ဘာမှ ဝေဝေဝါးဝါးတွေးမနေနဲ့ ...
ဒီကနေ့ဟာ ခေတ်ပျက်နေတာဖြစ်တယ်။
သူခိုးတွေက အစိုးရဖြစ်ပြီး
ဓားပြတွေက တိုင်းပြည်အုပ်ချုပ်နေတယ်။
ကျွန်သဘောက်တွေက ခရိုနီဖြစ်ပြီး
မတော်လောဘသမားတွေက စီးပွားဖြစ်နေတယ်။
လူလည် နိုင်ငံရေးသမားတွေက ကြီးပွားနေပြီး
သူခိုးနဲ့ ပေါင်းသွားသူက ကောင်းစားနေတယ်။
ဒါပေမယ့် ...
လယ်သမားတွေက
ကိုယ့်လယ်ထွက်စပါး ကိုယ်မစားရဘူး
လယ်ပျောက်နေတယ်၊ အိမ်ပျောက်နေတယ်။
အလုပ်သမားတွေက
နေဖို့ညစာ မရှိဘူး
ဆန်ပြုတ်သောက်နေတယ်၊ ဗိုက်မှောက်နေတယ်။
ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ
လူရုပ်မပေါ်ဘူး မှင်စာတွေနဲ့တူတယ်
ကလေးတွေက အဟာရချို့ပြီး ဝဲစွဲနေတယ်။
ဆေးရုံမှာ လူနာတွေထပ်နေတယ်
ဆရာဝန်တွေက စေတနာမပါ ငွေရှာတယ်
ဒီကနေ့ လူနာ မနက်ဖန် အသုဘ။
စာသင်ကျောင်းတွေလည်း
ရွဲပြဲနေတယ် ...
ဘုန်းကြီးကျောင်းတွေလည်း
ဝဲစွဲနေတယ်
ကုလားတွေကို သဲမဲနေတယ်
ပြီးတော့ အားလုံး အကွဲကွဲ အပြဲပြဲ။
အပစ်အခတ်ရပ်လိုက်ကြတော့မှ
စစ်ပွဲကြီးတွေဖြစ်နေတယ် ...
နေ့ခင်းကြောင်တောင်ကြီးမှာ
အိမ်ကိုမီးရှို့တယ်
ဓားပြတိုက်တယ်
လူသတ်တယ်
မုဒိန်းကျင့်တယ်။
နိုင်ငံတကာက စာနာထောက်ပံ့တယ်
ငြိမ်းချမ်းရေးစင်တာကြီးက
ဘီလူးသရဲစီးသလို
ဝေစားမျှစားကြတယ်။
တောကြောင်တပ်ချုပ်ကြီးက
လက်ခမောင်းခတ်ပြတယ်
၂၀၀၈ စာအုပ်စိမ်းကြီးက
ပိုပြီးစိမ်းကားပြတယ်
၈ ပူးတွေက ယိမ်းကနေတယ်။
အပြင်ကလူနဲ့ အထဲကလူတွေ
မျက်နှာချင်းဆိုင်မရဘူး
ပြီးတော့
အထဲကလူတွေကလည်း
သူ့ဟာနဲ့သူ တထီးတနန်း ...။
စာရိတ္တတွေခြကိုက်၊
မီဒီယာကလည်း ရေလိုက်ငါးလိုက်
အိမ်နီးချင်းတွေက ရိုက်စားလိုက်။
ရိုးသားစွာ နေထိုင်လိုသူတွေက
လူအ လူနတွေလို ချောင်ထိုးခံရ
အမှန်တရားကို ချစ်မြတ်နိုးသူတွေက
မထီမဲ့ ကဲ့ရဲ့မှုတွေခံနေရ။
ဗေဒင်မေးမနေနဲ့
သေချာတယ် ...
အဲဒါ ခေတ်ပျက်နေတာ ...
လူကိုလူချင်း ကိုက်စားနေမှတော့
ရိုက်စားနေတဲ့ ခေတ်ပျက်ကြီးပေါ့
ဒါဟာ ခေတ်ပျက်နေတဲ့ နေ့ရက်တွေ...။
ကိုညို
၂၁ ဇန်နဝါရီ၊ ၂၀၁၄
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment