ရွှေပြည်ကြီးမှာ မနက်ဖန် မတ် ၃၀ ကနေစပြီး ဧပြီ ၁၀ ရက်ထိ သန်းခေါင်စာရင်း ကောက်တော့မယ် တဲ့။ ကောင်းတာပေါ့။ ကုလသမဂ္ဂသတ်မှတ်ချက်အရ နိုင်ငံတနိုင်ငံအတွက်က ၁၀ နှစ် တကြိမ်လောက် ကောက်သင့်သတဲ့။ ရွှေပြည်ကြီးမှာတော့ ၁၉၈၃ က နောက်ဆုံးကောက်ခဲ့တာဆိုတော့ အနှစ် ၃၀ ကျော်ကြာမှ တခါပေါ့။
Census
A census is the procedure of systematically acquiring and recording information about the members of a given population. It is a regularly occurring and official count of a particular population.[1] The term is used mostly in connection with national population and housing censuses; other common censuses include agriculture, business, and traffic censuses. The United Nations defines the essential features of population and housing censuses as "individual enumeration, universality within a defined territory, simultaneity and defined periodicity", and recommends that population censuses be taken at least every 10 years.
ကျနော်တို့ ရွှေပြည်လေးမှာနေတဲ့ ရွှေနိုင်ငံသားတွေကြားမှာတော့ ဒီကိစ္စအတွက် အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြတယ်။
လူကိုယ်တိုင်သွားမှ ရမတဲ့...။
မပုတင် လုပ်တုန်းကလို ဓာတ်ပုံ ၃ ပုံကို ရေလောင်းလွှတ်လိုက်လို့ မရဘူးတဲ့...။
ဟဲ့ မပုတင်မရှိတဲ့သူ ဘယ်လိုလုပ်မလဲ...။
စိတ်ညစ်ပါတယ်... ငါ့မှာ အစိမ်း ၃ ခေါက်ချိုးတခု၊ ပန်းရောင်၂ ခုရှိတယ်ဟဲ့... ဘာနဲ့လုပ်ရမလဲ...။
ဟဲ့ ... နင့်အငယ် ၂ ကောင် ခေါ်သွားလို့ ဖြစ်ပါ့မလား... သူတို့က ဒီမှာမွေးတာ မပုတင် မရှိဘူး... ဟုတ်...။
ဒုက္ခပါပဲ... ပတ်စပို့အသေးလည်း လဲရမယ်၊ ဝပ်ပါမစ်လည်း လဲရမယ်... သန်းကောင်စာရင်းလည်း ပြန်ထည့်ရဦးမယ်... ငွေအတော်ကုန်မယ်... အရေးထဲ သူဌေးက မခွဲနိုင်ဘူး (ခွင့်မပေးဘူး) ပြောနေတယ်...။
ပတ်စပို့သမားတွေနဲ့ ဝပ်ပါမစ်သမားတွေ ပြန်စရာမလိုဘူး... သံရုံးက ဒီမှာလာကောက်မှာတဲ့... စသဖြင့်ပေါ့လေ...။
ကျနော်ကိုလည်း ရပ်နီးရပ်ဝေး မိတ်ဆွေများက ဆီသည်မ လက်သုတ်ဖတ် အပ်ကြောင်းထပ် မေးခွန်းမေးကြတယ်၊ ရွာမပြန်ဘူးလားတဲ့...။
ဖိုး လ ပြ ည့်
၁၉၉၅-၉၆ ဝန်းကျင်ကာလများဆီတုန်းက တောင်ငူ၊ ပျဉ်းမနား (အခု နေပူတော်) အရှေ့ခြမ်း... ဥရုဝေလတောမှာ သတင်းသုံးစဉ်အခါတုန်းက... အောက်ကျင်း (မြေပြန့် ပဲခူးနဲ့ မန္တလေးတိုင်းအပိုင်နယ်များ) နဲ့ဆက်နေတဲ့ ရွာတရွာမှာ စောလားဘွယ် ဆိုတဲ့ ခင်မင်ရတဲ့ မိတ်ဆွေလေးတယောက်ရှိတယ်...။ အလွန်အားကိုးရတယ်...။ ခေတ်ပညာကလေးကလည်း ၁၀ တန်း ၃ ခါကျလောက်အထိ သင်ဘူးတယ်။ ရေဒီယို ပုံမှန်နားထောင်သလို စာကလေး ပေကလေးလည်း ဖတ်တယ်။ ဥပဓိကလည်း မဆိုးဘူး၊ တောရည်လည်သလို မြို့ရည်လည်း လည်တယ်။ ဆိုတော့ ပြောရရင် ပါဆင်လည်းရှိတယ်... နယ်လတီလည်းရှိတယ် ဆိုကြပါစို့ရဲ့။
သူတို့ရွာ... ဒါမှမဟုတ် ရွာနီးချုပ်စပ်ကို ကျနော်တို့တပ်ရောက်ကြောင်း သတင်းကြားရင် သူတာဝန်ရှိတဲ့ အချိန်ဖြစ်ဖြစ်၊ မရှိတဲ့အချိန်ဖြစ်ဖြစ် ပလိုင်းတလုံး၊ ဓားတချောင်းနဲ့ ချက်ခြင်းရောက်လာတတ်တယ်...။ လိုအပ်တာတွေ ဆားဗစ်စ်ပေးဖို့ ရယ်ဒီပဲ ...။ တပ်ထဲက ရဲဘော်အားလုံးနဲ့ ရင်းနှီးတယ်... ခင်တယ်...။ ကျနော့် ရုံးအဖွဲ့မှူးမှာတဲ့ တဖွဲ့လုံးအတွက် လိုအပ်သမျှ ထောက်ပို့ပစ္စည်းတွေရဖို့ စိတ်ချရသလို... တခါတလေ တချို့ရဲဘော်တွေ (တပ်မှူးတွေ) တယောက်ချင်း ကျိတ်မှာတတ်တဲ့ ပစ္စည်းလေးတွေကိုလည်း အန္တရာယ်လည်းမဖြစ်... လူကြီးတွေလည်း မရိပ်မိအာင် ပိပိရိရိ စီစဉ်ပေးတတ်တယ်...။ (တခါတလေ သိနေလည်း မသိချင်ယောင် ဆောင်ပေးရတာပေါ့လေ)
သူက တပတ် တစ်ခါ နှစ်ခါလောက် တောင်ငူ ဆင်းလေ့ရှိတယ်...။ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး... စသဖြင့် မြို့ကြီးတွေကို ဒူးရင်း၊ ဒညင်း၊ လိုင်ချီး၊ ကွမ်းသီး၊ ဖာလာ၊ ဘာညာ မကြာမကြာ တက်ရောင်းဘူးတော့ အိပ်စပို့ရှာလေးကလည်း အတော်အတန်ရှိတယ် ပြောရမယ်။ ဆိုပါတော့ လိုအပ်လို့ မြို့ပေါ်ကို ဆက်သားအဖြစ်သုံးချင်ရင် ယုံကြည်စိတ်ချစွာ သုံးလို့ရတယ်..။ ပိပိရိရိနဲ့ ရန်ကုန်... မြစ်ဝကျွန်းပေါ်ဘက်တွေအထိ အခေါက်ခေါက်အခါခါ ကျနော်တို့အတွက် အောင်အောင်မြင်မြင် အလုပ်လုပ်ပေးခဲ့ဖူးပါတယ်...။
တခြားသူတွေထက် အားသာချက်တခုက သူ့မှာ တရားဝင် (ထပ်ပြောဦးမယ် တရားဝင်) မပုတင် ၃ ယောက်... အဲ... အဲ... ၃ ခုရှိတယ်...။ တခုက တောင်ပေါ်က သူ့ရွာမှာလုပ်တာ... တခုက တောင်ငူ... နောက်တခုက လွိုင်ကော်...။ ကျနော်နဲ့ (အရပ်ဝတ်နဲ့ ရွာတွေမှာ တာဝန်ချပေးထားတဲ့) ကျနော်တို့ ရဲဘော် ၃ - ၄ ယောက်ကိုတောင် သူ့အဆက်အသွယ်နဲ့ မပုတင် ကိုယ်စီလုပ်ပေးထားသေးတယ်... (အစစ်နော်... အချက်အလက်ကတော့ ကိုယ့်ဟာကိုယ် ကြိုက်တာထည့်ပေါ့)။ အရပ်ဝတ်နဲ့သွားလာရင်း အခန့်မသင့်ရင် ရွာတွေထဲမှာ၊ လမ်းမှာ (ရန်သူ့) စစ်ကြောင်းတွေနဲ့တိုးရင် (လိုအပ်ရင်) သုံးဖို့...။ ကျနော့်အတွက်ကတော့ အဲဒီ မပုတင်အပြင် (-----) သာသနာပိုင်ဆီကနေ တရားဝင်ထုတ်ပေးထားတဲ့ (----) အသင်းတော် ကဒ်ပြားတောင် ရှိလိုက်သေး...။ လိုအပ်ရင်လည်း တရားဟော...၊ ကျမ်းစာလေး... ဘာလေးဖတ်...၊ ဆုတောင်းပေးတတ်အောင်တော့ ကိုယ့်ဟာကိုလုပ်ထားပေါ့လေ...။ [စကားစပ်မိလို့ပြောရရင် ရွာလေး ၁၀၀ - ၁၅၀ လောက်မှာ ဘာသာက အနည်းဆုံး ၅ မျိုး ကွဲသဗျ... နှစ်ခြင်းခရစ်ယန်၊ ရိုမန်ကက်သလစ်၊ အင်္ဂလီကန်၊ သားဦးကရင်ဗုဒ္ဓဘာသာ (ဗြမ္မစိုရ်အသင်း ... ဗုဒ္ဓဟူးအသင်း ... လို့လည်း ခေါ်ကြတယ်)နဲ့ ဗုဒ္ဓဘာသာ...။ နတ်စားရွာတွေနဲ့ ပေါင်းရင် ၆ မျိုးပေါ့ဗျာ...]
ဒေသထဲမှာ အရပ်ဝတ်နဲ့သွားရင်... ပလိုင်းတလုံးထဲမှာ... အောက်ဆုံးက အတိုတလက်နဲ့ မင်းဂွတ်သီး(သို့) ပန်းသီးတလုံး၊ နှစ်လုံး... အပေါ်မှာတော့ ပုဆိုး၊ မျက်နှာသုတ်ပုဝါသေးတထည်... နောက် ဓားတချောင်း... ရာသီပေါ် အသီးအနှံတချို့... ဒါမှမဟုတ် မုန့်ပဲသားရေစာ တထုပ်... နှစ်ထုပ်ပေါ့ဗျာ...။ အပေါ်ဆုံးမှာတော့ သမ္မာကျမ်းစာအုပ်ပေါ့ (ကိုယ်တော်ရှင် တပည့်တော်နဲ့အတူ ပါတော်မူပါပေါ့လေ)။ ဒါ အလယ်ပိုင်းဂွင်ရဲ့ အဲဒီခေတ်က အလန်းဆုံး ဖက်ရှင်ပဲ... ။
တခါသား... သူတို့ရွာနားက ရွာသူကြီးအိမ်မှာ ရွာနီးချုပ်စပ်က လူကြီးတွေနဲ့ စကားပြောနေတုန်း (ရန်သူ့) စစ်ကြောင်း ဝင်လာတာနဲ့ တိုးပါလေရော...။ တရွာလုံး... ကလေးက... ခွေးကအစ ကျနော်နဲ့ ကျနော့်လက်စွဲတော် ရဲဘော် (ရွှေဘ) ဘယ်သူ ဘယ်ဝါဆိုတာ ကောင်းကောင်း သိပေသပေါ့...။ ဒါပေမယ့် ဆယ်စုနှစ် ၅ စုနီးပါး (အဲဒီအချိန်တုန်းက) အတွေ့အကြုံ သင်ခန်းစာတွေနဲ့ ကျင့်သားရနေတဲ့လူထုက တယောက်မှ မျက်စိမျက်နှာမပျက်ဘူး...။ အေးဆေး...။ အဆင်သင့်ချင်တော့ တရားဟော ဓမ္မဆရာ (အစစ်) ကလည်း ရှိနေတယ်...။ ဒါနဲ့ သူက တရားဟော... ကိုယ်က သူ့လက်ထောက်အနေနဲ့ ကျမ်းပိုဒ်တွေဖတ်... နောက်ဆုံးပိတ်မှ သူက အားလုံးအတွက် ဆုတောင်းပေါ့လေ...။
ရန်သူ့ စစ်ကြောင်းမှူး(ဒုရင်းမှူး) ဆို အစက ဟိန်းဟောက် တိုင်းထွာ ဆဲဆိုနေရာကနေ ဓမ္မဆရာက သူတို့အတွက် ဆုတောင်းပေးမယ်လဲဆိုရော မြေကြီးပေါ်မှာ ဒူးလေးတုပ်လို့...။ ဆိုင်မဆိုင်တော့ မသိဘူး... လည်ပင်းက စိတ်ပုတီးကို အင်္ကျီအပြင်ထုတ်ပြီး ညာလက်နဲ့ ဆုပ်ထားလိုက်သေး...။ အော်... သေမှာတော့ လူတိုင်းကြောက်ကြတာပဲလေ...။ (သူတို့အကြောင်း နောက်မှကြုံရင် သပ်သပ်တပုဒ် ရေးရဦးမယ်...။ ညောင်ပင်တောင်ဘက်မှာ နောက် ၂ လလောက် ကျနော်တို့နဲ့ ပြန်တိုးတော့ ကျွေးလိုက်တာ သူ့ခမျာ ၁၂ လောင်းနဲ့ လူနာ ၂၀ လောက် ထမ်းပြန်သွားရရှာတယ်။ ဆုတောင်းပေးထားရတာနဲ့တောင် မကာမိဘူး...)
ရွာသားတွေကသာ မှင်သေတာ၊ ကိုယ်မှာတော့ ကျမ်းစာဖတ်ရင်း အသံမတုန်အောင် (ရာဇအိနြေ္ဒမပျက်အောင်) မနည်းသတိထားနေရတယ်...။ ကွမ်း နာနာဝါးပြီး ဗလုံးဗထွေးအသံနဲ့ ရောင်တော်ပြန် ရောလွှတ်ရတယ်...။ ပြီးလို့ ကိုယ်တော်ချောတွေလည်း စခန်းချ၊ ထမင်းစားတော့မှ မယောင်မလည်နဲ့ ရွာထဲက လမ်းပြကလေး ၂ ယောက်ဦးဆောင်မှုနဲ့ အောင်မြင်စွာဆုတ်ခွာပေါ့..။ ဗြိတိလျှတပ်က ဗိုလ်ချုပ်ဆိုရင်တော့ ဘာပြောကောင်းမလဲ... ဒီနေရာမှာတင် သေနတ်တချက်မှ မဖောက်ရဘဲ အရှင်လတ်လတ် ဆာဘွဲ့ရသွားနိုင်တဲ့ ဇာတ်လမ်းမျိုးပေါ့..။ (ချာလီချက်ပလင်ကြီး မီးခိုးမှိုင်းတွေကြားမှာ ရန်သူ့တပ်တွေကြားထဲ ရောက်သွားတဲ့အခန်းတောင် သတိရလိုက်သေးတယ်) ဟောလိဝုဒ်ကဆရာကြီးတွေကြားရင် လူဇော် ၁၊ လူဇော် ၂၊ လူဇော် ၃... ၄... ဆိုပြီး ၄ ကားပေါင်းမိုးလင်း အတွဲလိုက် ဗျင်းပလိုက်လို့ ရနိုင်တယ်...။ (လူဇော်ဆိုတာ အဲဒီတုန်းက ကျနော့်သုံးခဲ့တဲ့ နာမည်တခု)။
ထားပါတော့... ထုံးစံအတိုင်း ဟိုရောက် ဒီရောက် ချော်တောငေါ့ကုန်ပြန်ပြီ...။ ပြောချင်တာက စောလားဘွယ် မပုတင် ၃ ယောက်ကို တပြိုင်တည်း ထိမ်းထားတဲ့အကြောင်း...။
ကရင်လို လားဘွယ်ဆိုတာ ဗမာလို လပြည့်ပေါ့...။
ဟို သတ္တဝါလေးနဲ့ သွားမှားမနေနဲ့ဦး...။
(နောက်နေ့ ဒုတိယပိုင်း မျှော်ပါပေါ့ဗျာ)
ဓာတ်ပုံ - မင်းသိုက်
No comments:
Post a Comment