖြေကို ဉာဏ်မီသလောက်စဉ်းစားကြည့်တော့… 

“မြတ်စွာဘုရား… အရှင်ဘုရားသည် “အကိရိယဝါဒီ” လို့ နိဂဏ္ဍတွေက စွပ်စွဲကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီလိုဆိုရန် ဆန္ဒမရှိပါဘူး၊ သူတို့ပြောသလို ဟုတ်၊ မဟုတ်ကိုတော့ သိပါရစေဘုရား” စသည်ဖြင့် မေးလျှောက်လာသော ဝေသာလီက သီဟသေနာပတိကြီး၏ မေးခွန်းတွေကို အမှတ်ရမိသည်။ 

“သီဟ… မကောင်းမှုတို့ကို ကိုယ်ဖြင့်လည်း မပြုအပ်၊ နှုတ်ဖြင့်လည်း မပြောအပ်၊ စိတ်ဖြင့်လည်း မကြံတွေးအပ်ဟု ဆုံးမလေ့ရှိသော ငါ့အား… ထိုမပြုလုပ်စေခြင်းကိုအကြောင်းပြု၍ “အကိရိယဝါဒီ” ဟုဆိုလိုသော် ဆိုနိုင်တယ် သီဟ” ဆိုသည့် ဖြေတော်သံကိုလည်း အကြည်ညို သစ်မိသည်။ 

ထိုနှယ် မေးခွန်းများစွာမေးခဲ့ရာတွင် “အမျိုးသားဝါဒီလား” ဆိုသည့် မေးခွန်းမျိုးတော့ မပါခဲ့။ အဲ… ဝေဖန်ခြင်းကို လိုလားချီးမွမ်းတော်မူသည့် တဆူတည်းသော ဝိဘဇ္ဇဝါဒီ ဟု ဖြေမည်ပြုဆဲ ဖုန်းဖန်သားပြင်မှာ စာတတန်း ပေါ်လာပြန်သည်။ 

“… ကရော၊ အကြမ်းဖက်မှုကို သွေးထိုးပေးတဲ့ ခေါင်းဆောင်လား…” အခြားဘာသာတခု၏ ရှေ့ဆောင်ကို ညွှန်းသည့် သူ့ မေးခွန်းသစ်။ 

အဲလိုတော့လည်း သွန်သင်မှာမဟုတ်ပါဘူး၊ သူ့အရိုက်အရာကို ဆက်ခံသူတွေကသာ ဘာသာပြန့်ပွားဖို့ အားထုတ်ပုံ လုပ်နည်းလုပ်ဟန် လွဲမှားကောင်း လွဲမှားမှာပါဟု ဖြေရန် စာရိုက်အံ့ပြင်ဆဲ…

“ဘာသာတရားကို ကိုးကွယ်ကြတာဟာ ဘဝအေးချမ်းဖို့မဟုတ်လား…” 

“Yes” မြန်မာ font ပင် မပြောင်းအားတော့၊ ရုတ်ချည်း ဖြေလိုက်မိသည်။ “အဲလို အေးချမ်းမှု၊ ကြည်နူးမှုကိုမပေးနိုင်ရင် အဲဒီဘာသာကို ကိုးကွယ်ကျိုးနပ်ပါ့မလား ဘုန်းဘုန်း” 

“No” 

“ပစ္စုပ္ပန်မှာတောင် ငြိမ်းအေးမှုကို မပေးနိုင်ဘဲနဲ့ နောင်ဘဝတွေမှာ ချမ်းသာကိုပေးမယ်ဆိုတာကရော ဘယ်လိုယုံရမလဲ…” 

“Wow” ဘာလို့များ ဒီမောင် ဒီမေးခွန်းတွေ မေးလာပါလိမ့် … ထူးထူးဆန်းဆန်း။ 

“အနေလည်းပျော်၊ သေလည်းပျော်၊ ဗုဒ္ဓတရားတော်” ဆိုသည့် မဟာစည်ဆရာတော်ကြီး၏ တရားလေးနှင့် သူ့ကို ရှင်းပြရမည်။ ခက်တာက ဖုန်းနှင့်စာရိုက်ပြောနေရတော့ စကားမတွင်၊ ဒီအထဲ ကိုယ်က စာရိုက်မကျွမ်း၊ ဖုန်းခေါ်လိုက်လျှင်လည်း “Connection” က ပြတ်တောင်း၊ ဘယ်လိုလုပ်ရပါ့…။ 

“ဒါဆိုရင် ဘာလို့ ဘာသာတရားတွေကို ကိုးကွယ်နေတော့မလဲ၊ ဘာသာမဲ့အနေနဲ့ နေရတာ ပိုမကောင်းဘူးလား…” 

ဘာသာမဲ့၊ ဘာသာမသက်ဝင်၊ ဘာသာတရားတွေပေါ် သံသယဝင်၊ သံသယက ယုံကြည်မှုကိုဖျက်၊ ယုံကြည်မှုပျက်တော့ ဘာသာစွန့်… ဘာသာမဲ့တဦးအဖြစ်ခံယူရတာကိုပင် လွတ်လပ်ခြင်းဟု ထင်မြင်လာ၊ အင်း…။

နောက်ပြီး… ကမ္ဘာပေါ်မှာလည်း ခရစ်ယာန်ဘာသာပြီးလျှင် ဘာသာမဲ့ဦးရေက ဒုတိယအများဆုံး လိုက်သတဲ့။ 

အဲလိုလူတွေနှင့်ပတ်သက်လို့လည်း ဘုရားရှင်၏ ဆုံးမခဲ့မှုလေးတခုကို ပြန်ကြည်ညိုလိုက်မိသည်။ တနေ့မှာ (အမျိုးအမည် မမှတ်မိတော့) ပုဂ္ဂိုလ်တယောက်ဟာ ဘုရားရှင်ထံမှောက် ရောက်လာပြီး သူဟာ ဘယ်ဘာသာတရားကိုမှ မကိုးကွယ်ကြောင်း ဝံ့ကြွားစွာ ပြောဆိုပါသတဲ့၊ သူ့မှာ အစွဲကင်းတယ်ပေါ့လေ။ ဘုရားရှင်က “သင် ဘယ်ဘာသာမှ မကိုးကွယ်ဘူးဆိုတာကိုတော့ ခံယူကိုးကွယ်နေတယ် မဟုတ်လား” လို့ ဆုံးမတော်မူခဲ့ကြောင်း၊ နောင်မှ ညီတော်မောင်ကို အကျယ်တဝင့် ရှင်းပြတော့မည်။ လော… လော… ဆယ်… တော့… ။ 

“တပည့်တော်တို့သူငယ်ချင်းတွေ တိုင်ပင်ထားကြပြီ၊ “ဘာသာမဲ့ သဟာယ” ထူထောင်ကြဖို့” 

အမ်… ခေါင်းနဘမ်းကြီးသွားသည်။ ဘာသာမဲ့သဟာယ၊ ဘာသာမဲ့အသင်းပေါ့၊ အလျင်က တခါမှ မပေါ်ပေါက်ဖူးသည့်အဖွဲ့၊ မပေါ်သင့်သည့်အဖွဲ့၊ ခုမရှိသေးသည့်တိုင် နားမှာ လေစ ကြားရပြီ။ သည်သူငယ်တို့၏ အသိုက်အဝန်းကို ကိုယ် ကောင်းကောင်းသိသည်။ မျိုးရိုးက ဘုရားတည်၊ ကျောင်းဆောက်မျိုး။ သာသနာ့ မာမကအနွယ်တွေ၊ ကျောင်းကန်ဘုရားလာလျှင်လည်း အနည်းဆုံး အမှိုက်ကောက်၊ တံမြက်လှည်း… မှသည် သံဃာသုံး “ဝစ္စကုဋီ” တို့ကို သုတ်သင်ဆေးကြောခြင်း ဝေယျာဝစ္စကုသိုလ် ယူလေ့ရှိသော မိသားစုမှ ပေါက်ဖွားသူ၊ ပညာကလည်း အင်ဂျင်နီယာ၊ သည်နှယ် ပေါက်ဖွားလာသူက ဘာသာမဲ့တော့မည် တဲ့၊ ဟူး…။ 

ဘာကြောင့်လဲ… ဘယ်သူ့ကြောင့်လဲ … ဘယ်သူတွေကြောင့်လဲ … သူ့စကားတွေမှာ အဖြေတွေပါလျက်က ကိုယ် မေးခွန်းတွေဆင့်ကာ ဖာသာမေးနေမိသည်။ သူကတော့ Line Out သွားပေပြီ။ ကိုယ့်မှာမူ ချွေးစို့ကျန်ခဲ့၊ တလျောက်လုံး အေးခဲနေခဲ့သည့် နှလုံးသားသည်ပင် ချွေးစို့ကျန်ခဲ့ပြီ။ 

“ဒီလိုလူတွေ မကိုးကွယ်တော့ကော ဘာဖြစ်လဲ” ဆိုသည့် စကားမျိုးကိုတော့ တာဝန်မဲ့မပြောနိုင်၊ အဘယ်ကြောင့်ဆိုသော်… ကိုယ်တို့ သာသနာပြုလို့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်လာသူ တဦးတယောက်မျှ မရှိသေးသောကြောင့်ပင်၊ ရှေးဘိုးဘေးဘီဘင် အဆက်ဆက်နှင့် အာစရိယ၊ ပါစရိယ… ကိုယ်တို့၏ ဆရာစဉ်ဆက်ကြောင့်သာ မဟုတ်ပါလား။ 

သာသနာပြုအမည်ခံထားပါလျက် တဦးတယောက်ကိုမျှ သက်ဝင်ယုံကြည်လာအောင် မစွမ်းသည့်တိုင် ကိုယ်တည်းဟူသော အကြောင်းကြောင့် သက်ဝင်ပြီး သူတို့ကိုတော့ ယုံကြည် ကြည်ညိုမဲ့အောင် မပြုသင့်ပြီ။ 

ဘာသာတခုအပေါ် သက်ဝင်လာသူ အမျိုးမျိုးရှိနိုင်သလို၊ စွန့်ခွာသွားသည့် အကြောင်းကလည်း အမျိုးမျိုး ရှိပေမည်။ ချစ်သူကြောင့်၊ ငွေကြေးကြောင့်၊ ဘဝရပ်တည်ရေးကြောင့်… စသည့် ဘာသာစွန့်မှုမျိုးကို မပြောလိုပေမင့် ခုလိုမျိုးကမူ…။ 

ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်ကြိုးစားကြည့်မည်။ သူတို့၏ ပစ္စည်းလေးပါးကို မမျှော်၊ သိလောကကို မငဲ့ဘဲ ကိုယ့်ညီတို့ကို မြတ်စွာဗုဒ္ဓ၏ ကျေးဇူးဂုဏ်တွေ၊ ဓမ္မ၏ ကျေးဇူးတွေ၊ သံဃာမွန် သံဃာကောင်းတို့၏ ကျေးဇူးဂုဏ်တွေကို ရှင်းပြမည်။ ကိုယ်မစွမ်းလျှင် စွမ်းသည့် ဆရာတော် သမားတော်တို့ထံ အပ်နှံဆည်းကပ်စေမည်။ ယွင်းလုလု သဒ္ဓါအခံမှာ ပညာဖြင့် မြဲမြံစေမည်။ 

ဒါမှ… ဘုရားသာသနာကို အလုပ်အကျွေးပြုသော ကိုယ်တို့အဖို့ ဘုရားရှင်၏ “ဧတဒဂ်” ဟု ခေါ်မခံရသည့်တိုင် “မောဃပုရိသ” ဟု ခေါ်တော်မူခြင်းမှ ကင်းလွတ်ကြမည်လေ။ ။ 

(တိ၊ နိ ဥပသကာကြီး ဦးအောင်ခန့်နှင့် သမီး ဒေါ်တူးသို့) 

ကံထွန်းသစ် 
ဧပြီလ ၁၁ ရက်၊ ၂ဝ၁၄ 
1:56 pm 

ပန်းချီ - ဦးအောင်မြင့် 

 

No comments: