မှတ်မိသေးတယ်။ နယူးဒေလီမှာ မိခင်များနေ့ကျင်းပတော့ (ဘယ်နှစ်လဲဆိုတာတော့ မေ့နေတယ်) အခမ်းအနားမှူးက အဖွဲ့အစည်းခေါင်းဆောင်တွေကို စကားပြောခိုင်းတယ်။ ခေါင်းဆောင်တွေကလည်း အဝေးက အမေတွေ၊ မရှိတော့တဲ့ အမေတွေရဲ့ကျေးဇူးတရားတွေကို မှန်းမျှော်ဟောကြတာပေါ့။ တချို့ကလည်း မျက်ရည်တစမ်းစမ်းနဲ့၊ တဆို့ကလည်း ဆို့နစ်ပြီး အသံတုန်တုန်ရီရီတွေနဲ့ပေါ့။ နောက်ကျတော့ အခမ်းအနားတက်လာတဲ့ လူတွေအားလုံး တယောက်ပြီးတယောက် သူတို့အမေတွေအကြောင်း အားရပါးရပြောကြတော့တာပဲ။ နှပ်တရှုံ့ရှုံ့၊ မျက်ရေတသုတ်သုတ်နဲ့ ... တကယ်ပဲ မိခင်တွေကို လွမ်းဆွတ်တသသ သတိရပွဲကြီး။
အမေအကြောင်းဆိုတော့လည်း လူတိုင်းက ခံစားချက်ရှိတာကိုး ...။ သိပ်ပြောချင်ကြတာပေါ့ ...။ အပြောမကောင်းတဲ့ လူတွေ၊ တခါမှ လူရှေ့စကားမပြောခဲ့ဖူးသူတွေလည်း ဘယ်နေလိမ့်မလဲ၊ ကိုယ့်အမေက တကယ့်လူစွမ်းကောင်း၊ တကယ့်မေတ္တာရှင်ကြီး၊ တကယ့်အာဇာနည်မိခင်ကြီးလို အားရပါးရပြောတော့တာပဲ။ ကျနော်ကလည်း ပြောချင်လို့ မတ်တပ်ထ ဟန်ပြင်တုန်းရှိသေးတယ်၊ နောက်တယောက်က ထပြောနေပြီ။ တချို့က လေကြောရှည်တယ်၊ သူ့အမေ့ ကျေးဇူးကြီးမားပုံတွေကို ပြောလို့လည်း မပြီးနိုင်ဘူး၊ နောက်လူလည်း အားမနာဘူး၊ အမေအကြောင်းဆိုတော့ လူတိုင်း လောဘတကြီး အလုအယက်ကို ပြောတော့တာ ...။
အဲဒီတုန်းက ကိုယ်က သတင်းထောက်ဆိုတော့ သူများပြောတာချည်း ဦးစားပေးနားထောင်ခဲ့ပါတယ်။ ကိုယ်ပြောချင်တာတောင် မပြောခဲ့လိုက်ရဘူး။ ကိုယ့်အမေအကြောင်း သူများတကာလည်း သိပ်မသိလိုက်ဘူး ...။ သူတို့ပြောပြတဲ့ မိခင်တွေဆိုတာ ဘာဟုတ်သေးလို့လဲ၊ ကျနော့်အမေမှ တကယ့်မဟာမိခင်ကြီးဗျ ...။ တကယ့် သံအဏိလိုမာတဲ့ မိခင်ကြီး၊ မာနကလည်း အင်မတန်ကြီး။ သားသမီးတောင် ဘယ်နှယောက်မွေးခဲ့တယ်ထင်သလဲ..။ ၁၂ ယောက်ဗျ ... ၁၂ ယောက်။ တဒါဇင် မွေးခဲ့တာ။ ကျနော်က နံပါတ် ၁၁ သားယောင်္ကျားထဲမှာ အငယ်ဆုံး၊ ကျနော့်အောက် ညီမလေးတယောက်ထဲရှိတယ်၊ သူက အခု အုံးဖျံ ဒုက္ခသည်စခန်းမှာ ကျောင်းဆရာမလုပ်နေတယ်။ အမေနဲ့အဖေက သားသမီးအားလုံးကို ဆင်းရဲပေမယ့် ပညာတတ်အောင်သင်ပေးတယ်။
အဖေက အထက်တန်းစာရေးကြီး။ အဲဒီခေတ် လစာက ၃၆၂ ကျပ်။ ဘာအောက်ဆိုဒ်မှ မရှိဘူး။ အဖေကလည်း လူရိုး လူအ၊ သူများလို အောက်ဆိုက်ငွေရှာတတ်တဲ့ ကြံရည်ဖန်ရည်လည်း မရှိဘူး။ ရာထူးတိုးအောင်လည်း မပေါင်းသင်းတတ်ဘူး။ ဒီတော့ အိမ်ကထမင်းအိုးနဲ့ ဘတ်ဂျက်ပြဿနာကို အမေကပဲ ဖြေရှင်းရတယ်။ ကျနော်တို့ အိမ်ခြံဝန်းကြီးက အကျယ်ကြီးဆိုတော့ အဖေနဲ့ အမေက စိုက်လို့ရတာ အကုန်စိုက်၊ မွေးလို့ရတာ အကုန်မွေးတယ်။ ရခိုင်ငှက်ပျော်ပင်၊ သရက်ပင်၊ ဒန့်သလွန်ပင်၊ မာလကာပင်၊ သင်္ဘောပင်၊ သြဇာပင်၊ ဇီးပင်၊ ပန်းမျိုးစုံတွေကနေ ဈေးဖိုရတယ်။ ဆောင်းတွင်းဆို ရာသီပေါ် အသီးအနှံတွေ စိုက်တယ်။ ဗူးသီး၊ ပဲသီး၊ ခရမ်း၊ မုန်လာ၊ ဂေါ်ဖီ၊ ဆလတ်၊ နံနံနဲ့ အသီးအရွက်တွေကို အိမ်နီးနားချင်းတွေကို ဝေငှနိုင်ယုံမက ဈေးမှာရောင်းနိုင်တယ်။
ပြီးတော့ အိမ်မှာ နွားမွေးတယ်၊ ဝက်မွေးတယ်၊ ကြက်မွေးတယ်၊ ဘဲမွေးတယ်၊ (တော်မီဆိုတဲ့ ခွေးရယ်၊ မီမီဆိုတဲ့ ကြောင်ရယ်၊ ဘယ်လောက်စကားသင်သင် မတတ်လို့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးလို့ နာမည်ပေးထားတဲ့ ကြက်တူရွေး ၂ ကောင်လည်း မွေးထားတယ်)။
ပြောချင်တာက အဲဒီစိုက်ပျိုးမွေးမြူရေး အလုပ်တွေအားလုံးကို အမေတယောက်ထဲက ဦးဆောင်လုပ်တာပါ။ အမေက မနက် ၄ နာရီဆို အိပ်ရာထတယ်။ ကြက်ဥ၊ ဘဲဥကောက်တယ်၊ ခြံထဲကပန်းတွေ ခူးတယ်၊ ဝက်စာကျိုတယ်၊ အဖေ့အကူအညီနဲ့ နွားနို့ညှစ်တယ်။ ပြီးတော့ ကျနော်တို့ညီအကိုမောင်နှမတွေအတွက် ထမင်းကြမ်းကြော်တယ်၊ လက်ဖက်ရည်ဖျော်တယ်။
ကျနော်တို့မောင်နှမတွေ ကျောင်းသွားတဲ့အချိန်မှာ ဈေးခြင်းကြီး ၂ လုံးကိုယူပြီး ဈေးသွားတယ်။ အမေ့တောင်းထဲမှာ ပန်းစည်းတွေ၊ ကြက်ဥ၊ ဘဲဥတွေနဲ့ ခြံထွက် ရခိုင်ငှက်ပျောသီးတွေ၊ ဘူးသီးနဲ့၊ ဘူးညွန့်၊ ပဲသီးတွေ (သူ့ရာသီနဲ့သူ ဟင်းသီးဟင်းရွက်တွေလည်း ပါတတ်တယ်) ပုံမှန်လိုလိုပါတယ်။ ဈေးထဲက သူ့ဖောက်သည်ဆိုင်တွေကို ခြံထွက်တွေသွင်းတယ်။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဈေးဝယ်တယ်၊ အိမ်အသုံးအဆောင်တွေ ဝယ်တယ်၊ (အုန်းဆီတို့၊ အပ်ချီတို့ မီးဖိုချောင်သုံးတွေပေါ့)။
အဲလိုခြံထွက်ပစ္စည်းတွေနဲ့ ကျနော်တို့ကို ထမင်းကျွေးလာတာ။ တပတ်ကို ၂ ခါ အသားကျွေးတယ်။ အိမ်မှာ ကြက်ဥ ဘဲဥ ရှိပေမယ့် ကျနော်ငယ်ငယ်က ဘဲဥချဉ်ရေ တခြမ်းနဲ့ပဲ ဟင်းလုပ်စားခဲ့ရတယ်။ အမေ့မှာ လက်လှည့် အပ်ချုပ်စက်ကလေးတလုံးရှိတယ်။ ကျနော်တို့ အင်္ကျီ အပေါက်အပြဲတွေကို ဖာထေးပေးတယ်။ ကိုယ်တိုင်လည်း အင်္ကျီ၊ လုံချည်လေးတွေ ချုပ်တတ်တယ်။ အိမ်သားအားလုံးရဲ့ အဝတ်အစားတော်တော်များများက အမေ့လက်ရာတွေချည်းပဲ။ နည်းနည်းကြီးလာလို့ ရှက်တတ်လာတော့ (အမေက မျက်စိမှုန်ပြီး မအားတော့တာ၊ ပင်ပန်းတာလည်း ပါမယ်) အပြင်ကချုပ်တာပဲ ဝတ်တယ်။
အိမ်မှာ ဟင်းကောင်းချက်တိုင်း အမေက ဘေးအိမ်တွေကို ဟင်းခွက်ဝေပေးတယ်။ ကျနော်တို့ရပ်ကွက်ကလူတွေက အမေ့ကို အမကြီး ... အမကြီးလို့ ခေါ်တယ်။ အမကြီးက တချိန်လုံး အလုပ်နဲ့ လက်မပြတ်ဘူးနော် ... ခဏခဏ ပြောကြတယ်။
အသားဖြူဖြူ ပိန်ပိန်ပါးပါး မျက်နှာလေးဒေါင့်စပ်စပ်၊ သွားနည်းနည်းခေါတဲ့အမေဟာ ငယ်ငယ်တုန်းက သိပ်လှတယ်လို့ အမေ့ရှေ့မှာ အဖေက ခဏခဏပြောရင် အမေဟာပြုံးပြီး ကျေနပ်နေတတ်တာ မှတ်မိနေတယ်။ သားသမီးများများမွေးထားတဲ့ အမေဟာ ပင်ပန်းပြီး အလုပ်များတဲ့ဒဏ်၊ ဆင်းရဲတဲ့ဒဏ်၊ ကြမ်းတမ်းတဲ့ လောကဓံကို အတော်လေးသည်းခံပြီး အသက်ရှင်အောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဆီးချို့နဲ့ နှလုံးဝေဒနာက အမေ့ကို သိပ်ပြီးညှာတာနေတာတော့ မဟုတ်ဘူး။ အသက် ၅၄ နှစ် အရွယ်လေးမှာပဲ ခြံထွက် သရက်သီးလေးကိုစားနေရင်း မူးတယ် မူးတယ်နဲ့ လဲကျသွားရာက သတိပြန်မရတော့ဘဲ ကျနော်တို့အားလုံးကို ထာဝရခွဲခွာသွားတယ်။
အဲဒါကြောင့် ပြောတာ။ ကျနော့်အမေက မဟာမိခင်ကြီးလို့၊ ဆင်းရဲတဲ့မုန်တိုင်းကို ကြံ့ကြံ့ခံ ... တက်မရှိလည်း လက်နဲ့လှော်ပြီး သားသမီးတွေရဲ့ဘဝကို ထူထောင်ပေးခဲ့တယ်။ ကိုယ်ကျင့်တရားကောင်းအောင်၊ စိတ်စေတနာကောင်းဖြစ်ပေါ်အောင်၊ ပညာတတ်အောင်၊ ရိုးသားအောင် သူသိတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနဲ့ လောကလမ်းကို ညွှန်ပြပေးခဲ့တယ်။ အမေ့အကြောင်းပြောရရင် တထောင့်တညပုံပြင်လို ပြီးမှာမဟုတ်ဘူး ...။
ယုံချင်ယုံ မယုံချင်နေ ...
ကျနော့်အမေဟာ မဟာ့မဟာ မိခင်တယောက်ပါ ...။
အမေ့ကိုချစ်တဲ့ ကိုညို ...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment