အညတြသူပုန်တစ်ဦး စီးနင်းလိုက်ပါခဲ့သော သာစည်-ရန်ကုန်အမြန်ရထားကြီးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် သူ့ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။ ခရီးစဉ်တလျှောက် ပင်ပမ်းနွမ်းနယ်မှုဒဏ်ကြောင့် မည်မျှကြာကြာ ကျနော် အိပ်ပျော်သွားသည် မသိ၊ မဟာရန်ကုန်မြို့သို့ဝင်ခါနီးမှ လန့်ကာနိုးထခဲ့ရသည်။ ရန်ကုန်ရောက်တော့မည်ဆိုသည့်အသိက ရင်ကို အတော်လှုပ်ခတ်စေခဲ့သည်။
ရန်ကုန်ရောက်လျှင် မည်သို့ ဆက်လက်လွင့်မျောနေမည်ကို မတွေးခဲ့၊ ယခင်နေခဲ့ဖူးသော နေရာဟောင်းများကရှိနေခဲ့သည်။ ရထားကြီး မလွှကုန်းဘူတာအနီး အရှိန်လျှော့တော့ ဆင်းရန်ပြင်လိုက်သေးသည်။ မြဲမြံစွာချည်နှောင်ထားသော ခရီးဆောင်အိတ်မှာ လွယ်လင့်တကူ ဖြုတ်မရ၊ သို့နှင့် ဘူတာကြီးသို့ ဆိုက်ရောက်သွားခဲ့ရသည်။ ရထားပေါ်မှဆင်းပြီး ဘူတာကြီးအပြင်သို့ ဦးတည်လျှောက်လှမ်းလိုက်သည်။ ကျနော့်အရှေ့ မနီးမဝေးတွင် ယူနီဖောင်းအပြာရောင်နှင့် လူတစ်ဦးက ခရီးသည်များထံမှ တစ်ခုခုတောင်းခံနေကြောင်း တွေ့လိုက်ရသည်။
ကျနော်ကိုင်ဆောင်ထားသော မှတ်ပုံတင်မှာသေချာစွာကြည့်လျှင် အတုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ရှေ့တိုးအခက်၊ နောက်ဆုတ်အခက် ကြုံနေရသည်။ အနီးရောက်မှ ရထားလက်မှတ်များ ပြန်လည်တောင်းခံခြင်းဖြစ်ကြောင်းသိလိုက်သည်နှင့် ဆို့နင့်နေသော အပူလုံးတို့သည်လည်း ပျောက်ခြင်းမလှ ပျောက်ခဲ့ရတော့သည်။ ဘူတာကြီးအပြင်ရောက်တော့ ပတ်ဝန်းကျင်အနေအထားကို ဝေ့ဝဲကြည့်လိုက်မိပြန်သည်။ ယခင်အခြေအနေနှင့် ယခုအခင်းအကျင်းမှာ ကွာခြားမှု ကြီးကြီးမားမားမတွေ့ရ။ အငွေ့အသက်ဟောင်းတို့သာ လွှမ်းခြုံဆီးကြိုပွေ့ဖက်သလို ခံစားလိုက်ရသည်။
ကျနော့်အနီးသို့ Taxi ကားသမားတစ်ဦးချဉ်းကပ်လာပြီး “ညီလေး အကို ဘယ်ပို့ပေးရမလဲ” ဟု မေးလာခဲ့သည်။ ဝေးဝေးလံလံ တွေးမနေတော့၊ “ကြည့်မြင်တိုင် ကမ်းနားဈေးသွားမယ်ဗျာ၊ ဘယ်လောက်ကျမလဲ” ဟု ပြန်လည်မေးလိုက်သောအခါ “နှစ်ထောင့်ငါးရာ ပေးပါ ညီလေးရာ” ဟု ဆိုလာသည်။ လိုင်းကားဖြင့်ခရီးသွားခြင်းထက် Taxi ဖြင့်သွားခြင်းက လိုရာခရီးကို အမြန်ရောက်နိုင်သလို လုံခြုံမှုလည်း စိတ်ချရသောကြောင့် Taxi ဖြင့်သွားဖြစ်ခဲ့သည်။ မိနစ်နှစ်ဆယ်ခန့်မောင်းနှင်ပြီးနောက် ကြည့်မြင်တိုင် ကမ်းနားဈေးသို့ ရောက်ရှိခဲ့သည်။
ကျသင့်ငွေကိုရှင်းပေးပြီးသည်နှင့် ခရီးဆောင်အိတ်ကိုလွယ်ရင်း မိခင်ခေါင်းချခဲ့ရာ ရွာလေးသို့ ဆက်လက်သွားရန် ပြင်ဆင်ရပြန်သည်။ ကျနော့်မွေးရပ်မြေနှင့် မဟာရန်ကုန်မြို့တော်ကြီးမှာ ပန်းလှိုင်မြစ်တစ်ခုသာ ခြားနားသော်လည်း လူနေမှုအဆင့်အတန်း၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ပါးခဲ့ကြရသည်။ လမ်းခရီးမှာလည်း ချောမွေ့ဖြောင့်ဖြူးသည်တော့ မဟုတ်၊ လက်ခတ်လှေဖြင့် တစ်နာရီခွဲခန့်လှော်ခတ်ရပြီး စက်တပ်လှေဆိုလျှင် (၄၅)မိနစ်ခန့်မောင်းနှင်ရလေသည်။ မိုးတွင်းကာလဆိုလျှင် အသက်ကိုဖက်နှင့်ထုပ်သကဲ့သို့ ထားတတ်ကြရသည်။ အန္တရာယ်များက အမြဲတမ်းကြိုလင့်နေတတ်သောကြောင့်ဖြစ်သည်။ လှေဆိပ်ရှိရာသို့ ကျနော်ဆင်းလိုက်သည်နှင့် လှေသမားများက စက်ကလေး၊ စက်ဆန်း၊ ဘော်လုံးညွန့်၊ အေးရွာ၊ ဝါးရုံဆိပ် စသည့် ပို့ဆောင်ပေးမည့် ရွာအမည်နာမများကိုရွတ်ဆိုရင်း ခရီးသည်များကို ဆွဲဆောင်နေလျက်ရှိသည်။
“အေးရွာ … အေးရွာ” ဟု အော်နေသော စက်လှေပေါ်သို့ ကျနော်တက်သွားလိုက်သည်နှင့် လှေဝမ်းအတွင်းရှိ လူများက ကျနော့်ကို တစိမ်းဆန်ဆန် ဝိုင်းကြည့်နေကြသည်။ ရွာပြန်မရောက်သည်မှာ ၁၀ စုနှစ် တစ်ခုမကရှိခဲ့ပြီ။ ထို့ကြောင့် သူတို့ ကျနော့်ကို ကြည့်နေခြင်းပဲဖြစ်လိမ့်မည်။ သူတို့အားလုံးအကြည့်ကို ဥပက္ခာပြုရင်း အဝေးသို့ငေးမောရင်း စီးနင်းလိုက်ပါလာလိုက်သည်။ အတော်လေးစီးနင်းပြီးနောက် အေးရွာအလယ်တံတားသို့ စက်လှေလေး ဆိုက်ကပ်လိုက်သည်။ ကျနော် မထ၊ ထိုင်မြဲထိုင်နေသောကြောင့် စက်လှေသမားမှ “ညီလေး ဆင်းလို့ရပြီ၊ ဒါ ဂိတ်ဆုံးပဲကွ”ဟု ဆိုလိုက်သည်။ “ဝန်သာထိ မပို့တော့ဘူးလား အကို” ဟု ထပ်မံမေးလိုက်တော့ စက်လှေသမားမှ “၀န်သာမှ မရှိတော့တာ” ဟု ဖြေလေသည်။
ထို့ကြောင့် ကျနော်လည်း တံတားပေါ်သို့ တက်လိုက်တော့သည်။ ဝန်သာမှာ ကျနော်တို့နေထိုင်ရာ အေးရွာအနောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ရွာကြီးတစ်ရွာဖြစ်သောကြောင့် အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း ဟူ၍ အပိုင်း ၃ ပိုင်းဖြင့်ဖွဲ့စည်းထားသော ရွာကြီးလည်းဖြစ်သည်။ အိတ်ကိုလွယ်ရင်း ရွာလယ်လမ်းမကြီးအတိုင်း အနောက်ဘက်သို့ လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက် ကျနော့်ကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ ကြည့်နေကြသည်ကိုတော့ ကျနော် တွေ့လိုက်ရသည်။ အနောက်ပိုင်းရောက်တော့ ငယ်စဉ်ကတွေ့မြင်နေကျ မြင်ကွင်းတချို့ ပျောက်ကွယ်သွားသည်ကို အံ့သြမှင်သက်ဖွယ်တွေ့လိုက်ရသည်။ ပန်းလှိုင်ဆန်စက်ကြီး မရှိတော့သလို၊ အုတ်ရေကန်များလည်း မတွေ့ရတော့။ ထီးထီးမားမားရပ်နေသော ဆန်စက်ခေါင်းတိုင်ကြီးတစ်ခုသာ ကြိုလင့်နေသည်။ စိတ်ထဲတွင် အတော်ရှုပ်ထွေးသွားခဲ့သည်။ ဘိုးဘွားများနေထိုင်ရာအိမ်သို့ ရောက်ပြန်တော့ အဖွားဖြစ်သူမှာ အိပ်ရာထဲ ဘုန်းဘုန်းလဲနေသည်။
ကျနော့်ကိုမြင်လိုက်သည်နှင့် အရိုးတပြိုင်းပြိုင်းပေါ်နေသော လက်ကလေးဖြင့် လှမ်းဖက်ဆုပ်ကိုင်ရင်း မျက်ရည်မိုးတို့ ရွာသွန်းလေသည်။ ကျနော်သည်လည်း ဆို့နင့်ကြေကွဲလျက်၊ ကျနော်ရောက်သည့်သတင်းက ဆွေမျိုးသားချင်းများထံ မည်သို့ရောက်သွားသည် မသိ၊ တဖွဲဖွဲရောက်လာကြတော့သည်။ မေးခွန်းပေါင်းများစွာဖြင့် တစ်ယောက်တစ်မျိုး ထိုးနှက်ကြပြန်သည်။ မုသားမပါ၊ လင်္ကာမချောဆိုသကဲ့သို့ တစ်နယ်၊ တစ်ကျေးတွင် သွားရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းနှင့် ခဏတာလာရောက် လည်ပတ်ခြင်းဖြစ်ကြောင်းသာ ရှင်းပြလိုက်သည်။
ကျနော် ရွာပြန်မရောက်သည့်နှစ်များတွင် အဖိုးဖြစ်သူနှင့် ဦးလေးတစ်ယောက်လည်း တိမ်းပါးသွားကြောင်း သိခဲ့ရသည်။ အဖိုးဆုံးပြီးနောက် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သော လယ်ယာ အတော်များများ စားဝတ်နေရေးအတွက် ငွေနှင့်အလဲအလှယ် လုပ်လိုက်ရသည်။ အိမ်စီးပွားရေးအခြေအနေက ယိမ်းယိုင်ပြိုလဲလျက်ရှိနေသည်။ ယခင်ကတည်ရှိခဲ့သော ပန်းလှိုင်ဆန်စက်ကြီးအကြောင်းကိုလည်း စိတ်မကောင်းစရာ ကြားသိရပြန်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်တို့မှာ အသက်အိုးအိမ်စည်းစိမ်တို့ကို ဥပက္ခာပြုပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အာဏာရှင်စနစ်ဆိုးကို အသက်၊ သွေး၊ ချွေးတို့ဖြင့် တိုက်ပွဲဝင်နေချိန် တစ်ကိုယ်ကောင်းဆန် အတ္တသမားများမှ “တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်” ဆိုသည့်အတိုင်း မိမိတို့အသက်ရှင်ကြီးပြင်းခဲ့ရာ အေးရွာကိုပင် ပြန်၍ဓားပြတိုက်၊ ဆက်ကြေးကောက်ခံခဲ့ကြသည်။ ဦးဆောင်သူမှာ ဂွေးနီ နှင့် လှဝင်း တို့နှစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးမှာ သိုင်းဆရာများဖြစ်သလို တုတ်ပြီး၊ ဓားပြီးသည်ဟု နာမည်ကြီးသည့်အလျောက် ထင်ရာစိုင်းခဲ့ကြသူများဖြစ်သည်။ သူတို့တောင်းဆိုမှုက “သွပ်မိုးပျဉ်ထောင် ငွေတစ်ထောင်၊ ဓနိကြမ်းခင်း ဆန်တစ်တင်း” ဟူ၍ဖြစ်သည်။
သူတို့ရန်ကိုကြောက်သောကြောင့် ရွာသားများမှာလည်း မဖြစ်မနေပေးဆောင်ကြရသည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးယန္တရားများ ပျက်စီးနေသော ကာလဆိုးကြီးလည်း ဖြစ်သည်။ ရွာကို ဆက်ကြေးကောက်ရုံပင် အားမရနိုင်၊ အနှစ်နှစ်အလလ ရွာ၏ဝမ်းရေးကို ငြှိမ်းသတ်ပေးခဲ့သော ပန်းလှိုင်ဆန်စက်ကြီးကိုပါ ရန်ရှာလာကြသည်။ ဆန်စက်ပိုင်ရှင်ကို ငွေတစ်သိန်း လှမ်း၍တောင်းလိုက်သည်။ သတ်မှတ်ရက်အတွင်းမပေးပါက ဆန်စက်ကိုဖျက်ဆီးမည့်အကြောင်း ရာဇသံပေးလိုက်သည်။ မည်သို့မျှအကြောင်းပြန်မလာသောအခါ ဂွေးနီ၊ လှဝင်း ဦးစီး လူမိုက်ဂိုဏ်းအဖွဲ့မှ ဆန်စက်ကြီးကို ဖြိုလိုက်ကြသည်။ စားဝတ်နေရေးအခက်ကြုံနေသော ရွာသားအချို့ကပါ ပူးပေါင်းဖြိုဖျက် နှိပ်စက်လိုက်ရာ ၃ ရက် မြောက်သောနေ့တွင် ဘွိုင်လာအိုးနှင့် ခေါင်းတိုင်ကြီးသာ ကျန်ခဲ့လေတော့သည်။ လူမိုက်တို့၏ အလိုရမ္မက်မှာ ကြီးလွန်းလှသည်။
တစ်ရွာလုံး အသုံးပြုလျက်ရှိသော ရေကန်များကိုလည်း ဖြိုဖျက်ပြီး အုတ်ခဲများတူးယူကြပြန်သည်။ လုံးဝ မခံမရပ်နိုင်ကြသည့်အဆုံး ရွာသားများပူးပေါင်း၍ သူတို့နှစ်ဦးအား လုပ်ကြံသတ်ဖြတ်လိုက်ကြတော့သည်။ လူမိုက်တို့သွားရာလမ်းအတိုင်း သူတို့လျှောက်လှမ်းလိုက်ရလေတောသည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဂွေးနီနှင့်လှဝင်းအား သတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် ရွာသားအတော်များများကို ဖမ်းဆီးထောင်ချလိုက်ကြောင်းပြောပြ၍ သိခွင့်ရလိုက်သည်။
အသိမဲ့ လူရမ်းကားတစ်စု၏ အစပျိုးမွှေးလိုက်သောမီးကြောင့် အိမ်ထောင်ဦးစီး အတော်များများ ထောင်နန်းစံသွားသောကြောင့် ကျန်ရစ်သူမိသားစုများမှာ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ ထိုအဖြစ်ဆိုးကြီးမှာ ရန်ကုန်မြို့တော်ကြီးနှင့် မြစ်တစ်ခုသာခြားသော အေးရွာတွင် ဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။ နောက်တစ်နေ့ ရွာကလေးအတွင်း လှည့်လည်ကြည့်လိုက်သောအခါ မယုံကြည်နိုင်ဖွယ်ရာမြင်ကွင်းများက နှလုံးအိမ်အတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့ပြန်သည်။ ယနေ့တိုင် စိုးမိုးနေဆဲ…။ ငယ်သူငယ်ချင်းတစ်ချို့က ကျနော့်ကို မမှတ်မိတော့။ မိသားစုစားဝတ်နေရေးထက် နေ့ရှိသမျှ အရက်သောက်ရရေးသာ အဓိကဖြစ်နေသည်။ အရက်က သူတို့ကို လက်ဦးမှုရယူထားသည်။ အချို့သူငယ်ချင်းများကတော့ မှတ်မိကြသည်။ သူတို့ဘဝကလည်း နေ့လား၊ ညလား မသိ၊ အဟာရချို့တဲ့မှုဒဏ်ကြောင့် အောက်ပိုင်းများချိနဲ့၍ အိပ်ယာထဲ ဘုန်းဘုန်းလဲနေကြရသည်။
မိန်းကလေးသူငယ်ချင်းအများစုမှာ အိမ်ထောင်ကျသူကျ၊ အချို့လည်း မိသားစု စားဝတ်နေရေးအတွက် အရှက်နှင့်သိက္ခာကိုဥပက္ခာပြု၍ ဇိမ်ခန်းများရောက်နေကြပြီ။ တစ်လင်၊ တစ်မယားစနစ်ပျက်သုဉ်းကာ လင်တစ်ယောက်၊ မယားနှစ်ယောက်က အစားထိုးဝင်ရောက်နေသည်။ အသက်မပြည့်မီ အိမ်ထောင်ပြုသူတွေကလည်း ဒုနဲ့ဒေး။ ရွာလေးအတွင်းရှိ မြင်ကွင်းတို့ကို ဆက်လက်ကြည့်ရှုနိုင်စွမ်း ကျနော့်မှာ မရှိတော့။ ခွန်အားသတ္တိများ ကုန်ဆုံးသွားခဲ့ရသည်။ စနစ်ဆိုးတစ်ခု မချုပ်ငြိမ်းသမျှ ဒီရွာလေးထဲရှိ ဘဝတွေကလည်း မည်သို့စခန်းဆက်သွားအုံးမည်ဆိုသည်ကို မသိနိုင်။
ယခုအခါ နိုင်ငံရေး အခြေအနေအရပ်ရပ်မှာလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီ။ ရွာလေးထဲရှိ ဘဝများသည်လည်း စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်ပြီး အဆင့်အတန်းပြည့်ဝ၍ ဖွံ့ဖြိုးတိုးတက်သော ရွာလေးအဖြစ် ပြန်လည်ရောက်ရှိနေလေမည်လားဟု မြင်ယောင်မိရင်း … … …။
ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
၁၈-၁၂-၂၀၁၃
No comments:
Post a Comment