နို့ဖိုးရေ ... အကြိုဆိုက်ပါကွဲ့
“အဲဒါ နို့ဖိုးပဲ” လို့ သိတဲ့တယောက်က လှမ်းပြောတယ်။ ဒါပေမယ့် စခန်းကို ကောင်းကောင်းလှမ်းမမြင်ရသေးဘူး။ နေကလည်းပူပူ၊ လူတွေကလည်း ဖုန်တဖွေးဖွေးနဲ့ သုန်သုန်မှုန်မှုန် ဖြစ်နေကြတယ်။ ကားမူးထားတဲ့ဒဏ်၊ အန်ထားတဲ့ဒဏ်တွေကြောင့် မလှုပ်ချင် မကိုင်ချင်ကြတော့ဘူး။ ကိုယ်စီစိတ်ထဲ ရေအေးအေးလေးတခွက်လောက်သောက်ပြီး အရိပ်ကောင်းကောင်းမှာ စိတ်ရှိလက်ရှိ ပစ်လှဲချလိုက်ရင် ဘယ်လောက်များကောင်းလေမလဲလို့ တွေးနေကြမလားပဲ။ ဘယ်သူမှ ထုတ်မပြောကြပေမယ့် ချောင်းရေကျသံကြားနေရတဲ့ တောအုပ်ကြီးဘက် ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပုံက ဒီအတွေးကို လှမ်းမြင်နေရတယ်။
ခုထိ ကိုယ့်အရင်ရောက်နှင့်နေသူတွေကို တယောက်မှ မမြင်ကြရသေးဘူး။ အဲဒါကြောင့်ပဲ ထင်ပါရဲ့။ မောတဝက်၊ စိုးရိမ်တဝက်ဖြစ်နေတဲ့ မျက်နှာတွေနဲ့ အသံမဲ့လှမ်းမေးဖြစ်ကြတယ်။ ဘယ်လိုလဲပေါ့။ ခေါင်းလေးတွေ မသိမသာ ယမ်းပြကြတယ်။ တော်တော်တန်တန်ဆို အထင်နဲ့ရမ်းတုတ်တတ်သူတွေတောင် ဒီပွဲမှာ နှုတ်ဆိတ်နေကြတယ်။ နို့ဖိုးက အားလုံးနီးပါးအတွက် အသစ်ကိုး။
နို့ဖိုးအဝင် တံတားအစပ်က ဇရပ်အိုကြီးတခုမှာ ကျနော်တို့တတွေ မဲဆောက်က တောမောရုံးမှာလို တန်းစီကြရပြန်၊ ဆောင့်ကြောင့်ထိုင်ကြရပြန်ပါတယ်။ အဲဒီမှာ ယူအင်ရုံးက တာဝန်ရှိသူတွေနဲ့ နို့ဖိုးစခန်းက ထိုင်းအရာရှိတို့ ကြိုစောင့်နေပါတယ်။ စခန်းဂိတ်မှာတာဝန်ကျတဲ့ ထိုင်းအရာရှိက ခပ်ငယ်ငယ်ပါ။ သဘောကောင်းပုံရပါတယ်။ သူက လူပျိုလူလွတ်တွေ သပ်သပ်၊ အိမ်ထောင်သည်တွေ သပ်သပ် ခွဲပြီး တန်းစီခိုင်းပါတယ်။ ပြီးတော့ မိသားစုဝင် အရေအတွက်ကို စာရင်းစကောက်ပါတယ်။
ကျနော်တို့အထုပ်တွေ၊ အိတ်တွေတင်လာတဲ့ကားက ကားကြီးဆိုတော့ နည်းနည်းနောက်ကျပြီးမှ ရောက်လာတယ်။ အဲဒီတော့မှ နဂိုရှိနှင့်နေတဲ့ အခင်းအကျင်းကို ပိုသရုပ်ပေါ်သွားအောင် အားဖြည့်လိုက်သလို ဖြစ်သွားတယ်။ စောစောက ပိုသီဖပ်သီ၊ ဖုန်တလုံးလုံးနဲ့ ဆောင့်ကြောင့်ထိုင်နေကြတဲ့လူအုပ်ကြီးနားကို လှလှခန့်ခန့် အိတ်ကြီးအိတ်ကောင်းတွေ ရောက်ချလာတော့ ကျနော့်မျက်စိထဲ မှောင်ခိုခေတ်က မှောင်ခိုပစ္စည်းတွေဖမ်းထားပုံကို သွားသတိရမိတယ်။ ဘေးမှာ အုံနဲ့ကျင်းနဲ့ ဝိုင်းကြည့်နေကြတဲ့ ရွာခံပရိတ်သတ်ကြီးကိုပါ ထည့်ပေါင်းလိုက်ရင် ပုဇွန်တောင် ဘူတာမှာ ရထားကြီးရပ်ပြီး ပိတ်ဖမ်းတဲ့ပုံနဲ့ ချွတ်စွပ်ပေါ့ဗျာ။
ကျနော်တို့အရင် ရောက်နှင့်နေကြတဲ့အသုတ်တွေ (အထူးသဖြင့် မယ်တော်ဆေးခန်းအဖွဲ့တွေ) ကတော့ စခန်းအဝ မုခ်ဦးတည့်တည့်က အောဆော်ဂိတ်နဲ့ မျက်နှာချင်းဆိုင်အကွက်မှာ အိမ်တွေရကြတယ်။ သူတို့က စောစောရောက်လို့ တန်းခနဲ အိမ်ရပေမယ့် အဲဒီအိမ်တွေက သူတို့အလာကို ပြီးခဲ့တဲ့တမိုးတွင်းလုံး ငုတ်တုပ် ထိုင်စောင့်ခဲ့ကြရတာကြောင့် ဖျားတဲ့အိမ်ကဖျား၊ နာတဲ့အိမ်ကနာနဲ့ ချူခြာကြရှာတယ်။ အိမ်ပေါ်မှာ ရဲရဲမနင်းရဲဘူး၊ သုတ်သုတ်မလျှောက်ရဲဘူး။ ခြေပစ်လက်ပစ် မမှီရဲဘူး။ လွှားခနဲ တွယ်မတက်ရဲဘူး။ အဲဒီအိမ်တွေမှာနေကြရသူတွေခမျာ နှီးချက်မလိုက်ရတဲ့ရက် တရက်မှမရှိသလောက်ပဲ။ အဲဒီအိမ်တွေမှာနေသူ အများစုက ဆေးမှူးတွေ။ သူတို့ခမျာ မယ်တော်ဆေးခန်းမှာ လူနာတွေနဲ့ လုံးလည်ခြာလည်လိုက်နေသလောက် နို့ဖိုးရောက်တော့ လူနာမကုရဘဲ အိမ်နာကုနေရတာနဲ့ လက်မလယ်ကြပြန်ဘူးပေါ့ဗျာ။
ကျနော်တို့အသုတ်တွေက အိမ်မရဘူးဆိုတော့ စိတ်ထဲနည်းနည်းမျက်ကြတာပေါ့။ ဒါပေမယ့် နောက်မှ သိရတာက သူတို့ဆောက်ထားတဲ့အဆောက်အဦနဲ့ ဝင်လာတဲ့ဒုက္ခသည်နဲ့က မမျှဘူးဖြစ်နေတယ်။ ဒါကြောင့် အားချင်း အသစ်ထပ် ဆောက်နေကြတယ်။ နောက်မှဝင်တဲ့ ကျနော်တို့အသုတ်တွေအတွက် အိမ်မရှိသေးဘူး။ ဆောက်လက်စတန်းလန်း၊ ဒါပေမယ့် ပြီးလုပြီးခင်ပါ။ ဒါကြောင့် ကျနော်တို့အသုတ်တွေကို ရွာထဲမှာ (အထူးသဖြင့် စာသင်ကျောင်းလို၊ ဘုန်းကြီးကျောင်းလို ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာတွေမှာ) နေရာချပေးပါတယ်။
ဘယ်နေရာမဆို ဖျပ်ဖျပ်လပ်လပ်ရှိသူတွေ ပါတတ်စမြဲမို့ ဒီပွဲမလဲ သူတို့တာဝန်သူတို့ ကျေပွန်ကြရှာပါတယ်။ အဝတ်တောင် မလဲကြဘူး။ ခရီးရောက်မဆိုက် စခန်းအဝင်ဝက ဆေးမှူးတွေနေတဲ့အိမ်တွေဘက် ချက်ချင်း သွားကြည့်ကြတယ်။ သွားတုန်းကတော့ ဒီကောင်တွေကတော့ အိမ်ကိုယ်စီနဲ့ ငြိမ့်နေကြတယ်ဆိုတဲ့ အတွေးနဲ့ သွားကြပုံပါ။ အခွင့်သာလို့ ရစ်လို့ရရင်လည်း ရစ်ခဲ့ကြမယ်ပေါ့။
ပြန်လာတော့ မျက်နှာမသာမယာနဲ့ “အဲဒီဘက်တော့ ယောင်လို့တောင် သွားမလည်ကြနဲ့ဗျို့။ တွေ့ချင်လို့သွားလည်ခါမှ စကားကောင်းကောင်း မပြောခဲ့ရဘူး၊ ဟိုဘက်ကပြုတ်တဲ့နှီးချက်ကလေး အသစ်ပြန်လိုက်ပေးလိုက်၊ ဒီဘက်ကကျိုးတဲ့ သဲ့ပြားလေး အစားပြန်ထိုးပေးလိုက်နဲ့ သူတို့အိမ်ကို ဝိုင်းပြင်ပေးခဲ့ရတယ်” တဲ့။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပုံကို ညည်းပြောပြောကြတယ်။
ယူတိုးပီးယားလေး တခု
ကျနော်တို့အဖွဲ့တွေက ကျောင်းဝင်းတခုထဲမှာ နေရတယ်။ စာသင်ခုံမရိုက်ရသေးတဲ့ ကျောင်းဆောင်သစ်တွေထဲမှာ ကြုံရာခင်းပြီး အိပ်ရတယ်။ ကံကောင်းချင်တော့ သဲ့ပြားအဟောင်းလေးတွေအသင့်ရှိနေတယ်။ နို့မို့ဆိုရင် မြေကြီးအေးတာကို ခံရမှာ။ ကိုယ့်အစုနဲ့ကိုယ်လည်းဖြစ်ပြန်၊ ကျောင်းကလည်း ကျယ်ကျယ်ဝန်းဝန်း လင်းလင်းရှင်းရှင်းလည်းရှိပြန်ဆိုတော့ လေကောင်းလေသန့်ကို တဝကြီး ရှူရှိုက်ခံစားရတာပေါ့ဗျာ။ ညဘက်ကျတော့ ဝါးတိုဝါးစလေးတွေစုပြီး မီးလေးဖိုလို့ ရေနွေးကြမ်းလေး ထိုင်သောက်ဖြစ်ကြတယ်။
အဲဒီမှာ စစချင်းသတိထားမိတာက သောက်ရေတိုင်ကီကြီးတွေနဲ့ အမှိုက်ပုံးတွေပဲဗျ။ သုံးရေကို တောင်ကျချောင်းကနေ ပလတ်စတစ် ပိုက်လုံးကြီးငယ်တွေနဲ့ အဆင့်ဆင့် စစ်ပြီးတော့ လိုချင်တဲ့နေရာအထိ သွယ်ယူထားတယ်။ လမ်းဘေးမှာ ရေဘုံပိုင် ကလေးတွေ အများကြီးပဲ။ ချိုးဖို့နဲ့ လျှော်ဖို့ဖွပ်ဖို့ပါ။ သောက်ရေကျတော့ နောက်ပိုက်လိုင်းတလိုင်းနဲ့ သီးသန့်သွယ်တယ်။ ရေတိုင်ကီထဲ မရောက်ခင် တိုင်ကီအထက်မှာ ရင်ခေါင်းလောက်ရှိတဲ့ ပလပ်စတစ်ပုံးကြီး ၃ ပုံးနဲ့ အဆင့်ဆင့်စစ်ယူတယ်။ တပုံးက သဲပုံး။ တပုံးက ကျောက်ပုံး။ တပုံးက ကျောက်မီးသွေးပုံး။ အဲဒီ ပုံး ၃ ပုံးကိုဖြတ်ပြီး၊ သန့်စင်ပြီး၊ အေးပြီးရောက်လာတဲ့ရေကို လေးထောင့်ရေတိုင်ကီ အကြီးကြီးထဲမှာ လှောင်ထားတယ်။ အဲဒီလို တိုင်ကီထဲမှာလှောင်ထားဖို့အတွက် ညဘက်မှာ သောက်ရေကို သီးသန့်လွှတ်ပေးတယ်။ နေ့ဘက်ကျတော့ ဂါလံပုံးလေးတွေနဲ့ ခံပြီး၊ ကဲ့ပြီး ပြန်ကျိုသောက်ကြပေါ့။
ရေက ထုံးဓာတ်များလွန်းလှပါတယ်။ ရေကို ကျိုချက်ပြီးသောက်ရပါတယ်။ လေးထောင့်သံပုံး (ဆီပုံးအလွတ်) နဲ့ ပထမအကြိမ် အကြမ်းကျိုရပါတယ်။ ပြီးရင် ထုံးအနည်ကျအောင် ခဏစောင့်ရပါတယ်။ အပေါ်မှာလည်း အဆီဝေ့ပါတယ်။ ဈေးမှာရောင်းတဲ့ ရေစစ်ကလေးတွေနဲ့ အလုပ်မဖြစ်လို့ ကလေးအနှီးပိတ်စကို အထပ်ထပ်ထူသွားအောင် သုံးလေးခေါက်ခေါက်ပြီး စစ်ယူရပါတယ်။ ပြီးရင် ဒန်အိုး တခုထဲကို ပြောင်းထည့်ပြီး ထပ်ကျိုရပါတယ်။ စောစောကအတိုင်း အနည်ကျအောင်စောင့်၊ ပိတ်စနဲ့ ထပ်စစ်ရပါတယ်။ ပြီးရင် နောက်တကြိမ် ကျိုရပြန်ပါတယ်။ ပြီးသွားရင် သောက်ရေပုံးထဲမှာ ရေကျက်အေးအဖြစ် ထည့်ရင်ထည့်။ လက်ဘက်ခြောက်ခပ်ပြီး သောက်ရင်သောက်ပေါ့။
နောက်တခုက နို့ဖိုးမှာ မြူနီစပါယ်အမှိုက်သိမ်းကားရှိတယ်ဗျို့။ မြို့မှာလို ကားကြီးနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ။ ထွေလာနဲ့ အမှိုက်သိမ်းတာပါ။ အမှိုက်သိမ်းဖို့ ဝန်ထမ်းတွေကို လခပေးပြီး ခန့်ထားတယ်။ ရပ်ကွက်တိုင်းလိုလိုမှာ အမှိုက်ကျင်းကြီးတွေ ရှိတယ်။ ကျင်းကြီးတွေက လူနှစ်ရပ်လောက် နက်တယ်။ အမိုးမိုးထားတယ်။ အကာကာထားတယ်။ သို့ပေသော်လည်း လူတိုင်းက လက်ဖြောင့် သင်တန်းမတက်ခဲ့ဘူးကြတော့ ကျင်းဘေးမှာ အမှိုက်တွေက ဟိုတစသည်တစ ပြန့်ကျဲနေတော့တာပေါ့ဗျာ။
ကျနော်တို့နေရတဲ့ကျောင်းကလေးက မူကြို၊ မူလတန်းကျောင်းကလေးဗျ။ အိမ်သာလေးတွေက ကလေးတွေအတွက်ရည်ရွယ်ပြီး ဆောက်ထားပုံရတော့ နည်းနည်းတော့ နိမ့်တာပေါ့။ ဒါပေမယ့် အဆင်ပြေပါတယ်။ စခန်းတခုလုံး ရေလောင်းအိမ်သာပဲ သုံးရတယ်။ အဲဒီ အိမ်သာတွေကို သန့်ရှင်းနေအောင်နဲ့ အနံ့အသက်မထွက်ရစေအောင် အိမ်သာထဲအထိ ရေရောက်အောင် လုပ်ပေးထားတယ်။
အဲဒီမှာ ထူးခြားတာက အမှိုက်ပုံးတွေဗျ။ ရေတိုင်ကီကို ထက်ပိုင်းဖြတ်ပြီး အမှိုက်ပုံးတွေလုပ်ထားကြတယ်။ အမှိုက်ပစ်မယ့် နေရာကို သီးသန့်သတ်မှတ်ထားပေးတယ်။ မိုးထား၊ ကာထားတယ်။ တိုင်ကီပြတ် အမှိုက်ပုံး ၃ ခုချထားတယ်။ တခုက စားကြွင်း စားကျန်တွေ ထည့်ဖို့၊ နောက်တခုက ပြန်လည်ထုတ်လုပ်လို့ရတဲ့ စက္ကူတွေ၊ ပုလင်းတွေ၊ သတ္တုဗူးခွံတွေ ပစ်ဖို့ဗျ။ နောက်တခုကတော့ ပလပ်စတစ်ပစ္စည်းသက်သက် ထည့်ဖို့ဗျ။ ပလပ်စတစ်က လူတွေအတွက်သာ အသုံးဝင်တာ၊ ကမ္ဘာမြေကြီးကိုတော့ ဒုက္ခပေးတဲ့ အမျိုးမဟုတ်လား။
သို့ပေသော်လည်း ကျောင်းက ကလေးတွေလည်း သိပ်လက်တည့်ကြပုံမရပါဘူး။ အမှိုက်ကလေးတွေက ဟိုတစ သည်တစ လေနှင်ရာ တလွင့်လွင့်ပေါ့ဗျာ။ (အဲဒီတုန်းကသာ အဲဒီစနစ်ကို ရယ်ချင်ချင်ဖြစ်ခဲ့ကြတာ။ အမေရိကန်တနိုင်ငံလုံး အဲဒီအတိုင်း လုပ်ကြတာကလား။ ခု အမေရိကန်ရောက်တော့မှ ငိုရမလိုတောင်ဖြစ်ရတယ်ဗျို့။ မမှားရအောင် အမှိုက်ပုံးတွေမှာ စာလည်းရေး၊ ပုံတွေလည်း ကပ်ထားပေးလျက်နဲ့ အမှိုက်ကို ပုံးမှားထည့်မိလို့ ဒဏ်ငွေ အရိုက်ခံရတယ်ဗျို့။)
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment