Sunday, March 9, 2014

မလေးရှားလေယာဉ်နဲ့ မြန်မာ့ပြည်တွင်းရေး အတွေး (ကိုညို)

ဒီစာရေးနေတဲ့အထိ ရှာဖွေ မတွေ့ရှိရသေးတဲ့... မလေးရှား လေယာဉ်ပျောက်ဆုံးမှုဟာ စိတ်ဝင်စားစရာကောင်းတယ်။ နောက်ကွယ်မှာ မရှင်းမရှင်းနဲ့ တွေးစရာတွေပါတယ်။ ရိုးရိုး စက်ချို့ယွင်းလို့ ပျက်ကျတာလို့ ပြောဖို့ခက်တယ်။ အနည်းဆုံး လူ ၄ယောက်က ပတ်စ်ပို့စ်အတုနဲ့ ခရီးသည်တဲ့။ ၂ ယောက်က ဥရောပ ပတ်စ်ပို့စ်၊ ၂ ယောက်က တရုတ်ပတ်စ်ပို့စ်။ တချို့သတင်းတွေက ၂ ယောက်လို့ အတည်ပြုတယ်။ အခုထိ လေယာဉ်ကို ရှာမတွေ့ဘူး။ အကြမ်းဖက်မှု၊ ရုန်းရင်းဆံခတ်မှုနဲ့ ပျက်ကျတာလား ဆက်စပ်တွေးစရာ..။ နောက်တခုက လေယာဉ်မှူးဟာ မြေပြင်စခန်းကို အရေးပေါ် ဆက်သွယ်တာမျိုး သတင်းမှာ မကြားမိ၊ မဖတ်မိဘူး။ 

မကြာသေးခင်က ကျနော်တို့ အိမ်နီးချင်း ကူမင်းမှာ တရုတ်ပြည် ဇင်ကျန်ပြည်နယ်သား အစ္စလမ်မစ်စ်တွေ ဓားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ ဒါကို တရုတ်တွေကိုယ်တိုင် သံသယရှိတယ်။ အကြမ်းဖက်တွေဟာ တကယ်ပဲ တရုတ်ကလာတာလား၊ တခြားလမ်းကြောင်းကလား... ဆိုတာ။ 


အရှေ့တောင်အာရှမှာ အကြမ်းဖက်တွေ အရှိန်ယူ လှုပ်ရှားနေပြီလား... မလေးရှားဟာ ဒုတိယ အာဖဂန်နစ္စတန်လား... တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးသလို အိန္ဒိယနဲ့ တရုတ်လို အာရှဆင်နှစ်ကောင်ရဲ့ မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်တဲ့ ကျနော်တို့ နိုင်ငံအကြောင်း ရုတ်တရက် ခေါင်းထဲရောက်လာတယ်။ ရင်ထဲ ထိတ်ခနဲဖြစ်သွားတယ်။ 

မြန်မာပြည်သူတွေ အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့ပါ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တယ်။ ဒီကနေ့ မွတ်စလင်၊ ဗုဒ္ဓဘာသာရေးပဋိပက္ခ ဗုံးတွေ မြန်မာပြည်မှာ စနစ်တကျထောင်ထားတယ်။ ဗုံးပိုင်ရှင်တွေ ဘယ်သူလဲ... နည်းနည်းလေး တွေးကြည့်ရင် သိနိုင်တယ်။သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၃ နှစ်တာကာလ ဘာတွေဖြစ်ခဲ့သလဲ... နောက်ကြောင်းသတင်းမှတ်တမ်းတွေ ပြန်လှန်ကြည့်ပါ။ (ဥပမာ... ရခိုင်၊ မိထ္ထီလာ၊ ပဲခူး၊ လားရှိုးနဲ့အခြား...) ဘာသာရေးအစွန်းရောက် သံဃာတွေ...၊ ဘာသာရေး အစွန်းရောက် ရခိုင်တိုင်းရင်းသားအချို့ အပါအဝင် မြန်မာပြည်သူတွေနဲ့ ဘာသာရေးအစွန်းရောက် ရိုဟင်ဂျာအမည်ခံ လူလိမ်တွေကသာ တိုင်းပြည်ငြိမ်းချမ်းရေးကို ဖျက်ဆီးမှာဖြစ်တယ်။ နောက်ကွယ်က မြှောက်ပင့်ပေးနေမှာက ယခင်စစ်အစိုးရ အာဏာရှင် အတွေးအခေါ်ဟောင်းတွေ ရှိနေတဲ့ ( သမ္မတကိုယ်တိုင် စိုးရိမ်ကြောက်ရွံ့နေရတဲ့) အဖွဲ့တဖွဲ့ဖြစ်တယ်။ လူသိမခံတဲ့ အဖွဲ့ဖြစ်တယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းတုန်းကလို အကြမ်းဖက်ခဲ့တဲ့... လူမိုက်အဖွဲ့ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး နောက်ကွယ်မှာ သူတို့ အခိုင်အမာရပ်ပြီး ကစားနေတယ်။ သူတို့ဟာ နတ်ဆိုးတွေဖြစ်တယ်။ သတိထားစောင့်ကြည့်ပါ။

မြန်မာပြည်သူတွေ အရာရာကို လျှော့မတွက်စေချင်ဘူး။ ဆင်ကြံ ကြံနေတဲ့ အုပ်စုတွေ ခြေရှုတ်နေတယ်။ အဲဒီထဲမှာ မြန်မာ အစိုးရနောက်ကွယ်က အကြမ်းဖက်တွေ အသေအချာပါတယ်လို့ တွက်ဆနိုင်သလို ... ဘာသာခြား အကြမ်းဖက်တွေလည်း ပါကောင်း ပါနိုင်တယ်။ အစိုးရနောက်ကွယ်က လက်မရွံ့အကြမ်းဖက်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တစုံတရာ နားလည်မှု၊ ညှိနှိုင်းထားမှု၊ အပေးအယူ မလုပ်ထားဘူး၊ မရှိဘူးလို့ ဘယ်သူက တပ်အပ်သေချာ ပြောရဲလဲ...။ ရွေးကောက်ပွဲနီးလေ၊ ဇာတ်လမ်းက ရှုတ်လေပဲ...။ 

ကျနော်တို့ပြည်သူတွေ သတိကြီးကြီးထားစေချင်တယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေမယ့် သွေးထိုး ဟောပြော နှိုးဆွမှုတွေ၊ ရပ်ကွက်တရားပွဲတွေ၊ တီးတိုးဝါဒဖြန့်မှုတွေ၊ မျိုးစောင့်ဥပဒေတွေကနေ တနေ့ ကိုယ့်ရှူး ကိုယ်ပြန်ပတ်လိမ့်မယ်...။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်မယ်ဆို ဘာသာရေးမျက်လုံးတစုံပဲ မတပ်ထားပါနဲ့...။ လောကီရေးကို မကျွမ်းဘဲ လူ့ကိစ္စ၊ လူ့အရေးဝင်ပါမိရင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်နိုင်တယ်ဆိုတဲ့ စကားလို ဖြစ်သွားလိမ့်မယ်။ 

နိုင်ငံအရေးကို ကမ္ဘာက ယုံကြည်လေးစားတဲ့ ခေါင်းဆောင်နဲ့အတူ ပူးပေါင်းဖြေရှင်းဖို့လိုတယ်။ ပြည်သူကလည်း ယုံကြည်လေးစားမှုမရှိသလို နိုင်ငံတကာကပါ သံသယနဲ့ စောင့်ကြည့်ခံနေရတဲ့ ပြီးတော့ နှစ်ပေါင်းများစွာ အာဏာစွဲကိုင်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ဆင်းရဲမွဲတေအောင် တွန်းပို့ခဲ့သူတွေ တိုင်းပြည် ခေါင်းဆောင် မဖြစ်သင့်တော့ဘူး။ ပြည်သူက ချစ်ခင်၊ လေးစားသူကသာ ခေါင်းဆောင်ဖြစ်သင့်တယ်။ တိုင်းပြည်အနာဂတ်ကို ယုံယုံကြည်ကြည် လက်တွဲ ဆောင်ရွက်သင့်တယ်။ ပြည်သူက လေးစားယုံကြည်တဲ့ ခေါင်းဆောင်ကို ဖယ်ရှားသူတွေဟာ ပြည်သူ့ဆန္ဒ သဘောထားကို ဖယ်ရှားသူ၊ မလေးစားသူ၊ တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးကောင်းမွန်ရေးသာမက၊ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ မလိုလားသူတွေဖြစ်တယ်။ ပြည်သူ့လိုအင်ကို မလိုလား ဆန့်ကျင်သူတွေဖြစ်တယ်။ 

မျက်မှောက်ဖြစ်နေတဲ့ မလေးရှားလေယာဉ်ပျက်ကျမှုကို ဆက်စပ်တွေးရင် မြန်မာ့ပြည်တွင်းအခြေအနေကို ရောက်သွားတာပါ...။ တခါတခါ ဘာမှ မဆိုင်ဘူးလို့ထင်ရတဲ့ အရာတွေက သွယ်ဝိုက်ပြီး ဆက်စပ်တာ၊ တိုက်ရိုက်ပတ်သက်တာတွေလည်း ဖြစ်တတ်တယ်လေ...။ ကိုယ်က သတင်းသမားဆိုတော့ ဘာမှ လျှော့တွက်မထားသင့်ဘူး၊ အားလုံးကို ဆက်စပ်တွေးကြည့်ရမယ်မဟုတ်လား...။ 

ကိုညို

No comments: