အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အဖွဲ့အစည်း အသင်းအပင်းတွေ တစထက်တစ တိုးတက်များပြားလာနေတာ တွေ့ရပါတယ်။ ဘာသာရေး လူမှုရေးဆောင်ရွက်တဲ့ အသင်းအပင်းတွေ၊ ပညာရေး ကျန်းမာရေးကိစ္စများအတွက် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ စသဖြင့် အမျိုးအစား စုံလင်လှပါတယ်။
ဒါ့အပြင် အလုပ်သမား လယ်သမား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းများလည်း ရှိပါသေးတယ်။ အမျိုးသမီးအခွင့်အရေး ကလေးသူငယ်အခွင့်အရေး စတာတွေအတွက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများလည်း အတော်လေး များပြားလာတာ တွေ့ရပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ နိုင်ငံတော် အာဏာရယူဖို့ ရွေးကောက်ပွဲအောင်နိုင်ဖို့ စတာမျိုးတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီလို အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းမျိုးတွေကို နိုင်ငံတကာမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်း များဆိုပြီး ယေဘုယျအားဖြင့် သတ်မှတ် ခေါ်ဆိုကြပါတယ်။
နိုင်ငံတခုရဲ့ လူအဖွဲ့အစည်းတခုအတွင်းမှာ အခုလို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ တိုးတက်များပြားလာတာဟာ ကောင်းတဲ့လက္ခဏာလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ထွန်းကားအောင် လူ့အဖွဲ့အစည်း ပွင့်လင်းလာအောင် ဆောင်ရွက်တဲ့နေရာမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍဟာ မရှိမဖြစ် အရေးကြီးတယ်လို့ ပညာရှင်များ ကျွမ်းကျင်သူများက ပြောဆိုထောက်ပြပါတယ်။ တခါ တည်ရှိလာတဲ့ ဒီမိုကရေစီ ခိုင်မာသထက် ခိုင်မာလာအောင်အတွက် ဆောင်ရွက်ရာမှာလည်း လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနဲ့ မိတ်ဖက်လို့ ဆိုနိုင်ပါတယ်။
လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် နယ်ပယ်အလိုက် လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပြည်တွင်း ပြည်ပ အလှူရှင်များရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အလုပ်လုပ်ရပါတယ်။ တချို့သော အရေအတွက်နည်းပါးတဲ့ လူထုအခြေပြုအဖွဲ့များကတော့ ပြည်တွင်းပြည်ပ ဘယ်သူ့ငွေကိုမှမယူဘဲ ကိုယ်ထူကိုယ်ထ တနိုင်တပိုင် လုပ်ကိုင်ဆောင်ရွက်တာမျိုးလည်း ရှိပါတယ်။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ ငွေကြေးအမြတ် အစွန်းအတွက် အလုပ်လုပ်တဲ့ စီးပွားရေးကုမ္ပဏီတွေလို အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။ အမြတ်အစွန်းအတွက် အလုပ်လုပ်တဲ့ အဖွဲ့အစည်းမျိုးမဟုတ်ပေမယ့် နေ့စဉ်လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့အတွက် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ၊ လုပ်သားတွေကို ထိုက်တန်တဲ့ လုပ်အားခတော့ ပေးရပါတယ်။ တခါ ဝင်လာတဲ့ အလှူငွေတွေကို လုပ်ငန်းကိုင်ငန်းတွေအတွက် စီမံခန့်ခွဲရပါတယ်။
အဖွဲ့အစည်းရယ်လို့ဖြစ်လာတဲ့အခါမှာ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုလာပါတယ်။ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့အခါမျိုး၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့ကိစ္စမျိုး စတာတွေနဲ့ပတ်သက်လာရင် အဖွဲ့အစည်းအတွင်းမှာ ပထမဆုံး ထင်သာမြင်သာရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အဖွဲ့အစည်းကို ဦးဆောင်တဲ့ ခေါင်းဆောင် တဦးနှစ်ဦးပဲသိပြီး အဖွဲ့အစည်းအတွင်းက အဖွဲ့ဝင်လုပ်သားတွေအနေနဲ့ သိရှိခွင့်မရဘူးဆိုရင် ဒီလိုအခြေအနေမျိုးဟာ မှားနေပြီလို့ပြောရမှာ ဖြစ်ပါတယ်။ သဘောကတော့ အဖွဲ့အစည်းအတွင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်သလို တချိန်ထဲမှာလည်း တာဝန်ယူမှု တာဝန်ခံမှု အားကောင်းဖို့လည်း လိုအပ်ပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ပထမဆုံးပြောရမယ့်ကိစ္စကတော့ ဘဏ္ဍာငွေကြေးကိစ္စပဲ ဖြစ်ပါတယ်။ မိမိအဖွဲ့အစည်းကို လည်ပတ်ဖို့အတွက် ငွေကြေးအရ ထောက်ပံ့လှူဒါန်းနေတဲ့ အလှူရှင်တွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာ အားလုံး သိရှိထားဖို့ လိုပါတယ်။ ပြည်တွင်းအလှူရှင်က ဘယ်လောက် ပြည်ပအလှူရှင်က ဘယ်ရွှေ့ဘယ်မျှ လှူဒါန်းတယ်ဆိုတာလည်း အဖွဲ့အစည်းဝင်အားလုံး သိထားဖို့လိုပါတယ်။ ပြည်ပအလှူရှင်လို့ဆိုတဲ့နေရာမှာ နိုင်ငံခြားအစိုးရတခုခုက တိုက်ရိုက် လှူဒါန်းတာမျိုး၊ နိုင်ငံခြားအခြေစိုက် အဖွဲ့အစည်း အသင်းအပင်းတခုခုက လှူဒါန်းတာမျိုး၊ နိုင်ငံခြားအခြေစိုက် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေက လှူဒါန်းတာမျိုး စတာတွေ အားလုံး အကြုံးဝင်ပါတယ်။ ဒါတွေအားလုံးကို မိမိ အဖွဲ့အစည်းဝင် လုပ်သားများ အားလုံးကို ရှင်းရှင်းလင်းလင်း သိထားစေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက နှစ်စဉ် သို့မဟုတ် ကာလအပိုင်းအခြားအလိုက် လက်ခံရရှိတဲ့ အလှူငွေဟာ ဘယ်လောက်ရှိတယ်ဆိုတာကို အားလုံးသိရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ လုပ်ရင်းကိုင်ရင်း အဖွဲ့အစည်းဟာ ကြီးမားကျယ်ပြန့်လာတဲ့အခါမျိုးမှာ အဖွဲ့အစည်းဝင်တွေအကြား ငွေကြေးအရ လုပ်ငန်းအရ ပွင့်လင်းပြီး ထင်သာမြင်သာရှိဖို့ အလွန်အရေးကြီးပါတယ်။ ဥပမာတခုအနေနဲ့ တင်ပြရမယ်ဆိုရင် တနှစ်ကို ပြည်တွင်း ပြည်ပ အလှူရှင်တွေဆီက ငွေဘယ်လောက် ရရှိတယ်ဆိုတာ အတိအကျ စာရင်းဇယားနဲ့ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဖွဲ့အစည်း ခေါင်းဆောင်အဆင့်ဆင့်ကနေ လုပ်သားများ တဦးချင်းစီရဲ့ လစာ သို့မဟုတ် လခ သို့မဟုတ် ဝန်ဆောင်မှုကုန်ကျစရိတ်ဟာ ဘယ်လောက်ဆိုတာကို အတိအကျ အဖွဲ့အစည်းဝင်တွေသိရှိဖို့ လိုပါတယ်။ ဝင်လာတဲ့ ငွေကြေးတွေကို ဘယ်လုပ်ငန်းမှာ ဘယ်လိုပမာဏနဲ့ အသုံးပြုတယ်ဆိုတာမျိုးတွေကိုလည်း ထုတ်ပြန်ပေးဖို့ လိုပါတယ်။ လွယ်လွယ်နဲ့ မြင်သာအောင် ပြောရရင် အဖွဲ့အစည်းအတွင်း ငွေစာရင်းရှင်းတမ်းလို့ ပြောနိုင်ပါတယ်။
နောက်တချက်ကတော့ မိမိအဖွဲ့အစည်းရဲ့ အရွယ်ပမာဏ အကြီးသေးနဲ့ အလှူဝင်ငွေကိုနှိုင်းချိန်ပြီးမှ လိုအပ်တဲ့ အတိုင်းအတာနဲ့ လိုက်လျောညီထွေ ရုံးဖွင့်တာ၊ ရုံးနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကိရိယာများ ဝယ်ယူတပ်ဆင်တာ လုပ်ရပါတယ်။ မလိုအပ်ဘဲနဲ့ ရုံးခန်းကြီးကို ဟိန်းနေအောင်ဖွင့်ထားမျိုးကို မလုပ်ဖို့ဆိုလိုတာ ဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ အမှန်တကယ်လိုအပ်လို့ ရုံးအဆောက်အဦ ကြီးကြီးမားမား ရှိနေတာမျိုးကို မဆိုလိုပါ။ အဖွဲ့အစည်းအတွင်း လုပ်သားများကို ခန့်ထားရာမှာလည်း စနစ်ကျဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ ကိုယ်နဲ့နီးစပ်လို့ အလုပ်ခန့်တာမျိုး မဖြစ်စေရဘဲ အရည်အသွေး အရည်အချင်းအရ အလုပ်ခန့်ထားတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းအတွင်း မိမိနဲ့ တနည်းမဟုတ်တနည်း ဆွေမျိုးတော်စပ်သူ သို့မဟုတ် ဇနီး ခင်ပွန်း စတာတွေကို အလုပ်ခန့်ထားတာမျိုး အထူးရှောင်ရှားဖို့ လိုပါတယ်။
နောက်တချက်ကတော့ အဖွဲ့အစည်းတွင်းဖြစ်တတ်တဲ့ ငွေရေးကြေးရေး မဟုတ်တဲ့ ပြဿနာမျိုးတွေပါ။ ဥပမာအားဖြင့် ဘယ်သူ့ကိုတော့ လက်တော့ ကွန်ပြူတာဝယ်ပေးတယ်၊ ဘယ်သူကိုတော့ မြို့ပေါ်က သက်သာတဲ့အလုပ်မျိုးခိုင်းပြီး ဘယ်သူကတော့ နယ်မှာပဲဆင်းပြီး လုပ်နေရတယ်။ နိုင်ငံခြားခရီးစဉ်ရှိတဲ့အခါမျိုးမှာ ဘယ်သူတွေကိုပဲ လွှတ်တယ်၊ ဘယ်သူတွေကိုတော့ သွားခွင့်မပြုဘူး။ နိုင်ငံခြားမှာ ရက်တို သင်တန်းမျိုးတွေရှိတဲ့အခါမှာလည်း သူတို့ချည်းပဲ သွားတက်တယ်၊ ဘယ်သူတွေကဖြင့် တခေါက်မှ မသွားရသေးဘူး အစရှိတဲ့ကိစ္စမျိုးတွေကိုလည်း ကြုံရလေ့ ရှိပါတယ်။ အဲဒါအပြင် အတွေးအမြင် အယူအဆတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်။ အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုအယူအဆရှိတဲ့သူတွေကိုတော့ ဦးစားပေးတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဖက် အယူအဆရှိသူတွေကိုတော့ ချောင်ထိုးထားတယ်ဆိုတဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေဖြစ်မလာအောင် ရှောင်ရှားဖို့ လိုပါတယ်။
အဂတိလိုက်စားတယ်၊ လာဘ်ပေးလာဘ်ယူ ရှိနေတယ်ဆိုတာ အစိုးရဌာနများအတွင်းမှာသာ ရှိတာမဟုတ်ပါဘူး။ ရံဖန်ရံခါ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအတွင်းမှာလည်း သူ့အထွာနဲ့သူ ရှိနေတတ်ပါတယ်။ အကယ်၍ တိုင်းပြည်တပြည်မှာ အစိုးရဌာနတွေအတွင်းမှာလည်း ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေက ကြီးမား၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများအတွင်းမှာလည်း အထူးသဖြင့် ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိကြဘူးဆိုရင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ ဝေးနေဦးမှာဖြစ်တယ်လို့ ထောက်ပြလိုပါတယ်။
ဒီဘက်ခေတ်မှာတော့ အင်တာနက် နည်းပညာက တိုးတက်လာတာကြောင့် တချို့သော အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းပိုင် ဝက်ဘ်ဆိုဒ်တွေ ဖွင့်လှစ်လာပါတယ်။ အဲဒီ ဝက်ဆိုဒ်တွေကိုသွားကြည့်လိုက်တာနဲ့ အဲဒီ အဖွဲ့အစည်းဟာ ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်လို လုပ်ကိုင်တယ်၊ ခေါင်းဆောင်သူများ တာဝန်ရှိသူများ လုပ်သားများ စတာတွေကို အစီအစဉ်အလိုက် ဖော်ပြထားပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အလှူငွေတွေကို ဘယ်သူ ဘယ်ဝါက ဘယ်လောက်ပမာဏ လှူဒါန်းတယ်ဆိုတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပအလှူရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုလည်း အတိအလင်း ဖော်ပြထားပါတယ်။ အဲသလို ဝက်ဆိုဒ်မှာ ရှင်းရှင်းလင်းလင်း တင်ပြထားတဲ့အတွက် အဖွဲ့ဝင်တွေသာမက စိတ်ဝင်စားသူ ပြည်သူတွေလည်း လေ့လာဖတ်ရှု သိရှိနိုင်ပါတယ်။
ကျနော်တို့မြန်မာနိုင်ငံအတွင်းက လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအတွင်းမှာတော့ အဲသလို ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး မိမိလုပ်ငန်း အခြေအနေကို အသေးစိတ်တင်ပြထားတာမျိုး သိပ်မတွေ့ရသေးပါဖူး။ နည်းနေပါသေးတယ်။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင်တွန်းအားပေးတဲ့ အလုပ်မျိုးတွေကို လုပ်တယ်လို့ ဆိုထားပြီးပါပြီ။ ဒီမိုကရေစီဟာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ မတိုးတက်နိုင်ပါ။ မြန်မာပြည်ရဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ ပိုမိုတိုးတက်ပြီး ပွင့်လင်းမြင်သာမှု ရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း။ ။
ဇော်မင်း
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment