ကျနော့်ကိုယ်ပိုင် ပြက္ခဒိန်ထဲတွင်
ဖေဖော်ဝါရီ ၁၅ သည်
မုန်းသူများနေ့ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်
အချစ်နဲ့ အမုန်းသည်ကား
ပဲနိစ်ပြားတပြားပေါ်မှ
သမ္မတရုပ်ပုံနှင့် တဖက်ခြမ်းကဲ့သို့နှင့်
ဒေါ်ချိုပြုံးသီဆိုသော သီချင်းတပုဒ်ထဲမှ
ဇန်နဝါရီလကလေးနဲ့ ဖေဖော်ဝါရီလကလေးများလို
ကျောချင်းကပ်နီးပေမယ့် တသက်လုံးကွာဝေးဟု ဆိုသလို
ကျနော့်၏ ပြန်မတွေ့နိုင်တော့သောအမေနှင့်
ကျနော့် နို့ထိန်းသည် တာယန်ဟေးများ
ကျနော်၏ ပြန်မကြားနိုင်တော့သော
အမှတ် ၁ အထကမှ ခေါင်းလောင်းထိုးသံများ
သစ်ညိုပင်ကြီးတပင်၏ ခြေရင်းရွက်ကြွေတောအုပ်အောက်မှာ
ဖျောက်ဖျက်ခံလိုက်ရသော နှင်းဆီရနံ့လို ချိုအီသော
သူမ၏ ရယ်သံလွင်လွင်များ...
ငယ်ဘဝဘောလုံးကွင်းထဲမှ
ကိုယ့်ဂိုးပေါက်ထဲသို့ ဝါးလုံးထိုးထိုးဝင်လာသည့်
လောကဓံတရားအား ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့သော
ကျနော်၏ ကျောနံပတ်တစ်များ...
ကျနော်၏ပြန်မတွေ့နိုင်တော့သော
ဂတီးများ... ကျောင်းဆရာများ... ပါပုများ...
ကိုယ့်ချစ်သူနမ်းတဲ့ပါးကို
ဘယ်ပြန်ညာပြန် တအားရိုက်
အသည်းခိုက်အောင်နာခဲ့တယ်... ဆိုသော
မောင်လွင်ပြင်များ...
သူစုထားတဲ့ မုန့်ဖိုးလေးနဲ့ဝယ်ကျွေးတဲ့အရသာကို တကယ်မမေ့ခဲ့သော
စိန်ပန်းပွင့်ချိန်များ
တိုင်းပြည်ရဲ့ဝမ်းဗိုက်ကို
မီးလောင်တိုက်သွင်းတဲ့အခါ
ကျနော်ချစ်တဲ့လွယ်အိတ်လေးဟာ
အိမ်နံရံထက်မှာ ကျန်ခဲ့ရှာပေါ့...
မောင်မှိုင်းလွင်များ...
ကျနော့်၏ အစိမ်းရောင် ခိုင်ရွှေဝါ ဓမာ အဝိုင်းဂိတ်ဆုံးများ...
ဦးနွယ်များ... ကိုအောင်ခက်များ... ဇော်ထွန်းတင်များ...
မောင်စိုးအောင်များ.... လှသန်းများ... ကိုမြင့်စိုးများ...
ယုဇနဥယျာဉ်မြို့တော် ၁၂ လမ်းမှ
မောင်ယဉ်ထွေးများ
ကျနော့်၏ အညတြဝလေးများ
ကျနော့်၏ အသည်းကွဲ ၃၃ လမ်းများ
ကျနော်၏ ထွေးပျော်ရွှင်ဖွယ် လက်ဖက်ရည်ခွက်များ
ကျနော့်၏ အေးစက်မဲမှောင်သော အရက်ခွက်များ
ပုသိမ်မုံရွာရေဦးလမ်းနံဘေးမှ
အဖေ့၏ တူထုသံများ
ကျနော်ပြန်မရောက်နိုင်သေးသော
ကျနော့်၏ နေမဝင်တံတားကြီးတန်းလမ်းမများ...
ထိုထိုသော စသည်ဖြင့်...
စသည်ဖြင့်များနှင့်
ဖေဖော်ဝါရီ ၁၄ သည်
ချစ်သူများနေ့ဖြစ်ပြီး
ကျနော့်၏ ကိုယ်ပိုင်ပြက္ခဒိန်ပေါ်တွင်
ဖေဖော်ဝါရီ ၁၅ ကား
မုန်းသူများနေ့ဖြစ်ပါသည်။
သစ်ကောင်းအိမ်
(၁၅ ဖေဖော်ဝါရီ၊ ၂၀၁၄)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment