Thursday, November 7, 2013

နို့ဖိုးပျို (အောင်ဦး)

နို့ဖိုးအကြောင်းလေး ရေးပါအုံးဆိုတော့ ဘယ်ကစရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားရတော့တာပေါ့။ အဲဒီလိုလည်း စဉ်းစားလိုက်ရော စိတ်ထဲ လွမ်းလိုက်တာဗျာ။ အမှတ်ရစရာတွေက အများကြီးကိုးဗျ။ နို့ဖိုးက သုံးလလျှော့လျှော့ အချိန်တိုလေး။ ဘာဟုတ်သေးလို့လဲ။ 

မဲဆောက် (မာနယ်ပလော) က လေးငါးဆယ်နှစ်မက အချိန်အရှည်ကြီး။ အချိန်တင် ရှည်လျှားတာလား ဆိုတော့ မကပြန်ဘူး။ နောက်ခံကားချပ်က ဒီတသက် ပြန်မသီနိုင်တော့တဲ့ တေး၊ ပြန်မဖွဲ့နိုင်တော့တဲ့ စာ၊ ပြန်မရနိုင်တော့တဲ့ ဆု၊ ပြန်မမက်နိုင်တော့တဲ့ အိပ်မက်။ 

ဟုတ်ပါရဲ့။ “ကျနော်တို့မှာ မာနယ်ပလောတွေ အများကြီး ရှိခဲ့ဖူးသပေါ့”။ “တံတားကြီးအောက်မှာ ရေတွေ အများကြီး စီးခဲ့ဖူးသပေါ့”။ 

ဆိုတော့ကာ အရုပ်တွေ၊ အသံတွေ၊ အားလုံး၊ အကုန်လုံး မြင်ကွင်းကျယ်ကြီးပေါ့။ ထွေးထွေးကြီး လုံးနေတဲ့ချည်ငင်လို အာရုံမှာ အထွေထွေ အပြားပြားနဲ့ အတိတ်တွေ။ အရိပ်တွေလို ပူးတခါ ခွာတလှည့်နဲ့ ထပ်ချပ် ကပ်လိုက်နေကြတုန်းပဲ။ (ကျနော် ထင်ပါတယ်၊ ဆန့်လိုက်ရင် အနှစ် နှစ်ဆယ်စာလောက်ရှည်မယ့် အဲဒီ ချည်အစကို ဆွဲမထုတ်ရဲဘူး။ ကိုယ့်လက် ကိုယ်မနိုင်သေးဘူး။)။ 

ထားတော့။ အဲဒါတွေ နောက်မှပဲ ဆက်ကြတာပေါ့။ ခုတော့ နို့ဖိုးအကြောင်းပဲ ပြောရအောင်။ ဒီကပဲ စလိုက်မယ်ဗျာ။ 

၂၀၀၅ ခုနှစ်၊ မတ်လတုန်းက နို့ဖိုးမသွားခင် အမှတ်မဲ့ကောက်ခြစ်ခဲ့တဲ့ ကဗျာလိုလို ဘာလိုလို စာတိုတစကို ပြန်အမှတ်ရမိတယ်။ 

ဘာတဲ့ ...

လူ ... အပြေးအလွှား 
စိတ် ... ကစင့်ကလျားနဲ့ 
ဘယ်တော့များမှ ဆောက်တည်ရာရပါ့မလဲ။ 



တကယ်ပါပဲ။ အဲဒီတုန်းက တကယ့်ကို အဲဒီအတိုင်းဖြစ်ခဲ့တယ်။ ဘ၀မှာ အရေးကြီးတဲ့ အချိုးအကွေ့တခုကို ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ကိုယ် နောက်တကြိမ် ချရပြန်ပြီပေါ့။ (ဒီ့အရင် အားလုံးလိုလိုက နိုင်ငံရေး ဒီရေအတက်အကျနဲ့ အဖွဲ့အစည်း ဆုံးဖြတ်ချက်နဲ့ လိုက်ပါခဲ့ရတာကိုး)။ (ပထမအကြိမ်ကတော့ တောခိုမယ်လို့ ဆုံးဖြတ်ခဲ့တုန်းကပါ) 

နို့ဖိုးရေ ... ဘယ်လိုလဲ 

အိမ်ခြေထောင်နဲ့ချီပြီး လူဦးရေသောင်းနဲ့ချီတဲ့ နို့ဖိုးစခန်းကိုတည်ထားတာ ၁၉၉၅-၉၆ ခုနှစ်လောက်ကစတယ်လို့ သိရတယ်။ တချို့ကလည်း ၈ နှစ်ကျော်ရှိပြီလို့ ပြောကြတယ်။ ကျနော်တို့ရောက်တဲ့ ၂၀၀၅ ခုနှစ်မှာ ၈ နှစ်ကျော်ပြီလို့ ပြောကြတော့ ၂၀၀၅ ခုနှစ်ထဲက နောက်ပြန် ၈ နှစ်ဆုတ်ရင် စတည်တဲ့ခုနှစ်ကို ရနိုင်တာပေါ့။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒုက္ခသည်စခန်း တခုတလေလောက်များသိရရင် (သိခွင့်လည်း ရနိုင်ပါတယ်။ ဝဘ်ဆိုက်တခုခုမှာ ရှာဖွေကြည့်ကြအုံးစို့) နှိုင်းယှဉ်ကြည့်လို့ ရနိုင်တာပေါ့။ 

ရင်နင့်စရာပါပဲ။ ကြီးပြင်းလာတဲ့ မျိုးဆက်တွေနဲ့အတူ ပျောက်ရှသွားတဲ့ ဓလေ့ထုံးတမ်းတွေ (‘ဒုံး’နဲ့ ‘တာလဘော’ ကလွဲလို့) ဘယ်လောက်များ ရှိနှင့်ပြီလဲ။ (ဒီဥပမာက တန်းခနဲသိအောင်နဲ့ ကွက်ကွက်ကွင်းကွင်းမြင်အောင် အနီးဆုံးအထဲကနေ ထုတ်နှုတ်သုံးစွဲလိုက်တာဖြစ်ပေမယ့် ဒီ့ထက်မကလည်း ကျန်ရှိရင် ကျန်ရှိနိုင်ပါသေးတယ်။ ဒါမှမဟုတ် ဒီ့ထက်မကလည်း ပျောက်ရှရင် ပျောက်ရှကုန်နိုင်ပါသေးတယ်) ဒီလောက် ရှည်ကြာတဲ့နှစ်တွေမှာ ဒီလူသားတွေ၊ ဒီမျိုးဆက်တွေ ဘယ်လိုများ ရှင်သန်နေနိုင်ခဲ့ပါလိမ့်။ သူတို့ရဲ့ မျှော်လင့်ချက်က ဘာများပါလိမ့်။ သူတို့ရဲ့အနာဂတ်က ဘာများပါလိမ့်။ သူတို့ရဲ့ စိတ်ထဲ ဘယ်လိုများ ခံစားနေကြရရှာပါလိမ့်။ သူတို့တတွေ ဘာဆုများ ပန်ကြလေရော့သလဲ။ 

“ကလေးတွေ တောင်ယာ မခုတ်တတ်ကြတော့ဘူး။ မိရိုးဖလာ ထွန်ယက်စိုက်ပျိုးတဲ့အတတ်ကို မတတ်ကြတော့ဘူး” 

ဇီမာလမ်းဆုံဆိုတဲ့ ကဗျာထဲက ယက်ဗ်တူရှင်ကိုရဲ့ ဘိုးဘေးတွေဟာ ကောက်ထွက်မကောင်းတဲ့နှစ်တွေကို သစ္စာတရားပဲလို့ နားလည်သွားခဲ့ကြသလို သူတို့တတွေလည်း ...

“အသနားခံ၊ အစောင့်ရှောက်ခံဘဝကို အသက်ရှင်နေထိုင်မှုပဲလို့ အသက်ထက်ဆုံး နားလည်သွားကြတော့မှာလား” 

ဘာ့ကြောင့်များ သုတေသီတွေ နှုတ်ဆိတ်နေကြတာပါလိမ့်။ ဒါမှမဟုတ် အဲဒီ အကြောင်းအရာကို မြေမြှုပ်မိုင်းတလုံးလို့ ယူဆပြီးများ ရှောင်ကွင်းသွားကြလေရော့သလား။ မပြောကောင်းမဆိုကောင်း ‘သိထားတာ’၊ ‘တွေ့ရှိထားတာ’ကို ထိန်ချန်ထားတာမျိုး၊ ဥပေက္ခာပြုထားကြတာမျိုး မဖြစ်ကြပါစေနဲ့လို့ ဘုရားတမိပါရဲ့ဗျာ။ 

Generation ကြီးတခုလုံးရဲ့လားရာကို ဂရဖ်ဆွဲကြည့်ရင် ဘယ်လိုညွှန်းကိန်း (အဖြေ) တွေများ ထွက်လာလေမလဲ။ ဒီပုံအတိုင်း နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ် စသဖြင့် (ကိုယ့်ကိုယ်ကိုယ် ပျောက်ရှသွားကုန်ကြတဲ့အထိ) ဆက်ထားကြအုံးမှာလား။ အဲဒီလို ဆက်ထားကြည့်ရင် ဘာတွေများဖြစ်လာလေမလဲ။ (ဘာတဲ့ .... ‘လေ့လာဆဲ’၊ ‘အဖြေရှာဆဲ’ အဲဒီလို ခေါင်းစဉ်တွေအောက်မှာ ဖိုင်တွဲရုံ တွဲထားဖို့များလား)။ (သုတေသနလုပ်ကြတဲ့နယ်ပယ်ချင်း ချိန်ခွင်လျှာ မမျှပုံများ ဥပမာပြောရရင် ဖင်ဆီမက်၊ မက်ဖလိုကွင်း၊ အာတီဆန်းနိတ်နဲ့ အာတီမီသာတို့လို ငှက်ဖျားဆေး အတော်များများကတော့ ဈေးကွက်မှာ မှတ်ပုံတင်သွားနိုင်ခဲ့ကြပါပြီ။ ဘာတဲ့ .... “နှစ်ရှည်၊ စမ်းသပ်၊ စစ်ဆေး၊ အတည်ပြု၊ နိုင်ခဲ့ပါသဖြင့်” ဆိုတဲ့ မှတ်ချက်မျိုးတွေနဲ့ပေါ့ဗျာ) 

ပြောရရင်တော့ ကုန်နိုင်တယ်၊ ဆုံးနိုင်တယ်ရယ်လို့ ဘယ်ရှိနိုင်ပါ့မလဲဗျာ။ ဒါပေမယ့် စိတ်ထဲ တနုံ့နုံ့ ခံစားနေရတာကို အိတ်သွန်ဖာမှောက် ပြောချရရင် ... “ဗမာ အပါအဝင် တိုင်းရင်းသားတွေကို ကိုယ့်အမျိုးကိုယ် သေချာ ချစ်ကြစေချင်တယ်” “တခြားတပါးကို မုန်းတာ” နဲ့ “ကိုယ့်ကိုယ်ကို ချစ်တာ” အဲဒီနှစ်ခုကို မရောထွေးကြစေချင်ဘူး။ သူများကို မုန်းနေရုံနဲ့ ကိုယ့်ကိုယ်ကို ပိုချစ်မလာနိုင်ပါဘူးဗျာ။ 

ရင်တခုလုံး ဖွင့်ပြီးပြောတဲ့စကားမို့ အတန်အသင့်တာသွားလိမ့်မယ်လို့ ယူဆမိပါတယ်။ ထားတော့။ ဒီနေရာမှာ အဲဒီအကြောင်းကို ရည်ရွယ်ပြောလိုရင်းမဟုတ်တော့ ဒီမှာတင်ပဲ တခန်းရပ်လိုက်အုံးစို့။ ထားတော့။ အဲဒါတွေ နောက်မှ ဆက်ကြသေးတာပေါ့။ အဲဒီဘက် ခြေဦးလှည့်လိုက်ရင် မရောက်ခင်က လွမ်းနှင့်ရတဲ့ ကျနော့် နို့ဖိုးလေး မြင်ကွင်းကပျောက်ကွယ်လို့ မှုန်ဝါးသွားရော့မယ်။ 

ဘာပဲဖြစ်ဖြစ် ခရီးဆုံးအထိ လျှောက်ကြတာပေါ့။ 

နို့ဖိုးအကြောင်းပြန်တွေးရင် အဖြစ်အပျက်က အတော့်ကို အူတူတူနိုင်ပါတယ်။ သွားဖို့ရည်ရွယ်ထားကြတာက တတိယ နိုင်ငံတခုခု။ အမေရိကန်၊ နော်ဝေ၊ ဆွီဒင် စသည်ဖြင့်။ တကယ်သွားရတာက နို့ဖိုး။ ဘယ်လိုပုဂ္ဂိုလ်ကများ၊ ဘယ့်နှယ့်လုပ် စဉ်းစားဆုံးဖြတ်ခဲ့တာပါလိမ့်။ (ကိုက်တန်သလောက်ကိုက်၊ ကျန်တန်သလောက်ကျန်တဲ့ ပရောဂျက်တခုလို့ ယူဆရမလားပဲ။) ကဲ ... ကျနော်တို့အဖို့ကတော့ စမိမှတော့ မထူးတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ဆုံးတဲ့အထိလိုက်ကြရုံပဲ ရှိတော့တာပေါ့။ 

အဲဒီအချိန်က အခြေအနေ (၄) ခု တပြိုင်တည်းဖြစ်နေတာကို ခုပြန်စဉ်းစားမိပြီး ပြုံးမိသေးတယ်။ (၁) အပြင်မှာက သတင်းအမျိုးမျိုး (တကယ်ရော၊ ကောလဟလပါ) ထွက်နေတယ်။ ခုတမျိုး၊ တော်ကြာတမျိုး၊ နေ့တမျိုး၊ ညတမျိုး မကြားချင်မှအဆုံး ကြားနေရတယ်။ (၂) စိတ်ထဲမှာက ဟာလာဟင်းလင်းဖြစ်နေသလိုလို၊ တခုခုကို တွေးပူနေသလိုလို၊ ရှုပ်ထွေးနေသလိုလို၊ သောင်စဉ် ရေမရ။ (၃) အိမ်ထဲမှာက အိတ်ကြီးအိတ်ငယ်အသီးသီးနဲ့ ထုပ်ပိုးထားတဲ့ ပိုင်ဆိုင်မှုတွေ ဟိုတပုံ၊ သည်တပုံ။ (၄) အမေရိကား အိပ်မက်ကိုပဲ ဆက်မက်ရမလိုလို၊ ငုတ်တုပ်ထထိုင်ပြီး ရေအေးအေးတခွက်ပဲ သောက်ချလိုက်ရမလိုလို။ 

ကဲ .... အဲဒီအခြေအနေ (၄) ခုအောက်မှာ မျောပါပြီး ယောင်နနလုပ်နေလို့တော့ မဖြစ်ချေဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်စရာ ဘာရှိသလဲ၊ ကိုယ့်ဘာသာ ပြင်ဆင်စရာဘာရှိသလဲဆိုပြီး (ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်သတိပေးပြီး) စဉ်းစားခဲ့ရ၊ ဆုံးဖြတ်ခဲ့ရပါတယ်။ တဖက်မှာလည်း လုပ်လက်စ၊ တာဝန်ယူထားတဲ့အလုပ်တွေကိုလည်း တက်သုတ်ရိုက် လွှဲနေရပြန်ပါသေးတယ်။ 


ဆက်လက်ဖော်ပြပါမည်။ 


 

No comments: