မြင်မြင်သမျှအရာရာဟာ ဖြူဖွေးနေတာပဲ။ အားလုံးကို အဖြူရောင်တွေ လွှမ်းနေလိုက်တာ။ ကြည့်လေ...
တောင်တွေကလည်း အဖြူ၊ သစ်ပင်တွေလည်း တကိုယ်လုံးဖြူ၊ အိမ်တွေလည်း အဖြူ၊ လမ်းတွေလည်း ဖြူ၊ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေတောင်မှ အဖြူရောင်ဂွမ်းပုံကြီးနဲ့ ဖုံးနေသလိုပဲ။ အော်… … လူတွေကလည်း အဖြူတွေကိုး။ အရပ်ရှစ်မျက်နှာ အဖြူ။
အရာရာဟာ အဖြူ။ ဒီလိုဖြူဖွေးနေတဲ့ မြင်ကွင်းမျိုး၊ ဒီရောက်မှ တွေ့ဖူးတာ။ ရောက်ခါစက ဒီတိုင်းပြည်ဟာ ဒီလောက် ဖြူဖွေးလိမ့်မယ်လို့ မတွေးမိဘူး။
ရုပ်ရှင်တွေထဲမှာတော့ ဒီလို အဖြူရောင်နှင်းတွေ၊ ရေခဲတောင်တွေ၊ နှင်းမိုးဖွဲဖွဲတွေ ကြည့်ဖူးတယ်။ ခုဟာက ရုပ်ရှင်ထက် လှနေတဲ့မြင်ကွင်း။
ဒီလိုနှင်းတွေကိုလည်း တခါမှ မမြင်ဖူးဘူး။ သစ်ကိုင်း၊ သစ်ခက်တွေပေါ် ပန်းဝတ်မှုန်တွေလို နူးညံ့ပြီး အဆုတ်လိုက် အဆုတ်လိုက် မေးတင်နေတဲ့ ဖြူလွလွနှင်းထုလေးတွေအပေါ် လိမ္မော်ရောင် နေခြည်နုနုလေးကလာထိတဲ့အခါ နှင်းဂွမ်းပုံလေးတွေဟာ ရွှေရောင်တောက်ပြီး တလက်လက်နဲ့ ရက်ရက်စက်စက် လှနေတယ်။ တောင်ကုန်းမို့မို့လေးအတိုင်း ဦးတည်နေတဲ့ တောလမ်းသွယ်လေးဟာ ဖြူဖွေးနုအိနေတဲ့ နှင်းမွမွလေးတွေဖုံးနေတာ ခြေနဲ့နင်းရက်စရာ မရှိ။
ငယ်ငယ်တုန်းက နှင်းကျတယ်ဆိုတာ မြူမှုန်တွေလို၊ တိမ်မီးခိုးတွေဝေမှိုင်းနေတာလို့ ထင်နေတာ၊ တကယ်တော့ နှင်းက နှင်း၊ မြူက မြူ။ နှင်း(snow)နဲ့ မြူ(Fog) ဘာမှမဆိုင်ဘူး။ နှင်းတွေအကြောင်းစပ်ဆိုထားတဲ့ မြန်မာသီချင်းတွေဟာ တကယ်တော့ မြူတွေဝေမှိုင်းနေတဲ့သီချင်းတွေ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ ကမ္ဘာကြီးနဲ့ နှစ်တွေအများကြီး အဆက်ဖြတ်ခံလိုက်ရတော့... မြူနဲ့နှင်းနဲ့ တောင်မကွဲပြားနိုင်အောင် ဖြစ်သွားခဲ့တယ်။ ကျွန်တော်လည်း အခုမှ နှင်းဆိုတာ ဒါပါလားလို့ သိရတာ။
ဒီကမ္ဘာကြီးမှာ ဒီလိုမျိုး မထိရက်မတို့ရက်လောက်အောင် လှပနေတဲ့အရာတွေရှိနေပါလားဆိုတာ အစောပိုင်းကာလတွေက သေချာမသိခဲ့ဘူး။
ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့အလှဆုံးတွေကို ပိုင်ဆိုင်ခွင့်ရှိရက်နဲ့ ကိုယ်နဲ့မဆိုင်သလို ဥပေက္ခာပြုခံခဲ့ရတယ်။ သဘာဝရဲ့အလှတရားတွေ ကျွန်တော်တို့မြေမှာရော၊ ရင်ထဲမှာရော ရှိနေပါရဲ့၊ ကျွန်တော်တို့ သတိမမူမိခဲ့ဘူး။ နှစ်ပေါင်းများစွာ ဒဏ်ရာဒဏ်ချက်တွေနဲ့ လိမ်းလူးပေကျံပြီး ဘဝပျက်နေခဲ့လို့ ကျွန်တော်တို့တတွေဟာ လူသားမပီမသဖြစ်ခဲ့တယ်။ လွတ်လွတ်လပ်လပ် မရယ်မောရတာကြာတော့ ပြုံးတောင်မပြုံးတတ်တော့သလို ရုပ်ကြမ်း၊ နှလုံးကြမ်းတွေ ဖြစ်ကုန်တယ်။
ကျွန်တော်တို့ဟာ အနှစ်နှစ်ဆယ်ကျော်လောက် အိပ်မက်ဆိုးကြီးတွေထဲ လူးလာယောက်ယက်ခတ်နေခဲ့တယ်။ မှောင်မဲနေတဲ့ဘဝကနေ လန့်နိုးရုန်းထလိုက်တဲ့အခါ ကျွန်တော်ဟာ အဖြူရောင်တိုင်းပြည်ကြီးကို ရောက်နေပါတယ်။
ပီဘိ အဖြူရောင်။ သဘာဝလည်း ဖြူ၊ လူတွေလည်း ဖြူ၊ ဒီထက်ပိုပြီး တဖြည်းဖြည်းသိလာတာက စိတ်နှလုံးသားတွေပါ ဖြူနေကြပါလားဆိုတာပါပဲ။ ဟုတ်တယ်။ သူတို့ဟာ လူတွေသာ ဖြူတာမဟုတ် စိတ်နှလုံးသားတွေလည်း ဖြူကြတာ များတယ်။ တမင်တကာလုပ်ကြံပြီး လိုက်ဖြူနေတာမျိုး၊ ဟန်ဆောင်ပြီးဖြူနေတာမျိုး မဟုတ်ဘူး။
နဂိုမူလကိုက အဖြူထည်ဖြစ်နေတာ၊ စိတ်အခြေခံတွေကိုက ဖြူနေတာ။ သေချာအောင်ပြောရရင် ကလေးဘဝကနေ စာသင်ခန်း၊ ပြီးတော့ လုပ်ငန်းခွင်၊ နောက်ပိုင်း လူမှုနယ်ပယ်တွေထဲအထိ လူသားပီသတဲ့ အရင်းခံအဖြူထည်စိတ်ကို မန်းမှုတ်ထည့်ပေးလိုက်သလိုပဲ။
အဖြူရောင် တိုင်းသူပြည်သားတွေဟာ အဖြူထည်စိတ်နဲ့ တည့်တည့်မတ်မတ်။ သူတို့ဖြူတာက ဘုရားကျောင်းပုံမှန် မတက်ဘဲ ဆရာတော်ထံက သီလမတောင်းဘဲ၊ သူ့ဖာသာသူ သီလသမာဓိရှိနေတာမျိုး။ ကိုယ်ကျင့်တရား ခိုင်ကျည်နေတာမျိုးဖြစ်တယ်။ ပြီးတော့ တကူးတက သီလစောင့်စရာမလိုအောင် အကုသိုလ်ငြိမ်းနေတာ။ အူမကလည်း တောင့်ပြီးသား။
ဒီလို အူမတောင့်နိုင်ဖို့ သီလပြည့်ဖို့အတွက် သူတို့အားလုံး ပြာပုံထဲကနေ အကြိမ်ကြိမ် လူးလဲထခဲ့ရတယ်။ ကျွန်တော်တို့လို ဘယ်နေရာပဲ စားပြီးသားအစေ့ပစ်ပစ် အချိန်တန်ရင် အပင်ထပေါက်လာတဲ့ မြေမျိုးမဟုတ်သလို အမြဲတမ်း စိမ်းလန်း နွေးထွေးပြီး၊ သယံဇာတကြွယ်တဲ့နိုင်ငံလို မဟုတ်ဘူး။
ဒီလူမျိုးတွေဟာ တနှစ်ပတ်လုံးအေးခဲနေတဲ့ ရေခဲပင်လယ်ကြီးတွေမှာ ငါးဖမ်းတဲ့ တံငါသည်တွေအဖြစ် ကြမ်းကြမ်းတမ်းတမ်း အသက်ရှင်ခဲ့တယ်။ ဗိုက်ကင်းလို့ခေါ်တဲ့ ပင်လယ်ဓားပြအလုပ်တွေ လုပ်ခဲ့တယ်။
နောက်ပိုင်းမှာ အစာရေစာငတ်မွတ်ပြီး ကုန်းကောက်စရာမရှိအောင် မွဲတေနေတဲ့ကြားက ကပ်ရောဂါဆိုးတွေ မွှေပြီး ဘိုးဘွားဘီဘင်နဲ့ ဘုရင်မျိုးဆက်ပြုတ်သွားလောက်အောင် ဒုက္ခဆိုးတွေ ကြုံခဲ့ရတယ်။ ဝဋ်ကြွေးတွေ ပေးဆပ်ခဲ့ရတယ်။
နှစ်ပေါင်းရာနဲ့ချီပြီး တိုင်းတပါးအုပ်စိုးမှုကို ခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ဟာ ဇွဲတော့မလျှော့ဘူး၊ တနှစ်မှာ သုံးလပဲ စိုက်ပျိုးလို့ရတဲ့မြေမှာ တနှစ်စာရိက္ခာကို အင်တိုင်အားတိုက် စိုက်ကြတယ်။ ရိတ်သိမ်းကြတယ်။ ခြိုးခြံခြွေတာကြတယ်။
ရိုးရိုးလေးဝတ်၊ ရိုးရိုးလေးနေထိုင်၊ ရိုးရိုးလေးစားသောက်ပြီး စိတ်နှလုံးသား ရိုးရိုးလေးနဲ့ ဘဝမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့ကြတယ်။
ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူး။ မတရားမှုကိုလည်း ရိုးရိုးသားသားပဲ တုံ့ပြန်တယ်။ အဲ့လို နှလုံးသားဖြူစင်သူတွေကို ဘုရားသခင်က ကြာကြာပစ်မထားရက်ဘူး။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်လောက်က ရေခဲပင်လယ်ကြီးအောက်ကနေ ဓာတ်ငွေ့နဲ့ ရေနံသိုက်ကြီး တွေ့သွားတယ်။
နောက်အနှစ် ၂၀ လောက်ကြာတော့ သူတို့ဘဝတွေ အားလုံး တည့်မတ်တောက်ပြောင်သွားတယ်။ အတွေးဟောင်း၊ စနစ်ဟောင်း၊ စရိုက်ဟောင်းတွေကို စနစ်တကျတိုက်ချွတ်ပြီး၊ မူကြိုကလေးဘဝထဲကနေ လူသားပီသတဲ့စိတ်ဓာတ်နဲ့ လူ့အခွင့်အရေးတွေ၊ လူသားချင်းစာနာမှုတရားတွေ၊ ချစ်ခင်လေးစားတတ်တဲ့ စရိုက်တွေ၊ လူ့တာဝန်နဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို သေသေချာချာ ပြုစုပျိုးထောင်ပေးတယ်။ တတ်မြောက်အောင် သင်ကြားပေးတာ မဟုတ်ဘူး။ သိတတ်နားလည်တတ်အောင် ပုံသွင်းပေးလိုက်တာဖြစ်တယ်။ အဖြူဖြစ်ဖြစ်၊ အဝါဖြစ်ဖြစ်၊ အညိုဖြစ်ဖြစ်၊ အမဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကလာတဲ့ကလေးဖြစ်ပစေ တူညီတဲ့ ဖယောင်းရုပ်လှလှလေးတွေလို ပုံသွင်းပေးလိုက်တယ်။
ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့ လူသားစိတ်နှလုံးသားတွေ၊ လူ့ကျင့်ဝတ်တွေ၊ တာဝန်နဲ့ အခွင့်အရေးတွေကို သူ့ဖာသာသူ ကျင့်ကြံသွားတာ။ ကျွန်တော်တို့က သင်တန်းတွေ၊ စာအုပ်တွေ၊ လက်ချာ(ပို့ချမှု)တွေနဲ့ လေ့လာဆည်းပူးနေချိန်၊ သူတို့တတွေက အဲဒီအကျင့်တွေ သူ့အလိုအလျှောက် ရှိပြီးသားဖြစ်နေတယ်။
တကယ်တော့ ဒီအရာတွေအားလုံးဟာ နဂိုမူလကတည်းက ကျွန်တော်တို့မှာလည်း ရှိပြီးသား၊ သိပ်ထူးထူးခြားခြားတော့ မဟုတ်ဘူး။ မတရားတာကို မခံလိုစိတ်၊ ဒုက္ခရောက်သူကို ကူညီချင်စိတ်၊ ငြိမ်းငြိမ်းအေးအေးနေတတ်ပြီး ရိုးသားမှုဂုဏ်၊ လူတိုင်းကိုဖော်ရွေပြီး ဧည့်သည်ကို ခင်မင်နေရာပေးတတ်တဲ့အကျင့်နဲ့ အမြဲတမ်း ပြုံးပျော်ရယ်မောတတ်တဲ့အကျင့်ဟာ လူမျိုးတမျိုးလုံးရဲ့ သင်္ကေတလိုကို ဖြစ်နေတာ။
ဒါပေမယ့် အခုတော့ ကျွန်တော်တို့မှာ တဖက်သားက ပြုံးပြရင်တောင် ငါ့ဆီက ဘာလိုချင်လို့လဲ? ဘာလုပ်မလို့လဲ? ဘာရိတ်မလို့လဲ? ဆိုတဲ့ သံသယတွေနဲ့ မေးခွန်းထုတ်နေရတဲ့ဘဝ ရောက်နေတယ်။ စိတ်နဲ့ကိုယ်ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါး မရှိတော့ဘူး၊ အမြဲလေးလံပြီး အမြဲတွေးပူနေရတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတခုလုံးမှာ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားဘဝတွေနဲ့ စိန်ခေါ်ခံနေရတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ယုံကြည်မှုတွေ ပျက်ပြားခဲ့တယ်၊ သံသယတွေ ကြီးစိုးခဲ့တယ်။ ဒဏ်ရာတွေဟာ ကျက်လည်းမကျက်နိုင်တော့ပါ။
ကျွန်တော်ဟာ ၁၉၈၈ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်အဖြစ်ရော၊ သတင်းထောက်တယောက်အဖြစ်နဲ့ပါ အနှစ်၂၀လောက် နေထိုင်လှုပ်ရှားခဲ့တယ်။ အဲဒီကာလတွေအတွင်း နယ်စပ်စခန်းက ဒုက္ခသည်ဘဝနဲ့ရော၊ အိန္ဒိယအကျဉ်းထောင်ထဲ ပို့ဆောင်ခံရတဲ့ အကျဉ်းသားတယောက်အနေနဲ့ရော နယူးဒေလီမြို့က လူဦးရေထူထပ်ပြီး ဆင်းရဲသားရပ်ကွက်သေးသေးလေးထဲက အခန်းကျဉ်းကျဉ်းလေးထဲမှာ နှစ်အတန်ကြာနေထိုင်ပြီး ဝမ်းရေးအတွက် ရတဲ့အလုပ်လုပ်ပြီး ရုန်းကန်လိုက်၊ အငတ်ငတ်အပြတ်ပြတ်နဲ့ နိုင်ငံရေးလှုပ်ရှားလိုက်နဲ့ မိမိကိုယ်ကို ယိုင်လဲမကျအောင်ထိန်းပြီး တည့်မတ်အောင် လျှောက်ခဲ့ရပါတယ်။
ကိုယ့်မျက်စိရှေ့မှာတင် ကိုယ့်ယုံကြည်ချက်ကို ငွေနဲ့ အလောင်းအစားလုပ်သူတွေ၊ စာရိတ္တနဲ့ ကိုယ်ကျင့်တရား ဖောက်ပြန်သွားသူတွေ၊ ဆင်ခြင်တုံတရားမထားနိုင်လို့ လမ်းလွဲရောက်သွားသူတွေ၊ ကိုယ့်နေရာမှန်ကိုယ်မသိလို့ မြောင်းထဲကျသွားသူတွေ၊ ဘဝကို ရေစုန်အတိုင်းမျှောပြီး ဦးတည်ရာမဲ့နေသူတွေ၊ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ ကျပ်မပြည့်တဲ့ အယောင်ဆောင်နိုင်ငံရေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ရတယ်။
အတူတူ သေဖော်သေဖက်တွေအဖြစ် သစ္စာတွေတိုင်တည်ခဲ့ပြီး တအိမ်ထဲအတူနေခဲ့ကြသူတွေ နောက်ပိုင်းတော့ သူစိမ်းတွေ၊ ရန်သူတွေလို ဘာကြောင့်ဖြစ်ကုန်တာလဲ? ဘုံရန်သူတခုတည်းရှိရာကနေ ကိုယ့်ခြေလက်တွေတောင် ကိုယ်မယုံကြည်နိုင်တဲ့ဘဝတွေ ရောက်ကုန်တာ ဘာကြောင့်လဲ? ဒီမိုကရေစီအတွက် တိုက်တယ်ပြောပြီး ဒီမိုကရေစီစိတ်ဓာတ် ကင်းမဲ့ကုန်တာ ဘာကြောင့်လဲ? လူ့အခွင့်အရေးလို့ပြောပြီး သူတပါးအခွင့်အရေးကို လျှစ်လျှူရှုနတာ ဘာကြောင့်လဲ?
ဒီမေးခွန်းတွေအားလုံးရဲ့အဖြေဟာ ကိုယ့်ကိုယ်ထဲမှာပဲရှိတယ်ဆိုပြီး မိမိကိုယ်ကို ဆန်းစစ်အဖြေရှာနေတဲ့ အချိန်မှာပဲ ကျွန်တော်တို့နိုင်ငံဟာ ထပ်ပြီး အနှစ်၂၀ ကျော် နောက်ကျသွားပါတယ်။
အိန္ဒိယမှာ အနှစ်နှစ်ဆယ်ကျော်တာနဲ့ ကျွန်တော်ဟာ အဖြူရောင်တိုင်းပြည်ဖြစ်တဲ့ နော်ဝေးနိုင်ငံကို ရောက်လာပါတယ်။ ကျွန်တော် အရင်မသိခဲ့တဲ့အရာတွေကို ပိုသိလာတယ်။ နှင်းတွေအကြောင်းကို သိလာတယ်။ ကျင့်ဝတ်တွေအကြောင်း သိလာတယ်။ တန်ဖိုးတွေအကြောင်း သိလာတယ်။ ငြိမ်းချမ်းရေးအကြောင်းကို သိလာတယ်။ လူသားအဓိပ္ပာယ်ကို သိလာတယ်။ သိလာတယ်။ သိလာတယ်။ သိလာတာတွေ နည်းနည်းချင်း တိုးလာတယ်။ သိစရာတွေ ပိုများလာတယ်။
ဝမ်းနည်းစရာကောင်းတာက ကျွန်တော်က အခုမှ အဲဒါတွေသိတာ။
ကျွန်တော်တို့မြန်မာပြည်က အဘိုးအဘွားတွေက ဟိုးကတည်းက သိပြီးသားတွေ။ ကျင့်ဝတ်တွေအကြောင်း သူတို့ သိခဲ့တယ် (လူအချင်းချင်း ခေါင်းပုံမဖြတ်ဘူး)။ တန်ဖိုးတွေအကြောင်း သူတို့သိခဲ့တယ် (ကိုယ့်တိုင်းပြည်နဲ့ အမျိုးသားရေး စိတ်ဓာတ်ကို သူတို့ရောင်းမစားခဲ့ဘူး)။ ငြိမ်းချမ်းရေးအကြောင်း သူတို့သိခဲ့တယ် (မတရားတာ မလုပ်ခဲ့ဘူး)။ လူသားအဓိပ္ပာယ်ကို သူတို့သိခဲ့တယ်(တရားဓမ္မနဲ့ နေထိုင်ခဲ့တယ်)။
အီဗိုလူးရှင်းသီအိုရီအရ လူဆိုတာ အဆင့်ဆင့် တိုးတက်လာတဲ့သတ္တဝါလို့ မှတ်သားဖူးတယ်။ ကျွန်တော်တို့တတွေဟာ အရာရာနောက်ကျခဲ့တယ်။ ရုတ်စွအဆုံး ကိုယ်အသက်ရှင်မယ့်နည်းလမ်းတောင် ကိုယ်မသိတဲ့အထိ နောက်ကျခဲ့တယ်။
ရုပ်ပိုင်းဘဝရော စိတ်ပိုင်းဘဝရော အကြီးအကျယ်ချွတ်ခြုံကျခဲ့တယ်။ ဒီရောက်လာတော့... နှင်းတောထဲမှာ လမ်းလျှောက်ရင်း ကိုယ့်ကိုယ်ကို ချော်မလဲအောင် သတိထားဖို့လိုသလို၊ အအေးဓာတ်ကိုကာကွယ်ဖို့ ဘယ်လို ဝတ်စားရမယ်ဆိုတာတွေလည်း သတိပြုမိလာတယ်။
ထူထူထဲထဲ၊ ဖြူဖြူဖွေးဖွေးနှင်းတွေပေါ် မိုးက ရွာကျလိုက်၊ လူက လျှောက်လိုက်နဲ့ ကြာတော့ နှင်းတွေဟာ ပိပြားချောမွေ့ပြီး ရေခဲပြင်လိုဖြစ်သွားတယ်။
တခါတလေ လူသွားပလက်ဖောင်းတွေဟာ ဖရောင်းတိုက်ထားသလို ချောမွေ့ပြောင်လက်နေတဲ့ ရေခဲပြင်ကြီးပါ။ ကိုယ့်ခြေလှမ်းပေါ်သတိပြတ်ရင် ချော်လဲမှာပဲ။ သတိမပြတ်ရသလို ရေခဲဖယောင်းလမ်းပေါ် ဘယ်လိုလျှောက်ရမယ်ဆိုတဲ့ နည်းလမ်းလည်း သိဖို့လိုလာတယ်။
ခြေလှမ်းကိုကြွပြီး သာမန်အတိုင်းလျှောက်ရင် ချော်မှာပဲ။ ရေခဲလမ်းပေါ် ခြေလှမ်းကို အလိုက်သင့် ဖိကပ်ရှပ်တိုက်လျှောက် ရပါတယ်။ ဒါမှလည်း ခရီးပေါက်တယ်။ တကယ်လို့မလျှောက်ရဲရင်တော့ အကာအကွယ်အဖြစ် ဖိနပ်ခွာအောက်မှာခံစီးတဲ့ ရေခဲစူးလေးကို တပ်ထားရပါတယ်။
ဒါဆို ချော်မလဲတော့ဘူး။
ကျွန်တော်အရင်က ရေခဲစူးလေးဖိနပ်မှာ တပ်ရတယ်။ အခုတော့လည်း အကျင့်ရသွားပြီ၊ ဘယ်လောက်ချော်တဲ့လမ်းဖြစ်ပစေ၊ ချော်မလဲအောင် အလိုက်သင့် လျှောက်တတ်သွားပြီ။
အော်… အချိန်မရွေးလဲပြိုနိုင်တဲ့ဘဝလမ်းမှာ ပညာ၊ သီလဆိုတဲ့ စူးဖိနပ်နဲ့ သတိဆင်ခြင်တုံတရားဆိုတဲ့ အလိုက်သင့် လျှောက်နည်းလေးသိသွားရင်... အန္တရာယ်လမ်းကလည်း ချောမွေ့သွားတတ်ပါလား။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment