တံဆိပ်လှလှလေးပြောင်းထားတဲ့
ဆည်းဆာအဟောင်းကြီးကို
ရေမတောင်းဘဲ မော့သောက်နေရတယ်။
ဈေးကွက်စီးပွားရေးခေတ်ထဲ
အောက်ဆီဂျင်ဟာ
ငွေတွေကြေးတွေနဲ့ ညစ်ပတ်နေပေါ့။
ပြက္ခဒိန်ထဲမှာတော့
ခွေးကဟောင်နေလိုက်တာ
ဘဝထဲမိုးခေါင်နေရဲ။
သွားစမ်းပါ
အိပ်ပျော်နေတုန်းမက်တဲ့
အိပ်မက်တွေအကြောင်း
ကျနော့်လာမပြောနဲ့
ကျနော့်မှာ
မအိပ်ခင်မက်တဲ့ အိပ်မက်တွေရှိတယ်
လေပြေထဲ ဝှက်ထားတာပေါ့။
မုန်တိုင်းကို ရိတ်သိမ်းပြီးရင်း
ကျနော့်အိပ်မက်တွေ လှလှပပပွင့်မယ်။
အနာဂတ် မနိုင်မနင်းနဲ့
ဘွတ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
ခြေထောက်တွေကို မုန်းတယ်။
လရောင် ရိုးတိုးရိတ်တိတ်မှာ
ခိုးအိပ်နေတဲ့သူတွေကို မုန်းတယ်။
အစအဆုံး
စကားလုံးအသေးတွေ ဖြန့်ကြဲ
စာရွက်ပေါ်က ဆဲသံတွေကို
မုန်းတယ်။
တချို့က (ဆွေမျိုးသားချင်း အပါအဝင်)
ကျနော့်လည်ပင်း
လက်ကောက်ဝတ်နဲ့
လက်ချောင်းတွေမှာ
ရွှေမထွက်လို့တဲ့ စိတ်ပျက်နေကြတယ်။
ကျနော် စဉ်းစားပါတယ်
အဲဒီပစ္စည်းတွေက
ကျနော့်သွေးခုန်နှုန်းကို
လေးလံထိုင်းမှိုင်းသွားနိုင်တယ်လေ။
ကျနော် ပြောချင်ပါတယ်
အဟောင်းအမြင်းတွေကို
ခေါင်းရင်းကနေ စွန့်ပစ်လိုက်ဖို့
သူတို့က (ဆွေမျိုးသားချင်း အပါအဝင်)
ချစ်လို့ပါတဲ့။
ဘယ်နှယ်
ချစ်ရင်
ရင်ဘတ်ပေါ်ပစ်တင်ရဲရမှာပေါ့
ဟုတ်ဘူးလား။
ကဗျာဆရာဆိုတာ
သမိုင်းရဲ့ထုတ်ကုန်
လူမှုဗေဒ ရောင်စုံအရုပ်
ရင်ဘတ်ကိုပုတ်ရင်
ပန်းတွေ အဆုပ်လိုက် ထပွင့်တတ်တယ်။
ကိုယ်စောင့်နတ်မှာ
ခြင်္သေ့ရှိတယ်။
ဝမ်းနည်းပါတယ်ဗျာ
ကျနော့်ခြင်္သေ့က
အခွင့်အရေးနဲ့ ငွေကြေးကို
လျှာနဲ့ ယက်မပေးတတ်ဘူးလေ။
အစာအိမ်ထဲ
အမှားတွေ ပစ်ချခဲ့ဖူးပါတယ်။
ညတွေ ထူထပ်တဲ့ တောအုပ်ထဲ
တောင်ပို့တွေကို ခလုတ်တိုက်ဖူးတယ်။
ဘုံဆိုင်ရာသီဥတု
လူမှုဗေဒတိမ်သားထူထူအောက်မှာ
ဆရာဝန်ပေးစာ ကောက်ရခဲ့ဖူးတယ်။
ပထမမိန်းမက
နံရိုးကို အရောင်ဆိုးသွားရဲ့
ပြဇာတ်ထဲကသေနတ်နဲ့
ကျနော့်ကို ပစ်သွားတာ
ဒုတိယမိန်းမပေါ့။
အချစ်နဲ့ပတ်သတ်ရင်
နောက်ဆုတ်ရန်ချန်ထားတဲ့ တံတားပေါ်
ကျနော်ပြန်လျှောက်ခဲ့ရတာချည်းပဲ။
လူတစ်ယောက်ဟာ
သူ့နှလုံးသားရဲ့ စားကျက်မြေကို
သန့်ရှင်းလွတ်လပ်စေချင်တယ်။
သစ္စာတရားနဲ့
လူသားအတွေးအမြင်တွေ
သူ့ကြမ္မာပေါ်လင်းလက်နိုင်ဖို့
သူ့ထွန်ယက်စိုက်ပျိုးမှုနဲ့
အသီးအပွင့်တွေကို
ယဉ်ကျေးမှုမြင့်မြင့်မားမား
လက်ဆင့်ကမ်းသွားနိုင်ဖို့
လူသားဆိုတဲ့ အမှတ်တံဆိပ်ကို
ရင်ဘတ်မှာ ခပ်နှိပ်ထားပြီးသားပေါ့။
ဒီမယ် ...
စကားလုံးတွေနဲ့ စည်းရိုးမခတ်နဲ့
အဲဒါ
ဦးနှောက်ကို ပစ်သတ်လိုက်တာနဲ့ အတူတူပဲ။
ကျနော်က
လေညင်းကလေးရဲ့
ဥတုသုံးပါးခရီးစဉ်ကို ချစ်တယ်။
ကြယ်ဝင်စားခံရတဲ့
စံပယ်ပွင့်ကလေးတွေကို ချစ်တယ်။
မေမေ့ကိုချစ်တယ်။
ပုခက်ကြိုးလေးကို မြတ်နိုးတယ်။
မြင့်မြင့်လှိုင်ကို ချစ်တယ်။
မြွေတစ်ကောင်ရဲ့
ဆာလောင်မှုကနေ
ပေါက်ပင်တွေ ကိုင်းသွားရတဲ့အဖြစ်ကို
ကြာတော့ စိတ်ညစ်လာတယ်။
ဟင့်အင်း ...
စာရွက်တွေ ပြန်မလှန်ပါနဲ့
မုန်တိုင်းထိုးအန်ပစ်လိုက်မယ်။
အရုဏ်ဦးဟာ
နှင်းဆီတစ်ထောင်ခူးလို့
အငွေ့တိမ်တွေအပေါ် ပစ်တင်နေပေါ့။
အဝေးဆုံးပျံသန်းနိုင်ပြီး
အစောဆုံးတေးဆိုတဲ့ငှက်ဟာ
ကဗျာဆရာပေါ့ မေမေ။
သူ့နှလုံးသားဟာ
အခန်းထောင့်မှာ
ကြောင်တစ်ကောင်လို ခွေအိပ်ဖို့
သေနတ်တွေကို ချော့သိပ်နိုင်ခဲ့တယ်။
ဒါပေမယ့်
ဘုရားသခင်လက်ခံထားတဲ့
လူသားဘဝနဲ့ အခွင့်အရေးကို
ညစ်ထေးအောင်လုပ်ရင်တော့
မုန်တိုင်းတွေနဲ့ ဆေးကြောပစ်တတ်တယ်
ကျနော် ကဗျာဆရာပါ မေမေ
လူသားနဲ့ သူတို့နေထိုင်ရာကမ္ဘာကြီးရဲ့
မဟာဘုတ်ကို ကုသဖို့
သိုးလို
ငုံးလို
သမိုင်းပညာရှင်တွေ မလိုချင်ဘူး။
ခြံစည်းရိုးအောက်မှာ
အပေါက်ဖောက်ထားတဲ့
တယောဆရာတွေ မလိုချင်ဘူး။
မျက်ကန်းနောက်လိုက်တွေ မသုံးချင်ဘူး။
ခါးတောာင်းကျိုက်ပြီး
ထိုးကွင်းတွေ ပုတ်ပြမနေနဲ့
မလိုချင်ဘူး
တွေ့လား
ပထမဆုံး နောက်ကျနေတဲ့ရထားဟာ
နွေဦးပေါ့။
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တောင်းယူခဲ့ရတာချည်းပဲ။
ကျုပ်တို့ရဲ့ခြေလှမ်းကို
ခေတ်ပြိုင်အသံလှိုင်းတွေနဲ့
တိုင်းတာရမယ်။
လူထုက ဘာတွေလိုချင်သလဲဆိုတာထက်
လူထုကို ဘာတွေပေးရမလဲဆိုတဲ့ နှလုံးသားကို
ရင်ဘတ်ထဲ ထည့်ထားဖို့ပဲလိုတယ်။
သုံးဆယ့်တစ်နှစ်သားလေး
သူ့ကောင်းကင်
သူ့မြေကြီးကို လွမ်းပြဖို့
သူ့ဘဝပေါ်က
အမာရွတ်တွေကို ပွတ်သပ်နေမိတယ်။
ဘဝကို တိုက်ပွဲဝင်ဖို့ဆိုရင်
တိုက်ပွဲနဲ့တူတဲ့ ဘဝတခုတော့
ပိုင်ဆိုင်ရမှာပေါ့လေ။
လူဟာ
အသက်ကြီးလာလေလေ
မေးခွန်းတွေ ရှာတွေ့လေလေပဲမဟုတ်လား။
အင်း ...
လွှင့်ပစ်လိုက်တာပဲကောင်းတယ်။
ဆေးပေါ့လိပ်ကလေးက
အမေးအမြန်းတွေ ထူလို့။ ။
နေဇော်နိုင်
(ဒေါင်းအိုးဝေ ဂျာနယ် – ၂၀၀၀)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment