Wednesday, December 4, 2013

မဇ္စျိမ ခွပ်ဒေါင်း (ကိုညို)

၂၅ နှစ်ကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့ဟာ လောကဓာတ်ပညာမကြွယ်ဝတဲ့ တိုင်းချစ်ပြည်ချစ်တယောက်သက်သက်သာ ဖြစ်နေပါတယ်။ အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့အတွက် တိုင်းပြည်ကြီးကို တနေ့ထက်တနေ့ ပိုချစ်လာအောင် သံယောဇဉ်အထပ်ထပ် ရစ်ပတ်ပေးတာကလွဲလို့ စစ်ကျွန်ဘဝက လုံးဝ လွတ်ကျွတ်သွားဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ အဲဒီ ၂၅ နှစ်ဟာ အတူတိုက်ဖော်တိုက်ဖက်၊ ငတ်ဖော်ငတ်ဖက်တွေနဲ့ တစစီခွဲပေးလိုက်သလို၊ တလမ်းစီလည်း လျှောက်ခိုင်းလိုက်ပါတယ်။ 

အဲဒီ ၂၅ နှစ်ဟာ ကံကြမ္မာက သူ့ရဲ့လက်ထဲ ဆန်ကွဲတဆုပ် ဆုပ်ယူပက်ကြဲလိုက်သလို ကျနော်တို့ ရဲဘော်ရဲဘက်အားလုံးကို တယောက် တနိုင်ငံ၊ တမြို့တနယ်စီ လွင့်စင်ပြန့်ကြဲသွားစေပါတယ်။ ဒါပေမယ့် ... အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ နှလုံးသားတွေ၊ အတွေးအခေါ်တွေနဲ့ ဘဝတွေကို ထာဝရရှင်သန်နေအောင်တော့ လှလှပပ ထုဆစ်ပေးခဲ့တာပါ။ အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့ရဲ့ ဘဝအစိတ်အပိုင်းတခုဖြစ်ခဲ့သလို၊ မြန်မာပြည် ၈၈ မျိုးဆက်တွေရဲ့ တော်လှန်ရေး ရေသောက်မြစ်ကြီးလည်း ဖြစ်နေပါတယ်။ ပြီးတော့ ကျနော်တို့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဆက်လက် ရှင်သန်နေတာကို အသိအမှတ်ပြုပေးလိုက်တယ်။ 


သစ္စာ မျှော်မှန်း၊ မြတ်သောလမ်းမှာ
ခြေလှမ်း ဆတ်ဆတ် တုန့်မရပ်ခဲ့  
လွတ်လပ်ဒေသ မဇ္စျိမခရီးရောက်ခဲ့ပြီ။ 

(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ) 
 
မူလရည်မှန်းချက်က အနောက်ဘက်ဒေသမှာ တပ်ဦးတခုဖွင့်ဖို့ပဲ။ ဘယ်အရောင်၊ ဘယ်ဝါဒ၊ ဘယ်သူပုန်တွေရဲ့ အရိပ်မှမမိုးဘဲ ခပ်သန့်သန့်ကျောင်းသားတပ်ဦးရှိမှဖြစ်မယ်ဆိုတဲ့ အိပ်မက်ကို ကျနော်တို့ အားလုံး ကိုယ်စီမက်ခဲ့ကြတယ်။ အရှေ့ဘက်မှာ လက်နက်ကိုင် တိုင်းရင်းသားသူပုန်အဖွဲ့အစည်းတွေ ရှိတယ်၊ သူတို့ နယ်မြေသွားရင့် သူတို့ကို မှီခိုရမယ်၊ သူတို့ သြဇာလွှမ်းမိုးမယ်ဆိုတဲ့ စိုးရိမ်စိတ်ရှိကြတယ်။ ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ်နဲ့ သူပုန်သူကန်မရှိတဲ့ အနောက်ဘက် စစ်မျက်နှာမှာ ကျောင်းသားတပ်ဦးအလံတလက်စိုက်ဖို့ပါပဲ...။ 

စစ်အာဏာသိမ်းပြီး နှစ်လအတွင်းမှာ တမူး၊ ကလေး၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်က ကျောင်းသားလူငယ်တွေနဲ့ ဝန်ထမ်းတွေ အရပ်သားတွေ မဏိပူရ စခန်းကို ရောက်သွားကြတယ်။ ရေခဲလုမတတ်အေးစိမ့်နေတဲ့ မဏိပူရတောင်တန်းကြီးတွေကြားက အမှတ်(၈) မဏိပူရ ရိုင်ဖယ်စစ်တပ်အနီး တောင်ကုန်းတခုပေါ်မှာဆောက်ထားတဲ့ ဆေးရုံအဆောက်အဦသစ်မှာ ယာယီနေထိုင်ကြတယ်။ ဘေးပတ်ပတ်လည် သံဆူးကြိုးတွေနဲ့ ဝန်းခတ်ထားတော့ သူပုန်ကျောင်းသားတပ်ဦးစခန်းနဲ့မတူဘဲ ချွေးတပ်စခန်းနဲ့ ပိုတူတယ်။ စောင် မလုံလောက်ဘူး၊ အိမ်သာမလောက်ဘူး၊ သမံသလင်းပေါ် ကောက်ရိုခင်းပြီး ရဲဘော်အားလုံး ဝဲစို ဝဲခြောက်တွေကိုယ်စီနဲ့။ ၄-၅ လလောက် လေထန်ကုန်းကြီးမှာ လေကြမ်းကြမ်းရှု၊ မှိုတက်နေတဲ့ ခဲ၊ သလဲ အပြည့် ဆန်ကွဲဆန်ကြမ်းနဲ့ ပဲနီဟင်းကြဲကြဲ၊ အာလူးဖတ် လက်သဲခွံလောက်လေးကို နေ့စဉ် မြိန်ရေရှက်ရေစားပြီး တော်လှန်ရေးသီချင်း အဆိုမပြတ်ခဲ့ဘူး။ 

“ဘာစိတ်ဓာတ်လဲ… ခွပ်ဒေါင်းစိတ်ဓာတ်” 
“ဘာလုပ်နေလဲ... လေ့ကျင့်နေတယ်” 
“ဘယ်သူ့အတွက်လဲ… ပြည်သူ့အတွက်” 
“ဘာလိုချင်လဲ.. ဒီမိုကရေစီ” 

မနက်စောစော အစာအိမ်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းတွေလုပ်ကြတယ်။ ယူနီဖောင်း မရှိဘူး၊ အနွေးထည် မရှိဘူး၊ ဆေးဝါး မရှိဘူး၊ ကားတာရာ ကြိုးသိုင်းဖိနပ်ကြမ်းတွေပေါက်လို့ ထော့နင်းထော့နင်းတွေနဲ့ စစ်ရေးလေ့ကျင့်ခန်းလုပ်ရင်း စိတ်ဓာတ်တွေ သံလိုမာခဲ့တယ်။ ပိုက်ဆံတပြား တချပ်မှလည်းမရ၊ အစားလည်းငတ်၊ ရာသီဥတုကဆိုး၊ အဝတ်အထည်မလုံမလဲ၊ လွတ်လွတ်လပ်လပ်လည်း မနေရပေမယ့် ကျနော်တို့ ကြိတ်မှိတ်သည်းခံပြီး လှုပ်ရှားခဲ့ကြတယ်။ 

အမေ့အိမ်မှာ စည်းမရှိ၊ ကမ်းမရှိ၊ အကိုအမတွေ ငေါက်ငမ်းခိုင်းတာကိုတောင် အရေးမစိုက်ထင်ရာစိုင်းနေခဲ့ပေမယ့် ဒီစခန်းထဲမှာတော့ စာရွက်ပေါ်က စည်းကမ်းချက်လေးတခေါက်ဖတ်မိပြီး မိမိဖိနပ်ကို အများသူငါလို စီစီရီရီ ချွတ်၊ အဝတ်အစားတွေနဲ့ အိပ်ရာစောင်တွေကို သပ်သပ်ယပ်ယပ်ခေါက်တတ်တဲ့ အလေ့အကျင့်ကို တိတိကျကျ လုပ်တတ်လာတယ်။ ကိုယ့်တင်ထားတဲ့ ခေါင်းဆောင်အမိန့်ကို သူ့ကျေးဇူးလည်းမရှိ၊ ကိုယ်နဲ့လည်း အသက်အရွယ်မကွာပေမယ့် တလေးတစား လိုက်နာတတ်ကြတယ်။ အမေ့အိမ်မှာ နေဖင်ထိုးမှ အိပ်ရာထပြီး အဆင်သင့်ခူးခတ်ထားတဲ့ မနက်စာကို အခန့်သားစားခဲ့တဲ့သူတွေ မနက်စောစော ချမ်းချမ်းစီးစီးဇိမ်နဲ့ မနှပ်နိုင်ဘဲ (ဘယ်သူမှ အတင်းခိုင်းစေနေတာမဟုတ်ဘဲ) ခွပ်ဒေါင်းအလံတော်အောက်မှာ ကျောင်းသားသမဂ္ဂ သီချင်းကို မာန်ပါပါဟစ်အော်ခဲ့ကြတာဟာ အရေးတော်ပုံရဲ့မျက်နှာနဲ့ တော်လှန်ရေးသစ္စာသက်သက်ကြောင့်သာ ဖြစ်တယ်။ 

အနယ်နယ်က မတထောင် တကောင်ဘွားတွေ၊ ဆရာ့ဆရာကြီးတွေကြီး လာစုနေပေမယ့် တပ်စုမှူးစကားကို သိုးငယ်တွေလို ကျိုးကျိုးနွံနွံ နားထောင်ပြီး ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ ကိုယ့်တာဝန်ကိုယ်ထမ်းကြတာလည်း အာဏာရှင်စနစ်တိုက်ဖျက်ဖို့ဆိုတဲ့ စိတ်ဓာတ်ကလွဲလို့ မာန်မာနတစိုးတစိမှ မရှိခဲ့ကြဘူး။ ပိုက်ဆံတပြားတချပ်မှမရဘဲ တိုင်းပြည်အတွက် အသက်စွန့်ဝံ့တယ်ဆိုတဲ့စိတ်ဓာတ်မျိုးဟာ ကျနော်တို့အားလုံးရဲ့ ဘဝတလျှောက် အမြင့်မားဆုံး တိုင်းချစ်ပြည်ချစ်စိတ်သက်သက်သာ ဖြစ်တယ်။ တနည်းပြောရရင် အာဏာရှင်စနစ်ကို ရွံမုန်းတိုက်ဖျက်ချင်စိတ်က သွေးကြောတွေထိ ပျံ့နှံ့နေပြီး ရိုးတွင်းချဉ်ဆီအထိ စိမ့်ဝင်နေတယ်။ 

အပြင်အလည်မထွက်ရလို့ မဏိပူရ စစ်တပ် အာဏာပိုင်တွေက ပိတ်ပင်ထားတဲ့ကြားက တောင်အောက်က ရွာလေးဆီခိုးထွက်ပြီး ကသဲ လက်ဖက်ရည် “ကျငန်း”( ကရဝေးရွက်ထည့်ကြိုထားတဲ့ လက်ဖက်ခြောက်နှပ်ရည်ကျဲကျဲထဲ သကြားနည်းနည်းထည့်သောက်တဲ့ မဏိပူရ လက်ဖက်ရည်) ဆိုင်လေးမှာ ထိုင်ကြတယ်။ အိမ်ခြေ နှစ်ဆယ်၊ သုံးဆယ်လောက်သာရှိတဲ့ ကသဲရွာလေးက လက်ဖက်ရည်ကျဲကျဲသောက်ပြီး တက္ကသိုလ်မှာ ထိုင်နေကျ လက်ဖက်ဆိုင်ကို လွမ်းကြ၊ သူငယ်ချင်းတွေကို လွမ်းကြ၊ အိမ်ကို လွမ်းကြ၊ အမေကို လွမ်းကြ ပြီးတော့ ချစ်သူကို တမ်းတကြနဲ့ပေါ့။ အတော်ခံရခက်တဲ့ အိမ်အလွမ်းစိတ်ပါ။ တော်လှန်ရေးလုပ်ဖို့၊ လက်နက်ကိုင်ဖို့လာကြသူတွေက ကသဲလက်နက်ကိုင်စစ်သားတွေ လုံလုံခြုံခြုံစောင့်ကြပ်ပြီး အကျဉ်းစခန်းနဲ့တူတဲ့ ဒုက္ခသည်စခန်းကြီးထဲ နေကြရတဲ့ဘဝကို မကျေနပ်ကြပေမယ့် တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ အသိတခုထဲနဲ့ ဘဝမှာ တခါမှ မရှိခဲ့ဖူးတဲ့ စိတ်ရှည်သည်းခံမှုတွေ မွေးမြူပြီး အောက်သက်သက်နဲ့ ရပ်တည်ခဲ့ကြတယ်။ အပြင်ခိုးထွက်လို့မိသွားတဲ့ ရဲဘော်တွေကို မကြာခဏ လုံခြုံရေးအစောင့်စစ်သားတွေကဖမ်းမိပြီး ပြစ်ဒဏ်ပေးတာ၊ ကြိမ်နဲ့ ရိုက်တာကို မကျေနပ်ပေမယ့် ဒေါသကို အံကြိတ်မြိုချခဲ့ကြတယ်။ 

စိတ်ဆင်းရဲမှု၊ အဟာရချို့တဲ့ ငတ်မွတ်မှု၊ ရာသီဥတုဆိုးပြီး အဝတ်အစား လုံလုံခြုံခြုံ မဝတ်နိုင်ကြပေမယ့် ကျနော်တို့အားလုံး သည်းခံပြီး စောင့်စားနေတဲ့အရာဟာ တခုတည်းရှိတယ်။ အဲဒါက… လက်နက်ပါ။ သေနတ်ပါ။ စစ်ရေး အကူအညီပါ။ ကျနော်တို့ဘာလိုချင်တယ်ဆိုတာလည်း အထက်အရာရှိတွေကတဆင့် အစိုးရနားထဲပေါက်အောင်တမျိုး၊ ကလကတ္တားနဲ့ မဏိပူရအခြေစိုက် မီဒီယာတွေကတဖုံ သတင်းစကားပါးခဲ့ပြီးပြီ။ ဒါပေမယ့် ထူးမခြားနား။ ကြာတော့ စိတ်မရှည်တော့ဘူး။ အဓိပ္ပာယ်မရှိဘဲ အချည်းနှီးဒုက္ခခံ ရပ်တည်နေဖို့ ဒီလူတွေက ခံစားချက်မဲ့တဲ့ စက်ရုပ်တွေမဟုတ်။ ဒီတော့ ကိုယ့်ဆီလက်နက်မလာရင် လက်နက်ရှိရာကိုယ်သွားရမယ်ဆိုတဲ့ သဘောတရားတွေဝင်လာတယ်။ ဒီနေရာဟာ ဗလာပဲ ဆိုတဲ့ အသိတွေဝင်လာတယ်။ အဲဒီအတွေးအခေါ်တွေက ကိုယ့်ကို လုံခြုံရေးအရ တာဝန်ယူစောင့်ရှောက်နေတဲ့ အမှတ်(၈) မဏိပူရ စစ်တပ် အရာရှိတွေနဲ့ ထိပ်တိုက်လာတွေ့ဖို့ အကြောင်းတရားဖြစ်လာတယ်။

နောက်ဆုံး လုံခြုံရေးရဲတွေ ပြစ်ဒဏ်ပေးမှုကိုမကျေနပ်လို့ စခန်းက ရဲဘော်တွေအားလုံး သပိတ်မှောက်ဆန္ဒပြကြတယ်။ ကသဲစစ်တပ်က အထုတ်ကိုယ်စီနဲ့တန်းစီပြီး ထွက်ခွာဖို့ပြင်တဲ့ ရဲဘော်တွေကို တားတယ်။ ဘားတိုက်ထဲပြန်နေဖို့ မေတ္တာရပ်ခံပေမယ့် ကျနော်တို့အားလုံးရဲ့စိတ်ထဲမှာ အမာရွတ်တွေရှိနေကြပြီ။ နောက်ဆုံး ဒီဒုက္ခသည်စခန်းကြီးထဲ မနေတော့ဘူး၊ နယ်စပ်ကိုပို့ဆောင်ပေးဖို့ တောင်းဆိုကြတယ်။ စစ်တပ်အာဏာပိုင်တွေက ညအချိန်မတော် တိတ်တဆိတ် မြန်မာနယ်စပ်ဆီ ကားနဲ့ ပို့လိုက်တယ်။ တချို့ ဗမာပြည်ထဲပြန်ဝင်၊ တချို့က နယ်စပ်မှာပဲ ကုတ်ကပ်နေကြ၊ တချို့ကတော့ မဏိပူရကနေ ချင်းနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ ထွက်ခွာကြ။ အသိုက်တွေပျက်သွားပေမယ့် တော်လှန်ရေးစိတ်ဓာတ်တွေက တစိုးတစိမှ ပျက်ပြယ်သွားကြတာမဟုတ်။ ဒါပေမယ့် မှီခိုစရာနေရာတခုတော့ ပျက်သွားခဲ့တယ်။ 

မိမိအတွက်ရပ်တည်ဖို့ လွတ်မြောက်ရာ နေရာတခုမရှိဘဲ အများပြည်သူလွတ်မြောက်ရေးကို အိပ်မက် မက်နေလို့မရပါ။ ရက်ပေါင်းအတန်ကြာ လုံခြုံရာအရပ်မရှိဘဲ ကျနော်တို့တတွေ တောထဲလှည့်ပတ်ကျက်စားခဲ့ရတယ်။ နောက်ဆုံး နေရာဟောင်းကို ခေါင်းဆောင်မှုအသစ်နဲ့ ပြန်ရောက်သွားတယ်။ တချိန်က ပြည်ချစ်လွတ်မြောက်ရေးတပ်မှူး ဒေါက်တာမန်းမြင့်ဆိုင်က လွင့်စင်သွားတဲ့ ရဲဘော်တွေကို ပြန်လည်ကောက်သင်းကောက် စည်းရုံးခဲ့တယ်။ မူလ အမှတ်(၈) ရိုင်ဖယ်တပ်နယ်မြေထဲမှာဆိုပေမယ့် သီးခြားတောင်ကုန်းတခုမှာ ဘားတိုက်နှစ်ခုဆောက်ပြီး တသီးတခြားနေကြတယ်။ လွတ်လပ်မှုအနည်းအကျဉ်းရှိလာတယ်။ စိတ်ဓာတ်ရေးရာ ပြန်လည်ထူထောင်တယ်။ ကျန်းမာရေးလေ့ကျင့်ခန်းတွေနဲ့အတူ စစ်ရေးလေ့ကျင့်ခန်းတွေ ပြန်လုပ်ကြတယ်။ လူသစ်တချို့ စခန်းထဲရောက်လာတယ်။ 

ဒီကနေ့ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ကိုသံခဲနဲ့ ကိုသံဒုတ်တို့ ညီအကိုလည်း ပြည်တွင်းကနေ ရောက်လာတယ်။ အရင်ကလို မဟုတ်၊ လက်နက်ကိုင်ပြီး စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်နေနိုင်ပြီ။ စစ်သားလက်နက်အစစ်တော့ မဟုတ်၊ သစ်သားလက်နက် အတု။ ဒါပေမယ့် မငြီးမငြူ တစ်က ပြန်စတယ်။ တပ်မတော်က ဗိုလ်မှူးစိုးမြင့်က တပ်မတော်စစ်ပညာတွေ မခြွင်းမချန်သင်ပေးတယ်။ ဆရာမန်းမြင့်ဆိုင်က ပြောက်ကျားစစ်ပညာ သင်ပေးတယ်။ လက်နက်စစ်စစ်မကိုင်ရပေမယ့် ဗိုလ်သင်တန်းအဆင့် စစ်ပညာစစ်စစ်တော့ သင်ကြားခွင့်ရကြတယ်။ လက်နက်အကြောင်းတွေသာမက စစ်ချီ၊ စစ်ဆင်၊ စစ်ထိုး၊ တပ်ဆုတ်၊ တပ်ခွာ၊ စစ်ရေးနည်းဗျူဟာတွေ သင်ကြားခွင့်ရခဲ့ကြတယ်။ တကယ် လက်နက်စစ်စစ် မကိုင်နိုင်တာကလွဲလို့ စစ်သည်တော် ပီပီပြင်ပြင်ဖြစ်လို့။ ယူနီဖောင်းတွေ ဘာတွေနဲ့။ 

ဘယ်လိုပဲ စိတ်ဓာတ်တွေ အရင်းတည်ပြီး ဇွဲကောင်းကောင်းနဲ့ အားထုတ်ကြပေမယ့် နောက်ဆုံးတော့ အိန္ဒိယအစိုးရဆီက ဘာမှမရနိုင်ဘူးဆိုတဲ့ အဖြေပဲ ပြန်ထွက်လာပါတယ်။ အချိန်တွေကုန်ခဲ့တယ်၊ လူငယ်တွေရဲ့ အားမာန်တွေ ကျဆင်းခဲ့တယ်။ ထူးခြားတာက ကိုယ်လိုချင်တာမရကြပေမယ့် စိတ်ဓာတ်နဲ့ ဘဝတွေက လုံးလုံးလျားလျား ကြေမသွားခဲ့ဘူး။ ကျနော်တို့ စခန်းထဲက ရဲဘော်တော်များများ မဏိပူရ အကျဉ်းထောင်ထဲ ရောက်သွားတယ်။ ဒါပေမယ့် တော်လှန်ရေးစိတ်တွေကို ဒုက္ခတွေက မလွှမ်းမိုးဘူး။ စခန်းထဲမှာ ဦးဆောင်မယ့် ခေါင်းဆောင်တွေလည်း မရှိတော့ဘူး။ ပြည်ပ အပြီးအပိုင်ထွက်သွားသူနဲ့၊ ပြည်တွင်းမှာ ဇာတ်မြှုပ်သွားကြသူနဲ့၊ နောက်ဆုံးတော့ ရဲဘော်တွေပဲ ကျန်ရစ်ခဲ့တယ်။ 

လက်နက်ကိုင်ခွင့်မရတဲ့အရပ်မှာ လက်နက်ကိုင်ဖို့ မရေမရတဲ့အချိန်ကာလတွေကို သည်းခံစောင့်စားရတဲ့ စိတ်ဓာတ်မျိုး၊ ခေါင်းဆောင်မဲ့တဲ့ကာလတွေမှာ စိတ်ဓာတ်ဖရိုဖရဲနဲ့ အကာအကွယ်မဲ့တဲ့ဘဝတွေဖြစ်မသွားအောင် တည်ဆောက်ခဲ့ရတဲ့ စိတ်ကြံ့ခိုင်ကို လက်တွေ့မှာလုပ်ဆောင်ဖို့ လွယ်ကူတာတော့မဟုတ်။ အာဏာသိမ်းစစ်အစိုးရက နယ်စပ်ကြိုဆိုရေးစခန်းတွေဖွင့်ပြီး ဖိတ်ခေါ်နေတာကို မိမိယုံကြည်ချက်မစွန့်ဘဲ အသားလွတ် ဒုက္ခကို ရင်ကော့ခံ အံတုရတဲ့စိတ်ဓာတ်မျိုးပါ။ နောက်ဆုံး ကိုယ့်ဖာသာကိုယ် တာဝန်ယူပြီး ကိုယ်တိုင်ရှင်သန်ဖို့ ကြိုးစားကြရတယ်၊ ထူထောင်ကြရတယ်။ ကိုယ့်အရည်အသွေး ကိုယ်မြှင့်ယူရတယ်။ တချို့ရဲဘော်တွေက လက်နက်ရှိတဲ့ ကချင်ဘက်နဲ့၊ ထိုင်းနယ်စပ်ဘက်ရောက်သွားတယ်။ တချို့က နယူးဒေလီကို ချီတက်သွားတယ်။ တချို့က လွတ်မြောက်ရာနယ်မြေတခုအဖြစ် ဆုတ်ကိုင်ထားတယ်။ 

မဇ္ဈိမကား 
အားမွေးရာတည့်... 
မဇ္ဈိမကား 
တရားနွှေးရာတည့်... 
မဇ္ဈိမကား 
ဓားသွေးရာတည့်...။ 

(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ) 

ရှာဖွေသူတွေအဖို့ လမ်းဆုံးတခုကိုရောက်တော့ လမ်းသစ်တခုကိုပြန်တွေ့တယ်။ ကျနော်တို့ရဲဘော်တချို့ မဏိပူရထောင်ထဲမှာ လပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် နယူးဒေလီမြို့မှာ ဆက်လက်ရှင်သန်ဖို့ဖြစ်လာတယ်။ UNHCR (ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်အဖြင့် အသိအမှတ်ပြုခံရမှုဟာ ရပ်တည်ဖို့ အခြေအနေအခွင့်အရေးတခုပါ။ လအနည်းငယ် ကြုံရာကျဘမ်း အလုပ်ကြမ်းတွေလုပ်ပြီး ဝမ်းစာကို တဖက်က ရှာကြတယ်။ နောက်တော့ လက်တွေ့ကျတဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းကြောင်းကို လျှောက်ဖို့ဖြစ်လာတယ်။ 

အနောက်ဘက်ဒေသမှာ နိုင်ငံရေးအရ ထိုးဖောက်ဖို့ ကျောင်းသားအဖွဲ့အစည်းကို စနစ်တကျ ထူထောင်ကြတယ်။ နယ်စပ်က ရဲဘော်တွေနဲ့ ပူးပေါင်းလှုပ်ရှားတယ်။ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွေ၊ သံတမန်လောကကြား ထိုးဖောက်လှုပ်ရှားမှုတွေ၊ ပန်းချီပြပွဲ၊ အနုပညာပြပွဲတွေ တဖက်ကလုပ်သလို၊ အိန္ဒိယက သံတမန်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲတွေ၊ မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယအစိုးရ အပါအဝင် နိုင်ငံတကာ အားပေးထောက်ခံမှုတွေရအောင် လမ်းဖောက်နိုင်ခဲ့တယ်။ အိန္ဒိယရောက် မြန်မာကျောင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာသိအောင် အရှိန်မြှင့်လုပ်နိုင်ခဲ့တယ်။ 

ထုံးစံအတိုင်း အရှိန်လေးလည်းလေးရလာရော ငွေထုတ်ပိုက်ပြီး အပေါ်စည်းကခွထိုင်မယ့် နိုင်ငံရေးစားဖားတွေ အဝေးကနေ ရောက်လာတယ်။ အခွင့်ရေးသမားတွေ၊ ခါတော်မှီ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး ငါးပွက်ရာ ငါးစာချတဲ့ လှုပ်ရှားမှုတွေလုပ်ကြတယ်။ အစောဆုံး အနစ်နာခံ လမ်းဖောက်ပြီး အငတ်ငတ်အပြတ်ပြတ် လှုပ်ရှားခဲ့သူတွေရဲ့ကဏ္ဍတွေကို ပြစ်ပယ်ပြီး ငွေနဲ့ ရွေးကောက်တဲ့ အင်ဂျီအို နိုင်ငံရေးယဉ်ကျေးမှုက အရှိန်သြဇာ ကြီးသွားတယ်။ တချိန်က ကိုယ့်ထမင်းကိုယ်စား ဘတ်စ်ကားစီးပြီး နိုင်ငံရေးလှုပ်ရှားသူရဲ့ ခွပ်ဒေါင်းအလံကို ပျက်ရယ်ပြုပြီး အင်ဂျီအိုအလံတွေ တလူလူလွှင့်လာတယ်။ လူနှစ်ယောက်တပိုင်းနဲ့ နာမည်ခံ အဖွဲ့အစည်းတွေ မှိုလိုပေါက်လာတယ်။ အခွင့်ရေးသမားတွေ တောထလာသလို နာမည်ခံ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အယောင်ပြ သင်တန်းတွေ၊ ဟန်ဆောင် လူ့အခွင့်အရေးပညာပေးတွေ လှိုင်လှိုင်ကြီးလုပ်လာတယ်။ 

တကယ့် ပြည်တွင်းထိုးဖောက် စည်းရုံးလှုပ်ရှားရမယ့် နိုင်ငံရေးကိုမျက်ခြေဖြတ်ပြီး အပေါ်ယံ အကျိုးစီးပွားရှာ အမည်ခံ နိုင်ငံရေး လှိုင်းစီးပြီး မိန်းမောခဲ့ကြတယ်။ လက်တွေ့မကျတဲ့၊ အနှစ်သာရကင်းမဲ့တဲ့ ရေပေါ်ဆီနိုင်ငံရေးတွေကို အလုအယက် တွန်းတိုက် ခွဲတမ်းချလုပ်ခဲ့ကြတယ်။ ခွပ်ဒေါင်းတွေကို ရောင်းစားခဲ့တယ်။ လက်ငင်းအာဏာရှင်စနစ် တိုက်ဖျက်ရေးလမ်းစဉ်ကို အတွင်းလူတွေနဲ့ ပူးပေါင်း အကောင်အထည်ဖော်ရမယ့်အစား၊ လိင်တူခြင်းချစ်ခွင့်တွေ၊ အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်ပါဝင်ရေးဆိုတဲ့ မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ ပေါ်လစီတွေကို NGO တွေက ဘေးတီးပေးတယ်။ 

(ဒီကနေ့ပြည်တွင်းမှ ဖြစ်နေတဲ့ NGO နိုင်ငံရေးယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ပြည်ပမှာ ကွန့်မြူးခဲ့တယ်) ခွပ်ဒေါင်းအရောင်တွေ မှိန်မှေးခဲ့တယ်။ အတူတူငတ်ခဲ့တုန်းက ညီညွတ်ခဲ့ကြပေမယ့် ငွေထုတ်ကိုင် အင်ဂျီအိုတွေဝင်လာတော့ စိတ်ဓာတ်တွေ ပြိုယိုင်သွားခဲ့ကြတယ်။ အရင်က အရက်မသောက်ဖူးတဲ့ အမျိုးသမီးတွေတောင် ဘီယာကြိုက်တတ်သွားတယ်။ သားသမီးရင်သွေးတွေက အစည်းအဝေးလုပ်တမ်းဆော့ပြီး အရက်သောက်ခန်းပါ ထည့်သွင်းကစားကြတယ်။ ခွပ်ဒေါင်းတွေ အနစ်နာခံလှုပ်ရှားခဲ့တဲ့ တော်လှန်ရေးမှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား အခွင့်အရေးရှာ သူဖုန်းစားတွေနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းကြရတယ်။ 


အားမာန်လျှံဖြိုး 
အသိတိုးချိန် 
အိမ်ပြန်အောင်ပွဲ၊ မုချနွှဲမည် 
မဇ္ဈိမရဲ့ ခရီးသည်...။ 

(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ) 

“တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်”ဆိုတဲ့ ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ တာဝေးအပြေးသမားသီချင်းလေးကို စာဖတ်သူတချို့ ကြားဖူးလိမ့်မယ်ထင်တယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ တာဝေပြေးလမ်းတခုပေါ်ရောက်နေပါတယ်။ အောင်မြင်သူတွေ၊ ဓနဥစ္စာကြွယ်ဝသူတွေဟာ အခိုက်အတန့်တော့ ခွန်အားပြည့်နေပါလိမ့်မယ်။ သူတို့ဟာ တာတိုခရီးတော့ ပြေးနိုင်မှာပါ။ တပွဲတိုး ပညာရှင်တွေ၊ အရေးတော်ပုံမင်းသားတွေ၊ ပူးစား ပေါင်းစား နိုင်ငံရေးသမားတွေရဲ့သက်တမ်းကတော့ အားကြီးသူတွေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မှီတည်နေမှာပါ။ တကယ့် ထိရောက်တဲ့ အပြောင်းအလဲကို စိတ်ဓာတ်ခိုင်မာမှုနဲ့သာ ဦးဆောင်နိုင်ပါတယ်။ ခရီးကြာလာတာနဲ့ စိတ်ဓာတ်ရေးရာ ရင့်ကျက်ခိုင်မာမှုက ပိုအရေးပါလာတယ်။ 

၈၈ ခွပ်ဒေါင်းတွေဟာ အဖန်ဖန်မီးထဲကျပေမယ့် လောင်ကျွမ်းမသွားဘဲ လတ်ဆတ် ပျိုမြစ်တဲ့ ဖီးနစ်ငှက်တွေလို ဖြစ်နေတယ်။ ကျနော်တို့ရဲ့ ပျော်စရာကောင်းရမယ့် လူငယ်ဘဝတွေကို အရွယ်နဲ့မမျှတဲ့ ဒဏ်ရာဒဏ်ချက်တွေပွေ့ပိုက်ပြီး ခရီးဆက်လာရတာဖြစ်တယ်။ ဒီအတွက် ကျနော်တို့ ရလိုက်တာက ခံနိုင်ရည်စွမ်းအားအပြည့်နဲ့ ရင့်ကျက်တဲ့စိတ်ဓာတ်တွေသာ ဖြစ်တယ်။ 

၂၅ နှစ်ကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့မှာ စည်းစိမ်ဥစ္စာလည်းမရှိ၊ မြေယာ အိုးအိမ်လည်းမပိုင်၊ ဘွဲ့လွန်ပညာတွေလည်း မတတ်ကြပါ။ ကျနော်တို့ပိုင်ဆိုင်တာ ကျနော်အားလုံး တနေ့ထက်တနေ့ ပိုပြီးချစ်လာတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ တော်လှန်ရေးရဲ့ ရင့်ကျက်တဲ့ ဒဏ်ရာဒဏ်ချက်တွေသာ ဖြစ်တယ်။ ဒီထက်ပိုပြီး ဘာမှ မပိုင်ဆိုင်ခဲ့ကြပါ။ ဒီအရာတွေထက်ပိုမိုပြီးလည်း ဘာမှ ထူးထူးခြားခြား မပိုင်ဆိုင်ချင်ပါ။ စိတ်ဓာတ်အားမာန်နဲ့ ရင့်ကျက်တည်ငြိမ်မှု ဒိုင်းလွှားကိုကိုင်စွဲပြီးသာ တာဝေးခရီးပြင်း ဆက်နှင်ကြအုံးမှာပါ...။ 

ကိုညို (အော်စလို) 
၂၀ အောက်တိုဘာ၊ ၂၀၁၃။ 

(ABSDF ကျောင်းသားတပ်မတော် ၂၅ နှစ်ပြည့် ငွေရတုဂျာနယ်အတွက် ပေးပို့ထားတဲ့ ဆောင်းပါး)


 

No comments: