ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်သတင်းစာမှာ တက္ကသိုလ်အဆောင်နေ ကျောင်းသားတွေ နိုင်ငံရေးလုပ်ဆောင်ရင် အဆောင်ကထုတ်ပစ်မယ့်အကြောင်း အဆင့်မြင့်ပညာဦးစီးဌာန အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတပုဒ်ဖော်ပြသွားတာကို စိတ်ပျက်လက်ပျက် ဖတ်လိုက်ရတယ်။ “နိုင်ငံရေးနဲ့နွယ်သူတွေကို လက်ခံပါတယ်၊ ဒါပေမယ့် အဆောင်စည်းကမ်းအတိုင်း နိုင်ငံရေးလုပ်လို့မရဘူး၊ လုပ်ရင်တော့ ထုတ်ပစ်မှာ” လို့ အဆိုပါ အဆင့်မြင့်ပညာဦးစီးဌာန အရာရှိဆိုသူရဲ့ မိန့်မှာချက်ကိုလည်း တွေ့ရပါတယ်။ ဒီတော့ ကျနော်တို့နိုင်ငံဟာ ဘယ်စနစ်အပေါ်ရပ်၊ ဘယ်လမ်းစဉ်နဲ့ လျှောက်ပြီး ဘယ်လိုပညာရေးစနစ်မျိုးကို အမွေပေးမှာလဲဆိုတာ မေးစရာဖြစ်လာသလိုပြောစရာတွေလည်း ရှိလာပါပြီ။
တချိန်က အရှေ့တောင်အာရှမှာ ပညာအရာ ထိပ်တန်းရောက်စေတဲ့ ဒီမိုကရေစီပညာရေးကို ကျင့်သုံးခဲ့လို့ ဂုဏ်သိက္ခာတက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ နီးပါး အာဏာရှင်စိတ်ကြိုက် ပညာရေးစနစ်ကို အရည်မရ အဖတ်မရ ကျင့်သုံးခဲ့လို့ ပညာတတ်မျိုးဆက်တွေ ပြတ်ခဲ့တယ်။ တိုင်းပြည်အောက်ကျ နောက်ကျဖြစ်ပြီး ကမ္ဘာ့ ဖွဲ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်ခဲ့တာကိုလည်း သတိပြုမိကြမှာပါ။ လွတ်လပ်ရေးရပြီး အနှစ် ၂၀ ကျော်မှာ ပထမမျိုးဆက် ဒီမိုကရေစီခေတ်ကောင်းမီ ပညာတတ်တွေရဲ့ကျေးဇူးကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအရှိန်အဝါလေး ဟန်မပျက်ရှိခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ စစ်အာဏာသိမ်းပြီး တပါတီ အာဏာရှင်စနစ်ကနေ မွေးထုတ်လိုက်တဲ့ ကျနော်တို့မျိုးဆက်တွေနဲ့ ဒုတိယအကြိမ်အာဏာသိမ်းယူတဲ့ ဒီကနေ့မျိုးဆက်သစ်လူငယ်တွေခေတ်ရောက်တော့ တိုင်းပြည်ရဲ့ ပညာရေးနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီး ဘယ်ပုံဘယ်လမ်းဆိုက်ရောက်သွားသလဲဆိုတာ ဘယ်သူမဆို ကျမ်းကိုးမပါ အလွတ်ပြောနိုင်ကြပါတယ်။
ရေမြင့်မှ ကြာတင့်တယ်ဆိုသလို ကျင့်သုံးတဲ့စနစ်အပေါ်မှီတည်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာ အဖြေထွက်လာတာပါ။ ဒီမိုကရေစီစနစ်ကျင့်သုံးတော့မယ်ဆိုရင် ဒီမိုကရေစီပညာရေးစနစ်ကို မျိုးစေ့ချရမှာဖြစ်တယ်။ ဒါမှ ဒီမိုကရေစီစိတ်ဓာတ်နဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတွေဖွံ့ဖြိုးပြီး ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ စည်ပင်လာမှာဖြစ်တယ်။ အနောက်ဥရောပနိုင်ငံတွေမှာ နှစ်ရာထောင်ချီပြီး ဒီမိုကရေစီစနစ်နဲ့ စိတ်ဓာတ်တွေ အမြစ်တွယ်ခဲ့လေတော့ ကျနော်တို့လို အာဏာရှင်စနစ်အောက်နေထွက်လာခဲ့သူတွေ တကယ့်ကို မျက်စေ့သူငယ်၊ နားသူငယ်ဖြစ်နေရတယ်။ သူများတွေက လူတယောက်ရဲ့အခွင့်အရေးနဲ့ အဓိပ္ပာယ်တွေကို ကျော်လွန်ပြီး လူ့ပတ်ဝန်းကျင်နဲ့ သတ္တလောကရဲ့ ဖွံ့ဖြိုးရေးနဲ့ဟန်ချက်တွေကိုမြှင့်တင်ပေးနေချိန် ကျနော်တို့ပြည်သူတွေက မိမိ အသက်ရှင်သန်နေထိုင်မှုရဲ့အဓိပ္ပာယ်ကိုတောင် ဝိုးတဝါးဖြစ်နေတုန်းပါ။ ပညာအရာထက် အစာအိမ်ရဲ့ လိုအပ်ချက်အရ၊ ကြက်ကလေး၊ ငှက်ကလေးတွေလို နေ့စဉ်ရှာဖွေဖြည့်ဆည်းနေရတုန်းပါ။ အရာအားလုံးရဲ့အခြေခံဟာ အဆင့်မမီတဲ့ ပညာရေးစနစ်ကနေ မြစ်ဖျားခံလာတာဖြစ်တယ်။
နာမည်ခံရုံသက်သက်မဟုတ်ဘဲ အမှန်တကယ် ဒီမိုကရေစီပညာရေးကို မျိုးစေ့ချပေးဖို့ လိုအပ်ပါတယ်။ မြန်မာပြည်ဟာ အနောက်နိုင်ငံနဲ့ ဥရောပဆိုတာကတော့ အတော်ဝေးပါတယ်၊ ရေကြောမြေကြောဆက်စပ်နေတဲ့ ကျနော်တို့ အိမ်နီးချင်းကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးရဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ကျောင်းသားတွေ ဘယ်နည်းဘယ်ပုံ ဒီမိုကရေစီ ပညာရေး၊ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်တွေ ဘယ်လိုအစဉ်အလာရှိရှိ ကျင့်သုံးနေသလဲဆိုတာကို ဒီကနေ့ ကျနော်တို့နိုင်ငံ အဆင့်မြင့်ပညာဦးစီးဌာန အရာရှိကြီးတွေ သွားရောက်လေ့လာသင့်ပါတယ်။
ကျနော်ဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ရင်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ နှစ်အတော်ကြာနေထိုင်ခဲ့ရာက ဒေလီယူနီဗာစီတီ (DU) နဲ့ ဂျဝါဟာလာနေရူး ယူနီဗာစီတီ(JNU)မှာ မြန်မာ့အရေး ကင်ပိန်းတွေ လုပ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးသမားမျိုးဆက်သစ်တွေနဲ့ ဝန်ထမ်းကောင်း၊ အရာရှိကောင်းတွေ မွေးထုတ်ပေးနေတဲ့ ဂျဝါဟာလာနေရူး တက္ကသိုလ်က ကျောင်းသားတချို့နဲ့ရော၊ ပရော်ဖက်ဆာတချို့နဲ့ပါ အရေးတော်ပုံမျက်နှာနဲ့ ရင်းနှီးခင်မင်ခဲ့ပါတယ်။ DU ရော JNU မှာပါ ကျောင်းဝင်းထဲမဝင်ခင် ခြံစည်းရိုးတွေ၊ အဆောက်အဦနံရံတွေ၊ လက်ဖက်ရည်ဆိုင်နဲ့ ဘတ်စ်ကားမှတ်တိုင်တွေ၊ သစ်ပင်တွေမှာ အရင်ဆုံးတွေ့ရမှာက နိုင်ငံရေးပါတီတွေ၊ လက်ဝဲ လက်ယာ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ကင်ပိန်းပိုစတာတွေပဲဖြစ်ပါတယ်။ အဲဒီနောက် စားသောက်ဆိုင်တွေ၊ ကင်တင်းနဲ့ စာသင်ဆောင်မှာတင်မက ကျောင်းဆောင်တွေ၊ လူမြင်ကွင်းနံရံတွေမှာပါ နိုင်ငံရေး ပိုစတာတွေ ဗလပွ တွေ့ရပါတယ်။ ကာတွန်းရုပ်ပြောင်တွေ၊ ကဗျာတိုတွေနဲ့ အဆိုအမိန့်လေးတွေ၊ ကြွေးကြော်သံတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ကပ်ထားကြတယ်။
တက္ကသိုလ်မှာ မိမိတို့ စိတ်သန်ရာသန်ရာ အတွေးအခေါ်နဲ့ ဝါဒအမျိုးမျိုးကို ရှင်သန်ခွင့်ပေးထားတယ်။ နိုင်ငံတဝှမ်းက တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေလုပ်ပြီဆိုရင် လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်၊ လစ်ဗရယ် အရောင်အသွေးစုံ မိမိတို့ဆိုင်ရာဆိုင်ရာ ကိုယ်စားလှယ်အတွက် လွတ်လွတ်လပ်လပ် မဲဆွယ်ကြတယ်။ ကျောင်းသားသမဂ္ဂဆိုတာကလည်း တခုတည်းရှိနေတာ မဟုတ်ဘူး။ NSUI (National Student Union of India) SFI (Student Federation of India) AISF (All India Student Federation) စသဖြင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုင်တဲ့ ကျောင်းသားသမဂ္ဂတွေ အများကြီးရှိတယ်။
ပြီးတော့ သူ့ပြည်နယ်အလိုက် ကျောင်းသားသမဂ္ဂတွေ အမည်အမျိုးမျိုးနဲ့ရှိကြတယ်။ ဥပမာ မဏိပူရပြည်နယ်မှာ MUSU (Manipur University of Student Union) MSU (Mizoram Student Union) စတဲ့ တခြားပြည်နယ်တွေလည်း သူ့ပြည်နယ်အလိုက် အနည်းဆုံး ကျောင်းသားသမဂ္ဂတွေ ၂ ခု ၃ ခု စီ ရှိကြတာပါပဲ။ ဒါ့အပြင် အိန္ဒိယအရှေ့မြောက်ဒေသက ပြည်နယ်တွေ (၇) ခုပေါင်းပြီး NESU (Nort-East Students Union) ဆိုပြီး ဒေသန္တရကို အစွဲပြုပြီး ပေါင်းစည်းထားတဲ့ ကျောင်းသားသမဂ္ဂ တပ်ပေါင်းစုမျိုးလည်း ရှိပါတယ်။ ကျနော်တို့ဆီကလို သမဂ္ဂအမျိုးမျိုးကွဲတိုင်း ညီညွတ်ရေးပြိုကွဲတယ်လို့ မမြင်ကြဘူး။ တခုတည်း တမျိုးတည်းအောက်မှာ အယူအဆအမျိုးမျိုးနဲ့ တယောက်နဲ့တယောက် တစုနဲ့တစု ထိုးနှက်တိုက်ခိုက်နေတာကမှ ညီညွတ်ရေးပြိုကွဲတာ ဖြစ်တယ်။ တကယ်တန်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ဆိုတာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရှိရမှာပါ။ မြန်မာနိုင်ငံမှာဆို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ၊ ဖယ်ဒရယ်ကျောင်းသားအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ ပြည်နယ်နဲ့တိုင်းအနှံ့သာမက ဒေသန္တရအလိုက် ရှိသင့်တာကြာပါပြီ။
အိန္ဒိယမှာတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (All Burma Students League - ABSL) ဆိုတဲ့နာမည်နဲ့ နယူးဒေလီအပါအဝင် အိန္ဒိယတောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက် ၇ ပြည်ထောင်တွေအထိ စည်းရုံးရေးဆင်းပြီး အိန္ဒိယ ကျောင်းသားသမဂ္ဂတွေနဲ့အတူ မြန်မာ့ဒီမိုကရေစီအရေးကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပါတယ်။ ကျနော်တို့ ABSL အဖွဲ့ရဲ့ ဆောင်ပုဒ်က "ကျောင်းနံရံမှသည် လွှတ်တော်တိုင်ဖျားဆီသို့ ခွပ်ဒေါင်းအောင်လံ တလူလူလွှင့်ထနိုင်ရမည်" ဆိုတာပဲ။ ကျောင်းသားတွေ တနေ့ကျရင် မြန်မာ့နိုင်ငံရေးကို ဦးဆောင်နိုင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ညွှန်းထားတာ ဖြစ်တယ်။ ကျနော်တို့ ရုံးခန်းနံရံ ခွပ်ဒေါင်းအလံတော်ရဲ့အောက်မှ အဲဒီစာတန်းလေးရေးထိုးပြီး စိတ်ဓာတ်မြှင့်တင်ထားပါတယ်။ မြန်မာပြည်က ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့တကွ ကျောင်းသားလူငယ်တွေ အမြန်ဆုံးလွတ်မြောက်ရေး၊ တက္ကသိုလ်တွေ အမြန်ဆုံးဖွင့်လှစ်ရေး၊ လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပေးရေး၊ ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်ရေး စတဲ့ ကျောင်းသားအခွင့်အရေးတွေသာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လေးစားရေး၊ ပြည်တွင်းစစ်ရပ်စဲရေး စတဲ့ နိုင်ငံရေး တောင်းဆိုမှုတွေကိုပါ အိန္ဒိယကျောင်းသားသမဂ္ဂတွေနဲ့အတူ အိန္ဒိယအစိုးရကတဆင့် ဖိအားပေးတိုက်တွန်းတာမျိုးတွေ လုပ်ခဲ့ကြတယ်။ Free Aung San Suu Kyi ကင်ပိန်းတွေကို တက္ကသိုလ်ကျောင်းဝင်းတွေထဲမှာ ကျောင်းသားသမဂ္ဂတွေနဲ့စုပေါင်းပြီး လက်တွဲလုပ်ခဲ့ကြတယ်။
တကယ်တော့ အတွေးအခေါ်နဲ့ ရပ်တည်ချက်မတူတဲ့ NSUI ၊ SFI ၊ AISF_AISA အဖွဲ့ကြီးတွေ အပါအဝင် တခြား အိန္ဒိယကျောင်းသားသမဂ္ဂအဖွဲ့တွေဟာ သူတို့အချင်းချင်း နိုင်ငံရေးစင်မြင့်တခုထဲပေါ်မှာ အတူတူတွဲဟောပြောတာမျိုး အလုပ်အတူလုပ်တာမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ ကြေငြာချက် စာရွက်လေးတရွက်ထုတ်ဖို့ကိုတောင် မျက်နှာချင်းဆိုင်ဖို့ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာ့အရေးနဲ့ပတ်သက်ရင် စာနာယိုင်းပင်းမှုတွေနဲ့ အချိန်မရွေး အားပေးကူညီလေ့ရှိတာကို သတိပြုမိပါတယ်။ ကျနော်တို့ဟာ သူတို့တက္ကသိုလ်ဝင်းထဲမှာ ဟောပြောဆွေးနွေးပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ရန်ပုံငွေရှာမုန့်ရောင်းပွဲတွေကို မကြာခဏ အတူတွဲလုပ်ခဲ့ဖူးပါတယ်။ မည်သည့် NGO အဖွဲ့တွေ၊ နိုင်ငံတွေရဲ့ အထောက်အပံ့မှမရယူဘဲ မိမိတို့ဖာသာ တက္ကသိုလ်ဝင်းထဲ မြန်မာအစားအသောက်တွေရောင်း၊ ပန်းချီကားတွေ ပိုစ်စကဒ်နဲ့ တီရှပ်တွေရောင်းပြီး ရန်ပုံငွေရှာ လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံတွေ၊ လူမျိုး၊ ဘာသာစကားကွဲပြားပေမယ့် လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပေါ် ယုံကြည်တဲ့အရာမှာ မကွဲပြားကြသူမို့ ကျောင်းသားချင်း ညီအကိုလို ထောက်ပံ့ယိုင်းပင်းမှုတွေ ရခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအပေါ် နိုင်ငံချင်းကွဲပေမယ့် ယုံကြည်ချက်တူလို့ သွေးစည်းမှုပေးကြတဲ့ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများရဲ့လက္ခဏာတရပ် ဖြစ်တယ်။
သူတို့ကျောင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးတက်ကြွမှုနဲ့ လှုပ်ရှားမှုတွေကလည်း အတုယူချင်စရာပါ။ JNU တက္ကသိုလ်မှာ ရွေးကောက်ပွဲရှိတယ်ဆိုရင် တလကြိုပြီး ဆိုင်ရာဆိုင်ရာ သမဂ္ဂအဖွဲ့တွေ ကင်ပိန်းလုပ်ကြပါတယ်။ ကျောင်းဆောင်တွေမှာလည်း ဆွေးနွေးပွဲတွေ၊ ငြင်းခုံမှုတွေ ဟိုနေရာတစု ဒီနေရာတဝိုင်း တွေ့ရတတ်တယ်။ သူ့သမဂ္ဂနဲ့သူ အပြိုင်အဆိုင် ကျောင်းဝင်းထဲမှာ မဲဆွယ်ကြတယ်။ ကျောင်းဝင်းထဲက လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်နဲ့ စာသင်ဆောင်အဝင်ဝတွေ ကျောင်းဆောင်တွေနံရံတွေကြည့်လိုက်ရင် ပိုစတာရောင်စုံ ဖွေးနေတာပဲ။ ကျောင်း ကွန်ဖရင့်ခန်းမတွေမှာသမဂ္ဂ ခေါင်းဆောင်တွေအသီးသီးက တရားတွေဟော၊ Debate တွေ လုပ်ကြတယ်။ အဲဒီ သမဂ္ဂခေါင်းဆောင်တွေနောက်မှာ နိုင်ငံရေးပါတီတွေကလည်း အားပေးထောက်ခံနေကြတယ်။ ရန်ပုံငွေထောက်ပံ့တာတွေကအစ ရှိတယ်။ တချိန်မှာ သူတို့ပါတီရဲ့အင်အားနဲ့ မဲဆန္ဒရှင်၊ ပါတီနိုင်ငံရေးခေါင်းဆောင်တွေလည်း ဖြစ်လာကြမှာကိုး...။ နိုင်ငံရေး ကေဒါတွေအဖြစ် မွေးမြူထားတာ ဖြစ်တယ်။ နိုင်ငံရေးသမားကောင်းတွေဖြစ်လာစေဖို့ မြေတောင်မြှောက်ပေးကြတယ်။ အာဏာရအစိုးရကို ထောက်ခံတဲ့ ကျောင်းသားကိုယ်စားလှယ်တွေရှိသလို၊ အတိုက်အခံပါတီတွေရဲ့ မူဝါဒကိုကြိုက်တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ အုပ်စုတွေလည်းရှိတာပဲ။ သူတို့ဆီမှာ နိုင်ငံရေးမျိုးဆက်မပြတ်အောင် မွေးမြူပါတယ်။ သူတို့အစိုးရကသာ တက္ကသိုလ်နိုင်ငံရေးနဲ့ လာရောက်ဆက်စပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေ၊ ဘာသာရပ်ဆိုင်ရာ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုရင် ပုဂ္ဂိုလ်အကျော်အမော်တွေလည်း တက္ကသိုလ်ထဲမှာ လာရောက်ဟောပြောဆွေးနွေးမှုတွေ လုပ်ကြတာတွေ ရှိပါတယ်။ တက္ကသိုလ်နဲ့ နိုင်ငံရေးကို ခွဲခြားပစ်လို့မရပါဘူး။
ဒီမိုကရေစီပညာရေးမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရလို့ပြောရင် ဟားတိုက်ကြလိမ့်မယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်း ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြတယ်။ ကျောင်းဝင်းထဲလည်း လုပ်တယ်။ ကျောင်းဆောင်တွေမှာလည်း လုပ်တယ်။ လူငယ်တွေ ၁၉ နှစ် ၂၀ ကျော် အဆင့်မြင့်ပညာသင်ယူသူတိုင်း ကိုယ်ပိုင်အတွေးအခေါ်နဲ့ လေ့လာဆုံးဖြတ်ခွင့် ရှိပြီးသားပါ။ သူတို့ကို ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးလို့ ပညတ်တာမျိုး ဘယ်အစိုးရ၊ ဘယ်တက္ကသိုလ် အာဏာပိုင်တွေမှ မလုပ်ကြဘူး။ လုပ်ခွင့်လည်းမရှိဘူး။ တက္ကသိုလ်ဖွဲ့စည်းပုံနဲ့ ဥပဒေမှာကိုယ်က လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ တွေးခေါ်ယုံကြည်ခွင့် ပြဋ္ဌာန်းချက် ပါရှိပြီးသားပါ။ စာမေးပွဲပုံမှန်အောင်ဖို့က ကျောင်းသားတွေရဲ့ အဓိကတာဝန်ဖြစ်သလို ကျောင်းစာပြင်ပက မိမိတို့ နှစ်သက်ရာ အတွေးအခေါ်နဲ့ အယူဝါဒကို လွတ်လွတ်လပ်လပ် လေ့လာလိုက်စားကြတယ်။ မြည်းစမ်းကြတယ်။ ဒါဟာ သင်ယူမှု ဖြစ်တယ်။ ကျောင်းသားတွေရဲ့ ကျယ်ပြောတဲ့ ပညာသင်ယူမှုနဲ့ လူမှုလောက လေ့လာမှုနယ်ပယ်ကို ဘောင်တွေ နယ်နမိတ်တွေနဲ့ ကန့်သတ်စည်းခြားနေတာမျိုး အဆင့်မြင့် ပညာရေးနယ်ပယ်မှာ မလုပ်ကြဘူး။
အမှန်တကယ် ဒီမိုကရေစီပညာရေးကို အမြစ်တွယ်ခိုင်ခံ့ဖို့ဆိုရင် နေ့ကလေးထိန်းကျောင်းနဲ့ မူလတန်းကျောင်းမှာကတည်းက ဒီမိုကရေစီအလေ့အထနဲ့ အတွေးအခေါ်တွေကို ထည့်သွင်းပေးကြတာ ဖြစ်တယ်။ ဥပမာ ကလေးတွေ ၂ နှစ်လောက်ကတည်းက ၅ နှစ်အရွယ်အထိ ရုပ်စုံစာအုပ်တွေကိုပြသပြီး အမြင်ကတဆင့် အသိပညာကို စပြီးသင်ကြားပေးတယ်။ လှုပ်ရှားမှုတွေ၊ ကစားပြေးခုန်မှုတွေ၊ ကဗျာတွေ သီချင်းတွေနဲ့ လိမ္မာယဉ်ကျေးအောင် ခွဲခြားဆက်ဆံမှုမရှိအောင် ကြံ့ခိုင်သန်စွမ်းအောင်၊ ဉာဏ်ရည်ပြည့်ဝအောင် သင်ကြားပေးတယ်။ နေ့ကလေးထိန်းကျောင်းမှာ စာသင်မှ ပညာသင်တာလို့ သတ်မှတ်တာ မဟုတ်ဘူး။ အတွေးအသိတွေ ရှေးဦးသင်ပေးရတာ ဖြစ်တယ်။ ရောင်စုံရုပ်ပုံတွေနဲ့ စာအုပ်လေးထဲမှာ လူရုပ်ပုံအမျိုးမျိုး၊ တိရိစ္ဆာန်ပုံအမျိုးမျိုး၊ အိမ်အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုး အဆောက်အဦအမျိုးမျိုး ပုံတွေကို အဲဒီ ကလေးက နေ့တိုင်း ထပ်တလဲလဲ မရိုးအောင်ကြည့်နေလိမ့်မယ်။ အဲဒါ မတူကွဲပြားမှုတွေ အတူပေါင်းဖက်နိုင်တယ်ဆိုတဲ့ သဘောတရားကို ဦးဆုံးသင်ကြားနေတာ ဖြစ်တယ်။ ပုံထဲမှာ လူဖြူ၊ လူမည်း၊ လူဝါ၊ လူညို အသားအရောင်ကွဲနေသူတွေ၊ မတူညီတဲ့ပုံပန်းသဏ္ဌာန်တွေ၊ ကိုးကွယ်ရာ ဘာသာရေးကျောင်း အမျိုးမျိုး၊ အိမ်ပုံစံအမျိုးမျိုး သတ္တ၀ါအမျိုးမျိုး ပျော်မြူးနေပုံ၊ လက်တွဲနေပုံတွေ ပြသထားတယ်။ ကလေးတွေကစားတဲ့အခါမှာ ဖြစ်စေ၊ စားတဲ့အခါ ဖြစ်စေ မျှတမှုတွေ၊ အလှည့်ကျစနစ်တွေ၊ တန်းစီရတာတွေ၊ ကိုယ်ကစားတဲ့ ပစ္စည်းကိုယ်သိမ်းဆည်းမှုတွေကနေ တာဝန်နဲ့ အခွင့်အရေးဆိုတာတွေ၊ တန်းတူညီတူသဘောတရားတွေကို တဖြည်းဖြည်းချင်း တပ်ဆင်ပေးလိုက်တာ ဖြစ်တယ်။ အဲဒါ ကလေးဘဝကတည်းက ဒီမိုကရေစီ ပညာရေးကို စပြီး သန္ဓေတည်ပေးတာ ဖြစ်တယ်။
ကျနော်တို့နိုင်ငံမှာက ကိုယ်တိုင်လည်း ကောင်းမွန်တဲ့ ပညာရေးစနစ်အောက်ကနေ စနစ်တကျ သင်ကြားတတ်မြောက်လာသူတွေ မဟုတ်လေတော့ စနစ်မကျမှုတွေကသာ စနစ်တကျဖြစ်နေတာကို သတိပြုမိကြဖို့ လိုပါတယ်။ ကိုယ်က သူတပါးကို ပြောင်းလဲပေးဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က အရိုးစွဲနေတဲ့ အံမဝင်ဂွင်မကျ ဓလေ့စရိုက်တွေကို အရင်ဆုံးပြုပြင်ပြောင်းလဲလိုက်ရမှာ ဖြစ်တယ်။ တခါက နိုင်ငံခြားမှာ ပညာတတ်မြောက်ပြီး တိုင်းတပါးမှာပဲ အရာရှိတဦးဖြစ်နေတဲ့ အသက် ၄၅ နှစ်လောက်သာရှိသေးတဲ့ မြန်မာလူငယ်တယောက်နဲ့ တွေ့ဆုံစကားပြောရင်း အနောက်ဥရောပ နိုင်ငံသားတွေအပေါ် ဘယ်လိုမြင်သလဲလို့ မေးကြည့်မိပါတယ်။
သူပြောပြတာက “ကျနော်တို့ မြန်မာတွေနဲ့ ဒီလူတွေအကြား လူတယောက်အနေနဲ့ ထူးထူးခြားခြားကွာခြားတာကို မမြင်ပါဘူး၊ ကျနော်တို့ လူမျိုးတွေထက်လည်း သူတို့က အိုင်ကျူပိုမြင့်နေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ထက် သိပ်ပြီးတော်နေကြတာလည်း မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ဆီက ကျင့်သုံးနေတဲ့စနစ်လေးတခု ကွာခြားသွားတာနဲ့ အရာရာကွာသွားသလို ဖြစ်ကုန်တာပါ” လို့ ပြန်ဖြေပါတယ်။ သူပြောတာ သွေးထွက်အောင် မှန်တယ်။ ခံယူကျင့်သုံးတဲ့စနစ် ကွာခြားသွားတာနဲ့ တချိန်က အရာရာထိပ်တန်းရောက်ခဲ့တဲ့ နိုင်ငံကြီးတခုလုံး ဒီကနေ့ ကမ္ဘာကြီးရဲ့ ဘယ်အဆင့်အတန်းမှာ ရောက်ရှိနေသလဲဆိုတာ ကျနော်တို့ ဆင်ခြင်ကြည့်လိုက်ရင် တွေ့ရမယ်။ အဲဒီ အာဏာရှင်စနစ်၊ လူသားအခွင့်အရေးနဲ့ ဂုဏ်သိက္ခာတွေကို မထောက်ညှာ မလေးစားတဲ့စနစ်က ကျနော်တို့ ပြည်သူတွေကို အရှင်လတ်လတ် ငရဲတွင်းထဲ ပစ်ချခဲ့တယ်။ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းချခဲ့တယ်။
ကျနော်တို့ ပြည်သူတွေသာမက နိုင်ငံတကာကပါ အာဏာရှင်စနစ်နဲ့ အတွေးအခေါ်တွေကို ခါးသီးသွားကြပါပြီ။ တစက်ကလေးမှ မမြည်းစမ်းချင်တော့ပါ။ အာဏာရှင်စိတ် အကြွင်းအကျန် အတွေးအခေါ်နဲ့ပညာရေးကိုလည်း မမြင်ချင် မတွေ့ချင်တော့ပါ။ ကျနော်တို့နဲ့ လွတ်လပ်ရေးအတူရယူပြီး အမျိုးသားပညာရေးစနစ် အရှိန်ကောင်းခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ပညာရေးဟာ ဒီမိုကရေစီပညာရေးနဲ့ ရေမြင့်ပြီး ကြာတင့်ခဲ့တယ်။ သက္ကရာဇ် ၂၀၀၀ လောက်ကစပြီး နေ့ကလေးထိန်းကျာင်းတွေကအစ တက္ကသိုလ်ကောလိပ်တွေအထိ ခေတ်မီအိုင်တီနဲ့ ဘက်စုံဖွံ့ဖြိုးမှု ပညာရေးကို မြှင့်တင်ခဲ့တယ်။ နိုင်ငံတကာအဆင့်မီ ပညာရေးကို ကျနော်တို့မျက်စေ့ရှေ့လေးမှတင် ပြောင်းလဲလိုက်တာပါ။ ဒီကနေ့ နိုင်ငံတကာမှာ အိုင်တီပညာရှင် အမြောက်အများကို အိန္ဒိယက မွေးထုတ်ပေးနေပါတယ်။ အခုတခေါက်ရွေးကောက်ပွဲအတွင်း နော်ဝေးနိုင်ငံက နိုင်ငံရေးပါတီတွေအားလုံးရဲ့ တူညီတဲ့ မဲဆွယ်မှုတခုက ခေတ်မီပညာရေးကို မြှင့်တင်မယ်ဆိုတာပါပဲ။
တိုင်းပြည်တပြည်ရဲ့ တကယ့်ရတနာအစစ်ဟာ ကျွန်းသစ်တွေ၊ ရွှေငွေ ကျောက်သံပတ္တမြားတွေ၊ ရေနံ သဘာဝဓာတ်ငွေ့တွေ မဟုတ်ပါဘူး။ ကလေးတွေကို အရည်အသွေးကောင်းမွန်တဲ့ ပညာရှင်တွေအဖြစ် မွေးထုတ်ပေးခြင်းကသာ ရတနာအစစ်ဖြစ်တယ်ဆိုတဲ့ အဆိုလေးတခု ရှိပါတယ်။ နိုင်ငံတကာမှာ ပညာရေးကို တိုင်းပြည်ရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ရင်းနှီးမြှုပ်နှံနေကြတယ်။ ကျနော်တို့နိုင်ငံမှာ အမွေပေးမမှားဖို့ လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်နဲ့ အကျင့်အကြံတွေကို အကောင်အထည်ဖော်ပေးမယ့် ဒီမိုကရေစီပညာရေးကိုသာ အမွေပေးဖို့ လိုအပ်နေတာပါ။ ကျောင်းသားတွေ နိုင်ငံရေးမသိရင်၊ မလေ့လာရင် နိုင်ငံရေးမျိုးဆက်ပြတ်ပြီး တိုင်းပြည် စုံလုံးကန်းနေပါလိမ့်မယ်။ နိုင်ငံရေးယဉ်ကျေးမှုမျိုးတုန်းသွားရင် တိုင်းပြည်အမှောင်တွင်းထဲ ရောက်လိမ့်မယ်။ တချိန်က စစ်အာဏာရှင်တွေဟာ မိမိတို့ဖာသာ အခွင့်ထူးခံပညာရေးကိုကျင့်သုံးပြီး အာဏာရှင် စစ်ဝါဒီမျိုးဆက်တွေကို မွေးမြူထားပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်နဲ့ ကောင်းမွန်သန့်ရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုလည်း ပစ်ပယ်မထားသင့်တော့ပါဘူး။ နိုင်ငံရေးယဉ်ကျေးမှု ဖွံ့ဖြိုးမှ တိုင်းပြည်ငြိမ်းချမ်းမှာ ဖြစ်တယ်၊ လက်နက်နဲ့ အာဏာစက်အလွန်အကျွံ သုံးစွဲမှုတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။ နိုင်ငံရေးယဉ်ကျေးမှုဆိုတာကလည်း တက္ကသိုလ် ကျောင်းဝင်းထဲမှာပဲ အစပြု ရှင်သန်တာပါ။ နိုင်ငံရေးလုပ်ရင် အဆောင်ကထုတ်မယ်ဆိုတာ ဒီမိုကရေစီခေတ်မှာ ရယ်စရာပျက်လုံးသက်သက်ပဲ ဖြစ်တယ်။ တက္ကသိုလ်တွေမှာ ကျောင်းသားတိုင်း နိုင်ငံရေးကို လေ့လာရမယ်၊ သင်ယူရမယ်။ ရှင်သန်အောင်မွေးမြူရမှာ ဖြစ်ပါတယ်။ ။
ကိုညို (အော်စလို)
၆ ဒီဇင်ဘာ၊ ၂၀၁၃
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment