ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ နိုင်ငံတွေမှာ နောက်ဆုံးပေါ်ရောဂါကတော့ လွှတ်တော်ကို ပြန်ပေးဆွဲတာပါပဲ။ အရင်က အတိုက်အခံနိုင်ငံရေးသမားတွေကို အကျဉ်းချ ပြန်ပေးဆွဲတဲ့ ဇာတ်ကွက်နေရာမှာ လွှတ်တော်ကိုပြန်ပေးဆွဲတဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ် ထွန်းကားလာပါတယ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်တို့မှာပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေဟာလည်း ဒီရောဂါကနေ ဖြစ်လာတာပါပဲ။ ဒီဇာတ်လမ်းအရ နိုင်ငံရေးဇာတ်ကောင်တွေထဲမှာ ဇာတ်ကောင်နှစ်မျိုး ပေါ်ပါတယ်။ တမျိုးက လူကြီးလူကောင်းအထာဖြစ်ပြီး၊ နောက်တမျိုးက လမ်းသရဲအထာ ဖြစ်ပါတယ်။
ထိုင်း အတိုက်အခံခေါင်းဆောင် အဘိဇစ် ဝိချာချီဝနဲ့ ကမ္ဘောဒီးယား အတိုက်အခံ ဆမ်းရိန်စီတို့ကို လူကြီးလူကောင်းအထာ (တနည်း) ပညာတတ်အထာ (intellectual style) နဲ့ နိုင်ငံရေးသမားတွေလို့ ဆိုနိုင်ပါတယ်။ အဘိဇစ်က ယူကေမှာ မွေးပြီး Oxford မှာ ကျောင်းတက်ခဲ့တယ်။ ဆမ်းရိန်းစီ ကတော့ ပြင်သစ်မှာအနေများပြီး ပြင်သစ်နိုင်ငံရေးသမားလို လူကြီးလူကောင်းဆန်လွန်းသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းစတားအထာနဲ့ နိုင်ငံရေးသမားတွေနဲ့ ယှဉ်တဲ့ပွဲမှာ သူတို့ နှစ်ယောက်စလုံး ရှုံးသွားပါတယ်။
ထိုင်းဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် သွန်ဆူဘန်ကတော့ လမ်းသရဲအထာ (street fighter) နဲ့ နိုင်ငံရေးသမားလို့ ဆိုရပါမယ်။ ဂိုဏ်းစတားအထာနဲ့ နိုင်ငံရေးသမားနဲ့ယှဉ်ဖို့ လူကြီးလူကောင်းအထာ နိုင်ငံရေးသမားဘဝကို စတေးခဲ့တယ်။ လမ်းပေါ်ဆန္ဒပြပွဲကို ဦးဆောင်ဖို့ အတိုက်အခံပါတီက ထွက်၊ ကိုယ့်စရိတ်နှင့်ကိုယ် (သူပိုင်မြေကို ရောင်းပြီး) ဆန္ဒပြပွဲကို စည်းရုံးခဲ့တယ်။ လူကြီးလူကောင်းနိုင်ငံရေးကို အားသန်တဲ့ အဘိဇစ်ကတော့ နောက်ဆုံးအချိန်အထိ လွှတ်တော်နိုင်ငံရေးကို အာရုံစိုက်ခဲ့ပြီး မတတ်သာတဲ့အဆုံးကျမှ သွန်ဆူဘန်ကို လမ်းကြောင်းကို လိုက်ခဲ့တယ်။ ကမ္ဘောဒီးယားမှာတော့ ပြည်ပကနေပြန်ရောက်လာတဲ့ အတိုက်အခံခေါင်းဆောင် ဆမ်းရိန်စီလည်း ရွေးကောက်ပွဲမှာ အကြီးအကျယ် အလိမ်ခံရပြီးနောက် အခုတော့ လမ်းသရဲဖြစ်နေပါပြီ။ အလုပ်သမားဆန္ဒပြပွဲများကို ဦးဆောင်နေပါတယ်။
လူကြီးလူကောင်းအထာနဲ့ လမ်းသရဲအထာဆိုပြီးပြောတဲ့အတွက် တမျိုးမမြင်စေချင်ပါ။ မြင်သာအောင် ပြောတာပါ။ မြန်မာပြည် နိုင်ငံရေးကိုကြည့်ရင် ထိုင်းအတိုက်အခံ ခေါင်းဆောင် အဘိဇစ်လိုပဲ Oxford ကျောင်းထွက်၊ ကမ္ဘောဒီးယား အတိုက်အခံ ဆမ်းရိန်စီလို ဥရောပမှာ ကြီးပြင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပစတိုင်လ် နိုင်ငံရေးနဲ့ အကျွမ်းဝင်သူ၊ (intellectual style) နဲ့ နိုင်ငံရေးသမားအဖြစ် သတ်မှတ်နိုင်ပါတယ်။ အခုအချိန်ထိလည်း လူကြီးလူကောင်း နိုင်ငံရေးအပေါ် နှစ်မြှုပ်လုပ်ကိုင်နေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ဆုံး ရွေးစရာမရှိတဲ့အချိန်ကျရင် ထိုင်းနဲ့ ကမ္ဘောဒီးယား အတိုက်အခံတွေလို လမ်းသရဲအထာ နိုင်ငံရေးလမ်းကြောင်းကို လိုက်မလားဆိုတာကတော့ ဒီတနှစ်အတွင်း လွှတ်တော် နိုင်ငံရေးအပေါ် အများကြီး မူတည်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲလုပ်မယ့် ၂၀၁၅ ထက် ၂၀၁၄ က ပိုအရေးကြီးတယ်လို့ ဆိုထားပါတယ်။ ဂုဏ်သိက္ခာကို အလေးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့ နောက်တကြိမ် ရွေးကောက်ပွဲကို မဝင်ခင်မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တုန်းကပေးခဲ့တဲ့ ကတိကဝတ်တွေကို ဘယ်အတိုင်းအထာအထိ အောင်မြင်အောင်လုပ်နိုင်သလဲဆိုတာ သက်သေပြဖို့လိုနေပါတယ်။ အဓိက သက်သေပြရမယ့်ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စလို့ ထင်ပါတယ်။ လွှတ်တော်နည်းလမ်းသက်သက်နဲ့ အဖြေထွက်မယ့်ပုံမရတဲ့အတွက် လေးပွင့်ဆိုင်ကို တောင်းဆိုနေပေမယ့် သမ္မတနဲ့ စစ်တပ်က မသိကျိုးကျွံ လုပ်နေတယ်။
ကမ္ဘာ့သမိုင်းမှာ ပွဲကြီးပွဲကောင်းနဲ့ လွဲသွားတာရှိပါတယ်။ လူကြီးလူကောင်းအထာရှိတဲ့ ဂန္ဒီကြီးနဲ့ ဂိုဏ်းစတားအထာရှိတဲ့ ဟစ်တလာတို့ ရင်ဆိုင်တဲ့ ပွဲကြီးပွဲကောင်းပါ။ အကယ်၍များ ဟစ်တလာနဲ့ မဟာမိတ်တွေက ဗြိတိန်နဲ့ မဟာမိတ်တွေကို အနိုင်ရခဲ့ပြီး ဟစ်တာလာက အိန္ဒိယကိုသိမ်းထားလိုက်ရင် ဂန္ဒီရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို ဟစ်တာလက ဘယ်လိုများတုံ့ပြန်မလဲဆိုတာ အလွန်ကြည့်လိုက်ကောင်းမယ့် ပွဲကြီးပွဲကောင်းပါပဲ။ ဘယ်လိုအဖြေထွက်မလဲဆိုတာကို ဘယ်သမိုင်းပညာရှင်ကမှ အတိအလင်း မဖြေရဲပါဘူး။
နောက်ဆုံးပေါ် လွှတ်တော်ကိုပြန်ပေးဆွဲတဲ့ နိုင်ငံရေးယဉ်ကျေးမှုမှာတော့ ဂိုဏ်းစတားအထာရှိတဲ့ နိုင်ငံရေးသမားတွေကို ရင်ဆိုင်တဲ့အခါမှာ လူကြီးလူကောင်းအထာနဲ့ နိုင်ငံရေးသမားတွေက လမ်းသရဲအထာ နိုင်ငံရေးသမားတွေဘဝကို ရောက်ကုန်တာကို တွေ့ရပါတယ်၊ ဒီနည်းက အဖြေထွက်သလားဆိုတော့ အခုထိ အဖြေမထွက်သေးပါဘူး။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment