တညနေလုံးကို
ရဲခနဲနေအောင် ဖွာထည့်ပစ်လိုက်တယ်
သက်ပြင်းတချို့ ပဲ့ကြွေသွားပေါ့။
မေမေရေ ...
ကျနော်ဟာ
မေမေနဲ့ ဖေဖေကြားက
ဖျက်ရာအထပ်ထပ် စာလုံးကလေးလား
သလို ...
ဖွင့်ဖတ်မိတာကိုတော့ ခွင့်လွှတ်ပါ ...
၃၅ နှစ်စာ အသက်ရှူသံတွေထဲ
ကျနော်ကိုယ်ကျနော် ထွေးထုတ်ခဲ့ဖူးပြီ ...
'ကျွဲ' လို့ ဖတ်ပေးခဲ့ရဖူးတဲ့
မိတ္တဗလ ချည့်နဲ့နဲ့တွေ ရှိခဲ့ပြီ ...
တောင်ပို့တွေ
အမှောင်ထဲက ထဟောင်လို့
အိပ်ပျက်ပေးရပေါင်း များပြီ ...
တချိန်လုံး
မိုးမကျဖူးသေးတဲ့ကောင်
အတိုင်အတောထူထူ အိပ်မက်တွေထဲ
ဖျားချင်နာချင်တာတွေလည်း များခဲ့ပေါ့။
ဟင့်အင်း ...
မသောက်ပါရစေနဲ့ မေမေ
အဲဒီ
ခြေရာလက်ရာပျက် ကတိကဝတ်တွေ ...
အဲဒီ
မလုံလို့ပွင့်ရတဲ့ ကျောသပ်မှုတွေ ...
ဘာဆေးမှ မသောက်ပါရစေနဲ့
ဒီကောင် ... အာဂန္တုဖျား ဖျားတာပါမေမေ။
ကျနော်က
သိပ်ပြီး အမှည့်လွန်တတ်တာကလား ...
မုန်တိုင်းမိချင်တဲ့ အစိုင်အခဲတချို့ကို
ဖန်ခွက်ထဲကနေ ကြိုးဖြည်ပေးမိတယ်။
မနူးမနပ်ကောင်တွေ အဖျားခတ်တိုင်း
ရောင်ကိုင်ပစ်လိုက်ချင်တဲ့ကောင် ...
ကျနော်က
သိပ်ပြီး အမှည့်လွတ်တတ်တာကလား။
ဟေ့လူတို့ရဲ့
အရေပြားပေါ် လျှောက်ပြေးနေတာ
'နိုင်ငံရေး' တဲ့လား
ပြောလိုက် ...
ဘာမှမရဘူးလို့ ပြောလိုက်
တစ်ထွာတစ်မိုက် အနာဂတ်ကလေးနဲ့
ကျနော့်အိပ်ကပ်ထဲ လာနှိုက်တာမျိုးတော့
ရိုးတယ်။
ကောင်မလေးရေ ...
'ဘိုးတံ' က
တေးတွေပဲ ပြန်မျိုချနေရင်
ကိုယ့်နာမည်ကို
တိုင်မှာ ချိတ်ထားလိုက်ပါတော့ကွယ် ...။ ။
နေဇော်နိုင်
ဧရာဝတီ (၁၉၉၉)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment