Saturday, March 8, 2014

လူ့အခွင့်အရေးကို မျက်စေ့မလည်စေချင် (ကိုညို)

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ၁၀ နှစ်ကြာ အတူပေါင်းသင်းနေထိုင်ခဲ့တဲ့ လိင်တူချစ်သူ လူငယ်နှစ်ဦးရဲ့ မင်္ဂလာ အထိမ်းအမှတ်ပွဲကို မီဒီယာစာမျက်နှာ အတော်များများက အထူးအဆန်းဖော်ပြခဲ့တာ တွေ့ရတယ်။ Democracy Today သတင်းစာ အလယ်စာမျက်နှာမှာလည်း အဆိုပါမင်္ဂလာပွဲ စကားသံတွေဖော်ပြထားတာ မြင်ရတယ်။ 

ဒီမိုကရေစီအသားကျပြီး လူ့အခွင့်အရေး အပြည့်အဝရှိတဲ့နိုင်ငံတွေမှာတောင် အငြင်းပွားစရာဖြစ်နေတဲ့ လူမှုဆိုင်ရာ ပြဿနာကို လူ့အခွင့်အရေး ဘောင်ထဲထည့်သွင်းပြီး မြန်မာပြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစင်မြင့်မှာ ရောင်ပြန်တော်လွှတ်မိနေမှာ စိုးရိမ်တာရယ်၊ အမှောင်ထဲကနေနိုးထစ မျက်လုံးဝေသီ မသဲမကွဲဖြစ်နေတဲ့ ပြည်သူတွေ လူ့အခွင့်အရေးအပေါ် စည်းမဲ့ကမ်းမဲ့သဘောတွေ ထင်ဟတ်ပြီး မှားယွင်းနားလည်ကုန်မှာ စိုးရိမ်လို့ ဒီဆောင်းပါးနဲ့ လက်တို့လိုက်ရတာပါ။ 

အခြေခံအခွင့်အရေးကို ရအောင်ယူ 

မြန်မာနိုင်ငံလို လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့အရပ်မှာ ပိုမိုသိရှိနားလည်သူတွေက မိမိတို့ပြည်သူတွေအပေါ် စာနာဂရုဏာစိတ်၊ သန့်ရှင်းဖြောင့်မတ်စိတ်ထားဖို့ လိုပါတယ်။ မိမိရဲ့ဆန္ဒဇောနဲ့ အတ္တအစွဲတွေလျှော့ပေါ့ပြီး၊ မြန်မာ့လူမှုဘဝ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအပြင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စိတ်သဘောထား ရင့်ကျက်မှုတွေကို ပညာပေး၊ လမ်းညွှန်ပြဖို့ အရေးကြီးပါတယ်။ နိုင်ငံနဲ့ပြည်သူတွေ အတွေးမှန်၊ လမ်းမှန်ရောက်စေဖို့ မီဒီယာတွေရော၊ နိုင်ငံရေးသမားများ၊ တိုင်းပြု ပြည်ပြုပုဂ္ဂိုလ်များက ဦးဆောင်တဲ့အခါ ရိုးသားဖြောင့်မတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တခါတခါ မရှိတာထက်၊ မသိတာ ခက်တယ်ဆိုတဲ့အတိုင်း အသိနဲ့ သတိရှိဖို့က ကျနော်တို့လို ဒီမိုကရေစီလမ်းပေါ် ရုန်းထလျှောက်ခါစ တိုင်းပြည်မှာ အရေးကြီးလာတတ်ပါတယ်။ 


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ငွေဒင်္ဂါးရဲ့ ခေါင်းနဲ့ပန်းဖြစ်သလို တခုနဲ့တခု အပြန်အလှန်အားပြုနေတာပါ။ နယ်ပယ်လည်း ကျယ်ဝန်းပါတယ်။ လူ့အခွင့်အရေးမှာ အခြေခံကျပြီး မရှိမဖြစ်လိုအပ်နေတဲ့ တကမ္ဘာလုံး လက်ခံလိုက်နာရမယ့် အခွင့်အရေးမျိုးကို ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင် ပြဌာန်းထားပြီးဖြစ်ပါတယ်။ မြန်မာပြည်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ပညာပေးလှုံ့ဆော်မှုတွေရှိပါတယ်။ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ရဖို့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဘဝဖူလုံ မှုရှိဖို့ဟာ အခြေခံကျပါတယ်။ 

ဒီကနေ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ဖို့၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ရဖို့၊ လွတ်လပ်စွာ ကိုယ့်ဘိုးဘွား အိုးအိမ် မြေယာဆိုင်ခွင့်ရဖို့ဆိုတဲ့ အခြေခံအခွင့်အရေးကိုတောင် ချိုးဖောက်ခံနေရဆဲပါ။ ဒီအရာတွေထက် အရေးကြီးတာ ဘာရှိသေးလို့လဲ။ ဒီမိုကရေစီကို အသံပေးရုံသက်သက်မဟုတ်၊ လက်တွေ့ပြောင်းလဲနိုင်မှ ဂုဏ်သိက္ခာတက်ပြီး နိုင်ငံတကာက ယုံကြည်မှာဖြစ်တယ်။ 

စစ်အစိုးရ အရာရှိဟောင်းကြီးတွေ၊ ခရိုနီတွေက တရားနည်းလမ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ သူတို့ရယူပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေကို မဆုတ်ယုတ်လေအောင် ကြံစည် ကြိုးစားနေကြသလို အောက်ခြေ ဆင်းရဲသားပြည်သူတွေကလည်း သူတို့ရဲ့ အသက်အိုးအိမ်လုံခြုံမှုနဲ့ သူတို့ပိုင်ဆိုင်မှု၊ အခြေတည်ထားမှုတွေကို မဆုံးရှုံးအောင် ကာကွယ်စောင့်ရှောက်လိုတာ ဓမ္မတာပါပဲ။ တရားမျှတစွာနဲ့ ဟန်ချက်ညီတဲ့ ရှင်သန်ရပ်တည်မှုသာ အဓိက လိုအပ်နေတာပါ။ 

ဆွမ်းဆန်စိမ်းထဲက ကြွက်ချေး 

တချိန်ထဲမှာ လူ့အခွင့်အရေးဆိုင်ရာနဲ့ပတ်သက်ပြီး အများလက်ခံယုံကြည်စရာတွေနဲ့ အငြင်းပွားစရာအကြောင်းအရာတွေ၊ လူ့အဖွဲ့အစည်းက လက်မခံနိုင်စရာတွေပါ ကျွဲကူးရေပါဆိုသလို ကပ်ညှိတွယ်ပါနေတာကိုလည်း ပြည်သူတွေ သတိပြုမိဖို့ လိုပါတယ်။ ဥပမာ- အမျိုးသမီးဆိုင်ရာ အခွင့်အရေး၊ ဘာသာရေးဆိုင်ရာ အခွင့်အရေး၊ လွပ်လပ်စွာတွေးခေါ်မှုဆိုင်ရာ အခွင့်အရေး၊ လိင်တူဆက်ဆံမှုဆိုင်ရာ အခွင့်အရေးတွေ ဖြစ်တယ်။ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း မိမိတို့ စိတ်ထက်သန်ရာ၊ မိမိတို့ဝန်းကျင်နဲ့အဆင်ပြေရာ၊ မိမိတို့ ရည်မှန်းချက်ထားရှိရာ ပြဿနာတွေပေါ်အခြေခံပြီး လူ့အခွင့်အရေး လှုံ့ဆော်မှုတွေလုပ်တတ်ကြတာကို သတိပြုမိစေလိုပါတယ်။ 

တချို့အဖွဲ့အစည်းတွေက အဖိအနှိပ်ခံ ပြည်သူတွေ၊ အခြေခံလူ့အခွင့်အရေး ကင်းမဲ့နေမှုအပေါ် ရပ်တည်လှုပ်ရှားကြတယ်။ တချို့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး၊ တချို့က အမျိုးသမီးအခွင့်အရေး၊ တချို့က ဘာသာရေး၊ တချို့က လိင်တူဆက်ဆံရေး အခွင့်အရေးတို့ဖြစ်တယ်။ လိင်တူဆက်ဆံရေး အခွင့်အရေး လှုပ်ရှားသူတွေကလည်း လူ့အခွင့်အရေးဆိုတဲ့ ဒိုင်းလွှားကို အကာအကွယ်ယူပြီး သူတို့ရဲ့ အန္နိမရည်မှန်းချက်ရောက်အောင် လှုပ်ရှားတတ်တာကို နိုင်ငံတကာမှာ တွေ့ရတတ်တယ်။ 

မြန်မာပြည်လို လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကိုတောင် အနှစ် ၅၀ ကျော်ကြာ ကျယ်ကျယ် မပြောရဲတဲ့နိုင်ငံမှာ တခါတလေ အခုလို အငြင်းပွားစရာပြဿနာတွေကို နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက အခွင့်အရေးလက်နက်သဖွယ် အသုံးပြုတတ်တာတွေလည်း ရှိပါတယ်။ တချိန်က ပြည်ပဒီမိုကရေစီတော်လှန်ရေးထဲမှာ အဓိကဖြစ်တဲ့ ဘုံရန်သူ ပြုတ်ကျရေးကို ဘက်ပေါင်းစုံက အင်တိုက်အားတိုက် စုစည်းဆောင်ရွက်ဖို့ မူအားဖြင့် သဘောတူလက်ခံပေမယ့် လက်တွေ့မှာတော့ NGO အဖွဲ့အစည်းတွေရဲ့ ငွေကြေးအထောက်အပံ့နဲ့ စိတ်ဝင်စားမှုကိုရနိုင်တဲ့ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးခေါင်းစဉ်အောက်က လှုပ်ရှားမှုတွေကို ပိုမိုဦးစားပေးခဲ့ကြတယ်။ 

အဲဒီထဲမှာ လိင်တူချစ်သူများ အခွင့်အရေးလည်း ပါတယ်။ လူ့အခွင့်အရေးနဲ့ လိင်တူဆက်ဆံရေး အရေးအရာက ရောထွေးနေတယ်။ ပြည်ပမှာ လွတ်လွတ်လပ်လပ် ဟော့ဟော့ရမ်းရမ်း နေထိုင်လှုပ်ရှားခဲ့သူတွေ၊ လိင်ဖောက်ပြန်မှုတွေ လွန်လွန်ကဲကဲလုပ်ခဲ့တဲ့ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေက လိင်တူလက်ထပ်ခွင့် တရားဝင်ဖြစ်လာရေးနဲ့ လိင်တူချစ်သူများ အဖွဲ့အစည်းတွေကို မြှောက်ပင့်အားပေး လုပ်ကိုင်နေကြတာလည်း ရှိပါတယ်။ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာဆိုသလို ကိုယ်ကျင့်သီလ မလုံခြုံသူတွေက မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ကပြအသုံးတော်ခံနေကြတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ဒါမျိုးကြီးလားဟလို့ လူ့အခွင့်အရေးကို မျက်စိစပါးမွှေးစူးနေတဲ့ မလိုသူတွေကို ဝေဖန်စရာ အကွက်ထွင်ပေးသလိုဖြစ်နေပါတယ်။ 

လူ့အခွင့်အရေးအကြောင်းပြုပြီး မိမိတို့သန်ရာသန်ရာ အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေး၊ လိင်တူချစ်သူများ လက်ထပ်ပေါင်းသင်းမှု တရားဝင် အသိအမှတ်ပြုရေးတွေကို ရှေ့တမ်းတင်ပြီး လူ့အခွင့်အရေးကို ကဖျက်ယဖျက် လုပ်ခဲ့ကြတယ်။ လူ့အခွင့်အရေးတောင်းဆိုမှု ဆိုင်းဘုတ်တပ်ပြီး လိင်တူချစ်သူ နတ်ကန္နားပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ကြတယ်။ 

လက်ငင်းလိုအပ်တဲ့ အခွင့်အရေး 

ကျနော်တို့ပြည်သူအများစုက အမှန်တကယ်လိုအပ်ပြီး လက်တွေ့ကျတဲ့ အခြေခံအခွင့်အရေးတွေကို တက်ညီလက်ညီ ဖော်ထုတ် အကောင်အထည်ဖော်ကြဖို့က အဓိကကျပါတယ်။ ဒါမှလည်း တိုင်းပြည်နဲ့ ပြည်သူတွေဘဝ လုံခြုံပြီး ဂုဏ်သိက္ခာမြင့်မားမှာ ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့တိုင်းပြည်မှာ အလုပ်သမား လယ်သမားတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားပြည်သူတွေနဲ့ တပ်မတော်သားလေးတွေကအစ ကျေးငှက်တိရိစ္ဆာန်လေးတွေအဆုံး အကာအကွယ်မဲ့နေကြတာပါ။ သူတို့အတွက် ဦးစားပေးပြီး အရှိန်မြှင့်ဆောင်ရွက်ရမယ့်အချိန်ဖြစ်သလို ဒီမိုကရေစီနဲ့ လူ့အခြေခံအခွင့်အရေး စံချိန်မမီတဲ့၊ တပြည်လုံးကို စစ်အာဏာရှင် သံကွန်ခြာထဲပုံစံခွက်တမျိုးနဲ့ ထည့်ထားမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကို အမြန်ဖျက်သိမ်းပြင်ဆင်ဖို့ ဆောင်ရွက်ရမယ့်အချိန်လည်း ဖြစ်တယ်။ 

လိင်တူချင်း လက်ထပ်ပေါင်းသင်းမှု အငြင်းပွားမှု 

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် အသားကျနေတဲ့နိုင်ငံတွေမှာတောင် လိင်တူချင်း ထိမ်းမြားလက်ထပ်မှုအပေါ် ဥပဒေပြဌာန်းသဘောတူတာကို အကြီးအကျယ် ကန့်ကွက်ရှုတ်ချနေတုန်းရှိပါတယ်။ အထူးသဖြင့် ဘာသာရေး ယုံကြည်ချက်ရှိသူတွေနဲ့ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံက ဒီကိစ္စကို ခါးခါးသီးသီး ဆန့်ကျင်ပါတယ်။ လိင်တူချင်း လက်ထပ်ပေါင်းသင်းမှုကို ဘယ်ဘာသာရေးကမှ လက်မခံပါဘူး။ ဒါကို လူ့အခွင့်အရေး တန်ဖိုးထားတယ်လို့လည်း ထူးထူးကဲကဲ ဂုဏ်ယူဝမ်းမြောက်မနေကြပါဘူး။ လူ့အဖွဲ့အစည်းက လက်သင့်မခံထိုက်တဲ့ကိစ္စလို့သာ အငြင်းပွားနေတုန်းပါ။ 

ကမ္ဘာပေါ်မှာ ပထမဆုံး လိင်တူချင်းထိမ်းမြားလက်ထပ်ခွင့်ကို အသိအမှတ်ပြုတာကလည်း ၁၃ နှစ်သက်တမ်းပဲ ရှိသေးတယ်။ နယ်သာလန်နိုင်ငံ (၂၀၀၁ ဧပြီလ ၁)မှာ စခဲ့တာပါ။ လိင်တူချင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့်ရတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပါတယ်။ အမေရိကန်နဲ့ မက္ကစီကို အပါအဝင် ၁၃ နိုင်ငံက ဥပဒေ အကန့်အသတ်တွေထားပြီး ခွင့်ပြုတယ်။ အမေရိကန်ပြည်နယ်တချို့က လုံးဝခွင့်မပြုဘူး။ မနှစ်ကမှ ပြင်သစ်နဲ့ဘရာဇီးမှာ သဘောတူလိုက်တယ်။ ဒါတောင် လူပေါင်း ထောင်နဲ့ သောင်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့တယ်။ အာရှနိုင်ငံတွေမှာတော့ တနိုင်ငံမှ ဒီလို ခွင့်ပြုတာ မရှိဘူး။ မြန်မာနိုင်ငံမှာလည်း ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့တားမြစ်ထားသလို ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစပ်ရှက်မှုကို ဖောက်ဖျက်ကျူးလွန်ရင်(ကျား ဖြစ်စေ၊ မ ဖြစ်စေ) တသက်တကျွန်း(သို့မဟုတ်) ၁၀ နှစ်အထိဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ အပြစ်ပေးနိုင်တယ်။ အနိမ့်ဆုံးအဆင့် ငွေဒဏ်ချမှတ်တယ်။

မြန်မာပြည်မှာ လိင်တူချင်းတွဲတာ၊ ချစ်တာ၊ တိတ်တိတ်ပုန်း လက်ထပ်ကြတာ နှစ်ပေါင်းများစွာကတည်းက ရှိနေတာပါ။ မထင်မပေါ်ဖြစ်နေတာမို့ လူတွေက နားလည်မှုပေးကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှနိုင်ငံမှာလည်း လိင်တူချင်း အတူတကွ ပေါင်းသင်းနေထိုင်တာတွေ ရှိပါတယ်။ ဒါဟာ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာမို့ ကျန်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ လူ့အဖွဲ့အစည်းက နားလည်စာနာမှုထားပြီး ဥပက္ခောပြုထားကြတာပါ။ 

သူ့အလိုကို ထိပ်ပေါ်မတင်နဲ့ 

လိင်တူစုံမက်ခြင်းဟာ ပုံမှန်သဘာဝနဲ့ သွေဖယ်ပြီး ခန္ဓာကိုယ်က ဟိုမုန်း ဖောက်လွဲဖောက်ပြန်မှုကြောင့်ဖြစ်စေ၊ လိင်စိတ်လွန်ကဲမှုအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအရဖြစ်စေ၊ အဲဒီအချက်တွေပေါင်းစည်းမိပြီး ဖြစ်စေပေါ်ပေါက်တဲ့ အသေးစား စိတ်ဝေဒနာတရပ်လို့ မှတ်သားဖူးပါတယ်။ ဘာသာတရားသမားတချို့က ဝဋ်နာကံနာလို့ သတ်မှတ်ကြပါတယ်။ ဒါက လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းဆဲ အနိုင်ကျင့်တာမျိုးမို့၊ ခွဲခြားနှိမ့်ချတာမျိုးမို့ မဖြစ်သင့်ဘူး။ တဖက်သား စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ချိုးချိုးဖဲ့ဖဲ့မဆိုမိအောင် သတိထားဖို့လိုပါတယ်။ မိမိတို့ငယ်စဉ်က မိန်းမချာ ဂန်ဒူး၊ အခြောက်၊ မတ်... လို့ နှိမ့်ချခေါ်ဝေါ်မှုတွေရှိပါတယ်။ အင်မတန်မှားယွင်းတဲ့ လုပ်ရပ်ပါ။ လူလူချင်းခွဲခြားမှု၊ နှိမ့်ချမှု၊ လူ့ဂုဏ်သိက္ခာကို စော်ကားမှု ဖြစ်လို့ တဖက်သားအပေါ် နှိမ့်ချတဲ့အသုံးအနှုံးမျိုး သတိလက်လွတ်နဲ့ ထွက်မသွားအောင် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ 

ဒါဟာ လူ့အခွင့်အရေးနဲ့ လူတဦးတယောက်စီရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုမှု၊ လေးစားတန်ဖိုးထားမှုသာ ဖြစ်တယ်။ သူတို့ရဲ့အားသာမှုတွေ၊ ကျွမ်းကျင်လိမ္မာမှုတွေလည်းရှိတာမို့ အားပေးမြှင့်တင် တွဲခေါ်ယူရမှာ ဖြစ်ပါတယ်။ သူတို့တတွေဟာ ဆံပင်မိတ်ကပ် အလှဖန်တီးရာမှာ၊ ဖက်ရှင်ဒီဇိုင်း ဖန်တီးရာမှာဖြစ်စေ၊ အနုပညာလုပ်ငန်းတွေ အပါအဝင်တခြား ပညာရပ်တွေမှာဖြစ်စေ ထူးချွန်ကြပါတယ်။ မြန်မာပြည်မှာလည်း သူတို့အတွက် နေရာရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ လူအခွင့်အရေး စံချိန်မမီသလို အခွင့်အလမ်းနည်းပါးတဲ့ နိုင်ငံမှာ သူတို့အလိုချည်း ဖွင့်ပေးလို့မရပါ။ လူ့အခွင့်အရေးကို အကာအကွယ်ယူပြီး ဂေးအခွင့်အရေးကို ထိတ်ပေါ်တင်တဲ့အခါ လူမှုပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ယခုဆောင်းပါးရေးနေချိန်မှာပဲ တနင်္ဂနွေနေ့က ရန်ကုန်မှာလိင်တူချင်းပေါင်းသင်းပြီး ၁၀ နှစ်ပြည့်မြောက်မှုကို မင်္ဂလာအခါတော်အဖြစ် ဖက်ရှင်ထွင်ကျင်းပသူတွေကို သက်ဆိုင်ရာ ရဲဌာနက ပုဒ်မ ၃၇၇ နဲ့ အရေးယူအပြစ်ပေးဖို့ ပြင်နေပါပြီ။ နောက်ဆုံးတော့ အများစိတ်မကောင်းစရာ သတင်းနဲ့သာ အဆုံးသပ်ရပါတယ်။ 

ဆုတ်ကပ်ကမ္ဘာ ရောက်နေပြီလား 

ဘာသာတရားများရဲ့အဆုံးအမမှာ နောက်ဆုံးသောကာလ ဆုတ်ကပ်ကမ္ဘာ ရောက်လာချိန်ဆိုတာ ရှိပါတယ်။ လူသားတွေရဲ့ အကုသိုလ်နဲ့ အပြစ်တရားတွေ ကျူးလွန်တာများလွန်းလို့ တိုင်းနိုင်ငံနဲ့ လူသားအချင်းချင်း ပဋိပက္ခတွေ စစ်မက်တွေနဲ့ သွေးချောင်းစီးမှုတွေ ဖြစ်လာသလို သဘာဝပတ်ဝန်းကျင်လောကကြီးရဲ့ ဟေဂစနစ်တွေ ပျက်ယွင်းပြီး ကမ္ဘာမြေ ပျက်စီးသွားချိန်ဖြစ်ပါတယ်။ သဘာဝတရားနဲ့ သွေဖီဆန့်ကျင်လာပြီဆိုရင် အဲဒီသဘာဝတရားကြီးရဲ့ အပြစ်ဒဏ်ကို သဘာဝကျကျ ခံစားရမှာဖြစ်တယ်။ ကျနော်တို့ငယ်စဉ်က လူကြီးတွေ ဆုံးမလေ့ရှိတဲ့ စကားတခွန်းကို သတိရမိတယ်။ “ဆုတ်ကပ် ကမ္ဘာထဲရောက်လာပြီဆို လူတွေဟာ ဟီရိသြတ္တပ္ပတရားတွေနဲ့အညီ မကျင့်ကြံတော့ဘူး” ဆိုတာပါ။ မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အရှက်အကြောက်တရားလို့ခေါ်တဲ့ ဟီရိသြတ္တပ္ပတရားတွေ တနေ့တခြား ပျက်ပြားနေတာကို မြင်ရ ကြားရပါတယ်။ ရှက်ရမယ့်အရာကိုမရှက်တော့ဘဲ မရှက်သင့်တာတွေ ရှက်နေတယ်။ ကြောက်သင့်တဲ့အရာတွေမကြောက်ဘဲ မကြောက်ရမှာတွေကို ကြောက်လန့်နေကြတယ်။ လုပ်ဆောင်ရမယ့်အရာတွေ မလုပ်ဘဲ မလုပ်ဆောင်သင့်တာ လုပ်နေကြတယ်။ အရေးယူသင့်တာအရေးမယူဘဲ အရေးမယူသင့်တာတွေ အရေးယူနေကြတယ်။ ဒါဟာ စနစ်တကျ မှားယွင်းနေမှုသက်သက်ဖြစ်တယ်။ မှားယွင်းလွဲမှားမှုတွေကို သတ္တိရှိရှိ ပြင်ဆင်ဖို့ လိုပါတယ်။ အမှားပြင်ရာမှာ စိုးရိမ်ကြောက်ရွံစရာမလိုပါ။ အမှားပြင်လို့ ဂုဏ်သိက္ခာမဲ့တယ်ဆိုတာ ရှိပါ။ 

လူ့အခွင့်အရေးကို ခုတုံးမလုပ်ကြနဲ့... 

တကယ်တော့ လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံရေး မဟုတ်ပါ။ ဘယ်မိဘမှ မိမိရင်သွေးသားယောက်ျားကို ယောက်ျားချင်း လက်ထပ်ပေါင်းသင်းပေးဖို့ အလိုမရှိပါ။ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို မျက်ကွယ်ပြုပြီး လူငယ်တွေကို မြှောက်ပင့် သွေးထိုး အားပေးနေတာဟာ ရှက်ဖွယ်လိလိပါ။ အကုသိုလ်လည်းကြီးပါတယ်။ မိမိတို့လူအဖွဲ့အစည်းက လိုက်လျှောနိုင်သလောက်၊ စာနာနားလည်နိုင်သလောက် မသိကျိုးကျွံပြု ဥပက္ခောထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထင်ထင်ပေါ်ပေါ် အခွင့်အရေးယူလာရင် လူ့အဖွဲ့အစည်းကြီးက လက်ခံမှာမဟုတ်ပါဘူး။ ပြည်သူတွေစိတ်ထဲ လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံခွင့် လိုင်စင်ရအောင် လုပ်တာပါကွာ...လို့ စိတ်ပျက်ညီးတွားသံတွေလည်း ဘယ်သူမှကြားချင်မှာ မဟုတ်ပါဘူး...။ 

ဒီနေ့ကာလလို ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်ချိုးဖောက်မှုတွေ ပွက်ပွက်ညံနေချိန် ၊ အခြေခံဥပဒေပြင်ရေးဆင်ရေးဆွဲရေး အပါအဝင် လယ်သမားအခွင့်အရေးချိုးဖောက်မှုနဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်နေချိန်မှာ တဖက်မှာလည်း မျိုးစောင့်ဥပဒေဆိုပြီး လွှတ်တော်ထဲအထိ ပေါက်ကွဲနိုင်တဲ့မိုင်းဗုံးတွေ ထောင်ထားပါတယ်။ တဖက်မှာလည်း ယခင်က စစ်အာဏာရှင်တပိုင်း အာဏာလက်မလွှတ်ချင်သူတွေဘက်က အမျိုးမျိုး အာရုံလွှဲဟန့်တားမှုတွေနဲ့ ချေဖျက်နေချိန် လမ်းကြောင်း မလွဲစေလိုပါ။ ဒါကြောင့် မဝေးတော့တဲ့ ဒီမိုကရေစီပန်းတိုင်ကို စိတ်စေတနာမှန်မှန်၊ ဉာဏ်မျက်စေ့ ကျယ်ကျယ်ထားပြီး သတိဝီရိယနဲ့ လှမ်းကြပါစို့..။ ။ 

ကိုညို (အော်စလို) 
၎ မတ်၊ ၁၀၁၄ 

 

No comments: