ကရက်သို့ရောက်ရှိပြီးနောက် ရွာဟောင်းဘက်သို့ ခြေဆန့်ကြည့်ခဲ့မိသည်။ ရွာဟောင်းရှိ အထင်ကရနေရာ အတော်များများပျောက်ဆုံးနေသည်ကိုတော့ သတိထားမိသည်။ နတ်စင်ကြီးများ၊ ထန်းပင်များနှင့် ကုက္ကိုလ်ပင်ကြီးများမှာတော့ မျိုးတုံးပျောက်ကွယ်နေပြီ။ ဝမ်းသာစရာဟူ၍ ရွာဦးစေတီနှင့် ဆရာတော်ကျောင်းမှာတော့ ရှေးမူမပျက် တည်ရှိနေဆဲဖြစ်သည်။ ယခင်ရွာဟောင်းရှိ ကျနော်နေထိုင်ရာ အိမ်အနောက်ဘက်ခြမ်းရှိ အလွန်ကြီးမားသော ရှေးဟောင်းအုတ်ဂူကြီးများမှာလည်း လုံးဝပင်မတွေ့ရတော့ နှမျောတသဝမ်းနည်းနေမိပြန်သည်။
ကျနော် ရောက်တုန်းရောက်ခိုက် ဆရာတော်ကျောင်းပေါ်သို့ တက်ရောက်ဝတ်ပြုလိုက်သည်။ ဆရာတော်ကို ကျနော်မှတ်မိသော်လည်း ဆရာတော်က အမှတ်တမဲ့ဖြစ်နေခဲ့သည်။ “အမေလုံးရီရဲ့သား ဝင်းကိုကြီးပါ” ဟု မိတ်ဆက်လိုက်မှ “အော်... ဝင်းကိုကြီး ကိုး” ဘုန်းဘုန်းက “ဒီမှာ အလုပ်လာလုပ်နေတဲ့ ယိုးဒယားတွေ ထင်နေတာကွဲ့” ဟု မိန့်တော်မူလေသည်။
တဆက်တည်း ဆရာတော်က “ဒကာလေး ဘယ်များရောက်နေတာလဲ၊ နှစ်တွေအတော်ကြာပြီနော်” ဟု ဆိုလာပြန်တော့ ကျနော်လည်း မလိမ်မညာလိုသောကြောင့် “အခြေအနေအရ တောထဲရောက်နေကြောင်းနှင့် ယခုလည်း အလုပ်ကိစ္စနှင့် ခေတ္တလာရောက်ခြင်းပါဘုရား” ဟု လျှောက်ထားလိုက်ရသည်။ ဆရာတော် ခေတ္တတွေဝေသွားပြီးနောက် “ဒို့ဘုန်းကြီးများက နိုင်ငံရေးတော့ သိပ်နားမလည်ပါဘူးကွာ၊ ဒါပေမယ့် ရွာသူရွာသားတွေ အတိဒုက္ခရောက်နေတာမြင်ရတော့ ဘယ့်နှယ့်စိတ်ချမ်းသာပါ့မလဲ၊ အိမ်နောက်ပူတော့ အိမ်ရှေ့မချမ်းသာဆိုသလိုပေါ့ကွယ်၊ ဒကာ၊ ဒကာမတွေ ပြေလည်ပြည့်စုံကြမှ ဒို့ဘုန်းကြီးတွေလည်း တရားဓမ္မကို ကောင်းကောင်းအားထုတ်နိုင်မှာ၊ အခုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး ဒကာလေး၊ ငါ့ရဲ့ကျောင်းကိုလည်း ရွှေ့ခိုင်းနေတာ ကြာပါပကော၊ ဘုန်းကြီးလည်း သေရင်သေပါစေ မရွှေ့ဘူးဆိုတဲ့အဓိဌာန်နဲ့ နေနေတာကွဲ့၊ တစ်ရွာလုံးပြောင်းသွားရပေမယ့် ဘုန်းကြီးကျောင်းနဲ့ ရွာဦးစေတီလေးပဲကျန်နေတာ ဒကာလေးအမြင်ပဲ မဟုတ်လား” ဟု မိန့်ဆိုလာသောအခါ ကျနော်ဘာပြန်ပြောရမည်ကို မသိ၊ ဆို့နစ်နေမိသည်။ “ဆရာတော်မှ ဒကာလေးကို ပြစရာရှိသေးတယ်ကွဲ့” ဟု ပြောပြောဆိုဆို သူ့မှန်ဘီရိုထဲမှ ပစ္စည်းအချို့ကို ထုတ်လာခဲ့သည်။
ဘာရယ်မှန်းတော့ ကျနော် မသိ၊ ဆရာတော်မှ သေချာထပ်မံပြမှ ထပ်ဆင့်ကြေကွဲသွားရပြန်သည်။ ငယ်စဉ်က ကျနော်ဝတ်ဆင်ခဲ့သော ဖေါ့ရှန်အင်္ကျီများနှင့် ထမင်းထည့်ကျွေးသော ဒန်ပန်းကန်ပြားလေး တစ်ချပ်၊ ထိုပန်းကန်ပြားလေး နှုတ်ခမ်းပေါ်တွင်တော့ သံမှိုဖြင့်ထွင်းထားသည့် “ဝင်းကို” ဆိုသည့် စာတမ်းလေးက ကျနော့်ကိုကြည့်နေသယောင်၊ အမေလုံးရီ မဆုံးမီရက်ပိုင်းအတွင်း ဘုန်းဘုန်းအား လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ “ဖြစ်မှဖြစ်ရလေ… အမေရယ်” ဟု ဆိုယုံမှတပါး ကျနော် ဘာများတတ်နိုင်မည်နည်း။
ထိုခေတ်ထိုအခါကာလကလည်း အခြေအနေက ကောင်းလှသည်မဟုတ်။ ရွာသို့လာရောက်သည့်လူတိုင်း ညစဉ်ဧည့်စာရင်းတိုင်ကြားရသည်။ ကျနော့်ကိုယ်၌ကလည်း ရွာလူကြီးထံ သွားရောက်ဧည့်စာရင်းတိုင်ရသည်။ “အမည်-ကျော်လွင်၊ အဖအမည်-ဦးတွက်၊ နေရပ်-လွိုင်ကော် ရွာတန်းရှည်” ဟု ဆိုလိုက်တော့ ရွာလူကြီးမှ မျက်မှောင်ကုပ်ကာ ကျနော့်ကိုစိုက်ကြည့်ပြီး “နေပါအုံး၊ နေပါအုံး မင်းနာမည်က ဝင်းကို မဟုတ်လားကွ၊ဘာလို့ ကျော်လွင် ဖြစ်နေရတာလဲ” ဟု ရုတ်တရက်မေးလိုက်တော့ အငိုက်မိသူက ကျနော်။ မှားသွားမှန်းသိလိုက်သည်နှင့် ကျနော်လည်း ပျာပျာသလဲ “ဒီလိုပါ ဥက္ကဋ္ဌရယ် ကျနော်က လွိုင်ကော်ပြောင်းနေတော့ မွေးစားအဖေ၊ အမေ နာမည်နဲ့ မှတ်ပုံတင်လုပ်ထားတာပါဗျာ” ဟု ပြောင်းပြောလိုက်မှ ဘဝင်ကျသွားပုံရသည်။ “အေး... အေး၊ ဒီလိုဆိုတော့ တော်သေးတာပေါ့ကွာ၊ ဝင်းကိုဖြစ်လိုက်၊ ကျော်လွင်ဖြစ်လိုက်ဆိုတော့ အတုများဖြစ်နေလားလို့” ဟု ဆိုလိုက်လေသည်။
ဧည့်စာရင်းတိုင်ပြီးသည်နှင့် သုတ်ခြေတင်ကာ အမြန်ပြန်လာခဲ့လိုက်သည်။ ညအိပ်ယာဝင်တော့ ကိုယ့်ကျောကိုယ် မလုံချင်၊ ကျောချမ်းနေမိသည်။ နောက်နေ့နံနက် နေရာတစ်နေရာသို့ရွှေ့ရန် စဉ်းစားရပြန်တော့သည်။ အိပ်ယာထသည်နှင့် အဖွားကိုကန်တော့ပြီး ခရီးဆက်ရပြန်သည်။ ရေလယ်ဘုရားကားဂိတ်မှတဆင့် ရန်ကုန်သို့ လိုင်းကားနှင့်ထွက်ခွာလာခဲ့သည်။ မြောက်ဥက္ကလာပရှိ အဖေ့နောက်အိမ်ထောင်ရှိရာအိမ်သို့သွားရန် စဉ်းစားလိုက်သည်။ မွေးမိခင်ဆုံးပြီးနောက် အဖေလည်း နောက်အိမ်ထောင်ပြုခဲ့သည်။ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။
အဖေက တပ်မတော်သားတစ်ဦးဖြစ်သောကြောင့် နယ်မြေဒေသအတော်များများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အဖေတာဝန်ကျရာ မိတ္ထီလာအမှတ်(၃)အမြောက်တပ်၊ ထိုမှတဆင့် အောင်ပန်းရှိအမှတ် (၄) အမြောက်တပ်သို့ ပြောင်းရွှေ့ရသည်။ နောက်ဆုံး အမှတ်(၃၁၀)အမြောက်တပ်ခွဲ၊ ကျိုင်းတုံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း ၁၉၈၉ ခုနှစ်တွ င်ကျိုင်းတုံမြို့၌ပင် တိမ်းပါးခဲ့ရသည်။ အဖေဆုံးသွားကြောင်းကို နောက်ပိုင်းမှသိလိုက်ရသည်။ အဖေ့နာရေးသို့ ကျနော်မရောက်ခဲ့ရသလို အဖေ့ဇနီး၊ သားသမီးများနှင့်လည်း ကျနော်ပြန်လည်ဆုံဆည်းခြင်း မရှိတော့ပေ။
ယခု ရန်ကုန်ရောက်တုန်း အဖေ့ဇနီးနှင့်တွေ့မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြောက်ဥက္ကလာရောက်တော့ အတော်ကလေး မေးမြန်းစုံစမ်းလိုက်ရသည်။ ကြံခင်းစုရပ်ကွက်ထဲတွင်နေကြောင်းသိရှိပြီးနောက် ဆိုက်ဆိုက်မြိုက်မြိုက် ကျနော်ရောက်သွားခဲ့သည်။ တွေ့လိုက်ရသည့်မြင်ကွင်းများက ကျနော့်နှလုံးကို ထိခိုက်နာကျင်စေခဲ့သည်။ ဘဝကို ကြုံသလို ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေကြရသည်။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်အမေက ကျနော့်ကိုဖက်၍ ရှိုက်ကြီးတငင်ငိုကြွေးလျက်။ ညီဖြစ်သူက ကားစပယ်ယာအလုပ် လုပ်နေရသည်။ အိမ်ထောင်ကျ၍ သားသမီးများပင်ရှိနေပေသည်။
အိမ်ရှေ့တွင် ကျနော်ထိုင်နေစဉ် မိန်းကလေးတစ်ဦး အဝေးက လမ်းလျှောက်လာသည်ကိုမြင်လိုက်သည်နှင့် နှစ်ပေါင်းအတော်ကြာ ကွဲကွာနေသော ညီမလေးမှန်း ကျနော် သိလိုက်သည်။ သူလည်း ကျနော့်ထံ တည့်တည့်မတ်မတ်ရောက်လာပြီး ကျနော့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်း “အကိုကြီး မဟုတ်လား၊ အကိုကြီး ဟုတ်တယ်မဟုတ်လား” ဟု မေးရင်း ကျနော့်မျက်နှာကိုလှုပ်ကိုင်၍ အဆက်မပြတ် မေးမြန်းနေတော့သည်။ ဟုတ်မှန်ကြောင်းပြောရန်စကားလုံးက နှလုံးသားမှ ပွင့်အန်မလာခဲ့၊ ရင်ထဲဆို့နစ်မွန်းကြပ်နေသောကြောင့်ဖြစ်မည်။ ခေါင်းငြိမ့်၍သာ သက်သေတည်လိုက်ရသည်။ ကျနော့်ကိုဖက်၍ ညီမလေး ငိုပြန်တော့သည်။ ထို့နောက် ညီမလေးလက်ထဲမှ ဖိတ်စာတစ်စောင်ကို ကျနော့်ကိုကမ်းပေးရင်း ခွင့်လွှတ်ပါဟု ဆိုလာပြန်သည်။ ဘာရယ်မသိ။ ဆွဲယူဖတ်ကြည့်လိုက်သည်။ ညီမလေးမင်္ဂလာဆောင်မည့် ဖိတ်စာလေးဖြစ်နေသည်။
နှစ်ဖက်မိဘဘိုးဘွား ညီအကိုမောင်နှမများ ပါဝင်ကြသော်လည်း ကျနော့်အမည်က ယောင်ယမ်း၍ပင်ပါမလာခဲ့။ စာလေးနှင့်ပင် အသိအမှတ်ပြုခြင်းမခံရသည့် ကျနော့်ဘဝ။ ညီမလေးနှင့်လက်ထပ်မည့်သူက မြောက်ဥက္ကလာနယ်ထိန်း၏သားဖြစ်နေသောကြောင့် မင်္ဂလာအခမ်းအနားအား မင်္ဂလာဒုံလေဆိပ်အနီးရှိ ရဲစခန်းခန်းမ၌ပင် မင်္ဂလာဆောင်မည်ဟု သိလိုက်ရသည်။ မင်္ဂလာဆောင်မည့်နေ့သို့ရောက်သောအခါ ကျနော်မနေသာတော့၊ အကိုကြီး အဖအရာ ဆိုသကဲ့သို့ ရှုပ်ထွေးနေသည့်အလုပ်များကို ခေတ္တမေ့ထားပြီး မင်္ဂလာဆောင်သို့သွားရန်အတွက် ပုရွက်ဆိတ်ကုန်းဘူတာမှ ဆိုက်ကားတစ်စီးငှားပြီး မင်္ဂလာဆောင်မည့် ရဲစခန်းခန်းမရှေ့သို့ရောက်ရှိခဲ့သည်။ ခန်းမရှေ့သို့ရောက်လာသည့်ကျနော့်ကို ဆွေမျိုးများမြင်လိုက်သည်နှင့် မျက်နှာအမူအယာပျက်၍ တုန်လှုပ်ကုန်ကြသည်။
မည်သူ့ကိုမျှစကားမဆို၊ ခန်းမတွင်းသို့ ဝင်သွားလိုက်သည်။ ယာဘက်နံရံပေါ်တွင် စနစ်တကျစီရီထားသည့် သေနတ်များကိုတွေ့လိုက်ရတော့ ကျနော် ပြုံးလိုက်မိသည်။ အနောက်ဘက်မှ တစ်ဦးဦးက ကျနော့်လက်ကိုဖမ်းဆွဲလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ အဖေ့ညီ ကျနော့်ဦးလေးဖြစ်နေသည်။ ဦးလေးမှ “မင်းဘာလို့ ဒီကိုလာရတာလဲ၊ အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်၊ ပြန်ရအောင်” ဟုဆိုကာ ခန်းမပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ကျနော် မငြင်းသာခဲ့။ အသာတကြည်ပင် လိုက်လျောလိုက်သည်။
စားသောက်ဆိုင်တစ်ခုသို့ခေါ်ဆောင်သွားရင်း ဦးလေးက “မင်း ဘာတွေလုပ်နေတယ်ဆိုတာ ငါ ရိပ်မိတယ်၊ မင်းဘာလုပ်လုပ် ငါ တားပိုင်ခွင့်မရှိပါဘူး၊ ဘယ်သူ့ကိုမှမထိခိုက်ရင်တော့ အကောင်းဆုံးပေါ့ကွာ၊ လူဆိုတာ ကိုယ့်လမ်းကိုယ်လျှောက်ကြရတာပဲ၊ မှားတယ်၊ မှန်တယ်ဆိုတာ အချိန်နဲ့လုပ်ဆောင်မှုတွေက ဆုံးဖြတ်ပေးတာ၊ နောက်ဆုံး မင်းကိုသတိပေးချင်တာက အခုဆို တော်လှန်ရေးနေ့ နီးနေပြီ၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ထိန်းသိမ်းရမယ်ဆိုတာ နားလည်ဖို့လိုတယ်” ဟု ဆိုလာသည်။ ကျနော်ကလည်း “ဟုတ်ကဲ့ပါ လေးလေး၊ ကျနော့်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ မထိခိုက်၊ မနစ်နာစေရပါဘူး၊ ကျနော် ကတိပေးပါတယ်၊ လုပ်စရာအလုပ်တွေကတော့ ကျနော်ဆက်လုပ်ရအုံးမှာမို့ ကျနော် တစ်ခြားတစ်နေရာကို ထပ်သွားဖို့စီစဉ်ထားပါတယ်” ဟုဆိုလိုက်သည်နှင့် ဦးလေးထံမှ ပင့်သက်ချသံတစ်ခု ကြားလိုက်ရပေတော့သည်။
ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
၃၀-၁၂-၂၀၁၃
No comments:
Post a Comment