ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ လုပ်ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသားခေါင်းဆောင်ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ်ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေရေးဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီးတည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။
စာနယ်ဇင်းလောကမှာ ကျုပ် ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေးတော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်းသမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။
မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီးတစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။ ကြီးမြတ်တယ်တဲ့။
အတော်ခက်တဲ့လူပဲ။ ကျုပ်က ဘာပြောလို့လဲ။ နိုင်ငံရေးသမား အလကားလို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ကိုယ်ကျိုးရှာလို့ ပြောတာမှမဟုတ်တာ။ နိုင်ငံရေးသမား ဘေးတွေ့ပြေးရှောင်လို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ထောင်သံကြား နားပိတ်တယ် ပြောတာမှ မဟုတ်တာ။ ကျုပ် နိုင်ငံရေးသမားမဟုတ်ဘူးလို့ ပြောရုံပြောတာပဲ။ သတင်းသမားပါလို့ ပြောရုံပြောတာပဲ။
ကျုပ်က သတင်းသမားလုပ်တဲ့အခါ နိုင်ငံရေးကြမ်းခင်းလုပ်တာ။ ကျုပ်ရဲ့ သတင်းသမားဘဝက နိုင်ငံရေးဉာဏ်နဲ့။ နိုင်ငံရေးမာန်နဲ့၊ နိုင်ငံရေးဟန်နဲ့၊ နိုင်ငံရေးဈာန်နဲ့ ကုန်းရုန်းကြုံးစုန်းခဲတဲ့ ဘဝဗျ။ နိုင်ငံရေးကို လျှော့ဈေး၊ အပျော့ဈေးနဲ့ ဖွဖွလေး လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီတော့လည်း မင်းဘာကောင်လဲမေးလာလို့ကတော့ သတင်းသမားပါလို့ ဖြေမှာပေါ့။
နိုင်ငံရေးသမားလို့မပြောတာ ဘာကြောင့်လဲ သိလား။ ကျုပ်က နိုင်ငံရေးသမားကို လေးစားလို့။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားလို့ လက်မထောင်ရမှာ အားနာလို့။ ရှက်ရွံ့လို့။
ကျုပ်က နိုင်ငံရေးသမားရယ်လို့ မကြွားဝံ့ဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူရယ်လို့ပဲ ဝန်ခံတယ်။
ကျုပ်ကို ဒီချုပ်တည်ထောင်ရာမှာ ပါဝင်ဖို့ဖိတ်တော့ ကျုပ် ငြင်းခဲ့တယ်။ “ကျွန်တော် နိုင်ငံရေးနားမလည်ဘူးဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပါ” လို့ ကျုပ်တို့ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ ဒီချုပ်ထဲ မလွဲမရှောင်သာ ပါဝင်လာရတော့လည်း ကျုပ်ရဲ့နိုင်ငံရေး နဖူးတွေ့ ဒူးတွေ့သက်တမ်းက လပိုင်းလောက်ပါဗျာ။ ငါးပုံလေးပုံက ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားခဲ့ရတာ။ ဒါ့ကြောင့် နိုင်ငံရေးလှုပ်ရှားသူရယ်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်တာပါ။
ဒီလိုပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ သြဂုတ် ၈ ရက်မနက် ဆန္ဒပြချီတက်ပွဲမှာ ကျုပ် ပါဝင်ခဲ့တယ်။ ကျုပ်ကိုယ်ကျုပ် အရေးတော်ပုံတပ်သားလို့သာ တံဆိပ်ကပ်ခဲ့တယ်။ အညတြ လူထုထဲက လူတစ်ယောက် (အရေးတော်ပုံ တပ်သားတစ်ယောက်) အဖြစ် သတ်မှတ်ခဲ့တယ်။
ကျုပ်က ကျုပ်ထက်ပိုပြီး ဒေါင်ဒေါင်မြည်တဲ့သူတွေကို အားနာလို့ နိုင်ငံရေးသမား တံဆိပ်မကပ်ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူရယ်လို့ တံဆိပ်ကပ်ပေမယ့် နိုင်ငံရေးသမားထိရင် မချိအောင်နာတတ်တယ်ဗျ။
တစ်လောက “မြန်မာသံတော်ဆင့် ဂျာနယ်” မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်ကြီး ဦးအောင်သောင်း (ဦးသန်းရွှေရဲ့ ညာလက်ရုံး) ရဲ့အင်တာဗျူးပါလာတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်ရှုပ်ချ အမနာပ ပြောတယ်။ ကျုပ်နှုတ်ကြမ်းလျှာကြမ်း ခွန်းတုံ့ပြန်လိုက်တယ်။ တစ်နေ့ကတော့ “မက်ဆင်ဂျာ ဂျာနယ်” မှာ ဦးအောင်သောင်း အင်တာဗျူးပါလာပြန်တယ်။ ကျုပ်နာမည်သုံးပြီး ပြေရာပြေကြောင်းစကားကောင်းတွေ ပြောတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်မပြောပါဘူးတဲ့။ သတင်းထောက် မှားရေးတာ ပါတဲ့။
ဦးအောင်သောင်းရဲ့ အင်တာဗျူးတစ်ခုလုံးက လူကြီးပီသကြောင်းကျိုးမျှတယ်။ ကျုပ်ခမျာ ဘာများကော တတ်နိုင်ဦးတော့မှာလဲ။ ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ ဒါမျိုးပဲပေါ့ဗျာ။
ကျုပ်သဘောကတော့ နိုင်ငံရေးကိုလည်း ဦးထိပ်ထားတယ်။ နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ရှေ့တန်းတင်တယ်။ နိုင်ငံရေး စိတ်ဓာတ်ကိုလည်း ကြည်ညိုတယ်။ နိုင်ငံရေးသမားကိုလည်း လေးစားတယ်။ နိုင်ငံရေးစကားကိုလည်း တန်ဖိုးထားတယ်။
ဒီခေတ်ဒီအခါမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများကြီးလိုတယ်။ လူငယ်အားသစ်တွေ နိုင်ငံရေး လုပ်ကြရမယ်။ ချက်ချင်းလက်ငင်း နိုင်ငံရေးသမားတွေကွဟေ့လို့ လက်မ မထောင်ကြပါနဲ့။ ခြတစ်ပုံ ပျားတစ်အုံလိုပဲ နိုင်ငံရေးပါတီတွေကို ဝန်းရံရမယ်။ နိုင်ငံရေးအဖွဲ့အစည်းမှာလည်း လှုပ်ရှားသူတွေ အများကြီးရှိဖို့လိုပါတယ်။
ကျုပ်တို့တစ်တွေ သေချိန်လည်း နီးကြပါပြီ။ လူငယ်အားသစ်တွေဆီ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးကျင့်ဝတ်၊ နိုင်ငံရေး သိက္ခာဆိုတဲ့ နိုင်ငံရေး ဂုဏ်ရည်တွေ လက်ဆင့်ကမ်းခဲ့ကြစို့လားဗျာ။
ကျုပ်ကတော့ ကျုပ်ရဲ့နိုင်ငံရေး ကိုယ်ကျင့် အဘိဓမ္မာလို့ဆိုရမယ် တရားတွေကို ဆင့်ကမ်းခဲ့ချင်သဗျာ။
၁။ ပါတီရဲ့လမ်းညွန်မှုဝါဒတွေကို ယုံကြည်စွဲမြဲပါ။
၂။ ပါတီရဲ့ခေါင်းဆောင်ကို သစ္စာမြဲမြံပါ။
၃။ ပါတီရဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက်များဆိုတဲ့ ဘုံစိတ်ဓာတ်၊ ဘုံဉာဏ်ပညာ၊ ဘုံပြဌာန်းချက်တွေကို နာခံပုံဖော်ပါ။
၎။ ပါတီဝင်ချင်း ရဲဘော်ရဲဘက် စိတ်ဓာတ်ခိုင်မာပါ။
၅။ ကိုယ့်နိုင်ငံရေးအသိ၊ ကိုယ့်နိုင်ငံရေးအမြင်ကို ပွင့်လင်းမြင်သာပါစေ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ် ။ ။ အတွဲ(၃) အမှတ်(၃)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment