တစ်တိုင်းတစ်ပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင် ဟိန်းဟောက် မာန်မဲလိုက်တဲ့ ခြိမ်းခြောက်သံ ကွဲကြီး နားနဲ့ ဆတ်ဆတ်ကြားလိုက်ကြရဲ့နော်။ မကြားသနော်ရယ်လို့ မရှိရအောင် ကျုပ်က ပြည်သူတွေကို နားကလော်လို့ ဖော်ထုတ်ပေးပါရစေဗျား။
တစ်ဝါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ဝါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလားတော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြဝါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ အလွတ်သဘင်ကျင်းနေတဲ့ အသူရာ မင်းတရားကြီးဆီကို အသူရာပေါက်စနတွေရော၊ အသူရာမြောက်ကြွကြွတွေပါ ကန်တော့ပွဲ ဝင်ကြသတဲ့။
အဲဒီသက်ကြီးပူဇော်ပွဲမှာ စစ်အာဏာရှင်ဟောင်းကြီးက ကောင်းသောသြဝါဒစကားတွေကို စေတနာဗလဝနဲ့ ခြွေချတော် မူလိုက်သတဲ့။ လက်ရှိမြန်မာ့နိုင်ငံက ဖြစ်ပျက်ပြောင်းလဲနေတာတွေကို သူစိတ်ဝင်စားတယ်တဲ့။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ရအောင်လို့တော့ သူ စိုးရိမ်နေသတဲ့။ သူ့ရဲ့စကားက ဒါလောက်ပါပဲ။
သူ့စကားကို ပြန်သယ်လာ၊ တဆင့်စကားတဆင့် နားကြားကြရလေအောင် ဖောက်သည်ချသူကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း ဖြစ်သဗျ။
ဦးရွှေမန်းက သူ့ရဲ့ဝါကျွတ်ကန်တော့ပွဲ ဇာတ်ကြောင်းပြန်တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့စကား ဖောက်သည်ချတယ်။ သူပြောတဲ့နေရာက လွှတ်တော်ခန်းမဆောင်မှာ။ ဒီစကား ပြည်သူကြားအောင် နားဖွင့်သူက မီဒီယာတွေ။ ကြားကြားသမျှ ပြည်သူတွေကတော့ မျက်လုံးပြူး မျက်ဆန်ပြူး။ ဗိုလ်ချုပ်မှူးကြီးဟောင်းလုပ်တဲ့သူက စိုးရိမ်တယ်ဆိုတော့ ရပ်ထဲရွာထဲကလူတွေ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြတော့တာပေါ့။
ဟား… ဟား ဒို့ကိုရွှေဗမာတို့က စစ်ဖိနပ်အောက်မှာ ရာစုနှစ်တစ်ဝက်လောက် ဝမ်းလျားမှောက် နေလာခဲ့ရဘူးတာ မဟုတ်လား …။ မျက်လုံးပြူးလွယ်၊ ဒူးတုန်လွယ်တာ မဆန်းဘူးပေါ့။
ကိုင်း ကိုယ့်လူတို့၊ ဒီလိုခြိမ်းခြောက်သံမျိုးတွေက ရိုးဖို့ကောင်းပြီပေါ့ဗျာ။ ဒီလို ခြိမ်းခြောက်သံမျိုးတွေ ဒီလိုအချိန်မှာ ပလုံစီလာတာ ဘာဆန်းမှတ်လို့ကွယ်။ တပ်ချုပ်ဟောင်းကြီး ဦးသန်းရွှေက အိုမင်းတွင်းဆုံးဘဝ ရောက်နေတဲ့သူ။ ဘာများစိုးရိမ်နေရသေးသလဲဗျာ။ စိုးရိမ်စားစိုးရိမ်ရင် သူ့ဘဝ ဇာတ်သိမ်းခန်းအတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူ့စိန်စီတဲ့ မိသားစုနဲ့ သူမြေးအလိမ္မာတုံးကလေးအတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူရဲ့ဗောင်းလန်တဲ့ ဘဏ္ဍာသိုက်အတွက်ပဲ စိုးရိမ်စရာ ရှိတော့မှာပေါ့။ သူ့အတွက် နှမ်းတစေ့မှ မစိုးရိမ်တဲ့ တိုင်းပြည်အတွက် သူက ပြန်စိုးရိမ်ရတယ်လို့ဗျာ။
ဆုံးမတယ်လည်း မထင်ပါနဲ့။ လေးစားပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား။ ကျုပ်ပြောချင်တာကတော့ အခုလို သေခါနီးအရွယ်မှာ နေသာသလို အသာနေပါတော့လား ဦးသန်းရွှေကြီးရေ။ ခြိမ်းခြောက်လည်း မနေနဲ့၊ ဟိန်းဟောက်လည်း မနေနဲ့။
ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားက ဘာသာရေး၊ လူမျိုးရေး၊ ပဋိက္ခအကြမ်းဖက်ပွဲတွေထဲက အာဏာသိမ်းသူရဲကြီး အစွယ်ဖြဲထွက်လာတော့မလိုလို။ ၂၀၀၈ အခြေခံဥပဒေကို ဒလကြမ်းပြင်ရင် ပြောင်းရင် စစ်တပ်ကပဲ ဘာလုပ်တော့မလိုလို။ ဟိုပြောဒီပြော တောရောက်တောင်ရောက် ခြောက်လုံးလှန့်လုံးတွေ ညံညံစီနေတော့သကိုး။
တကယ်တော့ဗျာ။ ဒီလိုခြောက်လုံးတွေ ကျုပ်တို့ကြောက်တဲ့ခေတ်ကုန်ပြီဗျ။ ဒီနေ့ကမ္ဘာကို မျှော်ကြည့်ဗျာ။ စစ်အာဏာ သိမ်းခေတ်ကုန်ပြီးဗျ။ စစ်ဘုရင်ကိုးကွယ်တဲ့ ခေတ်လည်းခမ်းပြီဗျ။ ဒီခေတ်က ဒီမိုကရေစီခေတ်လေဗျာ။ လူထုက ရှစ်ဆယ့်ရှစ်အကြို မဆလ ကျွန်လူထုမဟုတ်တော့ဘူး။ ရှစ်ဆယ့်ရှစ်အရေးတော်ပုံလွန် သခင်လူထုကြီးဖြစ်နေပြီ။ ဒီနေ့လူထုက စစ်အာဏာကို အံတုရဲယုံမကဘူး။ ခံထုရဲတဲ့ လူထုဖြစ်နေပြီးဗျ။
တပ်မတော်သည်ပင်လျှင် ဒီမိုကရေစီရေချိန်ညှိနေပြီ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်ခိုက် ထိုင်းဝန်ကြီးချုပ် ရှေ့မှောက်မှာ ကမ္ဘာသိပြောခဲ့တဲ့စကားတွေကို မှတ်မိကြမှာပေါ့။
မြန်မာ့တပ်မတော်က ဒီိမိုကရေစီအပြောင်းအလဲကို လက်ခံတယ်တဲ့။
နိုင်ငံရေးတည်ငြိမ်မှုကို အာမခံတယ်တဲ့။
နောက်ကြောင်းပြန်ကိစ္စမျိုး မရှိတော့ဘူးတဲ့။
ဒီစကားကိုပဲ တရုတ်ပြည်မှာ တရုတ်သမ္မတနဲ့တွေ့လည်း ကာချုပ်ကြီးက ထပ်မနားပြောခဲ့တာဗျ။ တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကမ္ဘာသိပြောခဲ့တာဗျ။
ထားပါတော့ဗျာ။ တပ်ချုပ်ဟောင်းကြီးရဲ့ စိုးရိမ်စကားဆိုတာက သူ့ကိုယ်ရေးကိုယ်တာနဲ့ သူ့ဘဏ္ဍာဥစ္စာတို့အတွက် စိုးရိမ်ချက်သက်သက် ဖြစ်လေသဗျ။
ကျုပ်တို့ကတော့ တပ်ချုပ်ဟောင်းကြီးရဲ့စကားဆိုတိုင်း အရမ်းမကြောက်ချင်ဘူးဗျို့။
နာယကကြီး ဦးရွှေမန်းကတော့ ငယ်သေးတော့ ကြားဖူးပါ့မလား မသိဘူးပေါ့ဗျာ။ တစ်ခေတ်တစ်ခါက တပ်မတော်မှာ ကာချုပ်ကြီး တစ်ပါးရှိခဲ့ဖူးသဗျ။ သူလည်း စိုးရိမ်ကြီးသူပဲ။ သူလည်း ဓားတဝင်းဝင်း ဗိုလ်ချုပ်ကြီးပဲ။ တပ်တလွှားမှာ `ဇာတ်ဓား´လို့ ကျော်ကြားသူတဲ့။ ဇာတ်ဓားဆိုတာ ဇာတ်ထဲမှာ ဇာတ်လူပြက်တွေကိုင်တဲ့ ဓားကိုပြောတာ။ ဓားကွက်လက်ပေမယ့် ဓားသွားမထက်ဘူး။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကပြောခဲ့တဲ့ နယ်ချဲ့သမား စက္ကူကျားဆိုတဲ့စကားကို သတိရကြရမှာပေါ့။ ဒီနေ့ လူထုက ဇာတ်ဓားလည်း မတုန်ကြွေး စက္ကူကျားလည်း မဖြုံကြေးပါဗျာ။ ဟား … ဟား။
ကျုပ်ကတော့ဗျာ။ သူငယ်ပြန်ချင်သလိုလိုများ ဖြစ်လာလေသလားမသိ။ ဆရာမင်းသုဝဏ်ရဲ့ ဝါဆိုဝါခေါင် ရေတွေကြီးလို့ ကလေးကဗျာထဲက `မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့၊ မြွေနဂါးတောင် မကြောက်ဖူးကွယ်။ ဒို့လည်း ကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားကလေးထားခဲ့မယ်´ ဆိုတဲ့ ကဗျာကိုပဲ အခုတလော တဖွဖွ ရွတ်နေမိတယ်။
ကဲကဲ … နှစ်ဆယ့်တစ်ရာစု ဒီချုပ်နောက်က ဒေါ်စုနဲ့ အတူချီကြမယ့် ကျုပ်မြေးရဲတင်း မောင်သစ်ဆင်း၊ မယ်သစ်ဆင်းတို့ရေ။ မောင်မယ်တို့နဲ့အတူ ကျုပ်လည်းလိုက်မယ်ဟေ့။ အတူတူသွားကြစို့ကွယ်။ အုန်းလက်ကျားကြီးတော့ ဆွဲခဲ့ပါရစေဗျာ။ ကျုပ်က ဘယ်သူ့ကိုများသွားလို့ အတုမြင် အတတ်သင်နေမိမှန်း မသိပါဘူးဗျာ။ သေခါနီးလေ စိုးရိမ်တတ်လေ၊ ကြောက်တတ်လေ ဖြစ်နေသဗျ။ ဒါပေမယ့် ခေတ်သစ်ဇာတ်ဓားတွေ၊ ခေတ်သစ် စက္ကူကျားတွေကိုတော့ ကျုပ်ရဲ့စီးတော် ထန်းလက်ကျားကြီးနဲ့ စီးချင်းထိုးခံချချင်သေးသကွယ်။
အရှင်နဂါးလည်း မကြောက်ဘူးကွဟေ့။ အရုပ်နဂါးလည်း မကြောက်ဘူးကွဟေ့၊ တရုတ်နဂါးလည်း မကြောက်ဘူးကွဟေ့။ ကုလားဖြူနဂါးလည်း မကြောက်ဘူးကွဟေ့။ ဟား … ဟား။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ် (၄၃)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment