အဲဒီတုန်းက ကျနော်က ရန်ကုန်အနှံ့အပြားမှာ စာသင်ဝိုင်းလေးတွေလိုက်ပြီး အင်္ဂလိပ်စာသင်ပြပေးနေတဲ့ ကျူရှင်ဆရာအဖြစ် အသက်မွေးနေတဲ့ အချိန်ဖြစ်ပါတယ်။ တဖက်က ဝါသနာအရနဲ့ တာဝန်ရှိတယ်လို့ ခံယူချက်အရ စာရေးနေပေမယ့် အသက်မွေးမှုအရတော့ ကျူရှင်ဆရာပါ။ အဲဒီလိုနဲ့ တဖက်က စာသင် တဖက်က စာရေးနေရင်းနဲ့ တချိန်မှာ ကျနော် စာသင်ရာမှာ သွားလာလှုပ်ရှားရာမှာ အရင်နဲ့မတူဘဲ မောလွယ်လာ ပင်ပမ်းလာတာကို သတိပြုမိလာပါတယ်။ ဒါပေမယ့် အလုပ်ကလည်း မလုပ်လို့မရတော့ အသက်လေးရလာလို့ပဲဖြစ်ပါလိမ့်မယ်ဆိုပြီး ဆက်ပြီး စာသင်နေခဲ့တာပါပဲ။ ဒါပေမယ့် နောက် တဖြည်းဖြည်းဖြစ်လာတာက အသံတဖြည်းဖြည်းတိုးလာပြီး စာသင်ရာမှာ အသံကို မနည်းညှစ်ပြီးပြောလာရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒါပေမယ့် ကျနော်ကပေပြီး ဆက်သင်နေခဲ့တာပါပဲ။ ဒီနေရာမှာအတွေးအမြင်စာစဉ် နဲ့ ဒေါင်းစာပေ ကို ကျနော့်ဘဝအတွက် ကျေးဇူးအများကြီးတင်စရာဖြစ်ခဲ့ပါတယ်။
ကျနော်က စာသင်နေသလို ပုံမှန်ပေးနေကျ ဆောင်းပါးတွေလည်း ရေးပေးနေဆဲဖြစ်တော့ တနေ့ ကျနော် စာမူသွားပေးချိန်မှာ ကျနော့်ရဲ့နွမ်းနယ်နေတဲ့ပုံနဲ့ အသံမထွက်တာကိုတွေ့ရတဲ့ အမဒေါ်မြင့်မြင့်က ကိုစိုးသစ် နေမကောင်းဘူးလား ဘာဖြစ်နေလဲလို့ မေးပါတယ်။ ကျနော်ကလည်း ကျနော် ဖြစ်နေတာကို ပြောပြခဲ့ပါတယ်။ အမက ဆေးတွေဘာတွေစစ်ကြည့်ဖို့ပြောတော့ ကျနော်က ကျနော့် စာပေမိတ်ဆွေ ကိုညိုပြာ(စာရေးဆရာ မောင်ညိုပြာ) ရဲ့ဓာတ်ခွဲခန်းမှာ သလိပ်စစ်ကြည့်ပြီး၊ ပိုးမတွေ့ရကြောင်း ပြောပြလိုက်ပါတယ်။ အမက ကိုစိုးသစ် ဒီလိုပဲနေသွားလို့တော့ ဘယ်ဖြစ်မလဲ ကျမမောင်တယောက်က ရွှေဘုံသာလမ်းက ကုန်းဘောင်ဆေးခန်းမှာထိုင်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ အထူးကုဆရာဝန်ပါ။ ကိုစိုးသစ် သူ့ဆီသွားဖြစ်အောင်သွားလိုက်ပါ၊ ကျမ စာရေးပေးလိုက်မယ်လို့ပြောပြီး ချက်ချင်းပဲ ကျနော် ဘယ်သူဖြစ်တယ် ဘာဖြစ်လို့ စတာရေးထားတဲ့ မိတ်ဆက်စာကို ရေးပေးပါတယ်။ သွားဖြစ်အောင်သွားဖို့လည်း အထပ်ထပ်ပြောပြီး ကျနော့်ကို တိုက်တွန်းခဲ့ပါတယ်။
ကျနော်လည်း သွားပါ့မယ်လို့ကတိပေးပြီး အဲဒီညနေမှာပဲ အမမောင်ဆရာဝန်ရှိတဲ့ ဆေးခန်းကို သွားခဲ့ပါတယ်။ ကျနော်က အမရဲ့စာလေးကိုပြလိုက်တော့ သူ ရင်းရင်းနှီးနှီးပဲ ချက်ခြင်း ဓာတ်မှန်ရိုက်ပေးပါတယ်။ ခဏကြာတော့ ထွက်လာတဲ့ ဓာတ်မှန်ဖလင်ပြားကို သေသေချာချာကြည့်ပြီး ကျနော့်ကို တီဘီဖြစ်ဖူးလားလို့မေးတော့ ကျနော်က တခါမှမဖြစ်ဖူးဘူးလို့ ဖြေလိုက်ပါတယ်။ သူက ကိုစိုးသစ်အဆုပ်မှာ အနာဟောင်းတွေ တွေ့နေရတယ်လို့ အသေအချာပြောပါတယ်။ ကျနော်က တီဘီတော့မဖြစ်ဘူးတဲ့အကြောင်း ဒါပေမယ့် ကျနော် ထောက်လှမ်းရေး စစ်ကြောရေးတိုက်ခန်းထဲက အင်္ဂတေပေါ်မှာ ဆောင်းတွင်းကြီး ၂ လ လောက်အိပ်ခဲ့ရပြီး အပြင်းအထန် အဆုပ်အအေးမိခဲ့တဲ့အကြောင်း အကျဉ်းထောင်ကို ပို့တဲ့အချိန်မှာ ၂ လကျော် အပူချိန် ၁၀၂၊ ၁၀၃ လောက် နေ့တိုင်းတက်နေလို့ ထောင်ဆေးခန်းမှာ ဆေးထိုးကုသမှုခံခဲ့ရကြောင်း ပြောပြလိုက်တော့ သူက ဒါဆို သေချာပါတယ်၊ သူ့ဆရာ အဆုပ်ရောဂါ အထူးကု ဆရာဝန်ကြီးနဲ့သွားတွေ့ပါလို့ ထပ်လွှဲပေးပါတယ်။
အဲဒီတော့မှ ကျနော်လည်း အဲဒီဆရာဝန်ကြီးကို သွားတွေ့ဖို့ဆုံးဖြတ်ပြီး နောက်တနေ့မှာ သွားတွေ့ခဲ့ပါတယ်။ ဆရာဝန်ကြီးက မေးမြန်းပြီး ချက်ခြင်းသွေးဖောက်စစ်ဆေး ဓာတ်မှန်လည်း ရိုက်ပေးပါတယ်။ နောက်တနေ့ ဆေးခန်းသွားတော့ ကျနော့်ကို အဆုပ်ရောဂါဖြစ်နေတဲ့အကြောင်းနဲ့ မစိုးရိမ်ဖို့ အဆုပ်နာဆေး ၉ လတိတိ သူ ညွှန်ကြားတဲ့အတိုင်းစားဖို့ ပြောပါတယ်။ ကျနော်လည်း သူဝယ်ခိုင်းတဲ့ဆေးတွေဝယ် သူ ညွှန်ကြားတဲ့အတိုင်း သောက်ပါတယ်။ ၃ လလောက်အတွင်းမှာပဲ ကျနော်ပြန်ပြီး စိုစိုပြေပြေဖြစ်လာ အသံလည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဆေးကတော့ ၉ လပြည့်အောင် သောက်ခဲ့ရပါတယ်။ အဲဒီလို ဆေးသောက်ရင်းနဲ့ ကျနော်က စာဆက်သင်နေခဲ့သလို အတွေးအမြင်အတွက် ဆောင်းပါးတွေ ရေးပေးနေခဲ့ပါတယ်။ ဒေါင်းစာပေကိုလည်း အဝင်အထွက် မပျက်ခဲ့ပါဘူး။ အမဒေါ်မြင့်မြင့်က ကျနော် တီဘီရောဂါဖြစ်နေမှန်း ဆေးကုနေရမှန်းသိပေမယ့် ကျနော့်ကို ဆက်ဆံတဲ့နေရာ ပြောဆိုတဲ့နေရာမှာ အရင်လိုပါပဲ၊ တချို့သူတွေလို ရောဂါကူးမှာကြောက်လို့ ရွံ့သွားတာမျိုး မရှိပါဘူး။ ကျနော် ပိုပြီးလေးစား ကျေးဇူးတင်ခဲ့ရပါတယ်။ ကျနော့်ကို သူ့မောင် ဆရာဝန်ဆီ အတင်းတိုက်တွန်းမလွှတ်ခဲ့၊ ကျနော်ကလည်း ခေါင်းမာမာနဲ့ ဆေးကုရမှန်းမသိ ပေနေခဲ့ရင် ကျနော် အဲဒီအချိန်တည်းက သေသွားလောက်တယ်လို့ ပြန်တွေးမိပါတယ်။ ပြန်တွေးမိတဲ့အခါတိုင်းလည်း အမနဲ့ အတွေးအမြင်ကို ကျေးဇူးတင်နေမိပါတယ်။
နောက် ဆရာမောင်ဝံသ လွတ်မြောက်လာ၊ ကျနော်နဲ့ ရင်းနှီးခင်မင်လာတဲ့အချိန်မှာ ဆရာက ကျနော် ရောက်သွားတဲ့ အချိန်အတော်များများမှာ ကိုစိုးသစ် လက်ဖက်ရည်ထွက်သောက်ရအောင်လို့ ခေါ်တတ်ပါတယ်၊ ဆရာကပဲ လက်ဖက်ရည်တိုက် မုန့်ကျွေးလုပ်ပြီး စာပေအကြောင်း၊ နိုင်ငံရေး အကြောင်းပြောဆိုဖြစ်ခဲ့ကြပါတယ်။ သူ့ရဲ့သတင်းစာ မိတ်ဆွေ၊ အယ်ဒီတာမိတ်ဆွေ၊ ထုတ်ဝေသူမိတ်ဆွေတွေနဲ့လည်း မိတ်ဆက်ပေးပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဆရာမောင်မိုးသူက သူ့မဂ္ဂဇင်းမှာ စီးပွားရေး အထူး ဆောင်းပါးရေးဖို့ စာရေးသူတယောက် လိုနေတယ်လို့ ပြောတယ်ဗျ။ ကိုစိုးသစ်နဲ့ဆို ဖြစ်မယ်ထင်တယ် သွားတွေ့လိုက်ပါလို့ လမ်းညွှန်လို့ ဆရာမောင်မိုးသူဆီကို ကျနော်ရောက်သွားခဲ့၊ ဆရာနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။
ဆရာက သူ့မဂ္ဂဇင်း(မြန်မာ့ဓန) နမူနာတွေပေးပြီး သူတို့အတွက် ဆောင်းပါး စဉ် ရေးပေးဖို့ ပြောပါတယ်။ ကျနော်လည်း ကြိုးစားကြည့်မယ်လို့ပြောပြီး ဆရာလိုချင်တဲ့ပုံစံကိုလေ့လာ ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆောင်းပါးအတွက် သတင်းဓာတ်ပုံတချို့ ရိုက်ကူးဖို့၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမေးမြန်း အသံဖမ်းမှတ်တမ်းယူ စတာမျိုးတွေလုပ်ဖို့ လိုအပ်တဲ့အတွက် ကျနော့်ရဲ့စာသင်ချိန်တွေနဲ့ အဲဒီလိုလုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ကျနော် အချိန်မီ မပေးနိုင်မှာစိုးတဲ့အတွက် ကျနော်က ဆရာမောင်မိုးသူကို အားနာနာနဲ့ပဲ တခြားသူတယောက်ရှာဖို့ အနူးအညွတ် ပြန်ပြောခဲ့ရပါတယ်။ ဒါပေမယ့် ဆရာနဲ့ ခင်မင်ရင်းနှီးသွားခဲ့ပြီးနောက်ပိုင်းမှာ ဆရာ မောင်ဝံသ၊ ဆရာမောင်မိုးသူ နဲ့ ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြ၊ စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ဆရာမောင်ဝံသနဲ့ ပိုရင်းနှီးလာပြီး တခါတခါ ဆရာက ရှားပါးစာအုပ်ဟောင်းလေးတွေ ပေးပြီးဖတ်တတ်ပါတယ်။ မှတ်မိနေသေးတဲ့ စာအုပ်ကလေးတအုပ်ကတော့ဆရာ ဂျာနယ်ကျော်တင့်ဆွေ ရေးတဲ့ “ကလောင်စစ်သား” ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ဖို့ငှားလိုက်လို့ တကယ့်သတင်းစာသမား၊ စာနယ်ဇင်းသမားဆိုတာ ဘယ်လိုလဲဆိုတာကို နားလည်သိရှိခွင့်ရလိုက်ပြီး ကျနော်က အဲဒီစာအုပ်ကလေးထဲက အချက်အလက်တွေကို ကိုးကားပြီး အတွေးအမြင်စာစဉ်အတွက် “သူလိုလူများ” ဆိုတဲ့ ဆောင်းပါးတပုဒ် ပြန်ရေးပေးလိုက်ဖြစ်ပါတယ်။
နောက် မှတ်မှတ်ရရရှိခဲ့တာတအုပ်ကတော့ ML.Stein ရေးတဲ့ “ How to be a journalist” ဆိုတဲ့ စာအုပ်ကလေးပါ၊ စာအုပ်က အတော်လေးတောင်နွမ်းနေပါပြီ၊ Ladder series က ထုတ်ခဲ့တဲ့ စာအုပ်ကလေးပါ။ ကျနော်က ဖတ်ပြီးသွားတဲ့အချိန်မှာ ကျနော်တို့နိုင်ငံမှာ ရှားပါးနေတဲ့ သတင်းစာသမားဖြစ်ချင်၊ သတင်းထောက်ဖြစ်ချင်ကြတဲ့ လူငယ်တွေအတွက် အတော်ကောင်းတဲ့ စာအုပ်ကလေးဆိုတာ တွေ့လိုက်ရပါတယ်။ တနေ့ ကျနော်က ဆရာမောင်ဝံသကို ဆရာ ကျနော် အဲဒီစာအုပ်ကလေးကို ဘာသာပြန်ရရင် ကောင်းမလားလို့ မေးလိုက်တော့ ဆရာက အားရဝမ်းသာပဲ ဟာ ကောင်းတာပေါ့ ကိုစိုးသစ်ရာ ပြန်ပါလို့ တိုက်တွန်းတာနဲ့ ကျနော် ဘာသာပြန်ဖြစ်သွားခဲ့ပါတယ်။ အဲဒီစာအုပ်ကို ကျနော့်မိတ်ဆွေ ပန်းချီဆရာနဲ့ ဒီရေဦး စာအုပ်တိုက်ပိုင်ရှင် ကိုအေးကိုက ထုတ်ဝေပေးခဲ့လို့ စာဖတ်ပရိသတ်လက်ထဲကို ထည့်ပေးနိုင်ခဲ့ပါတယ်။ ဆရာမောင်ဝံသကပဲ ကျနော့်ကို စာအုပ်အတွက် အမှာစာ ချီးမြှင့်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ဆရာ့သမီးငယ် လတ်လတ်နဲ့ ကျနော် ပိုပြီးရင်းနှီးစရာဖြစ်လာပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဖောင်ဒေးရှင်းတချို့ရဲ့ အကူအညီနဲ့ Art center တခု တည်ထောင်ချင်တဲ့ နိုင်ငံခြားသား စုံ တွဲတတွဲ နဲ့ ပန်းချီဆရာ ကိုအေးကိုကပဲ မိတ်ဆက်ပေးလို့ သိကျွမ်းခင်မင်လာပြီး နောက် သူတို့ ၂ ယောက်အကူအညီနဲ့ နိုင်ငံတကာ အနုပညာ ဆင်ပိုဇီယမ် (symposium) တခုကို ကျင်းပနိုင်ခဲ့ကြပါတယ်။ နောက် သူတို့ art center တခုထောင်ပြီး ကျနော်တို့နိုင်ငံက အနုပညာ နယ်ပယ်အသီး သီးက သူတို့ရဲ့ အနုပညာဖန်တည်းမှုအတွက် လိုအပ်မှုရှိနေတာတွေကို ပံ့ပိုးဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်ကလည်း ကိုယ်လုပ်ပေးနိုင်တာရှိတာတွေကို အကူအညီပေးခဲ့တဲ့အတွက် သူတို့နဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိလာခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲဒီ art center မှာ လတ်လတ်က ဝင် အလုပ်လုပ်ဖို့ဆုံးဖြတ်ပြီး ဆရာ မောင်ဝံသကလည်း ကျနော့်ကို အဲဒီကိစ္စ တိုင်ပင်ဆွေးနွေးလာပြီး ကျနော့်ရဲ့အမြင်ကို မေးမြန်းလာခဲ့ပါတယ်။ ကျနော်က အကျိုးယုတ်စရာမရှိတဲ့အပြင် ဆရာ့သမီးလည်း အနုပညာကိစ္စ၊ ဘာသာစကားကိစ္စတွေမှာ အများကြီး တိုးတက်ဖွံ့ဖြိုးလာနိုင်တဲ့အတွက် လုပ်သင့်တဲ့အကြောင်း ကျနော်တို့လည်း မကြာခဏ ဝင်ထွက်နေသလို တခြား အနုပညာရှင်တွေလည်း ဝင်ထွက်နေတဲ့အတွက် စိတ်ပူစရာမရှိတဲ့အကြောင်း ကျနော့်သဘောထားကို ပြောပြလိုက်ပါ တယ်။ နောက်တော့ ဆရာ့သမီး လတ်လတ်က အဲဒီမှာ အလုပ်လုပ် ကျနော်တို့ကလည်း ဝင်ထွက်ဆက်ဆံနေတော့ လတ်လတ်နဲ့ ပိုပြီးစကားပြောဖြစ်လာသလို၊ တခါတရံ art center ကို အတူတူသွား ဖြစ်ပြန်ဖြစ်တာတွေ ရှိလာပါတယ်။ လတ်လတ်ရဲ့ တွေးမြင် စဉ်းစားပုံတွေ အပြောအဆို စရိုက်သဘာဝတွေကို ကျနော် သိရှိခဲ့ပါတယ်။ ရိုးသားပွင့်လင်း ရဲတင်းသလို အတွေးအခေါ်အရလည်း မှန်ကန်ဖြောင့်မတ်တဲ့အတွက် ကျနော်က သူနဲ့ရွယ်တူနီးပါးရှိတဲ့ ကျနော့်တူမအရင်းတွေထက်တောင် အလေးထား ဆက်ဆံခဲ့ပါတယ်။ ကျနော့် တူမလေးတယောက်လိုပဲ ဆက်ဆံမှု ရင်းရင်းနှီးနှီးရှိခဲ့သလို လောကအမြင်တွေကိုလည်း ဖလှယ်ပြောဆို ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် … ကျနော်နဲ့ အတွေးအမြင်စာစဉ် မလွှဲမရှောင်သာ ယာယီ လမ်းခွဲစရာအကြောင်းတွေက ရှိလာခဲ့ပါတယ်။ အဲဒါက ကျနော့်ရဲ့ နိုင်ငံရေးရပ်တည်ချက် လှုပ်ရှားဆောင်ရွက်နေတာ၊ ရေးသားနေတာတွေကို ကျနော် ထောင်ကလွတ်လာတဲ့အချိန်ကတည်းက စဉ်ဆက်မပြတ် စောင့်ကြည့်နေခဲ့တဲ့ စစ်ထောက်လှမ်းရေးက ကျနော် နယ်နဲ့ရန်ကုန် ကူးလူးစာသင်နေတာ၊ နိုင်ငံခြားသားတွေနဲ့ ရင်းနှီးဆက်ဆံနေတာ၊ ကျနော် ရေးနေတာတွေအပေါ် သံသယစိတ်တွေဝင်နေပြီး ကျနော်နယ်ကို ပြန်ရောက်ရမယ့်ရက်မှာ ပြန်မရောက်ရင် လာမေးတာ၊ စစ်ထောက်လှမ်းရေးမှူးနဲ့ ဝန်ကြီးချုပ် ဗိုလ်ခင်ညွန့် ကျနော် တို့မြို့ကို ခရီးစဉ်အရ လာရောက်တဲ့ အချိန်မျိုးမှာ ညည့်နက်သန်းခေါင် ကျနော်ရောက်ပြီလား လာမေး ပြီး သူရောက်မယ့်နေ့မှာ ကျနော့်ကို ရဲစခန်းနားက ရပ်ကွက်ရုံးမှာ ခေါ်ထားတာတွေ လုပ်လာပါတယ်။ ကျနော်ကတော့ ပြဿနာ မရှိပါဘူး အဲဒီရုံးမှာထိုင်ပြီး စစ်အစိုးရရဲ့ ဖောက်ပြန်မှားယွင်းမှုတွေကို တနေကုန် ထိုင်ပြောနေလိုက်တာပါပဲ။ ဗိုလ်ခင်ညွန့် မြို့ကပြန်ထွက်သွားပြီဆိုတော့မှ ကျနော့်ကို အိမ်ပြန်ပို့ပေးကြပါတယ်။
ပိုဆိုးလာတာက မြို့မှာ တာဝန်ကျထောာက်လှမ်းရေး တာဝန်ခံက နောက်ပိုင်းမှာ ကျနော် နယ်နဲ့ရန်ကုန်ကူးပြီး စာသင်သွားတိုင်း ပြန်ရောက်တိုင်း သူ့ဆီသတင်းပို့ခိုင်းလာပါတယ်။ အစပိုင်းမှာ ကျနော် လုပ်ပေးပါသေးတယ်။ နောက်တော့ ရန်ကုန်ကိုခရီးထွက်ရင် ခရီးသွားထောက်ခံစာ လာယူပါ ရမှသွားပါဆိုတာမျိုးအထိ ကျနော့်ကို ထိန်းချုပ်လာပါတယ်။ ကျနော်က ကျနော့်ကို တရားဝင် ထောင်က လွှတ်ပေးပြီးပြီ။ ကျနော် နိုင်ငံသားမှတ်ပုံတင်လည်းရှိတယ် ကျနော် ခရီးသွားထောက်ခံစာ တောင်းနေရအုံးမှာလားလို့ ပြန်မေးခဲ့ပါတယ်။ သူက လိုအပ်မှုအရ လုပ်တာပါလို့ တုံ့ပြန်ပါတယ်။ ကျနော်က အဲဒီလိုဆို ကျနော် နယ်ကို ပြန်မလာတော့ဘူးလို့ပဲ ခပ်ပြတ်ပြတ် ပြောပစ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ အခြေအနေအနေကို ကျနော် အလေးအနက် ထားစဉ်းစားခဲ့ပါတယ်။ ဒီတိုင်းဆက်သွားလို့ရပါ့မလား ကျနော့်ကို ပြန်ဖမ်းချင်နေပုံရပြီလို့လည်း တွက်ဆကြည့်မိပါတယ်။ ဒီအကြောင်းကို ကျနော်က စကားပြောဆိုရင်းဖွင့်ပြောပြပြီး ဆရာ မောင်ဝံသကို သူ့ရဲ့အကြံဉာဏ် တောင်းခံကြည့်တာ့ သူက ဒီတခါတော့ ကိုစိုးသစ် ပြန်အဖမ်းခံသင့်တော့ဘူးလို့ ထင်တယ်။ ရှောင်လို့ရရင် ရှောင်စေချင်တယ်လို့ ပြောပါတယ်။
တိုက်ဆိုင်ချင်တော့ အဲဒီကာလတွေအတွင်း ပြည်ပက ဒီမိုကရေစီအတိုက်အခံ သတင်းစာတစောင်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်သတင်းစာက သူတို့ရဲ့ တိုးချဲ့ပုံနှိပ်ထုတ်ဝေမယ့် အွန်လိုင်းဂျာနယ်မှာ တာဝန်ခံ အယ်ဒီတာလုပ်ပေးဖို့ အဆက်အသွယ်တခုကနေ ကျနော့်ကို ကမ်းလှမ်းလာပါတယ်။ ကျနော်ကလည်း ထောင်ကလွတ်လာပြီး မိသားစု စီးပွားရေးဘဝကို ပြန်လည်ထူထောင်နေရသလို ဖခင်မေတ္တာငတ်မွတ်ခဲ့တဲ့ ကျနော့်သား ၂ ယောက်ကိုလည်း ချက်ခြင်းပြန်မခွဲခွာလိုတဲ့အတွက် စဉ်းစားဖို့ အချိန် ၆ လလောက်ယူပြီးမှ ကျနော် ဆက်နေရင် စစ်ထောက်လှမ်းရေးရဲ့ ပြန်ဖမ်းဆီးတာခံရပြီး ဘာမှလုပ်မရ မိသားစုသာ ပိုဝန်ပိသွားမယ့်အရေးလို့စဉ်းစားပြီး အဲဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါက ၂၀၀၃ ခုနှစ် နိုဝင်ဘာလလို့ မှတ်မိနေပါတယ်။ နောက် ကျနော် မြန်မာနိုင်ငံက လျှို့ဝှက်ထွက်ခွာဖို့ ပြည်ပနဲ့ အဆက်အသွယ်လုပ် အချိန်သတ်မှတ် အချိန်းအချက်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျနော်က ဆရာမောင်ဝံသ နဲ့ အမ ဒေါ်မြင့်မြင့်တို့ မသိတာက သူတို့အတွက် ပိုပြီး အန္တရယ်ကင်းတယ်လို့ယူဆပြီး သူတို့ ၂ ယောက်ကို အသိမပေးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျနော် အသိပေးဖို့ရွေးချယ်လိုက်တဲ့သူကတော့ ဆရာ့သမီး ငယ်လတ်လတ်ပါပဲ။ အဲဒီနေ့မှာ အတွေးအမြင်တိုက်ကို ခါတိုင်းလိုပဲဝင် အမတို့ကိုနှုတ်ဆက်စကားပြောပြီး အမကို လတ်လတ်နဲ့ ခဏစကားပြောစရာရှိလို့ ခဏလောက်ထည့်လိုက်ဖို့ ခွင့်တောင်းတော့ အမက အလွယ်တကူပဲ ရပါတယ် ကိုစိုးသစ်လို့ပြောပြီး လတ်လတ်ကို ကျနော်နဲ့လိုက်သွားဖို့ ခွင့်ပြုလိုက်ပါတယ်။ ကျနော့်ကို တခြားဘာမှမမေးပါဘူး။
ကျနော်နဲ့ လတ်လတ် ၃၄ လမ်း အလယ်လမ်းထဲက စားသောက်ဆိုင်တခုမှာ သွားစကားပြောပြီး ကျနော်က ကျနော့်ရဲ့အခြေအနေနဲ့ ဆုံးဖြတ်ချက်ကို ပြောပြလိုက်ပါတယ်။ လတ်လတ်ကလည်း အခြေအနေအရ ဦး ဆုံးဖြတ်တာမှန်တယ်လို့ သူထင်တယ်လို့ ပြောပါတယ်။ ကျနော်က ဆရာနဲ့ အမကို ချက်ချင်းမပြောဘဲ နောက်မှပဲဖွင့်ပြောဖို့ပြောပြီး ကျနော်က လတ်လတ်ကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ကျနော့်ရဲ့ မောင်စိုးသစ်ဆိုတဲ့ ကလောင်ဟာ အတွေးအမြင်စာစဉ်ကနေ ကွယ်ပျောက်ခဲ့ရတာပါပဲ။ အဆက်အသွယ်လုပ်လို့ရပေမယ့် ဆရာနဲ့ အမတို့၊ နောက် စာစဉ်ရဲ့ထုတ်ဝေမှု စတာတွေကို မထိခိုက်စေချင်တာကြောင့် ကျနော် ပြည်ပမှာပဲ ပြည်ပသုံး ကလောင်တချောင်းနဲ့ အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးတွေအတွက် ဆက်ပြီး ကလောင်လက်နက်နဲ့ တိုက်ပွဲဝင်နေခဲ့တာ ဆယ်စုနှစ်တခုတောင် ကျော်လာခဲ့ပါပြီ။
ဒါတွေဟာ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် မဟုတ်သေးပေမယ့် ကျနော့်ဘဝရဲ့ အရေးပါတဲ့ စာမျက်နှာဟောင်းတချို့ဆိုတာကတော့ သေချာပါတယ်။ အတွေးအမြင်စာစဉ်ဟာ ဆရာမောင်ဝံသ မရှိတော့ပေမယ့် ဆက်လက်အဓွန့်ရှည်ကြာ ပြည်သူလူထုအတွက် ဆက်လက်ရပ်တည်ပေးနေဆဲဖြစ်သလို ကျနော်လည်း ပြန်လည်ကူညီဆောင်ရွက်ခွင့်ရမယ်လို့ ယုံကြည်မျှော်လင့်ရင်း … …။ ။
မောင်စိုးသစ်
(ပြည်တွင်းမှာထုတ်ဝေနေတဲ့ အတွေးအမြင်စာစဉ်အတွက် ရေးသားပေးပို့ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်)
No comments:
Post a Comment