ခေါင်းစဉ်ကိုမြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံတို့၏ ပဋိပက္ခများက သတင်းစာမျက်နှာများထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦးဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့်သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာသောအခါ ရိုးအီသွားပြီး သတင်းမဟုတ်တော့ဟု ယူဆသောကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။
ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှုအချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျလက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့အချို့ ပြည်တွင်းသို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့်ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည်ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင်ပေတော့မည်။ ရှေးယခင်က ယဉ်ကျေးမှု မူပိုင်ခွင့်ဟူသည် အရေးမကြီးဟုထင်ရသော်လည်း ယခုအခါ အရေးကြီးလာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပို၍ သိသာလာပါသည်။
ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်းတူးရာမှ ၁၃ ရာစုလက်ရာ မြေအိုးဟောင်းများ တူးဖော်ရရှိခဲ့ကြောင်းသတင်းများ တွေ့ရပါသည်။ သမိုင်းကြောင်းအရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့တို့သည် စဥ့်ထည်များဖြင့် အိုးမြို့တော်ဟု အရှေ့တောင်အာရှနိုင်ငံများတွင် ကျော်စောပြီး ဖြစ်ပါသည်။ မုတ္တမမြို့မှ မုတ္တမအိုးများသည် သီးခြားကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ရှေးဟောင်းပစ္စည်းများသဖွယ် ထင်မှတ်မှား ဖော်ပြခြင်းခံနေရပါသည်။
တစ်ချိန်က ဆိုရှယ်လစ်ခေတ်မှသည် ယနေ့အထိ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားစဉ်က မြန်မာ့သယံဇာတ တော်တော်များများသည် ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ရောက်ရှိသွားခဲ့သည်။ တန်ဖိုးရှိသော်လည်း တန်ဖိုးမသိသောကြောင့်သော်လည်းကောင်း၊ ဈေးပိုရ၍သော်လည်းကောင်း မြေအောက်မှ ရသမျှရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိရာမှ နိုင်ငံတကာအမြင်တွင် ထိုင်းရိုးရာ ရှေးဟောင်းအမွေအနှစ်များဟု ထင်မှတ်မှားခဲ့ရခြင်း ဖြစ်ပါသည်။
စီးပွားရေးပိတ်ဆို့ခံရပြီးနောက် မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်ရာမှ မြန်မာနိုင်ငံအတွက် သယံဇာတဆုံးရှုံးမှု သိသိသာသာ တွေ့ရသော်လည်း ယဉ်ကျေးမှုဆုံးရှုံးမှုက တရိပ်ရိပ်နှင့် ပို၍ကြီးမားလာနေသည်ကို သတိပြုမိသူ နည်းနေပါသည်။ သယံဇာတဖြစ်သော ကျွန်းသစ်များ၊ ကျောက်မျက်များအားလုံးသည် ထိုင်းနိုင်ငံမှထွက်ရှိသယောင်ဖြင့်သာ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိခဲ့သည်။ ပို့ကုန်ပစ္စည်း မှန်သမျှ ထိုင်းနိုင်ငံမှ ထွက်ရှိသယောင် Made in Thailand တံဆိပ်ကပ်ခဲ့ရသည့်အတွက် မြန်မာတို့ နစ်နာခဲ့ရပေါင်း များပြီ။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် စီးပွားရေးပိတ်ဆို့မှုများ ဖြေချလိုက်ချိန်တွင် မြန်မာ့သယံဇာတက ကုန်သလောက်ရှိနေပြီး ထိုင်းနိုင်ငံအတွက်မူ အကျိုးအမြတ်များစွာ ကျန်နေခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မူပိုင်ခွင့်ဆုံးရှုံးမှု ဖြစ်ရပ်များစွာ ရှိနေပါသေးသည်။ ကယားပြည်နယ်မှ ကယန်း(သို့မဟုတ်) ပဒေါင်လူမျိုးများသည်လည်း သာဓကတစ်ခု ဖြစ်ပါသည်။ ရေမြေဒေသအရသော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်သော်လည်းကောင်း မြန်မာတိုင်းရင်းသား လူမျိုးစုဝင် ကယန်းလူမျိုးများသည် ထိုင်းနယ်စပ်သို့ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ လည်ပင်း ကြေးကွင်းစွပ်သော ထူးဆန်းသည့်ဓလေ့ကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပဒေါင်လူမျိုးများကို လေ့လာစရာတစ်ခုအဖြစ်ထည့်သွင်းပြီး ၎င်းတို့ တိုင်းရင်းသားဖြစ်သယောင် ဖော်ပြမှုများလည်း ရှိနေပါသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးသော်လည်း မြန်မာတိုင်းရင်းသား ကယန်းလူမျိုးတို့မှာမူ အထူးအဆန်း သတ္တဝါသဖွယ် နှိမ်ချဆက်ဆံခံရမှုများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် လျှောက်ထားသော်လည်း နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို မပေးသလို၊ မြန်မာအစိုးရက ပဒေါင်ဒုက္ခသည်များကို နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် တောင်းဆိုသော်လည်း ဂရုမစိုက်ခြင်းမျိုးများနှင့် ကြုံတွေ့နေရသည်။ မိမိတိုင်းရင်းသားဖြစ်ပါလျက်နှင့် သူများနိုင်ငံက ခေါင်းပုံဖြတ်ပြီး ရုံသွင်းပြစားနေသောဖြစ်ရပ်မျိုးမှာ နာကြည်းဖွယ်ကောင်းလှသည်။
ထို့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့က ဂျပန်နိုင်ငံသို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာဝတ်စုံဖြင့် ဝတ်ဆင်အလှပြခဲ့သည်ကို ထိုင်းလူမျိုးများက ၎င်းတို့၏ ရိုးရာဝတ်စုံဖြစ်သည်ဟု ဝေဖန်ကြသည်ကိုလည်း သိမြင်ရပါသည်။ စည်းပုံ၊ လက်ကျပ် တန်ဆာများနှင့် မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်းရိုးရာဟုသာ နိုင်ငံတကာက ရှုမြင်နေကြပြီး မြန်မာဝတ်စုံဟု လက်မခံနိုင်ဘဲရှိနေကြသည်ကိုလည်း သိရပါသည်။ ဤသို့ဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအချို့ကို ထိုင်းယဉ်ကျေးမှုအဖြစ် နိုင်ငံတကာက ထင်မှတ်မှားမှုများ များပြားလာသည်မှာ သိသိသာသာ မြင်တွေ့လာရပါသည်။
မူပိုင်ခွင့်ရရှိခြင်းသည် နိုင်ငံ၏ယဉ်ကျေးမှုတွင်သာမက အဘက်ဘက်တွင် အရေးကြီးပါသည်။ အားကစားဘက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာ မွေထိုင်းဟုခေါ်သော လက်ဝှေ့ကစားနည်းတို့ ကွာခြားမှု သိသာစွာမရှိသော်လည်း နိုင်ငံတကာကို ကျယ်ပြန့်အောင်လုပ်နိုင်မှုခြင်း မတူညီသည်ကို သတိပြုသင့်ပါသည်။ ထိုင်းတို့က ကျယ်ပြန့်စွာပြုလုပ်နိုင်ပြီး နိုင်ငံတကာ အားကစားကို ထိုးဖောက်နိုင်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခဲ့ပြီး နိုင်ငံဝင်ငွေ တိုးတက်စေနိုင်ခဲ့ပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့ကို မွေထိုင်းဟု ထင်မှတ်မှားနေခြင်းကြောင့် မြန်မာ့ရိုးရာ အားကစားတစ်ခု နိုင်ငံတကာအမြင်တွင် တိမ်မြှုပ်သွားစေနိုင်ပါသည်။
များမကြာမီ ၂၀၁၅ သို့ရောက်တော့မည်။ ၂၀၁၅ သည် ရွေးကောက်ပွဲကြီးကြောင့် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူများ ရင်ခုန်ရမည့် ခုနှစ်တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၁၅ ဒီဇင်ဘာ ၃၁ တွင် စတင်အသက်ဝင်မည့် AFTA ဟုခေါ်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို မေ့လျော့နေကြသည်။ မိမိဒေသထွက် ပို့ကုန်များကို လွတ်လပ်စွာတင်ပို့ခွင့်က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူတို့ မျက်စိပွင့် နားဖွင့်ရန် လိုပါသည်။
မိမိနိုင်ငံပိုင် မျိုးရင်း သဘာဝထွက်ကုန်များကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် အရေးကြီးပါသည်။ စိန်တလုံး သရက်မျိုးရင်း၊ ရွှေဘိုပေါ်ဆန်းမျိုးရင်း၊ သနပ်ခါး၊ ရှားပါးသစ်ခွမျိုးစိတ်အချို့ စသော ဒေသတွင်း မျိုးရင်းများသည် အခြားနိုင်ငံတွင်မရှိသော မိမိနိုင်ငံပိုင်မျိုးရင်းများ ဖြစ်ပါသည်။ မိမိနိုင်ငံပိုင်မျိုးရင်းဖြစ်ပါလျက်နှင့် အိမ်နီးချင်းနိုင်ငံက ပိုင်ဆိုင်သယောင် မှတ်ပုံတင် မူပိုင်ခွင့်လျှောက်ထားခဲ့ပါလျှင် မြန်မာတို့ ဆုံးရှုံးနစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါသည်။ ပညာရှင်များအနေနှင့်လည်း ဤအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည်ဟု ထင်ပါသည်။ ကြိုတင်ပြင်ဆင်သင့်သည်များလည်း ပြင်ဆင်ရန် အချိန်တန်ပါပြီ။ လက်နှေးနေပါက မိမိနိုင်ငံ၏မူပိုင်ခွင့်များ ဆက်လက် ဆုံးရှုံးနေရပါလိမ့်မည်။
ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး အဘက်ဘက်တွင် မြန်မာနိုင်ငံ မူပိုင်ခွင့်များ ဆုံးရှုံးနေပြီး ထိုင်းနိုင်ငံပိုင်အဖြစ်ပုံမှားရိုက်ခံနေရခြင်းက ရေရှည်တွင် ကြီးမားသော ထိုးနှက်မှုဖြစ်လာနိုင်ပေသည်။ ဤသို့ဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် သေချာစောင့်ကြည့်ရမည့် နိုင်ငံတစ်ခု ဖြစ်လာသည်မှာ ငြင်းမရသောအချက်ပင် ဖြစ်ပါတော့သည်။ ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment