Wednesday, March 5, 2014

ကဗျာဆရာလှသန်း (သို့မဟုတ်) ကဗျာ၏ဝိဉာဉ် (ထက်ရာဇာ)

ကျနော် သူ့ကိုစသိတာက အင်းစိန် သီးသန့်အကျဉ်းထောင်မှာ။ ကျနော် အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ ပြစ်ဒဏ်နဲ့ သီးသန့်ထောင်ကို ရောက်တယ်။ မှတ်မှတ်ရရ ၁၉၉၂ ခုနှစ်။ ကျနော့်ကိုတိုက်ထဲထည့်ပြီး ၁၅ မိနစ်လောက်အကြာမှာ ပိန်ပိန်ရှည်ရှည် နှုတ်ခမ်းမွေးနဲ့ ထောင်ပုံစံ ဝတ်စုံအဖြူဝတ်ထားတဲ့ လူတယောက်က ကျနော့်တိုက်ခန်းရှေ့ သံတိုင်တွေရဲ့အပြင်မှာ လာထိုင်တယ်။ ပြီးတော့ မက်လောက်စရာမရှိတဲ့ အပြုံးတခုကို ပြုံးတယ်။ (အဲဒီအချိန်က တိုက်ကို ရေချိုးချတဲ့ နာရီဝက် လမ်းလျှောက်ချိန်ပါ) ပြီးတော့ ကျနော့်ကို စနှုတ်ဆက်တယ်၊ မင်းက ၅ ညလား ကိုက လှသန်းပါ တဲ့။ အဲဒါဟာ ကဗျာဆရာလှသန်းနဲ့ကျနော် စတွေ့ကြတဲ့ နေ့လည်ခင်းပဲ။ 

အဲဒီတုန်းက သီးသန့်ထောင် ၁ တိုက်နောက်ခြမ်းမှာ ကျနော်ရောက်တဲ့အချိန် ကဗျာဆရာ လှသန်းရှိတယ်၊ သူ့အကိုအရင်း ပန်းချီ မောင်နိုးရှိတယ်၊ ကဗျာဆရာ မောင်နေနွယ် ရှိတယ်၊ အခုလက်ရှိ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာ ကိုကျော်စွာမိုးရှိတယ်၊ လက်ရှိ DVB က ကိုမိုးအေးရှိတယ်။ ကျန်တဲ့သူတော်တော်များများလည်း ရှိကြတယ်။ ပြီးတော့ ကိုလှသန်းက ကျနော့်ကို နွားဆေးပေါ့လိပ် ၃ လိပ် ထုတ်ပေးတယ်။ နောက်မှ အေးဆေးတွေ့မယ်ကွာတဲ့။ ဒါဟာ ကဗျာဆရာလှသန်းရဲ့ ပထမဆုံးနွေးထွေးမှုဆိုရင်လည်း မမှားဘူး။ 


နောက်နေ့တွေမှာတော့ ကိုလှသန်းနဲ့ကျနော် ရေချိုးချတဲ့ နာရီဝက်မှာ ရေကိုအမြန်ချိုးပြီး တိုက်ရှေ့က မြေနီလမ်းမှာ ကဗျာအကြောင်းတွေ စာအကြောင်းတွေ ကျနော် ကိုလှသန်းကို သိချင်တာတွေ မေးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်က ကဗျာဆရာဖြစ်ချင်စိတ်က အားသန်နေခဲ့ပြီ။ 

သူနဲ့ကျနော် သီးသန့်ထောင်မှာ ၂ နှစ်ခွဲလောက်အတူနေခဲ့ပြီး ကိုလှသန်း ထောင်ကလွတ်တဲ့နေ့ကိုရောက်တော့ ကျနော်တိုက်ခန်းဝရှေ့မှာ လာထိုင်ပြီး ကျနော့်ခေါင်းကို သံတိုင်တွေကြားထဲကနေ လက်နဲ့ပွတ်ပြီး ညီလေး အပြင်မှာပြန်တွေ့ကြမယ်နော်တဲ့ ...။ သူ့မျက်လုံးမှာ မျက်ရည်စတွေနဲ့ ...။ ကျနော့်မျက်လုံးမှာလည်း မျက်ရည်ကြည်တွေ ဝဲလို့။ ၂ နှစ်ခွဲလောက် အတူပေါင်းသင်းစကားပြောလိုက်ရတဲ့ သံယောဇဉ်က ၂ ဘဝခွဲစာ မကဘူး။ နောက် ကျနော် မှတ်မိသေးတယ်၊ သူအမြဲတမ်းဝတ်တတ်တဲ့ မီးခိုးရောင် ဆွယ်တာလေးကို မင်းအတွက် ငါ့အမှတ်တရလို့ပြောပြီး လက်ဆောင်ပေးခဲ့တယ်။ ဒါဟာ ကဗျာဆရာလှသန်းနဲ့ ကျနော်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပေါ့လေ။ 

အဲဒီလိုနဲ့ ကျနော် ထောင်ကလွတ်ပြီး ဘဝမျိုးစုံကို ကျင်လည်ခဲ့တယ်။ နောက်ဆုံးတော့ ကျနော် မထင်မှတ်ဘဲ စာနယ်ဇင်းသမားတယောက် ဖြစ်ခဲ့တယ်။ နောက် ဖက်ရှင်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ထိ ကိုလှသန်းနဲ့ မဆုံဖြစ်သေးဘူး။ ဒါပေမယ့် လှသန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ စာမျက်နှာတွေကစပြီး လှသန်းဆိုတဲ့ ထင်ရှားတဲ့ ကဗျာဆရာတယောက်ဖြစ်နေပြီ။ သူက အဲဒီတုန်းက မလေးရှားကို ရောက်နေတယ်။ သူ မလေးရှားကနေ ရေးပြီးပို့လိုက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရတယ်။ ကဗျာခေါင်းစဉ်က ရေသူမနဲ့ ညစာစားခြင်း တဲ့။ ဟန်သစ်မှာပဲ ထင်တယ် သိပ် မမှတ်မိတော့ဘူး။ ကျနော့် သူ့ကိုဘယ်လိုမှ မတွေ့နိုင်တော့ဘူးလို့လည်း ထင်မိတယ်။ 

တရက်တော့ ကဗျာဆရာ ငြိမ်းစေမင်းနဲ့ ကျနော် ကန်တော်လေးက အရက်ဆိုင်တခုမှာ ထိုင်သောက်နေတုန်း နောက်ကနေ ကျနော့်ခေါင်းကို ပိတ်ရိုက်လိုက်ပြီး ခွေးလေးဆိုတဲ့အသံကိုကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ကဗျာဆရာလှသန်း...။ သူနဲ့ကျနော် ဘာစကားမှာမပြောဘဲ တယောက်နဲ့တယောက် အကြာကြီး ဖက်ထားမိတယ်။ ဘေးမှာ ကဗျာဆရာ အောင်ဘညိုလည်း ရှိတယ်။ ပြီးတော့ ကျနော်တို့ ၂ ယောက် ဘာစကားမှ မပြောဘဲ ငိုဖြစ်ခဲ့ကြတယ်။ 

အဲဒီနောက်တော့ ညနေတိုင်း ၃၃ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ညနေတိုင်း ထိုင်ဖြစ်ခဲ့ကြတယ်၊ (ညိုညိုတေးသံသွင်းဆိုင်ရှေ့က လမ်းဘေး လက်ဖက်ရည်ဆိုင်လေးပါ) (ကျနော် နယ်စပ်မထွက်ခင်အထိပဲ) အဲဒီတုန်းက ကျနော်ရယ် ကိုလှသန်းရယ်၊ ကဗျာဆရာ သစ်ကောင်းအိမ်၊ လူအိမ်၊ ကြည်ဇော်အေး၊ ဟိန်းမြတ်ဇော်၊ စာရေးဆရာ ကိုအောင်ခက် (ကွယ်လွန်) စာရေးဆရာမင်းနွယ်စိုး၊ ပန်းချီမောင်နိုး၊ ပန်းချီကိုကိုနိုင်၊ ပန်းချီသိန်းသိန်း၊ စိုးကိုအောင်(ကန့်ဘလူ) (ကွယ်လွန်) ကာတွန်းဖေစိုးအောင်၊ ကျနော်တို့အုပ်စုကို လူတိုင်းက ချီးကျူးရတဲ့အထိ ကျနော်တို့ ညနေ့တိုင်း တွဲခဲ့ကြတယ်၊ ညနေတိုင်း တယောက်မရောက်လာရင် လည်တဆန့်ဆန့်မျှော်ခဲ့တဲ့အထိ ကျနော်တို့ သံယောဇဉ်တွေ မြဲခဲ့ကြတယ်၊ ညနေ ၆ နာရီလောက်ဆိုရင်တော့ ကိုယ်ရသမျှစာမူခနဲ့ စုပေါင်းစပ်ပေါင်း ရီဝေဝေ ညနေတွေကို ဖြတ်သန်းခဲ့ကြတယ်။ 

ကျနော်က မူးပြီဆိုရင် အိမ်မပြန်ဖြစ်ဘဲ ကိုလှသန်းရဲ့ ဒဂုံမြောက်အိမ်ကို လိုက်အိပ်ဖြစ်တာ များတယ်။ မနက်ဆိုရင် ဒဂုံမြောက် ဈေးနားက ဖြူနီညိုပြာ ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ကိုလှသန်းနဲ့ကျနော် လက်ဖက်ရည်ကျဆိမ့် တယောက်တခွက်နဲ့ အနာဂတ်တွေကို အားမနာ ဝမခမ်း ပြောခဲ့ဖူးတယ်။ ကိုလှသန်းနဲ့ ကျနော်နဲ့က တခန်းထဲ အတူအိပ်တာ။ ကိုလှသန်း အမေဟာ ကျနော်တို့ရဲ့ အမေပဲ။ သူက သူ့သား ကဗျာဆရာရဲ့သူငယ်ချင်းတွေကို သူ့သားလိုပဲ ဆက်ဆံခဲ့တယ်။ ကျနော်က အဲဒီအချိန်မှာ ကဗျာဆရာ ဒီလက်မျိုး ဖြစ်နေပြီ။ ကိုလှသန်းက ကျနော့်ကို စကားတခွန်းပြောဖူးတယ်။ မင်းကို ငါက စာနယ်ဇင်းသမား အယ်ဒီတာပဲဆိုရင် မဆက်ဆံဘူး၊ မင်းက ထောင်ထွက် ပြီးတော့ ကဗျာဆရာဖြစ်နေလို့ တဲ့။ သစ်ကောင်းအိမ်က ရေးဖူးတယ်၊ ထမင်းတလုပ်အတွက် သတင်းလုပ်မစားဘူး တဲ့။ ကိုလှသန်းအကြောင်း ဆက်ပြောမယ်။ 

ကျနော် အကြောင်းအမျိုးမျိုးနဲ့ နယ်စပ်ကိုထွက်လာပြီး DVB မှာ သတင်းထောက်လုပ်နေတဲ့အချိန်... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကဗျာဆရာများသမဂ္ဂရဲ့ဖုန်းကို ဆက်ပါဆိုလို့ ဆက်လိုက်တော့ ပြောခွင့်ရပုဂ္ဂိုလ်က အသံကြားရတာနဲ့ ကျနော်မှတ်မိတဲ့ ကိုလှသန်း။ ရဲရဲတောက် ကဗျာဆရာက ရဲရဲတောက် စကားတွေ သတင်းပို့တယ်။ ဒါဟာ လှသန်းဖြစ်ခဲ့တယ်။ ဒါဟာ လှသန်းအစစ်ပဲ။ လှသန်းဟာ အားမနာတတ်ဘူး၊ လှသန်းဟာ မတွေဝေဘူး၊ လှသန်းဟာ ခေတ်ကိုမြင်တယ်၊ လှသန်းဟာ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ လှသန်းအကြောင်းပြောမယ်ဆို သိပ်ရှည်လိမ့်မယ်။ 

ဒါပေမယ့် ကျနော်သိပ်ချစ်ခဲ့ရတဲ့ ကဗျာဆရာလှသန်းဟာ ခုတော့ ကျနော်တို့ဘဝထဲကနေ ထွက်သွားခဲ့ပါပြီ။ ဒါပေမယ့် သူဟာ ကျနော်တို့နှလုံးသားထဲမှာ ထာဝရရှိနေမယ့် ကဗျာဆရာတယောက်ပါ။ သူဟာ ကဗျာရဲ့ ဝိဉာဉ်ပါပဲ။ ဒီအတွက် လှသန်းဟာ ကဗျာဆရာတွေကို သူ့ဝိဉာဉ်နဲ့ဆက်ပြီး ရှင်သန်စေပါလိမ့်မယ်။ ကိုလှသန်း ကောင်းရာသုဂတိလားပါစေ။ ။ 

ထက်ရာဇာ 

 

No comments: