စိမ်းမြတဲ့ ရေလှိုင်းတွေ ××× အရောင်ပြောင်းသွား...
ဖြူစင်တဲ့ တံတားငယ်လဲ ××× အနီစွန်းခဲ့ပြီ...
ရာသီအလီလီ ပြောင်းပေမယ့် ××× မဟောင်းခဲ့နိုင်ဘူး ××× အင်းယားရယ်
ပြည်ပရောက် တော်လှန်ရေးတေး အဆိုတော် ကိုမွန်းအောင်ရဲ့ သီချင်းဟောင်းလေးတပုဒ်က အခုလိုကာလမှာ အသစ်လိုဖြစ်လာပြီး နားထောင်ရတာ အရသာရှိလာတယ်။ ၁၉၈၈ မတ်လ နဲ့ ဇွန်န်လ ရက်စွဲတချို့ဟာ မြန်မာ့ရာဇဝင်ကို အပြောင်းအလဲဖြစ်စေမယ့် ၈၈ သြဂုတ်လ ၈ ရက် ဒီမိုကရေစီအုံကြွမှုဖြစ်စေဖို့ လောင်စာမီးပွားတွေဖြစ်တယ်။ မတ်လ ၁၃ ရက် (ကိုဖုန်းမော် အရေးအခင်း) နဲ့ မတ်လ ၁၆ (တံတားနီ အရေးအခင်း) ဟာ ကျောင်းသားသွေးမြေကျပြီး ဒီမိုကရေစီ တိုက်ပွဲအတွက် အရင်းအနှီးပေးလိုက်ရတဲ့ နေ့စွဲတွေဖြစ်တယ်။
မတ်လ ၁၆ မတိုင်မီ
၁၉၈၇ စက်တင်ဘာ ၅ ရက်နေ့မှာ မဆလ ပါတီက ( ၇၅၊ ၃၅၊ ၂၅) ကျပ်တန်များ တရားမဝင် ငွေစက္ကူအဖြစ်ကြေငြာမှု၊ ကမ္ဘာ့ဘဏ်ကြွေးများ ပြန်မဆပ်ချင်လို့ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံအဖြစ် ကြေငြာမှုတွေဟာ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာညှိုးပြီး ပိုမို ဆင်းရဲကုန်တယ်။ အစိုးရအပေါ် မကျေနပ်စိတ် ကြီးမားလာတယ်။ ကျောင်းလခ၊ အဆောင်ခပေးရမယ့်အချိန် ဒုက္ခရောက်လို့ စက်မှုကျောင်းသားတချို့ ဒေါသထွက်ပြီး ကြို့ကုန်းနဲ့ ပြည်လမ်းမ ဓာတ်မီးတိုင်၊ မီးပွိုင့်၊ ဘတ်စ်ကား မီးရှို့ဆန္ဒပြခဲ့တယ်။ ပြဿနာပိုမိုမကြီးထွားခင် အစိုးရက တနိုင်ငံလုံးက ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်လိုက်တယ်။ ကျောင်းသားတွေစိတ်ထဲ အစိုးရ မကျေနပ်စိတ် ကိန်းအောင်းလာတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်။
၁၉၈၈ မတ်လ ၁၃ ရက်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနဲ့ ကြို့ကုန်းရပ် ကျောင်းသားတွေ အချင်းများတာကို အကြောင်းပြုပြီး စစ်မှုတက္ကသိုလ်ထဲ လုံခြုံရေးတပ်တွေ စီးနင်းတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် သေနတ်ထိမှန်သေဆုံးတယ်။ စက်မှုတက္ကသိုလ်ကို မတ်လ ၁၄၊ ၁၅ ရက်တွေမှာ ဆက်တိုက်အစိုးရတပ်တွေ စီးနင်းသိမ်းပိုက်ပြီး ကျောင်းသားတွေကို ဖမ်းဆီးတယ်။ RIT စက်မှုတက္ကသိုလ်ကျောင်းက အခြေအနေကို တနိုင်ငံလုံးသိနေပြီ။ အစိုးရကတော့ သတင်းမှားတွေထုတ် ဝါဒဖြန့်လို့ ကျောင်းသားထုအကြား မကျေနပ်မှု ပိုများလာတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ မိမိအစုနဲ့မိမိ ကဗျာတိုတွေ၊ ကာတွန်းရုပ်ပြောင်တွေ၊ အစိုးရဆန့်ကျင်စာရွက်တွေကို တိုးတိုးတိတ်တိတ် စတင်ဖြန့်ဝေလာတယ်။ ကျောင်းသားတွေ မိမိတို့ အစုအဖွဲ့အလိုက် တစုနဲ့တစု စည်းဝါးကိုက်ထားတာ မရှိသလို မပေါင်းစည်းမိကြဘူး။ လက်ဖက်ရည်ဆိုင်တွေမှာ နိုင်ငံရေးမကျေနပ်မှုတွေ တီးတိုးပြောလာတယ်။ မရေရာတဲ့ လက်ရှိဘဝကို ငြီးငွေ့ပြီး အပြောင်းအလဲတစုံတခု ဖြစ်ချင်နေတယ်။ နိုင်ငံရေးနိုးကြားတက်ကြွနေတယ်။
မတ်လ ၁၆ ရက် နံနက် (သို့မဟုတ်) ကျောင်းသားတွေ လမ်းပေါ်ထွက်တဲ့နေ့
မနက် ၈ နာရီခွဲလောက်ဖြစ်မယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက လက်ဖက်ရည်ဆိုင်တစ်ရှေ့ ဆိုင်ကယ် ၃ စီးနဲ့ ကျောင်းသား ၄-၅ ယောက် ရုတ်တရက် ရောက်လာတယ်။ သူတို့ကိုယ်သူတို့ RIT ကပါလို့ပြောပြီး မျက်နှာကိုလည်း လက်ကိုင်ပုဝါ စီးထားလိုက်တယ်။ လက်ဖက်ရည်ဆိုင်ရှေ့က အုတ်ခုံလေးပေါ် တယောက်က တက်ရပ်လိုက်တယ်။ “စက်မှုတက္ကသိုလ် ကျောင်းသားတွေ ပိတ်မိနေတယ်” “စစ်သားတွေ ကျောင်းဝင်းထဲ စီးနင်းထားတယ်၊ ဖမ်းနေတယ်၊ သတ်နေတယ်” “ကျနော်တို့ကျောင်းသားတွေ သွေးမြေကျနေပြီ” “ကူညီကြပါ” လို့ ရင်ဖွင့်လိုက်တယ်။ အနီးတဝိုက် ကျောင်းသူ ကျောင်းသားတွေ စုဝေး နားထောင်လိုက်ကြတယ်။ အချိန်သိပ်မကြာလိုက်ဘူး။ ၅ မိနစ်အတွင်း ဆိုင်ကယ်နဲ့ ထွက်ခွာသွားတယ်။ ဒါပေမယ့် ကျောင်းသားတစု ကျန်ခဲ့တယ်။ ဒီအတိုင်းနေလို့မရဘူး... အားလုံးသိအောင် လုပ်ရမယ်လို့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး မှတ်ချက်ပေးတယ်။
ဒါနဲ့ စုစုဝေးဝေး ကျန်နေတဲ့ လူ ၄၀ ကျော်ရှိတဲ့ ကျောင်းသားတအုပ် ဂျပ်ဆင်ရှေ့ ချီတက်သွားတယ်။ ဂျပ်စင်အနားက ကင်တင်းမှာ ထိုင်နေတဲ့ ကျောင်းသားတွေအများကြီး။ ယင်းမာ စားသောက်ဆိုင်အရှေ့ရောက်တော့ လူအုပ်ထဲက ကျောင်းသူတစ်ဦးက စားသောက်ဆိုင်ထဲက ခုံတခုံယူလိုက်ပြီး တက်ရပ်လိုက်တယ်။ “ရှင်တို့ ဒီအတိုင်း ငြိမ်သက်နေကြမှာလား၊ စက်မှုတက္ကသိုလ်မှာ ကျမတို့ သူငယ်ချင်းတွေ သေနတ်နဲ့ပစ်ခံရလို့ ထိခိုက်ဒဏ်ရာတွေရပြီး သေတဲ့သူတွေ သေနေပြီ။ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ့်အစား ထမီသာဝတ်ထားကြ”... လို့ နိုးဆော်လိုက်ပါတယ်။ စားသောက်ဆိုင်ထဲက ကျောင်းသားတွေ တဝိုင်းပြီးတဝိုင်း ထလာတယ်၊ မခံချင်စိတ်တွေ ပေါ်လာတယ်။ မတရားမှု အလိုမရှိဆိုပြီး နောက်ပိုင်း... နေဝင်းအစိုးရ အလိုမရှိလို့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံကို အော်ဟစ်လာတယ်။ အဲဒီနေ့ ယင်းမာ ကင်တင်းရှေ့မှာ မိန့်ခွန်းပြောသူက ရန်ကုန်တက္ကသိုလ် ဥပဒေနောက်ဆုံးနှစ် ကျောင်းသူ မယုယုမော်ဖြစ်တယ်။
တက္ကသိုလ်ဝင်းထဲ လှည့်လည်စည်းရုံး
ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒဂုံဆောင်ဘက် ချီတက်သွားကြတယ်။ အဆောင်တံခါးမကြီးကို အဆောင်မှူးက ပိတ်ထားတယ်။ ကြွေးကြော်သံတွေကြောင့် ကျောင်းသားတွေ အဆောင်တွေပေါ်က ဆင်းလာကြတယ်။ တချို့ ဝရံတာပေါ်က ခုန်ချလာ၊ အဆောင်ခေါင်မိုးကနေ ရေပိုက်ကိုခိုပြီး ဆင်းလာသူတချို့တောင် ပါတယ်။ ကြွေးကြော်သံတွေ ပိုများလာတယ်။ နေဝင်းအစိုးရ ကျဆုံးပါစေ။ ကျောင်းသားတွေတွေ မြေကျနေပြီ။ အာအိုင်တီက ဒို့ညီအကိုတွေ အသတ်ခံနေရပြီ။ ငါတို့ သွားကယ်ရမယ်။ ကျောင်းသားတယောက်က ဘယ်ကယူလာတဲ့ မီးပန်းလည်း မသိ ဖောက်လိုက်သေးတယ် (မီးရှူးလွှတ်တဲ့သူက အခု အမေရိကားရောက်နေတဲ့ ဆလိုင်း ကိုကိုဦးဖြစ်တယ်) အားလုံးက အောင်ရမည်၊ အောင်ရမည်လို့ အော်ကြတယ်။
ကျောင်းသားတွေ ဒဂုံဆောင်ကနေ ဝိဇ္ဇာဆောင်တွေဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနများရှိရာ တောင်ငူဆောင်ကို ချီသွားတယ်။ တောင်ငူဆောင်ကနေ ဗိုလ်အောင်ကျော် အုတ်ဂူဘက် ချီတက်ကြသူတွေ ရှိတယ်။ ကျောင်းသားတွေဟာ ကြွေးကြော်သံတွေနဲ့ အော်ဟစ်ကြတယ်။ အဆောင်တံခါးဝ အုတ်ခုံမှာ ကျောင်းသားတယောက် တက်စကားပြောတယ်။ “နေဝင်း အစိုးရရဲ့ မတရားသတ်ဖြတ်မှုကြောင့် အာအိုင်တီမှာ ကျောင်းသားတွေ သွေးမြေကျနေတယ်။ သူတို့ကိုယ်တိုင် လာသတင်းပို့လို့ ကျနော်တို့ သွားကြမယ်။ ခင်ဗျားတို့ အားလုံး စာသင်ခန်းတွေကို စွန့်လွှတ်လိုက်ပါ။ အားလုံးအတူတူ ကျနော်တို့ ညီနောင်တတွေရှိရာ စက်မှုတက္ကသိုလ်ကို ချီတက်ကြမှာဖြစ်ပါတယ် လို့ ဆော်သြလိုက်တယ်။ (သူကတော့ ဒီကနေ့အထိ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ နိုင်ငံလှုပ်ရှားနေတဲ့ ရန်ကုန်တက္ကသိုလ် တတိယနှစ် သတ္တဗေဒကျောင်းသား ကိုပေါ်ဦးထွန်း ခေါ် မင်းကိုနိုင် ဖြစ်တယ်) တောင်ူဆောင် ကျောင်းသူကျောင်းသားတွေက ဝရံတာပေါ်တွေကနေ လက်ခုပ်တီး အားပေးနေကြတယ်။ နောက်မှ ဆင်းလာတယ်။
ဘယ်သူကစပြီးထုတ်လိုက်တဲ့ အိုင်ဒီယာလည်း မသိပါ။ တောင်ငူဆောင် အပေါ်ထပ်ကနေ လက်ကိုင်ပုဝါတွေ လေမှာဝဲပြီး ဖွေးနေအောင် ဖြည်းဖြည်းကျလာတယ်။ သိပ်ကြည့်လို့ကောင်းတယ်။ အားလုံးက အားရပါးရ လက်ခုပ်တွေတီးကြတယ်။ ကျောင်းသားတွေဟာ လက်ကိုင်ပုဝါတွေကောက်ယူဝေငှပြီး သူတို့မျက်နှာကို အုပ်စီးလိုက်ကြတယ်။ မကြာခင် အမရဆောင်နဲ့ ရာမည၊ ဒဂုံနဲ့ သိပ္ပံဌာနဘက်က ကျောင်းသားတွေပါ လာရောက်ပူးပေါင်းပြီး ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ တက္ကသိုလ်ဝင်းထဲ စုမိသွားကြတယ်။ ထိုစဉ်က ဒေဝဒတ်လို့ တမျိုး ငါးပါးစပ်လို့တဖုံ နောက်ပြောင်ခေါ်တဲ့ ၈၈ အဖွဲ့က ကိုဇော်မင်းဟာ မြက်ဦးထုတ်ကြီးဆောင်းပြီး ရှေ့က ဦးဆောင်နေတာ ဖြစ်တယ်။
ခန့်မှန်းခြေ လူ ၃ ထောင်လောက်ရှိတဲ့ ကျောင်းသားတွေဟာ ဘွဲ့နှင်းသဘင်ခန်းမဘက် ချီတက်သွားတယ်။ ပြီးတော့ ကျောင်းသားတွေ တယောက်ပြီးတယောက် တရားဟောကြတယ်။ ပထဝီက ကိုဇော်မင်း၊ ကိုမင်းဇေယျ၊ မယုယုမော်၊ မိန်းခွန်းတွေပြောကြတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက ဒုတိယ ပါမောက္ခ ဒေါက်တာဘသန်းနဲ့ တခြားဆရာတွေကတဆင့် ကျောင်းသားတွေ ကျောင်းဝင်းထဲက အပြင်မထွက်ဖို့၊ လူစုခွဲကြဖို့ တားခဲ့တယ်။ ကျောင်းသားတွေက လက်မခံဘူး။ ပြီးတော့ လှည်းတန်းဘက် သွားမလား၊ အင်းယားလမ်း တံတားဖြူဘက်က သွားမလားပေါ့... အချီအချတွေ ပြောကြတယ်။
ခွပ်ဒေါင်းအလံ ပြန်တွေ့ပြီ
နောက်ဆုံး အနီးဆုံးဖြစ်တဲ့ အင်းယားလမ်းဘက်က ချီတက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စီးပွားရေးတက္ကသိုလ်ရှေ့မှာ ကျောင်းသား ကျောင်းသူတွေ လက်ခုပ်လက်ဝါးတီး ကြိုဆိုကြတယ်။ ပြီးတော့ ကျနော်တို့လူအုပ်ကြီးနဲ့ ပူးပေါင်းလာကြတယ်။ သိပ်မကြာခင် ၂ တောင်ပတ်လည်ရှိတဲ့ အနီရောင်ပိတ်စတခု လူအုပ်ထဲကနေ အပေါ်ကို လွှားခနဲ တက်လာတာ အားလုံး တွေ့လိုက်ရတယ်။ စက္ကန့်ပိုင်းလေးမှာပဲ စက္ကူထုတ်လေးနဲ့ လုံးတင်လိုက်တဲ့ ပိတ်စအနီဟာ တဖြည်းဖြည်း လေထဲဝဲကျလာတယ်... နောက်တော့မှ အဲဒီအနီရောင်ပိတ်စဟာ ခွပ်ဒေါင်းအလံမှန်း အားလုံး သိလိုက်ကြတယ်။ ခွပ်ဒေါင်းအလံလည်းတွေ့ရော လူတွေအားလုံး ပျော်ပြီး အားတက်သွားတယ်။ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးမှာ အဲဒီအလံ တလက်ထဲ ပါကြတယ်။ (အလံကို လွှင့်တင်လိုက်သူတွေက ဗကသ အဖွဲ့က ကိုတင်အေးနဲ့ ကိုညိုထွန်း ဖြစ်တယ်)
ခွပ်ဒေါင်းအောင်လံနဲ့ ကျောင်းသားအုပ်ကြီးဟာ အင်းယားလမ်းအတိုင်း ချီတက်သွားတယ်။ လေးဘီးကားတစီးကိုတားပြီး ကားပေါ်မှာ အလံကို ဝါးလုံးနဲ့ချည်ပြီး အလံကို ကျောင်းသားတယောက်က ကိုင်သွားတယ်။ (အလံကိုင်ဆောင်သူက အခု အမေရိကားမှာနေထိုင်နေတဲ့ ကိုသက်ထွန်းဖြစ်တယ်) အဲဒီအချိန် ၁ နာရီခွဲလောက်ရှိလိမ့်မယ်။ မတ်လနေဆိုတော့ ခြစ်ခြစ်တောက်ပူပြီး နေရောင်က တအားပြင်းတယ်။ ကျောင်းသူ ကျောင်းသားတွေ ပူလောင်ပြီး ရေဆာလောင်နေကြတယ်။ တချို့က နေ့လည်စာမစားထားဘူး။ ကျောင်းထဲမှာ လူမရှိသလောက်ပဲ။ တကျောင်းလုံးကလူတွေ အင်းယားကန်ဘောင်မှာ ချီတက်နေတယ်။ ကျောင်းသားတွေသောက်ဖို့ အင်းယားကန်လမ်းမှာရှိတဲ့ နေအိမ်တွေကနေ ရေအိုးတွေ ရေခွက်တွေချပေးပြီး ရေတိုက်ကြတယ်။ ကျောင်းသားတွေအားလုံး အင်းယားကန်လမ်းအတိုင်း စက်မှုတက္ကသိုလ်ဘက် ချီတက်သွားကြတယ်။
ရှေ့မှာ ရန်သူ
ကန်ဘောင်လမ်းအဆုံး စွပ်ကျယ်စက်မှတ်တိုင်ရှေ့နားမှာ ဘယ်သူမှ လုံးဝ မမျှော်လင့်ထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။ လူအုပ်ရဲ့အရှေ့မှာလိုက်ပါလာတဲ့ ရန်ကုန်တက္ကသိုလ် တတိယနှစ် သင်္ချာကျောင်းသား ကိုသူရိန်က သူမြင်ခဲ့တာကို အခုလို ပြန်ပြောပြတယ်။ “အရှေ့မှာ သံဆူးကြိုး ၃ ဆင့် ကာရံထားတယ်။ အဲဒီသံဆူးကြိုးအနောက်မှာ ၉ ယောက်တတန်းစီနဲ့ လက်နက်အပြည့်၊ ယူနီဖောင်းဝတ် စစ်သားတွေ ၃ တန်းလောက် ကိုတွေ့ရတယ်။ ပထမဆုံးအတန်းက ဒူးထောက်အနေအထားနဲ့ အသင့်ချိန်ထားတယ်။ သူတို့နောက်မှာမှ ခပ်ကုန်းကုန်းနဲ့ တတန်းချိန်ထားတယ်။ နောက်ဆုံးတန်းမှာ မတ်တပ်ရပ်လျှက် စစ်သားတွေ ချိန်ထားတယ်။
အဲဒီ စစ်သားတွေ ၃ တန်းနောက်မှာ ဘရင်းကယ်ရီယာကား ၆ စီးကို တဖက် ၃ စီး ရပ်ထားတာ တွေ့ရတယ်။ အဲဒီနောက်မှာ မီးသတ်ကား၊ မီးသတ်ကားအနောက်မှာ ထောင်ကားအပြာတွေကို တွေ့ရတယ်” အဲဒီအချိန် ကျောင်းသားတွေက ပြည်သူ့တပ်မတော် ဒို့တပ်မတော်၊ ပြည်သူ့စစ်သား ဒို့စစ်သားလို့ ကြွေးကြော်ကြတယ်။ “ကျနော်တို့ဟာ ကျောင်းသားတွေဖြစ်တယ်၊ လက်နက်ဆိုလို့ အပ်တချောင်းတောင်မပါဘူး၊ (ဘော်လ်ပင်တွေကို မြှောက်ပြပြီး) စက်မှုတက္ကသိုလ်ကို ငြိမ်းချမ်းစွာ ချီတက်နေတာဖြစ်တယ်၊ လမ်းရှင်းပေးပါလို့ မေတ္တာရပ်ခံတယ်။ ခင်ဗျားတို့လိုပဲ ကျနော်တို့လည်း တိုင်းပြည်ကိုချစ်တယ်လို့ အော်ဟစ်ပြောဆိုကြတယ်။ ပြီးတော့ နိုင်ငံတော်သီချင်းတွေ ဆိုကြတယ်။
ညှိနှိုင်းမရ
ကိုသူရိန် အပါအဝင် ကျောင်းသားတချို့က လုံခြုံရေးအဖွဲ့ကို ဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိကို (နောက်ပိုင်းမှာ ဗိုလ်မှူးကြီး သန့်ဇင် လို့ စုံစမ်းသိရှိရတယ်) ညှိနှိုင်းတယ်။ စကားတွေတင်းမာပြီး အဆင်မပြေဖြစ်ကြတယ်။ အရာရှိက ကျောင်းဝင်းထဲပြန်သွားဖို့၊ ဒီကဆက်ပြီး မကျူးကျော်ဖို့ချည်း ရှင်းပြနေတယ်။ အနားမှာရှိတဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကျူတာ ကိုကျော်သန်းက မိမိတို့အေးအေးချမ်းချမ်းနဲ့ အာအိုင်တီကို သွားဖို့ဖြစ်ကြောင်း ပြန်လည်ရှင်းပြပြီး ဆက်လက်သွားခွင့်ပြုဖို့ မေတ္တာရပ်ခံတယ်။ အရာရှိကလည်း အထက်အမိန့်ပါရှိပြီးဖြစ်လို့ ခွင့်မပြုနိုင်တဲ့အကြောင်း ရှင်းပြတယ်။ “ကျနော် မှတ်မိနေတယ် အဲဒီအရာရှိက ကျနော့်ကို သား လို့ ခေါ်တယ်။ သားတဲ့ ဒီကနေ အမြန်ဆုံး လူစုခွဲသွားပါ။ ဒီအတိုင်းဆို အခြေအနေက မကောင်းနိုင်ဘူး၊ သိပ်မကြာခင် ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ဒီတားမြစ်ထားတဲ့ စည်းကိုတော့ လုံးဝ ကျော်ခွင့်မပေးနိုင်ဘူးလို့ ရှင်းပြတယ်၊ ကျနော် ဘယ်လိုမှ ရှင်းပြလို့မရဘူး၊ မဖြစ်နိုင်ဘူးလိုချည်း ဇွတ်ငြင်းတယ်” ယခု သြစတေးလျှားရောက်နေတဲ့ ကိုကျော်သန်းက ရှင်းပြတယ်။
ညှပ်ပူးညှပ်ပိတ်
လူတန်းကြီးက မီတာ ၄၀၀ လောက်ရှိမယ်၊ ထောင်နဲ့ချီရှိတယ်။ အင်းယားလမ်းကန်ဘောင်ကြီး အပြည့်ပဲ၊ တဖက်မှာ အင်းယားကန်ဘောင်၊ တဖက်မှာက ၉ ပေလောက်မြင့်တဲ့ အုတ်နံရံနဲ့ လူနေအိမ်ခြံစည်းရိုး၊ ရှေ့မှာက စစ်တပ် ညှပ်ပိတ်မိနေတယ်။ “စစ်သားတွေပုံစံက ခပ်တည်တည်တွေ၊ ကျနော်တို့ကို ရန်သူတွေလို ကြည့်နေတယ်။ အသားမဲမဲနဲ့၊ ယူနီဖောင်းတွေကလည်း ခတ်နွမ်းနွမ်းပဲ။ အမိန့်ပေးရင် ပစ်ချလိုက်မယ့်ပုံစံမျိုး၊ အရာရှိပုခုံးပေါ်က ကြယ်ပွင့်က အနက်ရောင်၊ ရှေ့တန်းရောက် အရာရှိတွေ၊ စစ်မြေပြင်မှာသုံးလေ့ရှိတဲ့ အရောင်ပေါ့...၊ ရွှေရောင်လက်လက် မဟုတ်ဘူး။ ရှေ့ဆုံးမှာ ရောက်နေတဲ့ ကျနော်တို့ ဘာလုပ်ရမှန်းမသိဘူး။ ဘာဆက်ဖြစ်မယ်ဆိုတာလည်း မသိဘူး။ နောက်ကလူတွေကလည်း စိတ်မရှည်ကြဘူး၊ ချီတက်မယ်၊ ဆက်သွားမယ်နဲ့ အော်နေကြပြီ၊ နေကလည်း ခြစ်ခြစ်တောက်၊ ခေါင်းတွေလည်း ပူ၊ နားတွေလည်း ဆူနေတယ်၊ နေဝင်းအစိုးရ ကျဆုံးပါစေ၊ ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့၊ ညီတယ်ဟေ့... နဲ့ ကြွေးကြော်နေကြတယ်” ထိုစဉ်က အတွေ့အကြုံကို ကိုသူရိန်က ပြန်ပြောပြတာပါ။ ကျနော်တို့ကိုလည်း အရာရှိကြီးက ပြန်လှည့်ခိုင်းနေပြီ၊ အခြေအနေက တင်းနေတယ်။
အန္တရာယ်အနံ့
အဲဒီအချိန်မှာပဲ... ရွှီ…ခနဲ ဝီစီမှုတ်သံအရှည်ကြီးကို လူအုပ်ကြီးရဲ့ အနောက်ဘက်ကနေ တချက်ကြားလိုက်ရတယ်။ ဟိုး... အနောက်ဘက် တက္ကသိုလ် ဓမ္မာရုံဘက်မှာ ကားအပြာကြီးတွေ အများကြီး ရပ်ထားတယ်။ ကားပေါ်မှာ အပြာရောင် ယူနီဖောင်းတွေ ဦးထုတ်အနီ၊ လည်ပတ်အနီတွေဝတ်ထားပြီး ဒိုင်းနဲ့ တုတ်ကိုင်ထားတဲ့လူတွေ တွေ့ရတယ်။ သူတို့က ဆင်းမလာသေးဘူး၊ ကျောင်းသားတွေကို လှမ်းကြည့်ပြီး အမိန့်တခုခု စောင့်နေတဲ့ပုံစံပဲ။ ကျောင်းသားတွေမှာ ခုခံ ပြင်ဆင်ချိန် သိပ်နည်းသွားပြီ။
အဲဒီအခိုက်အတန့်မှာ ကျောင်းသားတွေလည်း မထင်မှတ်ထားတာတွေ ကြုံလိုက်ရလို့ အံ့သြကုန်ဟန်တူတယ်၊ အစောက ကြွေးကြော်သံတွေ ရပ်သွားတယ်။ ဘာမှကို မကြွေးကြော်တော့ဘူး။ ငြိမ်ကျသွားတယ်။ အန္တရာယ်တခုခုတော့ တွေ့တော့မယ်လို့ အားလုံးစိတ်ထဲ အလိုလိုတွေးမိလိုက်တယ်။ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘာလုပ်ရမှန်းလဲ မသိတော့ဘူး။ ရှေ့မှာလည်း သေနတ်တွေနဲ့ ချိန်ထားပြီ။ နောက်မှာလည်း ကားတွေနဲ့ပိတ်ထားပြီ။ တုတ်ကိုင်ထားတဲ့လူတွေ စောင့်နေပြီ။ အဲဒီအချိန် ဘယ်သူကစပြီး အော်လိုက်တာလဲ မသိဘူး။ “လုံထိန်း” “လုံထိန်း” “လုံထိန်းတွေ အလိုမရှိ” “လုံထိန်းတွေ ထွက်သွား” ဆိုတဲ့အသံတွေ ဆူညံပြီးပေါ်လာတယ်။ လုံထိန်းဆိုတဲ့ဝေါဟာရဟာ အဲဒီအချိန်က စပြီးတွင်ကျယ်သွားတယ်၊ ထိုစဉ်က ဦးနေဝင်းရဲ့ညာလက်ရုံး မဆလ အထွေထွေအတွင်းရေးမှူ ဦးစိန်လွင် ကွပ်ကဲတဲ့တပ်လို့ သတင်းထွက်နေပြီး မတ် ၁၆ လုပ်ကြံမှုတခုလုံးကိုလည်း ဦးစိန်လွင်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ လူပြောများပါတယ်။
ရိုက်ကြပြီ၊ သတ်ကြပြီ
အဲလို လုံထိန်းလို့ အော်လို့လဲပြီးရော... ရွှီး... ဆိုပြီး ဝီစီမှုတ်သံပြန်ကြားရတယ်။ တပြိုင်တည်းမှာ တောင်ကြီးပြိုလာသလိုပဲ အနောက်ဘက်မှာ ဝေါခနဲ လူတွေ ဝရုန်းသုန်းကားနဲ့ အရှေ့ဘက် ပြိုဆင်းလာတယ်။ ကျောင်းသားတွေလည်း ဘာမှ မတွေးကြတော့ဘူး၊ အင်းယားကန်ဘောင်ပေါ် တက်ပြေးကြတော့တာပဲ။ ဖိနပ်တွေ၊ လွယ်အိပ်တွေ ဘာမှ ပြန်မကောက်နိုင်တော့ဘူး၊။ ဝေး... ဝေးနဲ့ ညာသံပေးပြီး ကစဥ့်ကလျှား ကန်ဘောင်ပေါ် တက်ပြေးကြတယ်။ ချီတက်နေသူတွေရဲ့အရှေ့ပိုင်းကိုရောက်နေတဲ့ အုပ်စုတွေက ပြေးနိုင်တာဖြစ်တယ်။ အနောက်ဘက်က လူတွေကတော့ လုံထိန်းတွေနဲ့ ဝရုန်းသုံးကားဖြစ်နေပြီ။ အဲဒီတုန်းက ကန်ဘောင်ကနေမြင်ရတဲ့မြင်ကွင်းကို ကိုသူရိန်က အခုလို ပြောပြတယ်။ “ကျနော်တို့ ကန်ဘောင်ပေါ်ကနေကြည့်လိုက်တော့ ချောင်ပိတ်မိနေတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အင်းယားကန်ထဲ ခုန်ဆင်းကြတယ်၊ တချို့ကို လုံထိန်းတပ်တွေက ဆံပင်ဆွဲပြီး ရိုက်တယ်၊ တချို့ ရေထဲ ခေါင်းနှစ်ထားတယ်၊ မှတ်ပြီလားကွ၊ မင်းတို့ဘာကောင်တွေလဲ၊ မှတ်ပလားကွ၊ မှတ်ပလားဆိုပြီး တုတ်တွေနဲ့ တယောက်ပြီးတယောက်ကို ဝင်ရိုက်တာ၊ ယောက်ျားတွေရော၊ မိန်းကလေးတွေရော ချောင်ပိတ်မိပြီး မပြေးနိုင်ကြဘူး၊ အလဲလဲအပြိုပြိုပဲ၊ သေပါပြီ သေပါပြီ၊ ကယ်ပါအုံး၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့လို့ ငယ်သံပါအောင်အော်ပြီး တောင်းပန်နေတဲ့ အသံတွေ ကျနော် ဒီနေ့ထိ မျက်လုံးထဲက ဖျောက်လို့မရဘူးဗျာ”... ကိုသူရိန်က မျက်ရည်လည်ပြီး ဝမ်းနည်းကြေကွဲသံနဲ့ ပြန်ပြောပြပါတယ်။
“ရေထဲအထိ ဆင်းရိုက်တယ်ဗျာ၊ ငါးစိမ်းသည်တွေ ဈေးထဲမှာ ငါးခေါင်းတွေကို ထုသတ်သလိုမျိုး မှတ်ကွာ... မှတ်ကွာလို့ အော်ပြီးကို ရိုက်နေတာ။ လမ်းမှာ လွယ်အိပ်တွေ၊ လက်ကိုင်ပုဝါတွေ၊ ဖိနပ်တွေ ဝရုန်းသုန်းကား ပြန့်နေတာဗျာ၊ သူတို့က ရိုက်ပြီး ကားပေါ်ဆွဲတင်၊ ကျနော်တို့ ကန်ဘောင်တဖက်က အိမ်တွေမှာခိုနေရင်း လှမ်းမြင်နေရတယ်” အိန္ဒိယမှာ ၂၅ နှစ်ကျော် ခိုလှုံနေထိုင်ခဲ့သူ ကိုကျော်သန်းကလည်း “ကျောင်းသားတွေဟာ အုတ်တံတိုင်းတွေအပေါ် တယောက်ပုခုံး တယောက်တက် ကျော်လွှားပြီး ခြံဝင်းတွေထဲ ခိုလှုံကြတယ်။ အိမ်ရှင်အများစုက ကျနော်တို့ကို အကာအကွယ်ပေးကြတယ်။ ကျနော် အပါအဝင် အိမ်ရှင်တွေ၊ တခြား ကျောင်းသားတွေဟာ လုံထိန်းတွေ ရိုက်နှက်နေတာကို အားလုံးမြင်နေရတယ်။ အခြေအနေတခုလုံးကို တချိန်လုံး အကဲခတ်ကြည့်ရှုနေတဲ့ ကိုသူရိန်က ခုလို ဆက်ပြောတယ်။ “သိပ်မကြာခင်မှာပဲ အသင့်ပါလာတဲ့ မီးသတ်ကားတွေက သွေးတွေ လက်ကိုင်ပုဝါနဲ့ ဖိနပ်တွေကို ရေပိုက်တွေနဲ့ ရှင်းလိုက်တယ်၊ လွယ်အိပ်တွေ၊ ဖိနပ်တွေ အကုန်ကောက်ရှင်းလိုက်တယ်၊ သိပ်စနစ်ကျတယ်ဗျာ၊ သတ်ကွင်းဆင်တာရော၊ ဝင်ရိုက်တာရော၊ အချုပ်ကားတွေထဲထည့်တာ မီးသတ်ကားတွေ လာဆေးတာ၊ ကိုယ့်အပိုင်းနဲ့ကိုယ် စနစ်တကျ လုပ်သွားတာဟာ တကယ့် ပရော်ဖက်ရှင်နယ်တွေ ကျနေတာပဲ။ အခုန ငရဲကျနေတဲ့ ပုံစံတွေဟာ ခဏလေးမှာ နဂိုအတိုင်း ဖြစ်သွားတယ်။
ရှစ်လေးလုံး တွန်းအား
အင်းယားကန်ဘောင် အရေးအခင်းဟာ နောက်ပိုင်း ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ အိပ်ဖွင့်ပေးစာတွေပေါ်ထွက်လာပြီးနောက် လူတွေ ပိုသိသွားတယ်။ အလုံပိတ်ကားထဲမှာ လူတွေပြွတ်သိပ်ထည့်သယ်ဆောင်ပြီး အင်းစိန်ထောင်ဆီ ကွေ့ပတ်မောင်းနှင်ခဲ့သလို ထောင်ဝင်းထဲမှာလည်း တံခါးချက်ချင်းမဖွင့်ပေးလို့ ကျောင်းသားကျောင်းသူ ၄၁ ယောက် အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေဘက်က ဝန်ခံလိုက်ရတယ်။ အင်းယားကန်ဘောင် ရိုက်နှက်သတ်ဖြတ်ခံရမှုမှာ ၁၃ ယောက်သာ သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အတိအကျမသိရပေမယ့် အများစုကတော့ လူ ၁၀၀ ဝန်းကျင် လုပ်ကြံခံရဖွယ်ရှိတယ်လို့ ပြောကြပါတယ်။
မတ်လ ၁၆ ရက်ကစလို့ နောက်ပိုင်း မတ် ၁၇၊ ၁၈၊ ဆက်တိုက် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြမှုတွေ၊ ဖမ်းဆီးမှုတွေ ရက်သတ္တပတ်ကြာဖြစ်ခဲ့တယ်။ တဖန် နွေရာသီကျောင်းပိတ်ပြီး ဇွန်လ ပြောက်ကျား ဆန္ဒပြမှုတွေ မြေနီကုန်းအရေးခင်းလို လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်လာပါတယ်။ နောက်ပိုင်း သြဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်လာဖို့ ကျောင်းသားထုက သွေးနဲ့ အရင်းအနှီးစိုက်ထုတ်လိုက်ရတာပါ။ ဒီကနေ့ဆို ၂၆ နှစ် တိတိရှိပါပြီ။ မတ်လ ၁၆ ဟာ အာဏာရှင်အစိုးရက ကျောင်းသားတွေကို တန်ဖိုးထား လေးစားရကောင်းမှန်းမသိဘဲ လက်နက်အားကိုးနဲ့ ဖိနှိပ်ရက်စက်တဲ့နေ့၊ ပဋိပက္ခကို အပေးအယူလုပ်ပြီး မျှမျှတတ ဆွေးနွေးညှိနှိုင်း အဖြေမရှာဘဲ တရားနည်းလမ်းမကျ တဖက်သတ်ဖြေရှင်းတဲ့နေ့၊ မတရားအစိုးရဆိုတာ မဟုတ်မခံ ဇွဲလုံ့လနဲ့ ညီညွတ်စွာ တွန်းလှန်ရင် ကျဆုံးတတ်တယ်လို့ အစိုးရတွေကို သတိပေးတဲ့နေ့၊ ပြီးတော့ အင်းယားကန် ရာဇဝင်ရိုင်းတဲ့နေ့အဖြစ် သားစဉ်မြေးဆက် မှတ်တမ်းတင် ကျန်နေအုံးမှာပါ။
ကိုညို (အော်စလို)
၁၃ မတ် ၂၀၁၄
ကိုးကား
ဒေါမာန်ဟုန် (ရေး၊ ဘာတေးလင့်တနာ )
RFA (၂၀၁၁ မတ် ၁၅ ရက်၊ စိတ်ယဉ်ကျေးမှုမှတ်စုများ ဆောင်းပါးမှ)
အင်တာနက် ဘလော့ဂ်များ
RFA၊ VOA ရေဒီယိုမှ ၈၈ တံတားနီ အင်တာဗျူးသတင်းများ
No comments:
Post a Comment