မနေ့တုန်းတည်းက ပျောက်ဆုံးနေတဲ့
ရှဥ့်ကလေးသုံးကောင်များ
သွားရင်း လာရင်း လမ်းမှား …
လွန်ခဲ့တဲ့ရက်သတ္တပတ်ထဲက
ပျောက်ဆုံးနေတဲ့ လေယာဉ်တစင်းများ
ပျံရင်း သန်းရင်း လမ်းမှား …
စစ်တန်းလျားတွေ တိုးချဲ့ဖို့
ဘူဒိုဇာနဲ့ ထိုးကော်ထားတဲ့ လယ်မြေတွေရဲ့
ဝမ်းဗိုက်ဟောင်းလောင်းထဲက
အကြမ်းဖက်သမားတွေ မျိုးပွားနေတဲ့
အဆုံးမဲ့တွင်းနက်ကြီးထဲကိုများ
လိမ့်ကျပျောက်ဆုံးခဲ့လေသလား …
အိမ်ပြန်ရောက်တော့
တီဗွီသတင်းချန်နယ်လ်တွေမှာ
ကမ္ဘာကြီးမျက်စေ့အောက်က
ပျောက်ဆုံးနေတဲ့
ခရီးသည်တင်လေယာဉ်တစင်းကို လိုက်ရှာတယ်
အိမ်နောက်ဖေးထွက်ပြီး
နေ့တိုင်း အစာကျွေးနေကျ
ရှဥ့်ငပေါကလေးတွေကို လိုက်ရှာတယ်
စက်ရုံထမင်းစားခန်းထဲရောက်တော့
နံရံပေါ်က မြေပုံပေါ်မှာ
ဘင်္ဂလားပင်လယ်အော်နဘေးမေးတင်လို့
ကမ္ဘာကြီးက မျက်စေ့မှောက်နေတဲ့
မျက်လှည့်ဆရာရဲ့ ပုဝါအောက်က
နိုင်ငံငယ်လေးတခုကို
ငါလိုက်ရှာတယ်။ ။
(၁၄ မတ်လ၊ ၂၀၁၄)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment