ဦးကျော်ဇံသာ ။ ။ ကိုဇော်ဝင်းလှိုင် ဒီတိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ပဏာမ ဆွေးနွေးလာကြတယ်။ အခု အစိုးရဘက်နဲ့တွေ့တယ်။ ဒီဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလာကြတယ်။ ဒီကိစ္စတွေကို ဘယ်လိုမြင်သလဲ။ အောင်မြင်တဲ့ ရလဒ်တစုံတရာ ရရှိခဲ့တဲ့ဆွေးနွေးပွဲလို့ ထင်ပါသလား။
ကိုဇော်ဝင်းလှိုင် ။ ။ မြစ်ကြီးနားဆွေးနွေးပွဲသက်သက် တခုထဲကိုပဲကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ရလဒ်ကောင်းတခုထွက်တယ်လို့ ကျနော်တို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ ဒီပူးတွဲကြေညာချက်ဆိုတာ ထွက်လာပေမယ့်လည်း ဒီကြေညာချက်ထဲမှာပါတဲ့ အချက်တွေဟာ အရင်က ကျနော်တို့ သိထားတဲ့အချက်တွေပဲ ဖြစ်နေတယ်။ ဥပမာ သူတို့ကြေညာချက်ထဲမှာ အချက် ၆ ခုကို ဖော်ပြထားပေမယ့်လဲ၊ အဓိက ပွိုင့် ၃ ခုကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် သူတို့ မူဘောင်ချမှတ်ရေး၊ အဲဒီနောက်ကမှ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားရေး ဆိုတာတွေဟာ ဒီအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားထဲမှာ ဆွေးနွေးတာ တလျှောက်လုံးမှာ ဒီကိစ္စတွေဟာ ပြောလာကြတာဖြစ်တဲ့အတွက် ဒီကနေ့ မြစ်ကြီးနားမှာ အဆုံးသတ်သွားတဲ့ ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက် ထူးထူးခြားခြား တစုံတရာပြနိုင်တဲ့ ဆွေးနွေးပွဲလို့တော့ ပြောလို့မရဘူး။
ဦးကျော်ဇံသာ ။ ။ ဦးလှမောင်ရွှေ ခင်ဗျာ။ အခု တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ရတဲ့ မြစ်ကြီးနားဆွေးနွေးပွဲ အခုလောလောဆယ် ပြီးသွားတဲ့ဆွေးနွေးပွဲဟာ ဦးလှမောင်ရွှေတို့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုတွေ ရလဒ်ကောင်းတွေ ပေါ်ထွက်ခဲ့တယ်လို့ ဆိုနိုင်ပါသလား။
ဦးလှမောင်ရွှေ ။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ ဦးကျော်ဇံသာ ရေ။ ကျနော်တို့ဘက်ကလည်း ဒါကို နှစ်ပိုင်းပြန်ပြီးတော့ တင်ပြလိုပါတယ်။ ပထမတပိုင်းကတော့ ၆၅ နှစ်ကြာခဲ့ပြီးဖြစ်တဲ့ လွတ်လပ်ရေးသမိုင်းမှာ ပဋိပက္ခတွေလည်း ကျနော်တို့ ရှိခဲ့တယ်။ ဒီပဋိပက္ခတွေကိုလည်း ရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီနေ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ပြည်ထောင်စုရဲ့ တာဝန်ရှိတဲ့လူတွေ စပြီးတော့ ဆွေးနွေးနိုင်တာတော့ မရှိခဲ့ဘူးလို့ပဲ ကျနော်အနေနဲ့ နားလည်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့ကို ၂ နှစ်လောက်အချိန်ယူပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ လုပ်ငန်းကော်မတီတွေကနေပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဟာ ပထမဦးဆုံးအဆင့်ကတော့ ကျနော်တို့ တွေ့နိုင်တာ အခြေအနေကောင်းလို့ ကျနော်တို့ဘက်က ပြန်ပြီးတော့ တင်ပြလိုပါတယ်။ ဒုတိယအပိုင်းကတော့ တဖွဲ့ချင်းတဖွဲ့ချင်းကိုတောင်မှ ကျနော်တို့ဟာ နှစ်နဲ့ချီပြီးတော့ ကြိုးစားခဲ့ရတဲ့အတွက် ၁၆ ဖွဲ့ ၁၇ ဖွဲ့ တွဲပြီးတော့တွေ့တာမှာ တရက်နှစ်ရက်ထဲနဲ့တော့ အားလုံး အမြန်လိုချင်ကြတာလည်း ကျနော် နားလည်ပါတယ်၊ ချက်ချင်းကြီးတော့ အားလုံးတော့ ရလဒ်တော့ မရဘူး။ ဒါပေမယ့် အခြေအနေကောင်းတွေရှိတာကိုတော့ သေချာတယ်လို့ ကျနော်အနေနဲ့တော့ ဆိုချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေကို ချမှတ်မယ်။ နိုင်ငံရေးတွေ့ဆုံပွဲများ ကျင်းပမယ်ဆိုတဲ့ အဆင့် ၃ ဆင့်ကို ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီသဘောတူညီချက်ကတော့ အရင်တုန်းကလည်း မကြာခဏ ကြားနေရပြီသား သဘောတူညီချက်လို့ ကျနော် ထင်ပါတယ်။ အခုကတော့ ဒီအစည်းအဝေးအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် နှစ်ဖက်ကိုယ်စားလှယ်များ ကျေနပ်အားရမှုရှိပြီဆိုတာကလွဲပြီးတော့ အသစ်အဆန်း သဘောတူညီချက် ဘာများရသလဲဆိုတာ သိခွင့်ရှိရင် သိပါရစေ။
ဦးလှမောင်ရွှေ ။ ။ ငြိမ်းချမ်းရေး ကျနော်တို့ တကယ်ရဖို့ဆိုတာက နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့လိုပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေရဖို့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ပါပဲ။ အဓိက ရည်မှန်းချက်ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ အဖြေထုတ်ဖော်ဖို့ပါပဲ။ ဒီနေရာကို ရောက်ဖို့အတွက် အပစ်အခတ်ရပ်စဲရမယ်။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေ ချရမယ်ဆိုတာကို အားလုံးကတော့ ဒီနေ့ နှစ်ဖက်လုံးကတော့ အပြည့်အဝ သဘောတူတယ်လို့ ကျနော်တို့အနေနဲ့ မှတ်ယူပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုတာကိုတော့ အားလုံးသဘောတူပေမယ့် ဘယ်လိုသွားကြမလဲဆိုတာကိုတော့ တဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးတာတမျိုးဖြစ်မယ်။ နောက်တဖွဲ့နဲ့ ဆွေးနွေးတာတမျိုးဖြစ်မယ်။ တချို့အဖွဲ့တွေကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု Political Dialogue က လုပ်လိုက်ရင် ကျန်တာ သူဘာသာသူပြီးမယ်လို့ပြောပေမယ့် ဒီနေ့ကတော့ ခုနတုန်းက ကျနော်တို့ဆိုခဲ့တဲ့ နိုင်ငံရေး သဘောတူညီချက်တွေရဖို့အတွက် ဒီအဆင့် (၃) ဆင့်ကိုတော့ အားလုံးသွားရမယ်ဆိုတာတော့ အားလုံးသဘောတူတာလည်း ကျနော်တို့အတွက်တော့ ပိုကောင်းတဲ့ ကျနော်တို့ ဘုံသဘောတူညီချက်တခု ရတယ်ဆိုတဲ့သဘောကို ကျနော်တို့တော့ ပြောတဲ့သဘောပါပဲ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် တည့်တည့်မေးရရင် အပစ်အခတ်ရပ်စဲရေးဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးအောင်မြင်ရင် အလိုလိုဖြစ်လာမယ်လို့ ပြောခဲ့တဲ့ KIO-KIA ဘက်ကကော ဒီတချိန်မှာ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်မယ်ဆိုတာကို သဘောတူပါသလား။
ဦးလှမောင်ရွှေ ။ ။ အခုကတော့ ကျနော်တို့ ဒီ ၁၆ ဖွဲ့လုံးက သဘောတူလို့ ဒီနေ့ ကျနော်တို့ ကြေညာချက်ကို ထုတ်နိုင်တာဖြစ်ပါတယ်။ အားလုံးကတော့ ခုနတုန်းက အပစ်အခတ်ရပ်မယ် နိုင်ငံရေးမူဘောင်သွားမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုတဲ့မူကိုတော့ အားလုံးသဘောတူတယ်လို့ ကျနော်တို့အနေနဲ့ကတော့ မှတ်ယူပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော် အဲဒီဟာကို ဆက်ပြီးတော့မမေးခင်မှာ တခုက အဲဒီဆွေးနွေးပွဲက တိုင်းရင်းသားတွေဘက်က ဘယ်လောက်ထိ ဆွေးနွေးပွဲက ထွက်လာမယ့် မြစ်ကြီးနားဆွေးနွေးပွဲက ဘယ်လောက်ထိကောင်းတဲ့ ရလဒ်ထွက်လာမယ်လို့ တိုင်းရင်းသားတွေဘက်က မျှော်လင့်ထားပါသလဲ။ ကိုဇော်ဝင်းလှိုင်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာခဏတွေ့ရတာ အဲဒီမှာ ဆိုတော့။
ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့။ သူတို့ ဒီဆွေးနွေးပွဲကို မစခင်မှာ လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါး နှစ်ဖွဲ့ကလွဲလို့ပေါ့၊ သူတို့ တွေ့ဆုံပြီးတော့ သဘောတူညီချက်တခု သူတို့အချင်းချင်းရအောင် သူတို့ လုပ်ယူနိုင်ခဲ့ကြတယ်။ တော်တော်လေးလည်း အချိန်ယူပြီးတော့ သူတို့ အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်။ သို့သော်လည်း အဲဒီဆွေးနွေးပွဲကနေ ရလာတဲ့ရလဒ်ကို အစိုးရဘက်ကိုတင်ပြတဲ့နေရာမှာ သူတို့နဲ့ ကျနော် စကားပြောကြည့်ပြီးတော့ တယောက်ချင်းစီနဲ့ စကားပြောကြည့်ပြီးသိလာရတော့ သူတို့ဘက်ကတော့ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုတာ သူတို့ဘက်က နဂိုကတည်းက မျှော်လင့်မထားဘူး။ ကျနော်သိတာကတော့ သူတို့ပြောပုံအရဆိုရင်တော့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲမှာ သူတို့အနေနဲ့ သူတို့ ကြိုတွက်ထားတယ်။ အစိုးရဘက်ကို သူတို့ဘက်ကချလာတဲ့ ဆုံးဖြတ်ချက်ကို သူတို့ တင်ပြမယ်။ နောက်ပြီးတော့ အစိုးရဘက်က တင်ပြလာတာကို သူတို့ ပြန်ယူမယ်။ အဲဒီ အဆင့်လောက်ပဲ သူတို့ကလည်း မျှော်လင့်ပြီးတော့ လာတာပဲ။ အဲဒီအတိုင်းလည်း ဖြစ်သွားတာပါပဲ တကယ်တော့ ပြောရမယ်ဆိုရင်တော့။ နောက် နိုင်ငံတကာကနေပြီးတော့ လေ့လာသူတွေအဖြစ် ရောက်လာကြတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar၊ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် သူတို့ကိုလည်း ကျနော် မေးကြည့်တဲ့အခါမှာ သူတို့ကလည်း ကောင်းတဲ့ခြေလှမ်းတရပ် ဖြစ်တယ်ဆိုပြီး သူတို့က အသံညီညီပဲ သုံးသပ်ကြတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေဘက်က လိုင်ဇာမှာ ဆွေးနွေးပြီး ထုတ်ပြန်ခဲ့တဲ့အထဲမှာ အချက်နံပါတ် ၃ ထုတ်ပြန်ချက်၊ နံပါတ် ၃ က ဘာရေးထားလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကိစ္စတွေ၊ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းဖို့ သူတို့လုပ်နေကြတဲ့ ဆောင်ရွက်နေကြတဲ့အချိန်မှာပဲ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ Conference က အလေးအနက် သုံးသပ်ခဲ့တာ နံပါတ် ၃ မှာကို ဖော်ပြထားတယ်ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုဇော်ဝင်းလှိုင်တို့ တပ်မတော်က တာဝန်ရှိသူတွေကို မေးတာလည်းကြားပါတယ်။ သူတို့ရဲ့သဘောထားက ဒီဟာကို ငြင်းသလား အဲဒီတော့။
ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်တယ်ဗျ။ ဒီဆွေးနွေးပွဲကို တက်လာတဲ့ တပ်မတော်က လူတွေထဲမှာ တာဝန်အရှိဆုံးလို့ ပြောလို့ရနိုင်တဲ့ ကာကွယ်ရေးဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကို ကျနော် မေးကြည့်ပါတယ်။ အခု ဒီလိုမျိုးဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန်မှာကိုပဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဗန်းမော်ဘက်မှာ ဖြစ်တယ်။ မန်စီမှာဖြစ်တယ်လို့ ကျနော် နာမည်တပ်ပြီးတော့ မေးပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြန်ဖြေတာကတော့ ဒီလို တိုက်ပွဲတွေဖြစ်တာ မဟုတ်ဘူး။ တခြားကိစ္စတွေကြောင့်ဖြစ်တယ်ဆိုတာမျိုး သူက လှည့်ပတ်ပြီးတော့ ပြောတာရှိပါတယ်။ ဆိုတော့ တပ်မတော်ရဲ့သဘောထားကို ကြည့်ရတာကတော့ အခုဖြစ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ်မှာ သူတို့အနေနဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ ကန့်ကွယ်တာ မဟုတ်ပေမယ့်လည်း ဖြစ်နေတဲ့ဖြစ်စဉ်ကို သူတို့အနေနဲ့ သိပ်သဘောအကျကြီး မဟုတ်ဘူးဆိုတာတော့ ကျနော် ရိပ်ဖမ်းသံဖမ်း ခန့်မှန်းလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးလှမောင်ရွှေ ခင်ဗျာ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ကကော ဒီဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေဘက်က ဘာများ ပြန်လည်ဖြေကြားခဲ့ပါသလဲ။
ဦးလှမောင်ရွှေ ။ ။ ကျနော်တို့ ဒီဆွေးနွေးတာ နှစ်ရက်အတာမှာတော့ အသေးစိတ်တော့ ဒီအချက်ကိုတော့ ကျနော်တို့ ဆွေးနွေးနိုင်တာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီနေရာမှာတော့ အဖွဲ့တဖွဲ့ချင်းပေါ်မှာ မူတည်ပြီးတော့ ယုံကြည်မှုတွေရှိတဲ့ဟာလည်း ရှိနိုင်ပါတယ်။ ဒါကိုဆက်ပြီးတော့ တခြားအဖွဲ့တွေနဲ့လည်း ယုံကြည်မှု ဆက်ပြီးတော့ တည်ဆောက်ပြီးတော့ ဒီပစ်ခတ်မှုတွေ ပဋိပက္ခတွေကို လျော့ချအောင်လုပ်ဖို့ဆိုတာကိုတော့ အဖွဲ့တိုင်းနဲ့တော့ ဒါ ကျနော်တို့ ဘေးမှာလည်း အလွတ်သဘောပြောတာကော ကျနော်တို့အတူတူ လက်ဖက်ရည်သောက်တယ်၊ ထမင်းစားတယ် အတူတူဆွေးနွေးနေတာတော့ ပိုပြီးတော့ ယုံကြည်မှုတွေ ဒါ အများကြီးရလာတဲ့အတွက် အရှေ့မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ နှစ်ဖက်လုံးမှာလည်း ကျနော်တို့ ဒါ ပိုပြီး ဂရုစိုက်ရမယ့်ကိစ္စရှိပါတယ်။ ကျနော်အနေနှင့် တခုတည်း ထောက်ပြလိုတာက ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခမှာ KNU ကရင်အမျိုးသားစည်းလုံးရေးဆိုရင် သူတို့ရဲ့ တော်လှန်ရေးဟာ ၆၂ နှစ်ကြာမှ ဒီအပစ်အခတ်ရပ်စဲမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု သူတို့တည်ရှိနေတဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ပြည်နယ်နှစ်ခုနှင့် တိုင်းနှစ်ခုမှာ တပ်တွေရှိပေမယ့် ပစ်ခတ်တိုက်ခိုက်မှု လုံးဝ မရှိသလောက်ဟာမျိုးလည်း ကျနော်အနေနဲ့ ဒီမှာ မီးမောင်းထိုးပြ ထုတ်ပြချင်လိုပါတယ်။ ကျန်တဲ့အဖွဲ့တွေနှင့်လည်း ရှေ့မှာ ဒီလိုပဲ ဖြစ်လာမယ်လို့ ကျနော်တို့တော့ မျှော်လင့်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ သိပ်ကောင်းပါတယ်။ အဲဒီ KNU နဲ့ ဖြစ်သလို ကချင်နဲ့ ဘာကြောင့် မဖြစ်နိုင်ဘူးလို့ ထင်ပါသလဲ ဦးလှမောင်ရွှေ။
ဦးလှမောင်ရွှေ ။ ။ ကချင်နဲ့ ဖြစ်မှာပါ ခင်ဗျ။ အခု ကျနော်တို့ ဒီနေရာမှာ KNU က ၆၂ နှစ်လုံး အပစ်အခတ် ကျနော်တို့ မရပ်ခဲ့နိုင်ခဲ့ပေမယ့် အပစ်အခတ်ရပ်ပြီးတဲ့ နောက်ပိုင်းမှကျတော့လည်း ယုံကြည်မှုက ရှေ့ဆုံးကိုရောက်အောင်သွားနိုင်ခဲ့တယ်။ ကျနော်တို့ KIO အဖွဲ့အစည်းတွေနဲ့လည်း အပစ်အခတ် ၁၇ နှစ်ရပ်ပြီးမှ ပြန်ဖြစ်တဲ့ ပဋိပက္ခတွေအပေါ်မှာ တဖတ်နဲ့တဖတ်ကလည်း နားလည်လွဲမှု ကျနော်တို့ စိုးရိမ်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုလည်း အခု နှစ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေကနေ တဖြည်းဖြည်းနဲ့ ဒါတွေကို လျှော့ချနေတဲ့အတွက် သိပ်မကြာခင်မှာတော့ KIO အဖွဲ့လည်း KNU ဖြစ်လာဖို့ ကျနော်တို့လည်း ဒီလိုပဲ မျှော်လင့်ယုံကြည်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ကတော့ ဘယ်လိုပြောသံကြားရလဲဆိုရင် အဲဒီတိုင်းရင်းသားဘက်ကကျတော့ စစ်တပ်ဘက်က တပ်မတော်ဘက်က သူတို့အပေါ်မှာ သိပ်အယုံအကြည်မရှိဘူး။ ဒါကြောင့် သူတို့ဟာ အဆင်မပြေရင် ငါတို့တိုက်ရမယ် ငါတို့ပြင်ထားရမယ်ဆိုတဲ့ စိတ်နေသဘောထားက အမြဲတမ်းရှိနေတယ်ဆိုပြီးတော့ KIA ကချင်ဘက်ကပုဂ္ဂိုလ်တချို့ ပြောကြတာတွေရှိပါတယ်။ အဲဒါကော ဘယ်လောက်မှန်ပါသလဲ။ အဲဒီအစွဲကိုကော တကယ်ဖျောက်ဖျက်နိုင်ကြမလား မကြာခင်မှာ။
ဦးလှမောင်ရွှေ ။ ။ ယုံကြည်မှုတွေ ပိုရလာပြီးတော့ တဖက်နဲ့တဖက် သံသယတွေလည်း လျှော့ချလာပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ နောက်ဆုံး လုံးဝပျောက်သွားတဲ့အထိဖြစ်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ တကယ့် ပြဿနာတွေကိုတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ အများစုနဲ့ ကျနော်တို့ စဉ်စားဖြေရှင်းပြီးတော့ နောင်မှာ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးလိုချင်တဲ့ပုံစံကို သွားနိုင်မယ်လို့ ကျနော်တို့က တကယ်ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုက ကုလသမဂ္ဂကိုယ်စားလှယ် Vijay Nambiar ပါတယ်။ တရုတ် ကိုယ်စားလှယ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ် အထူးသဖြင့် အဲဒီလို ပုဂ္ဂိုလ်မျိုးပါရင် ပိုပြီးတော့ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ကော မထင်ကြဘူးလား။ သူ ဘာကြောင့် မတက်ဖြစ်တာလဲ။ မဖိတ်ကြသလားဆိုတာလည်း ကိုလှမောင်ရွှေရဲ့အမြင်ကို နည်းနည်းပြောစေချင်ပါတယ်။
ဦးလှမောင်ရွှေ ။ ။ အခု အခိုက်အတန့်မှာတော့ ပါဝင်နိုင်မှု အကန့်အသတ်တွေဆိုတာကတော့ သွားတာ လာတာ အပါအဝင် ကျနော်တို့ချိန်းဆိုတာ အပါအဝင် အခက်အခဲတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝိုင်းဝန်းထိန်းသိမ်းတဲ့နေရာမှာ ရှေ့ ကိုပိုရောက်ဖို့ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တနိုင်ငံလုံး အမျိုးသားအရေးအနေနဲ့ ပါဝင်သင့်ပါတယ်။ ။
ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment