Thursday, December 12, 2013

အထီးကျန်… သံလွင်လမ်းခွဲ (အုပ်ကြီးဖေ)

နွေကြိုဥသြတို့၏ တွန်ကြူးသံသည် အတိတ်ကိုမေ့နေသော၊ မေ့ရန်ကြိုးစားနေသော ကျနော့်အား အမြဲတစေ ခြောက်လှန့်လျှက်ရှိပါသည်။ တခါတရံ အတိတ်သို့ ခေါ်ဆောင်သွားတတ်ပါသည်။ အတိတ်၏ပုံရိပ်တို့သည်လည်း တဖြည်းဖြည်းသက်ဝင်လှုပ်ရှားလျှက်… …။

မှတ်မှတ်ရရ… ၁၉၉၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ကပေါ့…။ မြန်မာစစ်အစိုးရနှင့် ကရင်နီတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ကာစ။ ကရင်နီတပ်မတော် အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) ခရိုင်မှ ကျနော်တို့ ရဲဘော်တစု ကရင်နီနယ်မြေအရှေ့ဘက်ကမ်း စစ်မြေပြင်တွင် စစ်ဆင်ရေးထွက်ခဲ့စဉ်က ...။

နေပူကျဲကျဲအောက်တွင် ကျနော်တို့ရဲဘော်တွေ အတွေးကိုယ်စီဖြင့် ကြမ်းတမ်းလွန်းလှတဲ့ တောတောင်၊ ကျောက်ဆောင်ကြို ကျောက်ဆောင်ကြား၊ လျှိုမြောင်ကြို လျှိုမြောင်ကြားတွင် အားတင်းချီတက်လာကြရင်း ...

“ဟေ့… ဟိုးမှာ သံလွင်မြစ်ကို တွေ့နေရပြီဟေ့၊ ရောက်ခါနီးပြီကွ... အားတင်းထားကြဟေ့”

ဒါက ကျနော်တို့ရဲဘော်တွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးလိုက်ကြတဲ့အသံပါ။


သံလွင်မြစ်ကိုကျော်ပြီး အနောက်ဘက်ကမ်းကို ၃၊ ၄ ရက်လောက် ဆက်လျှောက်လိုက်ရင် ဒေါတမကြီးကို ရောက်တော့မှာပါ။

“ဟေ့ ရဲဘော်တွေ မြစ်အဆင်းမှာ သတိထားကြနော် စစ်အစိုးရတပ်တွေ ရှိတတ်တယ်၊ သတိ ဝီရိယနဲ့ ကြည့်ပြီးသွားကြ ...”

ဒါက ကျနော်တို့တပ်မှူး ဗိုလ်တီးနိုက အားလုံးကို သတိပေးလိုက်တဲ့အသံပါ။

ဒီလိုသတိပေးလိုက်တဲ့အတိုင်းလည်း ကျနော်တို့တွေ မြစ်မင်းသံလွင်နားကို တဖြည်းဖြည်းချင်း သတိတမံ ဉာဏ်မြေကတုတ်လုပ်ပြီး ချည်းကပ်ရောက်ရှိသွားပါတယ်။ မြစ်ကမ်းနံဘေးတစ်လျှောက်မှာတော့ ဧရာမ ငွေသင်းဖြူလွှာကြီးတစ်ချပ် ဖြန့်ခင်းထားလိုဖြစ်နေတဲ့ သဲဖြူဖြူဖွေးဖွေးတွေဟာ နေမင်းရဲ့တရှိန်ရှိန်တညီးညီး အပူရှိန်ကြောင့် မီးထတောက်မတက် ပူပြင်းနေပါတယ်။

အဲဒီအချိန်လေးအတွင်းမှာပဲ သံလွင်မြစ်ရဲ့တစ်ဖက်ကမ်းကိုရောက်နေတဲ့ ကျနော်တို့ရဲဘော်တွေဆီက စက်ဝင်လာတယ်။ မောကြီးပန်ကြီး ခရီးပြင်းနှင်လာတဲ့ ကျနော်တို့ကို သတင်းလှမ်းပေးတာပါ။ အဲဒါက အခုကျနော်တို့ရောက်နေတဲ့ သူတို့စွန်လွှတ်သွားပြီဖြစ်တဲ့ ပဲလဲလဲ (နန်မွန်း) စခန်းဟောင်းမှာ ဝက်ကြီး တစ်ကောင်ကျန်ခဲ့တယ်တဲ့… သတ်စားလိုက်ကြ... မင်းတို့မသတ်ရင်လည်း စစ်အစိုးရတပ်တွေလာရင် သတ်စားမှာပဲလို့ အကြောင်းကြားပါတယ်။ ဒီသတင်းလည်းကြားရော ကျနော်တို့ရဲဘော်တွေအားလုံး ဝမ်းသာနေကြတယ်။ ငတ်နေတာကြာတော့ အဝစားပစ်လိုက်မယ်ပေါ့…။

ဒါနဲ့ ကျနော်လည်း လက်စွဲတော် M 16 သေနတ်ကို လှမ်းကိုင်ပြီး သူတို့ပြောတဲ့ဝက်ကို အရှာထွက်ခဲ့တာပဲ။ ဟော… မကြာပါဘူး တွေ့ပါပြီ... နည်းတဲ့အကောင်ကြီးလားဗျာ၊ တောထဲမှာမွေးထားတယ်ဆိုပေမယ့် အစာနိုင်ထားတော့ ကျွဲပေါက်တစ်ကောင်လောက်မကတတ်တဲ့ အချိန်သုံးလေးဆယ်အောက် မလျော့တဲ့ဝက်ကြီး။ ကျနော်လည်း အချိန်ဆွဲမနေတော့ဘဲ သေနတ်နဲ့ထိုးချိန်ပြီး ပိုင်ပြီဆိုတာနဲ့ ပစ်ချလိုက်ပါတော့တယ်။ ဒါပေမယ့် ကျည်ဆံကမထွက်ဘဲ ဂျမ့်ဖြစ်သွားတယ်။ ဒီတော့ ကျည်အသစ်လဲပြီး ထပ်ပစ်… … ဒိုင်း… မမှန်ဘူး၊ မောင်းတင်တယ် ထပ်ပစ်တယ် ကျည်မထွက် ကျနော် ကြောင်သွားတယ်။ လက်ထဲကသေနတ်ကိုလည်း ကြောင်စီစီနဲ့ ငုံ့ကြည့်မိတယ်...။ တကယ်လို့များ တောဝက်ကြီးသာဆိုရင် ကျနော့်ဆီကို တရှုးထိုးဝင်လာပြီး အစွယ်နဲ့ပက်လို့ သေလောက်ပြီ။ အင်း… … မဟုတ်တော့ဘူး၊ ဘာကြောင့်လဲ…။ ဝက်မကြီးနား အသာတိုးကပ်ပြီး အနီးကပ်ပစ်ဖို့ချိန်လိုက်တော့… ...။

ဘုရား… ဘုရား... ဝက်ကြီးက ကျနော့်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေပါပကော။ စူးစူးဝါးဝါးကြီးကို စိုက်ကြည့်နေတယ်။ ကျနော် သေချာကြည့်လိုက်တော့မှ မွေးခါနီးပေါက်ခါနီး ကိုယ်ဝန်လွယ်ထားရတဲ့ ဝက်မကြီးမှန်း သိလိုက်ရတယ်။ သူ့ဗိုက်ကြီးက ပူတင်းပြည့်ဖောင်းပြီး တွဲကျနေတာမှ မြေကြီးနဲ့ တရွတ်ဆွဲမတတ်ဖြစ်နေတာပါ။ အဲလိုသတိထားလိုက်မိတော့မှ မောင်းတင်ထားတဲ့သေနတ်ကို မြေပေါ်စိုက်ချရင်း ကျနော့်စိတ်တွေ လေးလံသွားခဲ့တယ်။ မှန်တာပြောရရင် သားမွေးဖို့အဆင့်သင့်လောက်နီးနီးဖြစ်နေတဲ့ ဝက်မကြီးရဲ့အကြည့်အောက်မှာ တိုက်ပွဲတွေကြား အသက်ကိုပဓာနမထားဘဲ နေသားကျလာတဲ့ ကျနော့်စိတ်ဟာ တစ်ခါမှမဖြစ်ဖူးတဲ့ ကိုယ်ကိုယ်တိုင်လည်း နားမလည်နိုင်တဲ့ စိတ်တမျိုး ကြက်သီးမွှေးညှင်းနဲ့အတူ စီးဝင်လာသလိုပါပဲ။ ကြောက်စိတ်နဲ့ အလားသဏ္ဍာန်ဆင်တူလို့လား မသိဘူး။ ကျနော့်တစ်ကိုယ်လုံး နတ်ကျသလို ကတုံကယင် ရင်တလှိုက်လှိုက်ဖြစ်လို့ပေါ့ဗျာ။

အဲဒီလို မောလှိုက်လှိုက်ဖြစ်နေရာက ကိုယ့်ကိုယ့်ကို မနည်းသတိထားပြီး စေ့ငုံကြည့်လိုက်တော့ မွေးခါနီး ဖွားခါနီး တိရစ္ဆာန်တစ်ကောင်ရဲ့ သားဇောမွှန်နေတဲ့ မိခင်မေတ္တာအဟုန်ကြောင့် သေမင်းတမန်ဖြစ်တဲ့ သေနတ်က ကျည်မထွက်တာများလားဆိုတဲ့ အသိတစ်ခု ကျနော့်ခေါင်းထဲ ဝင်လာပါတယ်။ အဲဒါနဲ့ တပြိုင်နက်တည်း ကျနော်ဟာ ဝမ်းနည်းခြင်း၊ ဂရုဏာသက်ခြင်းဆိုတာတွေ ရောပြွန်းခံစားမိပြီး ဝက်ကြီးကို မသတ်ရက်တော့တာမို့ နောက်ကိုကျောခိုင်းလှည့်ထွက်မိခဲ့ပါတယ်။ အော်… မိခင်မေတ္တာဆိုတာ တိရစ္ဆာန်ဖြစ်သော်ငြားလည်း စူးရှထက်မြက်လှပါလား…။ အဲဒီအသိလေးဟာ အိမ်မှာကျန်ခဲ့တဲ့ ကျနော့်သား သမီးနဲ့ ဇနီးကို တစ်ချက်တည်း ပြေးမြင်မိပါတယ်။ ကျနော့်မျက်ဝန်းမှာလည်း မျက်ရည်တွေစို့လို့ပေါ့။ ကျနော်မှားပြီ… ဆိုတဲ့အသိကိုပိုက်ရင်း တပ်စုရှိရာကို ပြန်လာခဲ့တယ်ဆိုပါတော့...။

“မင်း ဝက်ကိုပစ်ခဲ့ပြီးပြီလား… ဘယ်နားမှာလဲကွ... သွားဖျက်ကြမယ်” လို့ ဝိုင်းမေးကြတယ်။ ကျနော် သူတို့ကို အေးအေးလေးပဲ ပြန်ပြောလိုက်မိတယ်။ မပစ်ရက်တော့လို့ ထားခဲ့ပါကြောင်း… … ….။

အာဟာ… ဒီလောက်ရိက္ခာငတ်နေတာ ငါ သွားပစ်မယ်ဆိုပြီး ရဲဘော် ဦးရယ် ထထွက်သွားတာကို တွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ သေနတ်သံနဲ့အတူ ဝက်မကြီးရဲ့ စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရပါတယ်။ ဝက်မကြီးကို တစ်ယောက်တစ်လက် စစ်သားလက်နဲ့ ဝိုင်းဖျက်ကြတာ။ ဗိုက်ခွဲလိုက်တော့ ဝက်ကလေး ၆ ကောင်က ဗိုက်ထဲမှာ တလှုပ်လှုပ်…၊ ကျနော် မကြည့်ရက်တော့တာနဲ့ ခပ်ဝေးဝေးမှာ သွားနေလိုက်မိပါတယ်။

သံလွင်မြစ်ကိုကူးဖို့အတွက် လတ်တလောအခြေအနေအရ ပလဲလဲ (နန်းမွန်း)စခန်းက ဘားတိုက်ဟောင်းရှိ ဝါးတွေကို ဖောင်လုပ်ပြီးကူးဖို့ပဲရှိတာမို့ ဖောင်ဖွဲ့ဖို့ တချို့ကပြင်နေချိန်မှာ ရဲဘော်တချို့ကတော့ ဝက်မကြီးကို ခုတ်ထစ်ပြီး ချက်ပြုတ်နေကြပါပြီ။ ကျနော်တို့ ဖောင်ဖွဲ့ပြီးလို့ အမောမပြေခင်လေးမှာပဲ…

ဝုန်း… …

ဒိုင်း… …

ဝုန်း… ဒိုင်း… နဲ့ တောင်ကြောပေါ်ကို ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ စစ်အစိုးရတပ်တွေက မော်တာတွေ၊ စက်လတ်တွေ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ပါတော့တယ်။

ရုတ်တရက်မို့ ကျနော်တို့အားလုံး ကစင့်ကလျှားဖြစ်ကာ တချို့က ပြန်လည်ပစ်ခတ်မှုကို လုပ်နိုင်ပေမယ့် အများစုမှာ မိမိတို့လွတ်မြောက်ရာကို ရှာဖွေနေကြရပါတယ်။ ကျနော်တို့ ဖောင်ဖွဲနေတဲ့အစုကတော့ နောက်ဆုံး ပြေးလမ်းမရှိတော့တဲ့အနေအထားမို့ ဖောင်ကို ရေထဲတွန်းချပြီး ဖောင်ပေါ်ကို အတင်းပြေးတက်လိုက်ကြရပါတော့တယ်။ ကျနော်တို့အားလုံး ၆ ယောက်။

ရေစီးအရှိန်နဲ့ဆိုတော့ တော်တော်ဝေးဝေးကို မျောသွားတယ်။ ပြဿနာက ခုမှ စပါတော့တယ်။ ကျနော်တို့စီးသွားတဲ့ဖောင်က ဝါးတွေက ပိုးထိုးထားတဲ့ဝါးတွေဆိုတော့ ကြာလေ ရေဝင်လေဖြစ်ပြီး တဖြည်းဖြည်း နစ်လာပါတော့တယ်။ ဝါးဖောင်ပေါ်နေလို့ မရတော့ဘူး။ ကျနော်တို့အားလုံး ဖောင်ပေါ်ကဆင်းပြီး ဖောင်ကို ကိုင်ရုံကိုင်ပြီး လိုက်လာရပါတော့တယ်။

သံလွင်မြစ်ရေစီးကလည်းကြမ်း၊ စုတ်ဝဲ၊ မှုတ်ဝဲတွေကလည်းများတော့ သိပ်မကြာလိုက်ခင်မှာပဲ ဖောင်က မခံနိုင်တော့ဘဲ တစစီကွဲသွားပါတယ်။ ကံကောင်းချင်တော့ ကျနော်က ဝါးလုံးတလုံးကို မိမိရရကိုင်မိထားပါတယ်။ အခြားရဲဘော်တွေကတော့ တနေရာစီမှာ ကူးခပ်နေကြတာကို မြင်နေရပါတယ်။ တယောက်ကိုတယောက် မကူနိုင်ခဲ့ကြပါဘူး။ သံလွင်မြစ်ရေအေးထဲ စိမ်နေကြရတော့ အရမ်းလည်း ချမ်းနေကြပါပြီ။ အကြောတွေလည်း တောင့်တင်းနေပါပြီ။ ဆာလောင်မှုတွေကြောင့် အားအင်တွေကလည်းကုန်ခမ်းလုလုပေါ့။

တယောက်တော့ အရင်ဆုံး သံလွင်မြစ်ရဲ့ ဝါးမျိုခြင်းကိုခံလိုက်ရပါပြီ။ သူကတော့… ညီညီ။ သူက ကယားပြည်နယ်ရဲ့ မောင်ဗမာ တဦး၊ သူ့အဖေနဲ့ သူ့ဦးလေးကလည်း တော်လှန်ရေးသမားတွေ တဲ့… ဒီသံလွင်မှာပဲ နှစ်ယောက်စလုံး သေခဲ့ရတယ်။ အခုတော့ သူလည်း ဖခင်နှင့်ဦးလေးနောက်ကို လိုက်သွားပြီလား မသိ…။ သံလွင်မြစ်ရဲ့ စုပ်ဝဲ မှုတ်ဝဲထဲမှာ မြုပ်လိုက်ပေါ်လိုက်… မြုပ်လိုက်ပေါ်လိုက်… နဲ့။ နောက်ဆုံး သူလွယ်ထားတဲ့ တရုတ်ရေဘူးလေးပဲ ပြန်ပေါ်လာတော့တယ်လေ။ ဒီလိုနဲ့ တယောက်ပြီးတယောက် သံလွင်မြစ်က အနိုင်ယူသွားလိုက်တာ ကျနော်တယောက်ပဲ ကျန်တော့တယ်လေ။ အသက်ရှင်ရေးက အဓိက မဟုတ်ပေမယ့် ကျနော်တတ်ထားတဲ့ ဘုရားစာတွေလည်း ရွတ်လိုက်တာ အကြိမ်ဘယ်လောက်ရှိမလဲတောင် မသိတော့ပါဘူး။ တဖက်ကလည်း ဘုရားစာ ရွတ်လိုက်။ တဖက်ကလည်း ကိုယ်ခေါင်းထဲရှိတဲ့အကြံတွေကို လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်နဲ့ အသက်ရှင်ရေးအတွက် လုံးပမ်းနေရတာပေါ့။

ကျနော်လည်း ဦးနှောက်ထဲရောက်လာတဲ့ အတွေးတွေအတိုင်း ဝါးလုံးကို ကမ်းဘက်ကို လှမ်းထိုးလိုက်၊ ပြီးရင် ရေနည်းနည်းကူးလိုက်၊၊ အနားယူလိုက်၊ အားတင်းလိုက်၊ ဝလုံးကို ကမ်းဘက်ကို ထိုးလိုက်၊ ကူးလိုက်နဲ့ ၁၅ ပေအကွာလောက်ရောက်တော့ ကျနော့်ရှိသမျှခွန်အားတွေကို စုစည်းလိုက်ပြီး မျက်လုံးကိုစုံမှတ် ကမ်းဘက်ကို အားကုန်ကူးလိုက်ပါတယ်။ ကမ်းဘေးက ကျောက်ဆောင်နဲ့ လက်ရိုက်မိမှပဲ ကျောက်စွန်းကိုအားနဲ့ဆွဲထားပြီး ကုန်းပေါ်ကို အတင်းတက်လိုက်ပါတယ်။ တနေကုန်ရေထဲမှာ ပင်ပန်းခဲ့တယ်ဆိုတော့ ထမင်းကလည်း အရမ်းဆာနေပါပြီ။ ဗိုက်ထဲမှာလည်း ရေတွေချည်းပဲဆိုတော့ ရေတွေကိုအရင် အန်ထုတ်ပစ်လိုက်ရပါတယ်။ ခန္ဓာကိုယ်တခုလုံးလည်း တနေကုန် ရေထဲမှာဆိုတော့ ရေခဲမတတ်ခိုက်ခိုက်တုန်နေပါပြီ။

ကံကောင်းချင်တော့ ကျနော်ရပ်နေတဲ့နေရာမှာရှိတဲ့သဲတွေက ညနေပိုင်းဆိုပေမယ့် တနေကုန်ပူထားတဲ့ နေအရှိန်ကြောင့် ပူနေပါသေးတယ်။ စဉ်းစားမနေတော့ပါဘူး။ ကျနော် သဲတွင်းတတွင်းကို အမြန် လက်နဲ့ယက်တူးလိုက်ပါတယ်။ သဲတွင်းထဲမှာဝင်နေလိုက်ပြီး ကျနော့်ကိုယ်ကို သဲတွေနဲ့ပြန်ဖုံးလိုက်ပြီး အနွေးဓာတ်ကိုယူလိုက်ပါတယ်။ သွေးသားတွေကို သဲအပူငွေ့ဓာတ်နဲ့ ပြန်လည်ပတ်စေလိုက်တာပေါ့။

ကျနော်က ပက်လက်အနေအထားနဲ့ဆိုတော့ ရုတ်တရတ် မျက်လုံးကိုအားယူပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိတဲ့အခါ…

နေညိုညိုတိမ်တွေကြားမှာ ကျနော်နဲ့ သံလွင်မှာနောက်ဆုံးလမ်းခွဲသွားတဲ့ ရဲဘော်တစ်ယောက်ချင်းရဲ့ မျက်နှာတွေကို တရိပ်ရိပ်မြင်ယောင်နေမိတယ်။ ညီညီပြောသွားတဲ့ နောက်ဆုံးစကားသံလေးကိုလည်း ထပ်ခါထပ်ခါ ကြားယောင်နေမိတယ်… “အကို... ကျနော် လွိုင်ကော် နောင်ယားကိုရောက်ရင် အမေ့အတွက်လက်ဆောင် ပိတောက်ပန်းတွေ တစ်ပွေ့ကြီးပေးမယ်”… လို့ ပြောသွားရှာတာ။ သံလွင်ကမ်းနဖူးကိုရောက်တော့လည်း “အကိုရာ… … ကျနော့်အဖေနဲ့ ဦးလေးက တော်လှန်ရေးသမားတွေဗျ။ သူတို့နှစ်ယောက်လုံး ဒီသံလွင်မှာပဲ အသက်ဆုံးရှုံးခဲ့ရတာ... ကျနော် ရင်လေးလိုက်တာ”… တဲ့။ သူ ပြောခဲ့တဲ့စကားသံလေးတွေ...။

ခုချိန်မှာ… ညီညီကိုယ်တိုင်ရော ဘယ်ဆီဘယ်ဝယ်များ ရောက်နေပြီလဲ… သိခွင့်ရချင်လိုက်တာ။ ကျနော်ကတော့ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေဆဲ ခန္ဓာကိုယ်ကြီးကို တရွေ့ရွေ့သယ်ပိုးရင်း ပျော်ရွှင်ခြင်း၊ ရယ်မောခြင်းတွေ ဝေးလွင့်ပျောက်ဆုံးနေတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ အိမ်အပြန် ကန္တာရခရီးကို တကိုယ်တည်း တိတ်ဆိတ်Nငိမ်သက်စွာ ဆက်လက်လျှောက်လှမ်းရပေအုံးတော့မှာ…။

အားလုံး မျှဝေခံစားနိုင်ကြပါစေ…။

အုပ်ကြီးဖေ 

 

No comments: