Monday, December 9, 2013

အာမ မခံတဲ့ အစာနဲ့ အာမ မခံတဲ့ ဘဝများ (ကိုညို)

ညိုကြီးတယောက် နေ့စဉ် အလုပ်ထဲရောက်တိုင်း အသည်းကွဲတယ်။ ကြည့်အုံးလေ ဒီ ပန်းသီးတွေက သမံတလင်းပေါ် ပြုတ်ကျတာနဲ့ အမှိုက်ပုံးထဲရောက်သွားပြီ။ ပဲ့ရွဲ့သွားရင်လည်း တော်သေးတယ်၊ အခုဟာက နည်းနည်းလေး ချိုင့်သွားတာနဲ့ ပစ်လိုက်ရတာဆိုတော့ နှမြာစရာကြီး။ ချောမွတ် ဝင်းပြောင်ပြီး ကိုက်လိုက်ရင် တဂျွတ်ဂျွတ်နဲ့ အရည်ရွှမ်းတဲ့ ဒီပန်းသီးတွေက စပိန်ကလာတဲ့ ထိပ်တန်း နာမည်ကြီး၊ ဈေးလည်းကြီးတယ်။ အလုပ်မဝင်ခင် သင်တန်းမှာ ညိုကြီးတို့သိထားတာက ထိခိုက်မိတဲ့ သစ်သီးတလုံးဟာ ၆ နာရီကျော်တာနဲ့ ဒဏ်ရာ အနာတဝိုက် ဘက်တီးရီးယားတွေ ဝင်လာနိုင်တယ်တဲ့။ ဒါကြောင့် အသီးအနှံတိုင်း အနာအဆာ မရှိစေရဘူး၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းနဲ့ ပေါင်မုန့်တွေ၊ အသားတွေ အသင့်ပြုပြင်ချက်လုပ်ပြီး အစားအသောက်တွေအားလုံးက နိုင်ငံတကာကတင်သွင်းတဲ့ ထိပ်တန်းအစာတွေချည်းပဲ။ 

ညိုကြီးက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် နွားနိုနဲ့ နို့ထွက်ပစ္စည်းတွေကို တာဝန်ယူ ထိန်းသိမ်းရတယ်။ စားသောက်ကုန်တွေတင်တဲ့ နော်ဝေးနိုင်ငံမှာဖွင့်ထားတဲ့ ဆွီဒင်နိုင်ငံပိုင် နာမည်ရ ကုမ္ပဏီကြီးဆိုတော့ အအေးခန်းမှာ ရေရှည်ထားတဲ့ အစာ၊ စည်သွပ်ဘူးအမျိုးမျိုး၊ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ မုန့်မျိုးစုံ၊ အသားခြောက် အသားစိုနဲ့ ရေချို၊ ရေငံ ငါးအမျိုးမျိုး မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်တွေကအစ ကုန်စိမ်း ကုန်ခြောက် ဘာလိုချင်လဲ၊ သွားကြားထိုးတံကစလို့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းနာမည်အားလုံး ပါးစပ်ထဲ ရွတ်လိုက်၊ ဆိုင်မှာ အကုန်ရှိတယ်။ 


စူပါမတ်ကက်ကြီးထဲမှာ ဖွင့်ထားတဲ့ ညိုကြီးအလုပ်လုပ်တဲ့ကုမ္ပဏီက တခြားဆိုင်တွေထက် ဈေးကြီးတယ်။ အရည်အသွေးကောင်းမွန်တာကို ဦးစားပေးတယ်။ တခြားစားသောက် ကုမ္ပဏီတွေက အစားအသောက်တွေ သက်တမ်းကုန်ခါနီးရင် လျှော့ချရောင်းတာမျိုးရှိပေမယ့် ညိုကြီးတို့ ICA ကုမ္ပဏီကတော့ ဆက်မရောင်းဘူး စွန့်ပစ်လိုက်တယ်။ ဆွီဒင်နိုင်ငံပိုင် ICA ကုမ္ပဏီဟာ နိုင်ငံတကာက နာမည်ကြီးတဲ့ အစားအသောက်တင်ပို့တဲ့ ကုမ္ပဏီတွေကနေ မှာယူတင်သွင်းတာဖြစ်တယ်။ ငှက်ပျောသီးဆို ကော့စတာရီကာနိုင်ငံက၊ စပျစ်သီးနဲ့ ဖရဲသီးက အီတလီ၊ လိမ္မော်သီး ပန်းသီးနဲ့ ဟင်းသီးဟင်းရွက်တချို့က စပိန်၊ အလားတူ ဘရာဇီး၊ နယူးဇီလန်၊ ဟော်လန်၊ အစ္စရေး၊ အာဖရိက၊ အာရှ၊ လက်တင်အမေရိကားနိုင်ငံတွေက ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ နာမည်ကြီး အစားအသောက်တွေ ငွေကုန်ကြေးကျခံပြီး မှာယူတာဖြစ်တယ်။ 

ညိုကြီးကတော့ ဒီလူမျိုးတွေ ချမ်းသာတယ်ဆိုပြီး သိပ်ကို ကိန်းကြီးခန်းကြီးနိုင်လွန်းတယ် ထင်တာပဲ။ ကြည့်လေ ညိုကြီးတို့တသက် ငှက်ပျောသီးဆို ဝါထိန်ပြီး အစက်အပြောက် အမဲတွေပါမှ ချိုမွှေးပြီး စားလို့ကောင်းခဲ့တာ၊ အခု ဒီရောက်မှ အစက်အပျောက်တွေဟာ အမှည့်လွန်ပြီမို့ ဘက်တီးယားတွေ ပါနိုင်တယ်ဆိုပြီး လွှင့်ပစ်ရတယ်။ တပတ်ကို ညိုကြီးတို့ဆိုင်က အကောင်းစား ငှက်ပျောသီး အနည်းဆုံး ကီလို ၅၀ ကနေ ကီလို ၇၀ ကြား စွန့်ပစ်ရတယ်။ ဝယ်မယ့်သူရှိလည်း မရောင်းရဘူး၊ ယူမယ့်သူရှိလည်း မပေးရဖူး။ ကျန်းမာရေးနဲ့မညီတဲ့ အစာ၊ မစားရတဲ့အစာလို့ သတ်မှတ်ထားတာ။ စပျစ်သီးဆို အလုံးက လှမှလှ အရသာလည်း ချိုနေပေမယ့် အညှာကစိမ်းမနေရင် အမှိုက်ပုံးပဲ။ နာနတ်သီးဆို အညှာထိပ်က အရွက်တရွက် ဆွဲနှုတ်ကြည့်လို့ လက်ထဲပါလာရင် မသန့်ဘူး၊ အမှည့်လွန်ပြီလို့ သတ်မှတ်တယ်။ ခရမ်းချဉ်သီးဆို အပေါ်အရေခွံလေးတွေတွန့်ပြီး နည်းနည်းလေးပျော့တာနဲ့ စွန့်လိုက်တယ်။ အဲဒီလိုပဲ ဟင်းသီးဟင်းရွက်တွေက နက်ဖန် ရက်လွန်မယ်ဆို ဒီနေ့ကတည်းက လွှင့်ပစ်ရပြီ။ 

အမှန်တော့ အဲဒီလိုစွန့်ပစ်နေရတဲ့ အသီးအနှံ့တွေအပြင် အသား၊ ငါးတွေ ပေါင်မုန့် နဲ့ ချိစ်၊ မလိုင် စည်သွပ်ဗူးတွေအားလုံး နောက်ထပ်တပတ်လောက်ထားပြီးစားလည်း ဘာမှမဖြစ်နိုင်သေးဘူး၊ ဒါပေမယ့် မရဘူး၊ စားသုံးသူတွေကို လတ်လတ်ဆတ်ဆတ်ပဲ ရောင်းရမယ်၊ လျော့ဈေးနဲ့လည်း မရောင်းရ၊ အလကားလည်း မပေးရ၊ ကောင်းသေးတာပဲဆိုပြီး စွန့်ပစ်ဖို့ ပုံထားရာက အိတ်ထဲထည့် အိမ်မသယ်ရ။ ဒါက ဒီနိုင်ငံရဲ့ သံမဏိစည်းကမ်း။ တလောတုန်းက ရက်လွန် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အိပ်ထဲထည့်ပြီး လျှော့ဈေးနဲ့ ရောင်းတဲ့ တူရကီလူမျိုးပိုင် စားသောက်ဆိုင်တခုကို စစ်ဆေးရေးအဖွဲ့က ရှောင်တခင်ဝင်စစ်လိုက်တာ တွေ့သွားလို့ ပြင်းပြင်းထန်ထန် သတိပေး အရေးယူတယ်။ ဆိုင်က စားသောက်ကုန်တော်တော်များများ စွန့်ပစ်ခံရတယ်။ ဥပမာ အသားတွေသိုလှောင်တဲ့ ရေခဲသေတ္တာဟာ သာမန် အပူချိန် +၄ ရှိရတယ်။ ဒီထက်ပိုပြီး အပူချိန် အပေါင်း ၇ တို့၊ အပေါင်း ၈ တို့ဆိုရင် ဘက်တီးရီးယားတွေ မျိုးပွားမယ် ရှင်သန်မယ်။ အအေးမှတ်ဆိုရင်လည်း ရေခဲမှတ်အောက် အနှုတ် ၁၈ ရှိရတယ်။ အဲဒီထက် အအေးချိန် လျှော့တယ် အနှုတ် ၁၀ ၊ အနှုတ် ၁၂ ဆို မရဘူး။ အစားအသောက် စစ်ဆေးရေးအဖွဲ့တွေက အပူ အအေး ပြဒါးတိုင်နဲ့တိုင်းထွာလို့ သတ်မှတ်သလိုမဟုတ်ဘူးဆို အဲဒီ အအေးခန်း ရေခဲသေတ္တာက အသားတွေ စားစရာတွေအားလုံး လွှင့်ပစ်ခိုင်းတယ်။ စည်းကမ်းမလိုက်နာရင် လိုင်စင်ရုတ်သိမ်းခံရတယ်။ 

ဒီနိုင်ငံမှာ လိုင်စင်ရဖို့ဆိုတာ လူကြီးနဲ့ အဆင်ပြေလို့ ဝန်ကြီးဌာနကို လာဘ်ပေးလို့ ဖြစ်တာမှုတ်ဘူး။ နိုင်ငံခေါင်းဆောင်ရဲ့ သားသမီးပဲဖြစ်ပလေ့စေ လိုင်စင်ရဖို့အတွက်ဆို အဲဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်က ကျွမ်းကျင်အဆင့်ရှိရတယ်။ သင်တန်းကျောင်းမှာ သတ်မှတ်အရည်အချင်းနဲ့ အောင်မြင်ပြီး အသိအမှတ်ပြု ဘွဲ့လက်မှတ်ရှိထားရတယ်။ နိုင်ငံတကာအဆင့်မီ ဘွဲ့လက်မှတ်ဖြစ်တယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ်နယ်ပယ်တိုင်း မှာအဲလိုပဲ။ နော်ဝေးလူမျိုးတွေက အစားအသောက်ထက် ကျန်းမာရေးကို ပိုဂရုစိုက်တာ တွေ့ရတယ်။ အစားအစာကို ကျန်းမာရေးနဲ့ လျှော်ညီအောင်စားတယ်။ စားတဲ့အစာလည်း ရိုးရိုးလေးပဲ။ ထောပတ်နဲ့ပေါင်မုန့်လေး ၂ ချပ် ကော်ဖီခါးလေးတခွက်နဲ့ နေ့လည်စာ ပြီးသွားတာပဲ။ 

အစားအသောက်နဲ့ပတ်သက်ပြီး သူတို့စဉ်းစားတဲ့ပုံစံက ရိုးရိုးလေးပဲ။ တကယ်လို့ စံချိန်မမီ အရည်အသွေးကျနေတဲ့အစာကို စားမိရင် ဗိုက်နာမယ်၊ ဖျားနာမယ်။ ဖျားရင် အလုပ်က ခွင့်ယူရမယ်၊ ဆေးရုံတက်ရမယ်။ နော်ဝေးနိုင်ငံက လူမှုဖူလုံရေးကို မဏ္ဍိုင်ပြုထားတဲ့ နိုင်ငံဖြစ်တယ်။ လူတိုင်း အခမဲ့ ဆေးကုသခွင့်ရှိတယ်။ ဆေးကလည်း စံချိန်မီသလို ကုသမှုလည်း စနစ်ကျတယ်။ အစာအိမ်မကောင်းလို့ ဆေးကုရပြီဆိုကတည်းက အစိုးရက လူနာအတွက် ဆေးဖိုး၊ ဆရာဝန်အတွက်လစာ၊ ဆေးရုံမှာ စောင့်ရှောက်စရိတ်၊ အစားအသောက် အဖိုးအခတွေ စိုက်ထုတ်ရပြီ။ ဒါ့အပြင် တဖက်မှာလည်း လူနာ အလုပ်မလုပ်နိုင်လို့ အလုပ်ရှင်က လူတယောက် အစားထိုးရတယ်၊ ဆရာဝန်ထောက်ခံချက်နဲ့ ဆေးခွင့်ယူရလို့ လူနာအတွက်လည်း လစာပေးရတယ်။ လူစားထိုးတဲ့အတွက်လည်း လစာပေးရတယ်။ အဲဒီတော့ အလုပ်သမားတယောက် ဖျားနာရင် ကုန်ကျစရိတ်က အများကြီး။ အဲလိုတွေးတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းတဲ့ အစာပဲ စားတယ်။ အစာမှန်သမျှ ကျန်းမာရေး အထောက်အပံ့ကောင်းဖို့သာ ရည်ရွယ်တယ်။ အစားအသောက်လည်း ဂရုစိုက်ကြတယ်။ 

နော်ဝေးနိုင်ငံမှာ အစစအရာရာ ဈေးကြီးတယ်၊ အိမ်သာတက်မယ်ဆိုရင်တောင် ၂ ဒေါ်လာ ပေးရတယ်။ လူတဦးချင်းဝင်ငွေလည်း မြင့်တယ်။ လူတယောက် အနိမ့်ဆုံးလစာက အခွန်ဖြတ်ပြီး ဒေါ်လာနဲ့ဆို ၂၀၀၀ ကျော်လောက်ရှိတယ်။ ဒီတော့ လူတယောက် ဆေးကုသစရိတ်ကို တာဝန်ယူရတာ အစိုးရအဖို့ မသက်သာဘူး၊ လူတယောက်ကို ဆေးကုသတာထက် အာမ မခံနိုင်တဲ့ အစာတွေစွန့်ပစ်ရတာက ပိုပြီး အကုန်အကျသက်သာတယ်။ ဒီသဘောပါပဲ။ ဒါတွေတွက်ချက်ပြီး သူ့ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့လျှော်ညီတဲ့ အရည်အသွေးရှိရှိ အစားအစာကိုပဲ ငွေကုန်ကြေးကျခံ တင်သွင်းစားသုံးနေကြတာဖြစ်တယ်။ ညိုကြီး အစောပိုင်းကာလတွေးနေသလို ပိုက်ဆံရှိလို့ ကိန်းကြီးခန်းကြီးနိုင်နေတဲ့ လူမျိုးတွေတော့ မဟုတ်ပါဘူး။ 

ညိုကြီးအလုပ်လုပ်တဲ့ ဆိုင်တဆိုင်ထဲကပဲ တလ တလ စွန့်ပစ်ရတဲ့ စားသောက်ကုန်တွေက အလေးချိန် ၂ တန်ကျော်လောက် ရှိမယ်။ စွန့်ပစ်တာဆိုပေမယ့် နီးရာအမှိုက်ပုံးထဲ စုပုံပစ်ထည့်ရတာမှုတ်ဘူး။ ပလပ်စတစ်တွေကိုခွာပြီး သီးသန့် ပစ်ရတယ်။ စက္ကူသပ်သပ်၊ ပလပ်စတစ်သပ်သပ် ပုလင်းနဲ့ သံဗူးခွံတွေက သပ်သပ် ခွဲခြားရတယ်။ နို့ထွက်ပစ္စည်းတွေ၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ သစ်သီးနဲ့ အသားတွေကို သီးသန့် အမှိုက်ပုံးကြီးတွေမှာ ထည့်ရတယ်။ ဒီအလုပ်တွေကို မခိုမကပ် တိတိကျကျလုပ်ရတယ်။ စည်းကမ်းမရှိ အချောင်ခိုရင် အန္တရာယ် များတယ်။အဲဒီ ပုံးကြီးတွေကို သက်ဆိုင်တဲ့အလုပ်ဌာနတွေက တပတ်တခါ လာသယ်သွားတယ်။ အစားအစာတွေကိုတော့ ကြိတ်ဝါး ပြုပြင်ပြီး ဝက်စာတွေအဖြစ်သုံးတယ်။ ကျန်တာတွေကို ဘိုင်အိုဂက်စ် ထုတ်တယ်။ သုံးမရပေမယ့် အမှိုက်လုံးလုံးဖြစ်သွားတာတော့ မှုတ်ဘူး။ 

အခုလို စားစရာတွေ စွန့်ပစ်နေတာတွေမြင်ပြီး ညိုကြီးတွေးမိတာတခုက ဒီကမ္ဘာကြီးရဲ့ တရားမှု မတရားမှု ဆိုတာပဲ။ ချမ်းသာတဲ့ နိုင်ငံတွေက အစားအသောက်တွေ ပိုလျှံနေတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ငတ်မွတ်သေကြေနေတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ၂၀၁၀ အစီရင်ခံစာက ကမ္ဘာ့အရပ်ရပ်မှာ သန်းပေါင်း ၉၂၅ သန်းငတ်မွတ်နေကြတယ်လို့ ဖတ်ရတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ကလးငယ် ၁၀.၉ သန်းထဲက တဝက်လောက် အဟာရချို့တဲ့သေဆုံးနေတယ်လို့ ညိုကြီး ဖတ်ရတယ်။ နေ့စဉ် ကမ္ဘာအရပ်ရပ်က လူပေါင်း ၂၄၀၀၀ ဟာ ငတ်မွတ်ခြင်းဘေးဒုက္ခကြောင့် သေဆုံးနေတယ်လို့ သိရတယ်။ အာရှ အာဖရိကနဲ့ လက်တင်အမေရိကားတိုက်တွေက သန်း ၅၀၀ ရှိတဲ့ ပြည်သူတွေက ဆင်းရဲချွတ်ခြုံကျမှုနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီဒေသတွေမှာ နှစ်စဉ် ကလေး ၁၅ သန်း ငတ်မွတ်သေဆုံးနေတယ်။ တနေ့တာ အချိန်တိုင်းရဲ့ ၃.၆ စက္ကန့်အတွင်းမှာ လူတယောက်နှုန်း ငတ်မွတ်သေဆုံးနေတယ်။ ကြောက်စရာကောင်းတဲ့ ဆင်းရဲမွဲတေမှုကြီး။ 

သတင်းစာတစောင်မှာ နိုင်ငံတကာ ငတ်မွတ်မှုနဲ့ စစ်ဆန့်ကျင်ရေးကို ရေးသားတဲ့ ဆောင်းပါးဟောင်းတပုဒ်ကို ညိုကြီး သတိရလိုက်တယ်။ မီဇိုင်းဒုံးကျည်တလုံးရဲ့ တန်ဖိုးကျသင့်ငွေနဲ့ မူလတန်းကျောင်းတကျောင်းက ကလေးတွေ ကို ၅ နှစ်တိတိ နေ့လည်စာ ကျွေးလို့ရတယ်တဲ့။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP ရဲ့အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ ဆင်းရဲငတ်မွတ်မှုဟာရှိနေတယ်လို့ ဖော်ပြထားတယ်။ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဆင်ရဲနွမ်းပါးပြီး ၁၀ ရာခိုင်နှုန်းက စားရမဲ့သာက်ရမဲ့ဘဝ ရောက်နေကြတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေ အဟာရချို့တဲ့မှုကို ရင်ဆိုင်နေရတယ်။ မြန်မာပြည်သူတွေဟာ မသန့်ရှင်းတဲ့ စားသုံးဆီ၊ စံချိန်မမီတဲ့ ဆေးဝါး၊ အဟာရမရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စားသုံးနေရရှာတယ်။ လူဦးရေအများစုရဲ့ အစားအသောက် အနေအထိုင်တွေအားလုံးကို ခြုံငုံကြည့်ရင် အနောက်နဲ့၊ ဥရောပနိုင်ငံတွေက သတ်မှတ်တဲ့ စံချိန်စံညွှန်းနဲ့ လုံးဝမညီတာကို တွေ့ရတယ်။ စီးပွားရေး မပြည့်စုံမှု၊ လုံလောက်တဲ့ဝင်ငွေ မပြည့်ဈမှုကြောင့် မိမိတို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုတောင် စနစ်တကျ မတည်ဆောက်နိုင်တော့ဘူး။ ကျန်းမာရေးနဲ့မညီတဲ့ အစာတွေကို ဝမ်းဝရုံပြီးရောသဘောနဲ့ ကြိတ်မြိုချနေကြတယ်။ 

နော်ဝေးရောက်ပြီး ၂ နှစ်လောက်အကြာ ညိုကြီးတယောက် အော်စလိုက ဘိုးဘွားရိပ်သာမှာ အလုပ် အတွေ့အကြုံအနေနဲ့ ၃ လလောက် လုပ်အားပေးခဲ့ဖူးတယ်။ အသက် ၇၀ ကျော်ကနေ အသက် ၁၀၀ ကျော်အထိ ပင်စင်စား အဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ရတာပါ။ ဒီနိုင်ငံက လူတယောက်ရဲ့သက်တမ်းက အသက် ၉၀ တဲ့။ ဘိုးဘွားရိပ်သာတွေမှာ အသက် ၉၀ ကျော် ၁၀၀ ကျော်တွေ အများကြီး။ သူတို့ကို ကျွေးတဲ့အစာက သူတို့တဦးချင်းစီရဲ့ ကျန်းမာရေးနဲ့လျော်ညီအောင် စီမံထားတာဖြစ်တယ်။ ဆရာဝန်ကလည်း သေချာဂရုစိုက်သလို ချက်ပြုတ်စီမံသူတွေကလည်း အဟာရရှိပေ့၊ ကောင်းပေ့ဆိုတဲ့ အစာပဲကျွေးတယ်။ အသက်ကြီးသူတွေကို စိတ်ပိုင်းရုပ်ပိုင်း ပျော်ရွှင်ပြည့်စုံအောင် ဂရုစိုက်တယ်။ လူကြီးတွေနဲ့သင့်တော်တဲ့ ကစားနည်းတွေ၊ ဖျော်ဖြေပွဲတွေ အပမ်းဖြေ ခရီးတို လှည့်လည်မှုတွေနဲ့ ပျော်ရွှင်အောင်စီစဉ်ပေးတယ်။ သူတို့တတွေဟာ နော်ဝေးနိုင်ငံကို ထူထောင်ခဲ့သူတွေ၊ မျိုးဆက်သစ်တွေအတွက် ပေးဆပ်အနစ်နာခံခဲ့သူတွေလို့ ဒီကနေ့ နော်ဝေးမျိုးဆက်သစ်တွေက ခံယူကြတယ်။ 

ဒီတော့ အသက်အရွယ် အိုမင်းမစွမ်းရှိသူတွေ၊ ရောဂါရနေသူတွေကို သေချာဂရုတစိုက် ကြည့်ရှုစောင့်ရှောက်တယ်၊ ကျေးဇူးဆပ်နေတယ်။ အင်မတန်မှ မင်္ဂဘာတရားနဲ့ အညီကျင့်ကြံသူတွေမို့ ညိုကြီးစိတ်ထဲ ပီတိဖြစ်ရတယ်။ ထူးခြားတာက ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေဟာ မိမိတို့ အစားအသောက်ကို ပန်းကန်ထဲ တစိုးတစိမှမကျန် ပြောင်စင်အောင် စားတယ်၊ မိမိစားနိုင်သလောက်၊ လိုသလောက်ပဲထည့်ပြီး ကုန်အောင်စားတယ်။ အစားအသောက်တွေ စွန့်ပစ်ရမှာ သူတို့နှမြောကြတယ်။ ဒီအဘိုးအဘွားတွေဟာ သူတို့နိုင်ငံ စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ်ကာလတွေကို ကြုံခဲ့သူတွေဖြစ်တယ်၊ ရောဂါဘယတွေ၊ ငတ်မွတ်မှုတွေကို ရင်ဆိုင်ခဲ့ရသူတွေဖြစ်တယ်။ ပြီးတော့ ဆင်းရဲမှုတွေနဲ့ ဆိုးရွားတဲ့ရာသီဥတုကို ကြံ့ကြံ့ခံပြီး နိုင်ငံကိုထူထောင်ခဲ့သူတွေဖြစ်တယ်။ ၁၉၇၀ နှောင်းပိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိတူးဖော်မိပြီး ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းနိုင်ငံကိုရောက်လာပေမယ့် အဲဒီ ရှေးအဘိုးအဘွားတွေဟာ ဘဝမမေ့သွားဘူး၊ ခြိုးခြံချွေတာတယ်။ ဘုန်းပေါလအော မသုံးဖြုန်းဘူး။ 

ညိုကြီး နေ့ကလေးထိန်းကျောင်းမှာလည်း ၃ လလောက် လုပ်အားပေးဖူးတယ်။ ကလေးတွေအတွက် အဟာရရှိတဲ့အစာတွေ သီးသန့်ကျွေးမွေးတယ်။ ကလေးတွေဆိုတော့ စားချင်တာစား မစားချင်တာ ချန်ထားကြတာပေါ့။ နေ့လည်စာ စားအပြီး သန့်ရှင်းရေးလုပ်တိုင်း အမှိုက်ပုံးထဲမှာတန်ဖိုးကြီးတဲ့ အစားအစာတွေ စွန့်ပြစ်ထားတာ တွေ့ရတော့ ညိုကြီး စိတ်မကောင်းဘူး၊ နှမြာတယ်။ ညိုကြီးတို့ငယ်ငယ်က အိမ်မှာ ကြက်တွေ၊ ဘဲတွေ မွေးပေမယ့် မိသားစုထမင်းဝိုင်းမှာ တယောက် ဘဲဥတခြမ်းလေးနဲ့ပဲ ဝေပုံကျစားခဲ့ရတဲ့ဘဝကို သတိရတယ်။ ညိုကြီးတို့ခြံမှာ ငှက်ပျောပင်၊ သရက်ပင်၊ ဇီးပင်လည်းရှိတယ်။ ဆောင်းရာသီဆို အိမ်နောက်ဖေးမှာ ခြံစိုက်တယ်။ ဝက်ရော၊ ကြက်ရော၊ ဘဲရော၊ နွားရောမွေးတယ်။ ဒါပေမယ့် ညိုကြီးစိတ်ကြိုက် စားသုံးခဲ့ရတာမှုတ်ဘူး။ လမ်းစဉ်ပါတီခေတ်မှာ အစိုးရဝန်ထမ်း အဖေ့လစာနဲ့ မောင်နှမများတဲ့ မိသားစုစားမလောက်လို့ ဆောင်းရာသီ သီးနှံတွေ၊ ခြံထွက် ငှက်ပျော၊ သရက်၊ မာလကာသီး၊ သဘောင်္သီးနဲ့ ဇီးသီးနဲ့ ကြက်ဥ၊ ဘဲဥ နွားနို့ကအစ ပန်းပွင့်တွေအဆုံး ဈေးထဲရောင်းပြီး မိသားစုဘဝ ရပ်တည်ရတယ်။ ကြိုးကြိုးကုပ်ကုပ်နဲ့ ပညာသင်ရတယ်။ 

အခု ညိုကြီး အသက် ၅၀ ကျော်သွားပြီ၊ ဒီကနေ့အထိ ညိုကြီးတို့နိုင်ငံကပြည်သူတွေ ကြက်တွေ ငှက်တွေလို နေ့စဉ် စားမယ့်အစာကို နေ့တိုင်း ယက်ကန်ယက်ကန် ရှာစားနေရတုန်း။ နေ့ဖို့ ညစာ မစုနိုင်ဘူး။ ရခိုင်ပြည်နယ်က တံငါသည်တယောက်က သူဖမ်းမိတဲ့ ပုဇွန်ထုတ်ကြီးတွေကို သူ့မိသားစု ထမင်းဝိုင်းမှာစားချင်ပေမယ့် မစားရက်ဘူး။ ဒီပုဇွန်ထုတ်ကြီးတွေရောင်းပြီး သူ့သားသမီးတွေ ကျောင်းလခ ပေးရမယ်။ ဆိုလိုတာက ရခိုင်သားတံငါသည်တွေရဲ့သားသမီးတွေ ပုဇွန်ထုတ်ငတ်နေတယ်။ နိုင်ငံဆင်းရဲတဲ့အချိန်၊ ဥစ္စာဓန ကြွယ်ဝမှုတွေ ခွဲဝေမသုံးစွဲနိုင်သေးတဲ့ ခေတ်ဆိုးကြီးကို ညိုကြီးတို့ ပြည်သူတွေ ဖြတ်သန်းနေရတုန်းပဲ။ ချမ်းသာသူနဲ့ ဆင်းရဲသူ အဆင့်အတန်းခြင်း အဆမတန်ကွာခြားနေတဲ့ ခေတ်ကြီးဟာ အဆုံးမသပ်နိုင်သေးဘူး။ ချမ်းသာသူတွေက ပိုလျှံဖိတ်ကျပြီး ဆွေမျိုး ၇ ဆက် စားလို့မကုန်နိုင်ကြတာကို ညိုကြီးတို့ မုဒိတာပွားပါတယ်။ ဒါပေမယ့် လယ်မြေလေးတကွက်၊ ဈေးဗန်းတချပ်နဲ့ ဝမ်းတထွာဖြည့်ဖို့ နဖူးကချွေး ခြေမကျအောင် ရုန်းကန်လှုပ်ရှားနေရတဲ့ သာမန်လယ်သမား အလုပ်သမား လက်လုပ်လက်စားတွေဘဝတွေ ဆင်းရဲနွံနစ်တဲ့ဘဝတွေက နှစ် ၆၀ ကျော်ထိ မလွတ်မြောက်နိုင်တာကို အားမရ၊ မကျေနပ်မှုတွေနဲ့ ညိုကြီး ခံစားနေရတယ်။ 

ဒီကနေ့ စစ်ဘေးဒဏ်သင့်နေတဲ့ ကချင်ပြည်နယ်မှာ ထောင်နဲ့ချီတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ သူတို့နဲ့ မထိုက်တန်တဲ့ ဒုက္ခသည်ဘဝကို ရောက်နေတယ်။ လေကြမ်းတွေ၊ မိုးရေတွေကြား တောငှက်ပျောရွက်တွေနဲ့ တဲလုပ်နေထိုင်နေတဲ့ ကချင်ဒုက္ခသည်တွေရဲ့ ဓာတ်ပုံတွေကြည့်ပြီး ညိုကြီး မျက်ရည်ကျတယ်။ တောထဲက ကိုယ်ဝန်ဆောင်မိခင်တွေကို သနားတယ်။ ရင်သွေးငယ်တွေကို နိုချိုတိုက်နေရတဲ့ မိခင်တွေကို ညိုကြီးမျက်စေ့ထဲ မြင်ယောင်နေတယ်။ အဟာရချို့တဲ့နေတဲ့မိခင်တွေ နို့မှထွက်ပါ့မလား၊ နို့မဝတဲ့ ကလေးတွေ ငိုနေမှာပဲ၊ ဘယ်မှာလဲ သူတို့အတွက် ရောဂါပိုးတွေကလွတ်မြောက်မယ့် ကာကွယ်ဆေးတွေ...။ ကမ္ဘာလောကကြီးဟာ မတရားဘူး။ ချမ်းသာတဲ့သူတွေက ဥစ္စာတွေပိုလျှံပြီး တိုင်းတပါး ဘဏ္ဍာတိုက်တွေအထိ သိုလှောင်ထားတယ်။ စားစရာတွေလည်း အလျှံပယ်။ အဲဒီ နိုင်ငံတခုထဲမှာပဲနေထိုင်ပြီး တသက်လုံး ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေသူတွေက အစားတလုပ်အတွက် ဘဝတွေရော အသက်တွေရော အချည်းနှီးပေးဆပ်နေရတယ်။ ငတ်မွတ်နေကြတယ်။ တောင်းစားနေကြတယ်။ နော်ဝေးမှာတော့ သူတောင်းစားဆိုတာ တိုင်းတပါးက တရားမဝင်လာရောက်နေထိုင်သူ အနည်းအကျဉ်းသာရှိတယ်။ သူတို့ကိုလည်း အစိုးရက နေစရာနဲ့ ထောက်ပံ့ကြေး တန်သလောက်ပေးထားပြီးသား။ ငတ်မွတ်လို့မဟုတ်၊ ပိုလိုချင်လို့ တောင်းနေကြတာပါ။ 

တခါတုန်းက အင်တာနက်ကနေ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ ဝါဒဖြန့် ဗွီဒီယိုခွေလေးတခုကြည့်ဖူးတယ်။ ဖိလစ်ပိုင်နိုင်ငံက ဆိုက်ကားသမား ညဘက်အိမ်မပြန်ခင် စားသောက်ဆိုင်ကြီးတဆိုင်ရဲ့ နောက်ဖေးပေါက်ကနေ ပန်းကန်ဆေးတဲ့နေရာကို ဝင်သွားတယ်။ ဆိုင်ကအလုပ်သမားတွေက ဆိုက်ကားသမားကို သိနေတယ်။ သူက အမှိုက်တောင်းတွေလာသိမ်းရင်း သူများစားပြီး မကုန်တဲ့အသားတွေ စားစရာတွေကို ဖယ်ယူ ရွေးကောက်ပြီး သီးသန့် အိတ်တလုံးထဲ ထည့်တယ်။ ပြီးတော့ ဝမ်းသာအားရ ဆိုက်ကားနင်းပြီး အိမ်ပြန်တယ်။ သူ့ရပ်ကွက်ထဲအဝင် လမ်းထိပ်က ကလေးတွေ အများကြီး သူ့ဆိုက်ကားကိုမြင်တာနဲ့ ဝမ်းသာအားရ အော်ဟစ်ပြီး သူ့ကိုဆီးကြိုနေတယ်။ ဆိုက်ကားနောက်က ပြေးလိုက်တယ်။ ဆိုက်ကားသမားကြီးက ပါလာတဲ့ခေါက်ဆွဲနဲ့ စားစရာအထုတ်တထုတ် ကလေးတွေကို ဝေငှပေးလိုက်တယ်။ ကလးတွေပျော်ပြီး ပြန်သွားတယ်။ ဆိုက်ကားသမား အိမ်ပေါက်ဝမှာ ဇနီးနဲ့ သားသမီးနှစ်ယောက် သူ့ကိုစောင့်နေတယ်။ ကျန်တဲ့အထုတ်ကို ဇနီးသည်က ယူသွားတယ်။ လူဂုဏ်တန်တွေ သုံးဖြုန်းတဲ့ စားသောက်ဆိုင်က ပိုလျှံတဲ့ စားကြွင်းတွေနဲ့ ဆိုက်ကားသမားမိသားစုရဲ့ ညစာဟာ ဖွယ်ဖွယ်ရာရာနဲ့ စိုပြေသွားတယ်။ ဇာတ်လမ်းလေးက ဒါပါပဲ။ 

ညိုကြီး အဲဒီဇာတ်လမ်းလေးကြည့်ပြီး မျက်ရည်ကျတယ်။ နောက်ထပ် ဘယ်တော့မှ အဲဒီ ဗွီဒီယိုကို မကြည့်တော့ဘူး။ ကြည့်ဖို့လည်း ခံနိုင်ရည်မရှိဘူး။ ကိုယ့်နိုင်ငံမှာရော ဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်များများ ရှိနေပြီလဲ...။ ညိုကြီး ဆက်မတွေးရဲတော့ဘူး။ 

တကီလို ၈ ဒေါ်လာတန်ဖိုးရှိတဲ့ ဘရာဇီးက ထောပတ်သီးတွေနဲ့ တလုံးကို တဒေါ်လာခွဲပေးရတဲ့ စပိန်က ပန်းသီး တပွေ့တပိုက်ကြီးကို နေ့စဉ်ထည့်နေကျ အမှိုက်တောင်းထဲထည့်နေရင်း ညိုကြီးစိတ်ထဲ နွေဦးပေါက်ထိ အရည်မပျော်နိုင်သေးတဲ့ လမ်းဘေးက ရေခဲပြင်တွေလို သူ့နှလုံးသားလည်း မာကြောအေးခဲသွားချင်တဲ့ဆန္ဒ အသည်းအသန် ပေါ်ပေါက်နေပါတော့တယ်။ ။ 

ကိုညို (အော်စလို)

 

No comments: