နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းတွေနဲ့ စဖွင့်တယ်
မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တစ်ကောင်နဲ့ စဖွင့်တယ်
မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့ အရောက်သွားတဲ့
ငမိုးရိပ်ရဲ့ သစ္စာစောင့်သိမှုနဲ့ စဖွင့်တယ်
၈၈ မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေ တစ်လုံးပြီးတစ်လုံး
အပေါင်ဆုံးလို့
၈၈ မိုင်ရှုခင်းမှာ
နာယက ပလ္လင်ထက်
အောင်နက်တောင် နတ်လမ်းဂွေ့ခ်ျနဲ့ ဟောင်လို့
၈၈ မိုင်ရှုခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးလင်းတတွေဝဲလို့
၈၈ မိုင်ရှုခင်းမှာ
ကျီးကန်းတစ်အုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာ ဖောင်လုပ်စီးလို့
၈၈ မိုင်ရှုခင်းမှာ
ရန်သူက ဝါရှင်တန်ဒီစီအထိ တက်သိမ်းထားပြီး
သူရဲကောင်းတွေက ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့
၈၈ မိုင်ရှုခင်းမှာ
တောင်ကွယ်နေစွယ်ချိန် တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့
ဂျော့ဆိုးရော့စ်နဲ့ သားများကုမ္ပဏီမှာ
သုမနကျောက အရေပြားကို
တစ်လက်မချင်း လှီးဖြတ်
ဆယ်လီဗရစ်တီတွေက လက်မှတ်ထိုးရောင်းလို့
ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ပန်ငရဲပျက်ကို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်လို့
အနာဂတ်ကို လက်ပြန်ကြိုးတုပ်
အနောက်မုခ်က ထုတ်လို့
၈၈ မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီ မျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး
အများပြည်သူ သဘောမတူ
အမိန့်အာဏာဟူသမျှကနေ
မီးလောင်ဗုံးမဟုတ်ဘူး မီးခိုးဗုံး
၈၈ မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
၁၉၉၀ မှ သည်
၂၀၁၅
မျှော်ရလှချည်လား
ဆုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစ်စောင်လို
ကျကွဲသွားတဲ့ ထွေးခံတစ်လုံးလို
အစိတ်စိတ် အမြွှာမြွှာ
၈၈ မိုင်ရှုခင်းရဲ့ အနာတရမြေပုံကို
တစ်စချင်း ဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီပါ ကွေးလို့
သစ်ကောင်းအိမ်
ဧပြီ ၂၀၁၄ ထုတ် Idea မဂ္ဂဇင်းမှ ...
No comments:
Post a Comment