Wednesday, February 19, 2014

ဧရာဝတီ ငို၍ပြောသည် (၂) - ကိုညို

တိမ်တိုက်တွေရဲ့အဆုံး xxx အနောက်ဘက်ရှုခင်း xxx မိုးကုပ်တနေရာမှာ xxx နေရောင်တချို့ရှိနေသေး ရဲ့ xxx) 

လွန်ခဲ့တဲ့ ၁၉၇၀ နှောင်ပိုင်းက ပန်းချီဆရာ အဆိုတော် ခင်ဝမ်း ပန်းချီဆန်ဆန် အရောင်တွေနဲ့စပ်ဆိုထားတဲ့ ဧရာဝတီ သီချင်းလေးဟာ လူငယ်တွေပါးစပ်ဖျား ရေပန်းစားခဲ့ပါတယ်။ ဆေးရောင်စုံတွေ သဘာဝအလှရှုမြင်ကွင်းတွေနဲ့ ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ ခံစားရတဲ့အခါ ရှေးတုန်းက ဧရာဝတီဟာ ဒီကနေ့အချိန်မှာ လူသားတွေရဲ့ ပယောဂကြောင့် သင်္ခါရတရားဆန်ဆန်ပဲ ပြောင်းလဲသွားလိမ့်မယ်လို့ ကြိုမတွေးမိခဲ့ပါဘူး။ ကြည်လင်သန့်ရှင်းပြီး တည်ငြိမ်ရင့်ကြက်မှု့နဲ့ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ဧရာဝတီရဲ့ ခမ်းနားတဲ့ အသွင်အပြင်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေပါပြီ။ 

ဧရာဝတီမြစ်ရေသောက်ပြီး ဧရာဝတီမြစ်ကမ်းနားဘေးမှာ နေထိုင်ကြီးပြင်းလာတဲ့ စာရေးဆရာ ဦးကျော်ရင်မြင့်က ဒီကနေ့ ဧရာဝတီရဲ့ အခြေအနေကို စိတ်မချမ်းမြေ့စရာမြင်ကွင်းတွေနဲ့အတူ ပြောပြပါတယ်။ 

“ကျနော်တို့ငယ်ငယ်က ဧရာဝတီဟာ ရေစီးရေလာကောင်းတယ် ရေကြည်တယ်။ နောက်တခါ ဧရာဝတီမြစ်ရေကို သောက်ပြီးတော့မှ ကြီးပြင်းခဲ့ရသူတွေပါ။ ဒီနေ့ဒီအချိန်ခါမှာ ကျနော် ဘဝင်မြင့်တာ မဟုတ်ပါဘူး၊ ကျနော် ဧရာဝတီမြစ်ရေကို မသောက်ရဲတော့ပါဘူး။ ဘာကြောင့်လဲလို့မေးလို့ရှိရင် မြစ်ထဲမှာ စက်မှုလက်မှု ဓာတုပစ္စည်းတွေ အကန့်အသတ်မရှိ စွန့်ပစ်နေတာ လူတိုင်း သိပါတယ်။ အဝတ်အထည်၊ ကြံချက်စက်ရုံတွေ၊ အရက်ချက်စက်ရုံတွေ၊ မက်သနောဆီချက်တဲ့စက်ရုံက စွန့်ပစ်ပစ္စည်းတွေ ရှိတယ်။ နောက်တခါ ရွှေကျင်တဲ့ လုပ်ငန်းတွေကနေပြီးတော့ ပြဒါးတွေ ဆိုင်ရာနိုက်ကို မသုံးရတော့ဘူးလို့ သတ်မှတ်ထားပေမယ့် ဆိုင်ရာနိုက်နဲ့ ရွှေတူးဖော်နေတာတွေလည်း ရှိနေသေးတယ်လို့ ပြောတဲ့သူတွေကလည်း ပြောနေပါသေးတယ်။ 


အဲ့ဒါမျိုး စွန့်ပစ်မှုတွေကလည်း အများကြီးရှိနေတဲ့အခါ မြစ်ရေတောင်မှ မသောက်ရဲလောက်တဲ့ အနေအထားလောက်ထိ မြစ်ရေဟာ ညစ်ညမ်းသွားပါတယ်။ ကျနော်တို့က မြစ်ဘေးမှာ ကြီးပြင်းတဲ့သူတွေဆိုတော့ မြစ်ထဲကငါးတွေကိုပဲ စားခဲ့ကြတယ်။ မြစ်ငါးတွေချိုတယ်ဆိုပြီးတော့မှ ဂုဏ်တောင်ယူခဲ့တာ။ ဒါပေမယ့် ဒီနေ့မြစ်ငါးတွေထဲမှာ အဆိပ်သင့်နေတဲ့ ပြဒါးတွေပါနေတယ်ဆိုတော့ ငါးလည်း မစားရဲ၊ မြစ်ရေလည်း မသောက်ရဲ အဲ့ဒီလိုကြုံရပါတယ်” 

ဆယ်စုနှစ်အတန်ကြာကတည်းက ဧရာဝတီမြစ်ကမ်းနားဘေးက ရွှေတူးတဲ့လုပ်ငန်းတွေကြောင့် ကာလကြာတဲ့အခါ ရေထုညစ်ညမ်းမှုတွေ မြစ်ကြောင်းပြောင်းလဲမှုတွေအပြင် ဓာတုအဆိပ်သင့်မှုတွေနဲ့ပါ ကြုံနေရပါပြီ။ ပြီးတော့ ၂၀၀၇ ခုနှစ်ကစလို့ ဧရာဝတီမြစ်ကိုအခြေခံပြီး ရေကာတာကြီးပေါင်း ၇ ခုထက်မနည်း တည်ဆောက်ထားတဲ့ စီမံကိန်းတွေလည်း လုပ်နေပါတယ်။ ဧရာဝတီမြစ်အစပြုရာ မြစ်ဆုံဝန်းကျင်မှာလည်း စက်ယန္တရားကြီးတွေသုံးပြီး ရွှေတူးနေတာကြောင့် မြစ်ရေစီးမှုတွေဟာလည်း ကောက်ကွေ့ တိမ်ကောလာနေတယ်လို့ အဲ့ဒီဒေသကို မှတ်တမ်းတင်ခရီးထွက်ခဲ့တဲ့ ဓာတ်ပုံဒီဇိုင်းပညာရှင် ဆရာ စိုးဝင်းငြိမ်းက ပြောပါတယ်။ 

“မြစ်ဆုံဝန်းကျင်မှာတော့ ရွှေတူးနေကြတာတွေ အရမ်းများပါတယ်။ ရေတွေနောက်ကျိနေတာ အများကြီးတွေ့ရတယ်။ ကမ်းပါးမှာလည်းတူးနေကြတယ်။ အဲ မြစ်ထဲကနေ မြစ်လယ်မှာလည်း အဲ့ဒီလိုပေါ့ လေဖောင်တွေနဲ့ ရွှေတူးနေကြတာတွေလည်း တွေ့ရတယ်။ ရိုးရာအတိုင်း အသားတန်းလေးတွေနဲ့ လုပ်တာလေးတွေကတော့ နည်းပါတယ်။ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာတော့ များတယ်ဗျ။ မြစ်ဆုံအောက်နားလေးကို ရေကာတာကြီးဆောက်မယ့် နေရာဝန်းကျင်တွေမှာ များပါတယ်” 

ဧရာဝတီမြစ်ကြီး ပျက်စီးဖို့နေရာအစဟာ တောပြုန်းတာကလို့ ဆိုရမှာပါ။ မြစ်ဖျားအစ ကချင်ပြည်နယ်မှာ ရှေးပဝေသနီကတည်းကရှိခဲ့တဲ့ သစ်တောကြီးတွေကို ဖြိုလဲလိုက်တာကလည်း နိုင်ငံရေးအခြေအနေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ၁၉၈၉ -၉၀ လောက်မှာ နဝတ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးမလုပ်ရင်ပြီးရော ကြိုက်တဲ့စီးပွားရေးလုပ်ဆိုပီး ခွင့်ပြုလိုက်ပါတယ်။ ကချင်ပြည်နယ်က သစ်ပင်တွေကို ဒေသတွင်း စီးပွားရေးသမားတွေ စစ်ခေါင်းဆောင်တွေ လက်နက်ကိုင်သူပုန်တွေက တရုတ်ကုန်သည်တွေနဲ့ပူးပေါင်းပြီး တတောလုံးပြောင်အောင် အမြစ်ပါမကျန် ရှင်းပြစ်လိုက်ကြပါတယ်။ ဧရာမ သစ်ပင် သစ်မြစ်ကြီးတွေဟာ တရုတ်ပြည်ရဲ့ အိမ်တွင်းအလှအပ ပရိဘောဂတွေအတွက် တန်ဖိုးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။ 

တရုတ်ပြည်မှာနေထိုင်နေတဲ့ နိုင်ငံရေးသမား စာရေးဆရာ ရဲဘော်ဖိုးသံချောင်းက သူ မြင်တွေ့ခဲ့ရတာတွေကို အခုလို ပြန်ပြောပြခဲ့ပါတယ်။ 

“ဒီဘက်ဒေသမှာက သိပ်ပြီးတော့လှတဲ့ သစ်ပင်ကြီးတွေက အကြီးကြီးတွေ လုံးလုံးကိုမခုတ်ဘဲထားတဲ့ သစ်တောတွေ၊ ဘယ်လောက်ထိ ကြီးသလဲဆိုလို့ရှိရင် အဲ့ဒီ ဘီး ၁၂ ဘီးလောက်ပါတဲ့ ကားကြီးတောင်မှ သစ်မြစ်တတုံးပဲ တင်လို့ရတယ်။ တခြားဘာမှတင်လို့မရဘူး အဲ့ဒီလောက်ကြီးတာ၊ အဲ့ဒါက တရုပ်လိုပြောရင် ဟုန်းတိုစား လို့ခေါ်တယ်။ နိုင်ငံတကာ ကာကွယ်ထားတဲ့ ရက်ပ်အု(ဝ်)လို့ ခေါ်တယ်။ ရှားပါးသစ်ပင်မျိုး အဲ့ဒါတွေကို တခြားနိုင်ငံတွေက သိပ်သဘောကျတယ်။ တခြားဘယ်မှာမှ ဝယ်မရဘူး၊ ဘယ်မှာမှ ခုတ်ခွင့်မရှိဘူး၊ ဒီမှာပဲခုတ်ခွင့်ရှိတော့ အဲ့ဒါတွေကိုသုံးကြတယ်။ သုံးကြတာမှ အဲ့ဒီသစ်မြစ်ကြီးတွေ အကုန်လုံးမြေကြီးထဲက တူးပြီးတော့ အပင်လှဲယုံတင် မကဘူး၊ ဖြုန်းပစ်လိုက်တာ သစ်ပင်ကြီးတွေက တခါတခါဆိုရင် လူ ၇ ယောက် ၈ ယောက်ဖက်မှ ရတာဟာမျိုးကြီးတွေ ထင်တယ်။ ပြောင်တလင်းခါအောင် အဲ့ဒီလို တောင်ကြီးတွေကို ခုတ်ပစ်ကြတာ။ 

အဲ့ဒီလိုခုတ်ဖို့က အပစ်ခတ်ရပ်စဲရေးရရှိတဲ့အခါမှာ နဝတ စစ်ဗိုလ်တွေကနေပြီးတော့ ဒီဘက်ကရှိတဲ့လူတွေကို သစ်လုပ်ခွင့်ဆိုပြီး ပေးလိုက်တယ်။ ဒီကလူတွေကို သူတို့ဒေသအတွင်းရှိတဲ့ သစ် သူတို့ကြိုက်သလိုလုပ်တယ်ဆိုပြီးတော့ ဝယ်မယ့်သူ ရှာတယ်။ အဲ့ဒီတော့ အိမ်နီးချင်းနိုင်ငံတွေက ဝယ်မယ့်သူတွေ အလွယ်လေးရတာပေါ့။ တရုတ်တွေကို ခုတ်ခိုင်းတယ်။ ခုတ်ခိုင်းပြီး သူတို့က အဲ့ဒီအတွက် သူတို့သစ် သူတို့ရောင်းစားရင်ကို ပိုက်ဆံရတာ။ 

အဲ အဲ့ဒါပြီးတော့ အဲ့ဒီလုပ်ခွင့်တွေအတွက် နဝတ-နအဖ စစ်ဗိုလ်တွေကို သူတို့က သင့်သလို မုန့်ဖိုးပေးရတယ်။ အခုကြတော့ တရုတ်ပြည်က အဲ့ဒီလို ခုတ်ယူခွင့်မပြုတော့ဘူး။ အစိုးရဆီက ဝယ်တာမဟုတ်ရင် ဝယ်လို့မရတော့ဘူး။ ငြိမ်းအဖွဲ့တွေဆီကနေဝယ်လို့ မရတော့ဘူး၊ အဲ့ဒီတော့ သစ်တွေကလည်း ကုန်နေပါပြီ။ နအဖ စစ်ဗိုလ်တွေကလည်း ပြည်တွင်းကနေ လုပ်ကြတယ်၊ အဲ့ကျတော့လည်း သစ်ကုန်သည်တွေက နအဖ စစ်ဗိုလ်တွေကို အကုန် ပေးကြ ကမ်းကြရတာပဲ။ 

ဟို... ဗျူဟာမှူးတယောက်ပြောင်းလို့ရှိရင် တရုတ်ကုန်သည်တွေ စုပြီးတော့ ပိုက်ဆံပေးကြရတာ။ အဲ့ဒီတုန်းက ပေးရတာဆိုရင် တယောက်ကို တရုတ်ငွေ ၂ သောင်းလောက်ပေးရတာ။ တရုတ်ငွေ ၂ သောင်းဆိုတာ အမေရိကန်ဒေါ်လာ ၃ ထောင်လောက် ပေးရတာ။ သတ္ထုကတော့ မြေကြီးထဲကဟာမို့လို့ အကျိုဆက် ဘယ်လိုရှိမလဲဆိုတာကတော့ ချက်ချင်း မသိရဘူးပေါ့၊ ဒါပေမယ့် သစ်ပင်တွေကတော့ တကယ်ကို ပြောင်သွားပြီ။ အရင်တုန်းကဆိုရင် သစ်တောတွေခုတ်ပြီးတော့ ကျန်တဲ့ သစ်ကိုင်းသစ်ဖြတ်တွေ ဒါမှမဟုတ်ရင်လည်း အမြစ်တွေကို မီးသွေးဖုတ်ပြီး တရုတ်ပြည်ထဲ ပြန်ရောင်းကြတယ်။ အခုကျတော့ အဲ့ဒီလိုကိုမရှိတော့ဘူး တရုတ်ပြည်ထဲကနေသွင်းပြီး ဗမာပြည်ထဲကို ရောင်းနေရတယ်” 

မြန်မာနဲ့ အဓိကစီးပွားဖက် တရုတ်ပြည်ကလည်း အဲ့ဒီတုန်းက စီးပွားရေးတံခါးဖွင့်ဝါဒကို ကျင့်သုံးခါစဖြစ်လို့ မြန်မာပြည်ရဲ့ ရောင်းလို့ရတာ အကုန်ရောင်း၊ ဝယ်လို့ရတာ အကုန်ဝယ်လို့မူချပြီး အဖိုးတန်သစ်တောတွေနဲ့ မြေအောက် သံယံဇာတတွေအားလုံး ပေါချောင်ကောင်းဈေးနှုန်းနဲ့ အကုန်လုံး သိမ်းကြုံးယူသွားခဲ့ပါတယ်။ သစ်တောကြီးတွေ ပြောင်တလင်းခါသွားတဲ့ အကျိုးဆက်ကတော့ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုတာတွေ မြစ်တိမ်ကောတာတွေ ဖြစ်လာပါတယ်။

မြန်မာပြည်အထက်ပိုင်း ဧရာဝတီလေ့လာရေးခရီးစဉ်ကိုသွားခဲ့တဲ့ စာရေးဆရာ ကျော်ရင်မြင့်ရဲ့စိုးရိမ်ပူပန်မှုကတော့ ... 

“သစ်ပင် မတန်တဆခုတ်တဲ့အခါမှာ မြေဆီလွှာတွေဟာ ပြုန်းတီးပြီးတော့မှ ဥပမာ မိုးတွေရွာတယ်။ ရွာရင် မိုးရေတွေကို တချိန်က သစ်တောတွေရဲ့ထိန်းထားတဲ့အထဲမှာ မြေလွှာတွေဟာ မြစ်ထဲကို မစီးဝင်ပေမယ့် အခုဆိုလို့ရှိရင် မိုးရွာရင်လည်း ထိန်းသိမ်းမယ့်သစ်တော မရှိတော့တဲ့အတွက်ကြောင့်မို့ မြေတွေဟာ တလဟော မြစ်ထဲကို ပို့ချပြီးတော့မှ သောင်တွေ ထွန်းတယ်လို့ ဆိုပါတယ်။ မြစ်နဲ့ကိုမတူဘဲနဲ့ တချို့နေရာတွေမှာ ချောင်းသာသာလောက်သာရှိတဲ့ အနေအထားကို ရောက်နေပါတယ်။ ဧရာဝတီကိုဆန်တက်ဖို့ ကြိုးစားတုန်းက ဗန်းမော်ထိသွားဖို့ ကြိုးစားခဲ့ပေမယ့် သောင်တွေ ထွန်းနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရဲ့သင်္ဘောသေးသေးလေးဟာ ဗန်းမော်ထိမသွားနိုင်ဘဲ ဗန်းမော်အောက် ၁၀ မိုင်လောက်ကနေပြီးတော့ပဲ ရပ်ခဲ့ရတဲ့ အနေအထားမှာ ရှိပါတယ်။ 

အခု အများစိုးရိမ်ပြီး ပြောနေကြတဲ့ ဧရာဝတီမြစ်ဖျားဒေသမှာ အဲ့ဒီတရုတ်က ဆည်ကြီးဆောက်မယ့် မြစ်ဆုံစီမံကိန်းက လုံးလုံးလျှားလျှား အကောင်အထည် မပေါ်သေးလို့ပါ။ တကယ်လို့များ ထိပ်ကနေပြီးတော့ ရေများပိတ်ချလိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဧရာဝတီအတွက် စဉ်းတောင်မစဉ်းစားရဲပါဘူး။ ရေမှရှိပါဦးမလား ဆောက်ထားတဲ့ မြစ်ကူးတံတားကြီးတွေ သုံးစရာမှ လိုဦးပါ့မလားလို့တောင်မှ ကျနော်ဖြင့် တွေးပြီးတော့ ပူပန်မိတဲ့ အနေအထားမှာရှိပါတယ်ဗျ” 

တကယ်လို့များ ဧရာဝတီရဲ့ကျန်းမာရေး ယိုယွင်းလာမှုကို မသိလိုက်မသိဖာသာ ပစ်ထားလိုက်မယ်ဆိုလို့ရှိရင် အနာဂတ်ဟာ မတွေးဝံ့စရာပါ။ သစ်ခုတ်မှုနှုန်း၊ မြေပို့ချမှုတွေကြောင်မို့ မြစ်ကြီးဟာ တရက်ထက်တရက် တော်တော်ကြီး ကောလာတဲ့အနေထားမှာ ရှိနေပါတယ်။ ဒီအတိုင်းသာ မြစ်ကောလာမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးမှာ ဒုက္ခဖြစ်မယ့်အနေအထားတွေ ရှိပါတယ်။ ဒီမြစ်ကြီးကိုမှီပြီးတော့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံလို့ ကြွေးကြော်နေရတာပါ။ နိုင်င်တော်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီးကို ထိခိုင်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ အများစု လူတန်းစားဖြစ်တဲ့ တောင်သူလယ်သမားတွ ပြဿနာဖြစ်နိုင်ပါတယ်။ 

ကျနော်တို့နိုင်ငံ စိုက်ပျိုးရေးပဲ မှီခိုနေရတုန်းပါပဲ။ နောက်တခါ ဂဏန်းတို့၊ ပုဇွန်တို့ ရောင်းရတယ်ဆိုတာလည်း မြစ်ရေကို မှီပြီးတော့မှလုပ်ရတဲ့ကိစ္စတွေဆိုတော့ အားလုံး နိုင်ငံကြီးတခုလုံးရဲ့ စီးပွားရေးကိုထိခိုက်နိုင်တဲ့အနေအထား ရောက်ကုန်မှာပါ။ ဧရာဝတီကို မထိန်းသိမ်းနိုင်ဘူး ဧရာဝတီကို ရှင်သန်အောင်အသက်ဝင်အောင် ဆက်မလုပ်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ အသက်သွေးကြောကိုဖြတ်ပစ်တာနဲ့ တူသွားပါလိမ့်မယ်။ 

အနာရောဂါ ဗလပွနဲ့ ဧရာဝတီရဲ့ အနာဂတ်ပါ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး ရေရှည်အကျိုးစီးပွားကို မရှုမြင်တဲ့ စီမံကိန်း အလွဲအမှားတွေနဲ့ အုပ်ချုပ်မှု ပယောဂတွေကြောင့် ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးက ကပ်ဆိုက်နေပါပြီ။ ကျနော်တို့ ဝိုင်းဝန်းပြီး ဘယ်လိုကုစားကြမှာလဲ။ ဧရာဝတီကို ကယ်တင်တာဟာ မြန်မာပြည်ကို ကယ်တင်တာပဲ မဟုတ်ပေဘူးလား...။ 

ကိုညို (အော်စလို) 

 

No comments: