မတ်လ ၂၇ ရက်နေ့။
ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။
ဒီနေ့ကို အစိုးရအချို့က တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ် လက်ခံထားခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလည်း အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိ သမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသနစာအုပ်တွေကို ဖတ်မိလာချိန်မှာတော့ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ဘဲ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေအပေါ်မှာ အခြေခံထားခြင်းမရှိဘဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။
(၁) မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွှဲဖို့ သတ်မှတ်ချက်ကို ဗမာ့တပ်မတော်တခုတည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။
၁၉၄၅ ခုနှစ်၊ မတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ဆုံဆွေးနွေးဆုံးဖြတ်ပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်တိုင်းကြီး ၇ တိုင်း၊ ဒေသ ၃ ခု ခွဲဝေပြီး၊ သက်ဆိုင်ရာ တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ တာဝန်ချထားခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များကတော့ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်တို့ဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။
စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညိုတို့တွေက ဗမာ့တပ်မတော်က ဖြစ်ပါတယ်။ တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းအချက်အလက်တွေက ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးကို တပ်မတော် တခုတည်းနဲ့ဆိုင်တဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ နီးစပ်မှုမရှိကြောင်းကို မီးမောင်းထိုးပြနေပါတယ်။
(၂) ဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော်တခုတည်းက ဦးဆောင်ဆင်နွှဲခဲ့ခြင်း မဟုတ်ပါ။ ဖတပလ အဖွဲ့ချုပ်ကြီးက အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအဖြစ် အခိုင်အမာ တည်ဆောက်ပြီး ဦးဆောင်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။
၁၉၄၄ ခုနှစ်၊ သြဂုတ်လမှာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ဆိုတဲ့ အဓိကအင်အားစု ၃ စုအပေါ်မှာ အခြေခံ ဖွဲ့စည်းခဲ့ပါတယ်။ ဖတပလရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ၉ ဦးကတော့ ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်စိုးတို့က တာဝန်ယူခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်သန်းထွန်းက တာဝန်ယူခဲ့ပါတယ်။
၁၉၄၄ ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ သခင်ချစ်၊ ရန်ကုန်ဘဆွေ၊ သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး၊ ဖွဲ့စည်းခဲ့တဲ့ "တော်လှန်ရေးတပ်ဦး" ကလည်း ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်တို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဒီသမိုင်းကြောင်း အထောက်အထားတွေအရ တဖွဲ့တပါတီတည်းကပဲ ပြုလုပ်ထားခဲ့ခြင်းမဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင်နေ့ကို တပ်မတော်တခုတည်းနဲ့သာဆိုင်သည့်သဖွယ်၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ ဝေးကွာနေကြောင်း တွေ့ရှိရပါတယ်။
(၃) ဖက်ဆစ်တော်လှန်ရေး လက်တွေ့စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုများစွာ ပါဝင်ခဲ့ပါတယ်။
၁၉၄၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဗမာအစိုးရအဖွဲ့ကို ဂျပန်က ဖွဲ့စည်းပေးခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ထူထောင်ထားစဉ်ကာလမှကတည်းက သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ သခင်သန်းထွန်းကလည်း အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ရုပ်ပြလုပ်ဆောင်ရင်း တော်လှန်ရေး အင်အားစုတွေကို နိုင်ငံအနှံ့၊ နယ်အနှံ့မှာ စုစည်းနေခဲ့ပါတယ်။
ဖတပလ ဖွဲ့ပြီးချိန်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ညှိနှိုင်းပြီး ဗမာ့တပ်မတော်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးကေဒါတွေ လျှို့ဝှက်သွင်းခဲ့ပါတယ်။ တပ်ကို နိုင်ငံရေးနဲ့ တော်လှန်ရေး ပညာတွေပေးဖို့ ဖြစ်ပါတယ်။
ဂျပန်တွေ မြန်မာပြည်စဝင်စဉ်ကတည်းက ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သိန်းဖေကို အိန္ဒိယသွားပြီး မဟာမိတ်များနဲ့ အဆက်အသွယ် ရယူရေးကြိုးပမ်းဖို့ သခင်သန်းထွန်းက တိုက်တွန်းထားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာတော့ အိန္ဒိယရောက် သခင်သိန်းဖေနဲ့ သခင်သန်းထွန်းတို့ ပြန်လည်ဆက်စပ်မိလာပါတယ်။ ဖတပလ ဖွဲ့စည်းပြီးချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံဖြစ်လာတဲ့ သခင်သန်းထွန်းက သခင်သိန်းဖေမှတဆင့် အင်္ဂလိပ်စစ်တပ် Force 136 ကို အဆက်အသွယ် ရယူနိုင်လာခဲ့ပါတယ်။
ရခိုင်ဘက်မှာလည်း ၁၉၄၂ ခုနှစ်ကတည်းက သခင်စိုးတို့သွားပြီး စည်းရုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ရခိုင်တိုင်း ဂျပန်တော်လှန်ရေးတိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ ဦးဆောင်ခဲ့တဲ့ ရခိုင်တော်လှန်ရေး ခေါင်းဆောင်တွေဟာ ဖတပလနဲ့ အဆက်အသွယ်ရှိထားပြီးသား ဖြစ်ပါတယ်။
စစ်ကိုင်းနယ်မှာလည်း ရဲဘော်လှိုင်၊ ရဲဘော်မြင့်ဆွေ၊ ဗိုလ်သိမ်းဦး၊ ဗိုလ်ကျင်မောင်တို့ဦးဆောင်တဲ့ ပါတီတပ်ကို ပြောက်ကျားတပ်အဖြစ် ဖွဲ့စည်းထားခဲ့ပါတယ်။ အိန္ဒိယကို သခင်သန်းထွန်း စီစဉ်စေလွှတ်ထားခဲ့တဲ့ လေထီးရဲဘော်များကလည်း တော်လှန်ရေးကာလမှာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဖြူး၊ တောင်ငူ၊ ရိုးမတကြောက ရဲခေါင်ပြောက်ကျားများကိုလည်း သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့ဦးစီးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။
မြေအောက် လျှို့ဝှက်ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့များကလည်း အနယ်နယ် အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့ကြရုံမက အချို့တော်လှန်ရေးဒေသတွေမှာ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးသူငယ်များကပါ ဆက်သားတာဝန် ယူခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး စိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ပြည်သူလူထုကလည်း ဘက်ပေါင်းစုံကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီသမိုင်းအချက်အလက်များက ဖက်ဆစ်တော်လှန်ရေးရဲ့ လက်တွေ့စစ်မြေပြင်မှာ ဗမာ့တပ်မတော် တရပ်တည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ကြောင်း ညွှန်ပြနေပါတယ်။ တော်လှန်ရေးမတိုင်မီ နှစ်ကာလများစွာကတည်းက သခင်စိုး၊ သခင်သန်းထွန်းတို့က လူထုစည်းရုံးရေး၊ ပြင်ဆင် တည်ဆောက်ရေး၊ ပြောက်ကျားတပ်များ ဖွဲ့စည်းရေး၊ မဟာမိတ်အဆက်အသွယ် ရယူရေး၊ တော်လှန်ရေးအခြေခံဒေသ ဖော်ဆောင်ရေးများကို လုပ်ဆောင်ထားခဲ့ပြီး၊ လက်တွေ့စစ်မြေပြင်မှာလည်း တပ်မတော်တခုတည်းမဟုတ်ဘဲ တော်လှန်ရေးအင်အားစုများစွာ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း သိသာထင်ရှားလှပါတယ်။
နိဂုံး
မတ်လ ၂၇ ရက်နေ့ဟာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေး အောင်လံတော်အောက်မှာ သွေးစည်းညီညွတ်ခဲ့ကြတဲ့ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ စစ်ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့တဲ့ ဗိုလ်နေဝင်းက နိုင်ငံတော်အာဏာ ရယူပြီးနောက်ပိုင်းမှာ မတ်လ ၂၇ နေ့ကို တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း သမိုင်းကြောင်း အထောက်အထားများနဲ့ သမိုင်းနောက်ခံကားချပ်များကတော့ တော်လှန်ရေးနေ့ဆိုတဲ့ သမိုင်းမှန်ကိုသာ ညွှန်းဆိုပြသနေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ ။
ခင်မမမျိုး
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment