ကိုယ့်အရပ် ... ကိုယ့်ဌာနေဆီက ... နွေဦးကို မျှော်သည် ...။ စီခနဲ စီခနဲနေသည့် ပင်ကျရည်စစ်စစ်နှင့် ... တွင်းအောင်းကောင် ကြွက်ကောင်ကိုမှ သတိတရနှင့် လွမ်းမိ၏။ ကြက်နှင့်တောင် မလဲနိုင်သည့် ကြွက်ကောင်ကို ပင်စိမ်းဖြင့် ... ကျနစွာ ချက်ပြုတ်ထားသည့် ဟင်းတခွက်ကိုလည်း မျှော်သည် ...။
ခုနေ ခုခါမှာ နွေဦးနှင့်အတူ ... စပါးနှံတို့ ဝင်းဝါ ခြောက်သွေ့ကုန်တာကို မြင်လိုလှသည်။ တချို့ ကွင်းပြင်တွေသည် ရိုးပြတ်တို့ဖြင့် ပြည့်နှက်နေမည်က မလွဲ။
လမ်းဘေး ဝဲယာမှာက မယ်ဇလီတန်းတို့ရှိ ရွက်ဝါတို့သည်လည်း ဇရာသဘောမှာ နွေဦး လေရူးနှင့် လိုက်ပါကူးခတ်နေမည်မှာမလွဲ ...။ မြို့ကိုပတ်ဝန်းရံထားသည့် ကျောက်စရစ်ခဲ ပြည့်နှက်လွမ်းနေသည့် မြေနီလမ်းလေးသည်လည်း ဖုန်မှုန့် ဖုန်နံ့တို့ဖြင့် ... အထီးကျန်နေမည်မှာ ... မလွဲ ...။
အဝေးတနေရာမှာ မှိုင်းပြပြမြင်နေရသည့် ပဲခူးရိုးမသည်လည်း ခုချိန် ... ခုချိန်မှာ ဝါကြန့်ကြန့် အသွေးအဆင်နှင့် ဖြစ်နေပေလိမ့်မည် ...။ တောင်ညို တောင်ခြောက်ဟူသည့် တောင်မောင်နှမတို့သည်လည်း ... ဝါကြန့်ကြန့် အသွေးအဆင်ဖြင့် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည် ...။ တောင်တွေကို အခြေပြု စီးဆင်းလာသည့် နဝင်းမြစ်သည်လည်း ရေသွေ့ ... နွံ့သွေ့ဖြင့် ... ပိတ်ဆို့ကာရံထားသည့် ဆည်သည်ပင် ... လှိုင်းကြက်ခွပ် ခပ်ရေးရေးဖြင့် ... တိတ်ဆိတ်နေကောင်း တိတ်ဆိတ်နေပေလိမ့်မည် ...။
နွေနှင့်အတူတွေ့ရသည့် ကွင်းပြောင်ပြောင် ကွင်းခေါင်ခေါင်ထဲက ထုံးဖြူဖြူ ဘုရားပုထိုး စေတီငယ်တို့သည် ထီးထီးကြီးဖြစ်နေဦးမည်မှာ မလွဲ ...။
နွေဦးသည် ... ထူး၏ ...။ နွေဦးနှင့်အတူ ... တခါတရံ စိတ်ရူးတို့လည်း လွင့်ပျံ့နေတတ်ပြန်၏ ...။
နွေဦးနှင့်အတူ မြို့ထွက်က နတ်ကွန်းသည် တိတ်ဆိတ်နေပေလိမ့်မည် ... ဖြတ်နေကျ ရှမ်းတံတားသည် နွေနေနှင့်အတူ ပူကြွပ်နေပေလိမ့်မည် ...
နွေနေနဲ့အတူ မန်းကျည်းတို့လည်း မှည့်လောက်ပြီ ... ဇီးတို့သည်လည်း ဖန်လောက် ခါးလောက်ပြီ ...
နွေနှင့်မှ ကပ်ပေါက်တတ်သည့် ဂန့်ဂါးကပ်ပါးပင်တို့ ပိုမိုခါးလောက်ပြီ ... ဖြူဖြူလွလွ လဲမှို့တို့သည်လည်း လေထဲ ပျံ့လွင့်နေလောက်ပြီ ....
နွေနေနှင့်အတူ ကျွန်းပင်ပျိုတို့သည်လည်း ဇကာပေါက် ရွက်ကျောများဖြင့် နွေနေကို အံတုနေလောက်ပြီ ...။ တမြို့ထဲရှိ နှစ်သုဿန်တို့သည်လည်း ထုံး ဖြူဖြူဖွေးဖွေးတို့ဖြင့် ... ရှိနေမည် မလွဲ ...။
နွေနေနှင့်အတူ နေကြာတို့သည်လည်း ထိုးထိုးထောင်ထောင် ရှိနေလောက်ပြီ ... ဖရဲတို့သည်လည်း ရဲပလောင်းခတ်နေလောက်ပြီ ..
နွေနေနှင့်အတူ ... ထိုနေရာကလေးသည် ဖုန်တသောသောနှင့် ....
နွေနေနှင့်အတူ ... ထိုအရပ်ကလေးတွင် ...
ထိုအရပ်ကလေးသည် ... နွေနေနှင့်အတူ ...
ထိုအရပ်မှသည် အဝေးဆုံးတနေရာတွင်ရှိနေရသည့်အချိန်တွင် ... ကျောင်းတော်ကြီးမှာ နှစ်ဝက်ခန့်ကျမှတ်ခဲ့ရဖူးသည့် နွေဦးကာလ မြူထသောအခါကို တမိသည် ...။
ဆူးထနောင်းတို့မှ ကျကျနနရှင်သန်တတ်သည့် ထိုအရပ်အား ... ခွဲခွာခဲ့သည်မှာ ၁၀ စုနှစ် မကတော့ပြီ ...။ ထိုအရပ်သည် ... မွေးရပ် ...။ သေရပ်သည်ကား ... မသေချာ ...။
ဆောင်းလူ
ဇန်နဝါရီ ၁၀၊ ၂၀၁၄
No comments:
Post a Comment