Tuesday, March 18, 2014

ဒေါက်တာသိန်းဝင်း (ကလေးမြို့) သို့ အလွမ်း (ကိုညို)

ဒီနေ့ ဆရာ (ဒေါက်တာသိန်းဝင်း) ကွယ်လွန်တာ ၈ နှစ်တိတိပြည်တဲ့နေ့။ ဆရာ့ကို မမြင်လိုက် မတွေ့လိုက်ရခင်မှာဘဲ ဆရာက ကြိုပြီးထွက်သွားတယ်။ ဆရာနဲ့ မဆုံလိုက်ဖူးပေမယ့် ရင်းနှီးခင်မင်ခဲ့ကြတယ်။ ကိုယ်က သတင်းထောက်ဆိုတော့ သတင်းစိတ်ဝင်စားသူ၊ သတင်းပေးသူ၊ နိုင်ငံရေးသမား၊ သတင်းသမားတွေနဲ့ တယ်လီဖုန်းကတဆင့် သတင်းယူရင်း ခင်မင်ရင်းနှီးတာတွေ အများကြီးပါ။ 

ကလေးမြို့ မဲဆန္ဒနယ် အမှတ်(၂) ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာသိန်းဝင်းဟာ ကျနော်တို့လို ပြည်ပက ရေဒီယိုသတင်းထောက်တွေကို အများကြီး ပံ့ပိုးပေးခဲ့တယ်။ ကလေးမြို့တင် မကဘူး၊ စစ်ကိုင်းတိုင်းထဲက တမူး၊ ကလေးဝ၊ မော်လိုက်၊ မုံရွာနဲ့ စစ်ကိုင်းအပြင် အထက်ချင်းတွင်းက သတင်းတွေကအစ ဆရာက မှတ်သားထားပြီး ကျနော်တို့ ဖုန်းဆက်ရင် သေသေချာချာ ပြောပြလေ့ရှိတယ်။ ဆရာက ကလေးမြို့နယ်မှာ လူချစ်လူခင်များတယ်လို့ ဆိုရမယ်။ ဒေသတွင်းက တောင်သူတွေ၊ အလုပ်သမားတွေနဲ့ အခြေခံဝန်ထမ်းတွေကအစ စီးပွားရေးသမားတွေ အစိုးရဝန်ထမ်းတွေအဆုံး နိုင်ငံရေးအကျဉ်းသားပါမကျန် ဆရာ့ဆီကို သူတို့ခံစားချက်တွေ ရင်ဖွင့်လေ့ရှိတယ်။ ဆရာက သူတို့ပြောတာတွေ သေချာမှတ်သား၊ သူတို့ရေးပေးတာတွေ စနစ်တကျလက်ခံပြီး ပြည်ပမီဒီယာတွေကို ပြန်လည် သတင်းပို့လေ့ရှိတယ်။ 


အဲဒီကာလတွေဟာ ပြည်တွင်းသတင်းတွေကို ပြည်ပမီဒီယာဆီ ပြောရဲ၊ ပေးရဲတဲ့သူ အတော်ရှားတယ်။ အချိန်မရွေး တရားစွဲနိုင်တဲ့ကာလပါ။ ပြည်ပမီဒီယာတွေကို ပြောရဲဆိုရဲ သတင်းပေးရဲသူတွေဆိုလို့ NLD ပါတီဝင်တွေက အများစုလို့ ပြောရမယ်။ တခြားနိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းသမားတချို့လည်း ရှိပါတယ်။ တချို့ဂျာနယ်လစ်စ်တွေကတောင် သူတို့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စာနယ်ဇင်း လွတ်လပ်မှုမရှိတဲ့ဘဝ၊ ဆင်ဆာဖြတ်ခံနေရတဲ့ အခြေအနေတွေကို မပြောရဲ မဆိုရဲနဲ့ ကြိတ်မှိတ်သည်းခံနေကြတဲ့ အနေအထားပါ။ အာဏာရှင်တွေ မိုက်လုံးထွားနေချိန်ပေါ့။ ကျနော်တို့ ပြည်ပ ရေဒီယိုသတင်းထောက်တွေကို မကြောက်မရွံ့ သတင်းပေးလို့ သူတို့ရတဲ့ ဆုလာဘ်ကတော့ ဖုန်းလိုင်းတွေ ဖျက်ခံရတာ၊ လိုင်းဆူညံအောင် ဖန်တီး အနှောက်အယှက်ပေးတာ၊ ခြိမ်းခြောက်တာမျိုးတွေပါ။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ ဒေါက်တာသိန်းဝင်းတို့ ဖုန်းလိုင်းတွေကို အမြဲတစေ ခိုးနားထောင်တာ၊ လိုင်းမအားအောင် လုပ်တာ၊ ဖြတ်တောက်တာ လုပ်လေ့ရှိပါတယ်။ ဒီကြားထဲကပဲ ကိုယ့်အိမ်က ဖုန်းမကောင်းရင် နောက်ထပ် အရေးပေါ်နံပါတ်တွေ ကြိုတင်ပေးထားပြီး တခြားအိမ်ကနေ ပြန်ချိန်းပြီး သတင်းပေးတတ်တဲ့ အာဂ မိတ်ဆွေကောင်းတွေပါပဲ။ 

ကိုယ်တိုင် သတင်းတွေပေးတတ်ရုံမက ကျနော်တို့က တိုက်ရိုက် အင်တာဗျူးချင်တယ်ဆိုရင်လည်း ကာယကံရှင် လယ်သမားတွေ၊ အရောင်းအဝယ်သမားတွေ၊ အလုပ်သမားတွေ၊ ဈေးသည်တွေကိုပါ ချိန်းဆက် ခေါ်လာပြီး ကျနော်တို့ သတင်းထောက်တွေနဲ့ တွေ့ပေးလေ့ရှိတယ်။ 

ကျနော်က တပတ်ကို ၃ ရက် ပုံမှန် ဆရာ့ဆီ ဖုန်းဆက်နေကျ။ ဆရာကလည်း ရထားတဲ့ သတင်းတွေ သေချာပြင်ဆင်ထားတယ်။ ဆရာက နိုင်ငံရေးသမားဆိုပေမယ့် နေ့စဉ်ရေဒီယို နားထောင်နေတော့ သတင်းအထာလည်း ညက်နေပြီ။ ဆရာ့ဆီက သတင်းယူရင် အများအားဖြင့် ကိုယ်ကထပ်ပြီး တခြား သတင်းအရင်းအမြစ်တွေကို လိုက်စုံစမ်းစရာမလိုအောင် ပြည့်စုံတဲ့သတင်းကို ပေးတတ်တယ်။ ဥပမာ လက်ရှိဖြစ်နေတဲ့ သတင်း၊ နေ့ရက် အချိန် နေရာ ဖြစ်ပျက်မှု အစုံတင်မက နောက်ခံအခြေအနေတွေအပြင် အရင်ကလည်း ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်သူတွေ ဘယ်ပုံစံကြုံခဲ့ဖူးတယ်ဆိုတာမျိုးပေါ့။ မီးခိုးကြွက်လျှောက် အတွဲလိုက်ကြီး အပြည့်အစုံ ပြောပြလိုက်တာမျိုးပါ။ သတင်းထောက်တွေအတွက် ခူးပြီးခပ်ပြီး နှုးပြီးနှပ်ပြီးလို့ ဆိုရမယ်။ 

ဆရာနဲ့ ကျနော်က လူချင်းသာမမြင်ဖူးတာ အသံချင်းကတော့ မှတ်မိတယ်၊ ရင်းနှီးနေတယ်။ ကျနော်တင်မက DVB၊ VOA၊ က သတင်းထောက်တွေလည်း သူ့ဆီဖုန်းခေါ်လေ့ရှိတယ်။ ကျနော်ရယ်၊ RFA ကိုဝင်းနိုင်ဦးရယ်၊ DVB က ကိုမိုးအေးရယ် တယ်လီဖုန်းဆက်ရင် အသံက ခပ်ဆင်ဆင်တွေမို့ ပြည်တွင်းက သတင်းပေးသူ တော်တော်များများက ဘယ်သူဘယ်ဝါဆိုတာ မခွဲခြားတတ်ဖူး။ ဒေါ်ဝင်းမြမြဆို ကျနော်ဆက်တိုင်း ကိုမိုးအေးလား၊ ကိုညိုလားလို့ အမြဲမေးတတ်တယ်။ ဒါပေမယ့် ဆရာကတော့ ခွဲနိုင်တယ်။ ကျနော်က ဟယ်လို... လို့ ပြောလိုက်တာနဲ့ ဆရာက အော် ဟုတ်ပြီ... ကိုညိုဆိုပြီး ပြောတော့တာပဲ။ 

တခါတခါ သတင်းမရှိလည်း ကျနော်တို့နှစ်ယောက် မျက်မှောက် နိုင်ငံရေးအခြေအနေတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ ပြောလေ့ရှိတယ်။ လူမှုရေးနဲ့ မိသားစုအကြောင်းတော့ ပြောခဲတယ်။ ဒါပေမယ့် ဆရာကတော် အန်တီကြည်နဲ့တော့ သာကြောင်းမာကြောင်းနဲ့ မိသားစုအကြောင်း၊ ရာသီဥတုအကြောင်း၊ ဆန်ဈေးဆီဈေး၊ ကုန်ဈေးနှုန်းတွေအကြောင်း ထွေရာလေးပါး ပြောတတ်တယ်။ ဆရာကတော်ကလည်း ဆရာမရှိရင် ကျနော့်ကို သတင်းပေးတာ၊ သူများမှာကြားတာ၊ ဖုန်းချိန်းပေးတာ လုပ်ပေးလေ့ရှိတယ်။ 

ဆရာနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရှိနေတာလေးတခုကတော့ ၂၀၀၃ ခုနှစ် ဒီပဲရင်း လုပ်ကြံမှုကာလကပါ။ ဆရာက အရေးအခင်းပြီးစ ပူပူနွေးနွေးကာလ ဇွန်လဆန်းမှာ ကျနော့်ဆီ သူ စုံစမ်းဖော်ထုတ်ရသမျှတွေ၊ မျက်မြင်သက်သေတွေနဲ့ ချိတ်ဆက် ပြောပြပေးတယ်။ မှတ်မှတ်ရရ ဒီပဲရင်း လုပ်ကြံမှုမှာပါဝင်တဲ့ ကြံ့ဖွတ် ခေါင်းဆောင်တယောက်နဲ့ တွေ့ဆုံပေးတာ ဖြစ်တယ်။ အဲဒီကာလက အတော်လေး အန္တရာယ်ကြီးပါတယ်။ လူသတ်ပွဲမှာပါတဲ့ ကြံ့ဖွတ်ကိုဆရာက ဘယ်လို စည်းရုံးထားလဲ မသိဘူး၊ အဲဒီတုန်းက သူကိုယ်တိုင် (ကြံ့ဖွတ်) တွေ့ခဲ့၊ မြင်ခဲ့၊ လုပ်ခဲ့တာတွေ ရင်ဖွင့်တယ်။ ကျနော်က RFA ဝါရှင်တန်ရုံးချုပ်မှာရှိတဲ့ အယ်ဒီတာ ဒေါ်ခင်မေဇော်နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးလိုက်တယ်။ အဲဒီတုန်းက အင်တာဗျူးဟာ အတော်ပေါက်သွားတယ်လို့ ဆိုရမယ်။ အင်္ဂလိပ်လို ဘာသာပြန်ပြီး အမေရိကန်အစိုးရထံ သတင်းမှတ်တမ်းပေးပို့ခဲ့တယ်။ နောက်ပိုင်း အမေရိကန် သံရုံးက ကွင်းဆင်းစုံစမ်းမှုတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါက ဆရာ့ရဲ့ ထိရောက်တဲ့ လှုပ်ရှားမှုပါ။

ဆရာနဲ့ပတ်သက်ပြီး ပြောစရာတွေက အများကြီးပါ။ တထိုင်တည်းနဲ့ ရေးလို့ပြီးမှာ မဟုတ်ဘူး။ ဆရာတိမ်းပါးသွားတော့ အသက် ၅၅ နှစ်ပဲရှိပါသေးတယ်။ နေမယ်ဆို အများကြီးနေသွားလို့ရသေးတယ်။ ဒါပေမယ့် ဆရာခံစားရတဲ့ ဝေဒနာက အတော်ကြီးမားပါတယ်။ ကင်ဆာပါ။ အဲဒီနေ့က ဆရာဟာ ခါတိုင်းလိုပဲ သူတက်နေတဲ့ ရန်ကုန် ဂျပန်ဆေးရုံကြီးကနေ လှမ်းပြီးဖူးမြင်နေရတဲ့ ရွှေတိဂုံစေတီတော်ကြီးကို ထုံးစံအတိုင်း ပြူတင်းပေါက်နားသွားဖူးပြီး အိပ်ရာမှာ အနားယူနေတုန်း ဆုံးပါးသွားတာပါ။ ၃ လကြာ ဆေးရုံမှာ ကုသမှုခံယူခဲ့တယ်။ သူ ဆေးရုံတက်ကတည်းက ရောဂါက အတော်ကျွမ်းနေပြီလို့ သိရတယ်။ 

ဆရာဆုံးတဲ့သတင်းကြားတော့ ကျနော် အတော်စိတ်ထိခိုက်ခဲ့တယ်။ ဆရာဟာ သတင်းလွတ်လပ်ခွင့်အတွက် တဒေါင့်တနေရာကနေ တိုက်ပွဲဝင်ပေးခဲ့သူဖြစ်တယ်။ ဆရာကတဆင့် ကလေးမြို့က ဦးဇင်းကြီး ခေါင်ခါးခါး (စာရေးဆရာ မြဆင့်ချယ်) ရင်းနှီး ခင်မင်ခွင့်ရခဲ့တယ်။ ဦးဇင်းကြီးနဲ့တဆင့် ပြည်တွင်း သတင်းကွန်ယက်တခု တည်ဆောက်နိုင်ခဲ့တယ်။ ပြည်တွင်းစာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စစ်အာဏာရှင်တွေရဲ့ စာပေလောကသားတွေအပေါ် ဖိနှိပ်မှုတွေကို ပြည်ပမီဒီယာနဲ့ အဖွဲ့အစည်းတွေကို တင်ပြနိုင်အောင် ဆရာနဲ့ ဦးဇင်းကြီးတို့ အများကြီး ထောက်ပံ့ပေးခဲ့တယ်။ အခုတော့ ကျေးဇူးရှင် ၂ ဦးစလုံး မရှိရှာတော့ဘူး။ ရှေ့ဆင့်နောက်ဆင့်လိုလိုပဲ တိမ်းပါးသွားရှာတယ်။ ကလေးမြို့မှာ ကျနော့်ရဲ့ ရေဒီယို သောတရှင် ပရိဿတ်တွေ အများကြီးရှိတယ်။ သူတို့တတွေနဲ့ ပြန်တွေ့ချင်တယ်။ ကိုယ့်ကိုကူညီခဲ့တဲ့ မိတ်ဆွေတွေကို ကိုယ်တိုင် နှုတ်ကနေ ကျေးဇူးစကား ဆိုချင်သေးတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သော မိတ်ဆွေတွေလည်း လွင့်ကြွေကုန်ကြပြီ။ ကိုယ့်မိသားစုထဲမှာရော၊ အပြင်မှာ မမြင်မတွေ့ဖူးဘဲ ခင်မင်ရင်းနှီးသူတွေရော ကွယ်လွန်သူတွေ များနေပြီ။ ဆရာ့လို ကိုယ့်အပေါ်မှာသာမက မြန်မာ့သတင်းမီဒီယာလောကနဲ့ ဒီမိုကရေစီ အရေးတော်ပုံအတွက် ကျေးဇူးကြီးမားသူတွေကို ဆုံစည်းခွင့်မရနိုင်တော့တာ... ကြေကွဲလို့ မဆုံးနိုင်ဘူး...။ 

ကိုညို (အော်စလို) 
၁၅ မတ်လ ၂၀၁၄ 

No comments: