Monday, October 7, 2013

ခွင့်လွှတ်ချင်သည် ... သို့သော် (ခင်ငြိမ်းသစ်)

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးကိုရောက်ခဲ့ဖူးတယ်လို့ ပြောလိုက်ရင် အခုခေတ်လူငယ်တွေက နားထောင်ကောင်းအောင်ပြောတဲ့ပုံပြင်လို့ မှတ်ယူကောင်း မှတ်ယူနိုင်ပါတယ်။ တကယ်တော့ ပုံပြင် မဟုတ်ခဲ့ပါဘူး။ ဗမာပြည် စစ်အာဏာရှင်လက်အောက် မရောက်ခင်က ဒါမှမဟုတ် ရွှေထီးဆောင်းခဲ့စဉ်ကပါ။ ဒါပေမယ့် စစ်အာဏာရှင်လက်အောက် ရောက်ခဲ့တဲ့အချိန်ကစလို့ ကျမတို့တိုင်းပြည်ဟာ မှားယွင်းမှုတွေကြား နလံမထူနိုင်တော့တာက လက်ရှိပစ္စုပန်အချိန်အထိပဲ ဖြစ်ပါတယ်။ 

စစ်တပ်က အာဏာမသိမ်းမီအထိ တပ်နဲ့ ပြည်သူဟာ စိတ်ဝမ်းမကွဲကြသေးပါဘူး။ ၁၉၆၂ ခုနှစ်မတ်လမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် 7 July ကစလို့ တပ်မတော်ဟာ ပြည်သူသွေးနဲ့ ခြေဆေးခဲ့ပါတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် စတဲ့ အရေးတော်ပုံတွေမှာ ပြည်သူဟာ တပ်မတော်အပေါ်မှာ အမြင်မကြည်လင်တော့ပါဘူး။ တပ်မတော်ဟာ စစ်အာဏာရှင်ရဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်အရာမှမှ မငဲ့ကွက်ဘူးဆိုတာကို ပြည်သူတွေ နားလည်ထားကြပါတယ်။ ၁၉၈၈ ခုနှစ်ကတော့ တပ်မတော်နဲ့ ပြည်သူတွေရဲ့ လမ်းခွဲပဲဖြစ်ပါတော့တယ်။ မြန်မာပြည်သူတွေ တပ်မတော်အပေါ် နာကျည်းခဲ့ကြပါတယ်။ တပ်မတော်နဲ့ ပြည်သူ စိတ်ဝမ်းကွဲခဲ့ကြတာ အခုဆိုရင် ၂၅ နှစ်ရှိခဲ့ပါပြီ။ ချွင်းချက်အနေနဲ့ ပြည်သူအပေါ်ထောက်ထားစာနာတဲ့ တပ်မတော်သားအချို့ပေါ်လာခဲ့သလို ပြည်သူတွေကလည်း ဒီလိုစိတ်သဘောမျိုးရှိတဲ့ တပ်မတော်သားတွေအပေါ်မှာ လေးစားချစ်ခင်ကြပါတယ်။


မြန်မာပြည်ဟာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးပါဘူး။ စစ်ဖြစ်နေတဲ့ဒေသတွေမှာ အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံပြည်သူတွေခံစားနေခဲ့ရတာ ရာစုနှစ်ဝက်လောက်ရှိနေပါပြီ။ အစိုးရတပ်တွေဟာ တိုင်းရင်းသားရွာတွေကို မီးရှို့လေ့ရှိပါတယ်။ အဓိကကတော့ အဲဒီ့ရွာတွေဟာ ရန်သူတွေကို အထောက်အပံပေးတယ်လို့ ယူဆတာကြောင့်ဖြစ်ပါတယ်။ ဒေသခံရွာသားတွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးတာ၊ နှိပ်စက်တာတွေကို ပြုလုပ်ခဲ့တာကြောင့်လည်း ဒေသခံတိုင်းရင်းသားတွေဟာ အစိုးရ စစ်တပ်တွေကို ကြောက်လန့်ယုံသာမက၊ ယုံကြည်မှုလည်း မရှိကြပါဘူး။

မြန်မာပြည်မှာ ပဋိပက္ခဖြစ်နေတဲ့အုပ်စုဟာ ဒီမိုကရေစီဘက်တော်သားတွေနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသူများ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသူတွေဆိုပြီး အုပ်စု ၃ စုဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို အစဉ်တစိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွေမှာ ၁၀ တန်းအောင်ပြီးတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အိပ်မက်က ဗိုလ်သင်တန်းတက်ခွင့်ရဖို့ပါပဲ။ ဗိုလ်သင်တန်းလျှောက်တဲ့ လူတိုင်းရဲ့ နောက်ကြောင်းရာဇဝင်ကို ထောက်လှမ်းရေးတွေက အမြဲလေ့လာလေ့ရှိပါတယ်။ အကယ်၍ ဖခင်၊ ဦးကြီး၊ ဦးလေး စသည်ဖြင့် အမျိုးအဆွေထဲက လူတစ်ဦးတစ်ယောက်က နိုင်ငံရေးနဲ့ပတ်သက်လို့ ပြစ်ဒဏ်ကျခံခဲ့ဖူးတယ်ဆိုရင် အဲဒီလူ့ဟာ စစ်တက္ကသိုလ်တက်ခွင့် မရပါဘူး။ တကယ်လို့ စစ်တက္ကသိုလ်တက်ဆဲဆိုရင်လည်း ကျောင်းထုတ်ခံရပါတယ်။ 

ဒါတင်မကပါဘူး၊ မိသားစုဝင်တစ်ဦးဦးဟာ နိုင်ငံရေးနဲ့ပတ်သက်ခဲ့တယ်ဆိုရင် အဲဒီ့မိသားစုဟာ ထောက်လှမ်းရေးတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်တာကို ခံရမှာပါ။ သားသမီးတစ်ဦးဦးက နိုင်ငံရေးနဲ့ပတ်သက်ခဲ့မယ်ဆိုရင် မိဘတွေရဲ့ အလုပ်အကိုင်၊ ရာထူး စတာတွေကို ထိခိုက်ပါတယ်။ ၁၉၈၈ မှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေ ပိုများလာပါတယ်။ ၁၉၈၈ မတ်လကဖြစ်ခဲ့တဲ့ ဘုန်းမော်အရေးအခင်းမှာ ဆေးရုံရောက်ပြီးတော့မှ ကွယ်လွန်ခဲ့တဲ့ ကိုစိုးနိုင်ရဲ့ မိသားစုဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခမျိုးစုံခံစားနေခဲ့ရတယ်လို့ မိသားစုနဲ့တွေ့ဆုံခဲ့သူတွေက ပြောပြကြပါတယ်။ 

ကိုစိုးနိုင်ရဲ့မိခင်ဟာ ကိုစိုးနိုင်သေဆုံးသွားတဲ့အကြောင်းကို ကြားတဲ့အခါမှာ စိတ်ထိခိုက်လွန်းလို့ စိတ်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကိုစိုးနိုင်ရဲ့ဖခင်ဟာလည်း သားလုပ်သူရဲ့ဖြစ်ရပ်ကြောင့် စိတ်ထိခိုက်ခဲ့ရပြီး ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်ပြီးတဲ့နောက်မှာ ကိုစိုးနိုင်ရဲ့ ညီအငယ်ဆုံးဟာ ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ့် မိသားစုတာဝန်ကို ပခုံးထမ်းယူခဲ့ရပါတယ်။ ဒါပေမယ့် ကိုစိုးနိုင်တို့မိသားစုဟာ နိုင်ငံရေးနဲ့ပတ်သက်ခဲ့တဲ့အတွက် သူ့ညီလေးကို ဘယ်သူကမှ အလုပ်မခန့်ရဲခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီကလေးဟာ ၁၀ တန်းအောင်မြင်ခဲ့ပေမယ့် ကြုံရာကျပန်းအလုပ်လုပ်ရင်း မိသားစုဘဝကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့မိသားစုလိုပါပဲ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အားလုံးဟာ ဖိနှိပ်ခံခဲ့ကြရတာပါ။ 

ထောင်ထဲကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ သာမန်ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေထက်ကို ပိုပြီးဖိအားပေးခံရပါတယ်။ ၂၀၀၁ ခုနှစ်မှာပဲ ကျွန်မ နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ်ကျနေရာကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြန်လွတ်လာပြီးတဲ့နောက်မှာ ထောက်လှမ်းရေးဟာ အိမ်ကို မကြာမကြာ ရောက်လာပြီး ကျွန်မကို စစ်ဆေးသလို၊ မေးမြန်းသလိုလာလုပ်လေ့ရှိပါတယ်။ ထောက်လှမ်းရေးတွေရောက်လာတဲ့အခါတိုင်း မိသားစုဝင်တွေ စိတ်ဆင်းရဲကြရပါတယ်။ ထောင်ကနေလွတ်ပြီး ၂ လအကြာ မဂ္ဂဇင်းတိုက်တစ်ခုမှာ အလုပ်ဝင်လုပ်တော့လည်း ထောက်လှမ်းရေးက ရုံးကိုရောက်လာပြီး သတင်းမေးတာတွေကိုလုပ်လို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်အနှာက်အယှက် ဖြစ်ရပါတယ်။ 

အိမ်ထောင်ကျတော့ ခင်ပွန်းကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးပါပဲ။ သူ့ကိုလည်း နိုင်ငံရေးနဲ့ပတ်သက်လို့ အကြောင်းတစ်စုံတစ်ခုရှိတိုင်း လာမေးလေ့ရှိတာကြောင့် သူ့အိမ်က မိသားစုတွေ စိတ်ညစ်ကြပါတယ်။ ထောက်လှမ်းရေးလို့ ထင်ရသူတစ်ဦးဦးက အိမ်နားမှာ မယောင်မလည်ရှိနေရင်၊ အိမ်ထဲကိုဝင်ပြီး မေးမြန်းတာတွေလုပ်ရင် မိသားစုဝင်တွေအတွက် ခြောက်အိပ်မက် တစ်ခုဖြစ်ပြီး သူတို့ ရင်မဆိုင်ချင်ဆုံးအရာတွေပါပဲ။ ၁၉၆၂ ခုနှစ်နောက်ပိုင်းကနေစပြီး လမ်းပေါ်မှာ သေဆုံးသွားရသူတွေ၊ ထောက်လှမ်းရေးစခန်းတွေမှာ သေဆုံးကြရသူတွေ၊ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားကြသူတွေ အမြောက်အများရှိပါတယ်။ ၁၉၈၈၊ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ ပိုများလာသလို စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ သေဆုံးသူအရေအတွက်လည်းပိုလို့ မြင့်တက် လာခဲ့ပါတယ်။ 

ခင်ပွန်းရဲ့ ငယ်သူငယ်ချင်းဖြစ်သလို၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ကိုစည်သူဟာ တောတွင်းကို ခဏသွားပါတယ်။ နောက်တော့ သူပြန်ရောက်လာပြီး ရှောင်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရေဒီယိုတွေကနေ သူကိုယ်တိုင် ကြေညာချက်တွေ ထုတ်ပါတယ်။ တောတွင်းကပြန်လာသူတွေရှိရင် အကြောင်းကြားဖို့နဲ့ အရေးမယူပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကိုစည်သူရဲ့အမေက သူကိုယ်တိုင်ပဲ အကြောင်းကြားပေးခဲ့ပါတယ်။ သူ့ရဲ့ စေတနာက သူ့သား အခုလို ခိုးချောင်ခိုးဝှက်နေရတာထက် အကြောင်းကြားလိုက်ရင် ပေါ်ပေါ်ထင်ထင်နေခွင့်ရမယ်လို့ ယူဆတာကြောင့်ပါ။ 

ဒါပေမယ့် ထောက်လှမ်းရေးက ကိုစည်သူကို လာခေါ်သွားခဲ့ပါတယ်။ စစ်ကြောရေးစခန်းကိုရောက်တော့ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတော့တယ်။ ကိုစည်သူရဲ့ လက်ဖျံကို ဘလိတ်ဓားတွေနဲ့ မွန်းသလို ရိုက်နှက်တာတွေလည်း လုပ်ပါတယ်။ အဲဒီ့နောက်တော့ ၁၉၉၁ ခုနှစ်မှာ ကိုစည်သူ၊ ကျွန်မ ခင်ပွန်းနဲ့ ကိုဌေးကြွယ်တို့ကို တစ်တွဲတည်း ထောင်ချလိုက်ပါတယ်။ ကိုဌေးကြွယ်ကို ထောင် ဒဏ် ၁၅ နှစ်၊ ကိုစည်သူကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ကျွန်မ ခင်ပွန်းကို ထောက်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့်အရ သူတို့အားလုံးထောင်ဒဏ် ၁၀ နှစ်ဖြစ်သွားခဲ့ပါတယ်။ 

ထောင်ထဲမှာ ကိုစည်သူဟာ သွား ၆ ချောင်းနုတ်ခဲ့ရပါတယ်။ ထောင်ထဲမှာ ဆေးထိုးရတယ်ဆိုတာ အရမ်းကို အန္တရာယ်များပါတယ်။ ထောင်ဝန်ထမ်းတွေအသုံးပြုတဲ့ အပ်တွေဟာ သန့်မသန့်ဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ပိုဆိုးတာက ၁၉၉၁ ခုနှစ်ဆိုတာ တစ်ခါသုံးအပ်တွေ ထောင်ထဲမှာ ပေါပေါများများ သွင်းခွင့်မရသေးတဲ့ အချိန်ပါ၊ ထောင်ဝန်ထမ်းတွေ အပါအဝင် အုပ်ချုပ်နေသူတွေက ထောင်ထဲက လူတွေကို လူလို့မှ သတ်မှတ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင်ကို ထောင်ထဲက အခြေအနေက ဆိုးရွားပါတယ်။

ထောင်ထဲမှာ မသေသင့်ဘဲ သေဆုံးသူတွေ အများအပြားရှိပါတယ်။ သုံးခွမြို့က ကျွန်းပြန်ဦးစိန်ဝင်းဆိုရင် ဝမ်းကိုက်ရောဂါကြောင့် ထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။ အမှန်အတိုင်းလွှတ်မယ်ဆိုရင် ကိုစည်သူဟာ ၁၉၉၉ ခုနှစ်မှာ လွတ်ရမှာပါ။ သို့သော်လည်း သူ့ကို ၁၀(က)နဲ့ ထပ်မံထိန်းသိမ်းထားတာကြောင့် သူဟာ ထောင်ထဲမှာပဲ ဆက်နေခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းကစလို့ ကိုစည်သူရဲ့ကျန်းမာရေး ဆိုးရွားလာပါတယ်။ မကြာခဏ ဖျားလာတယ်၊ ချောင်းဆိုးတာကလည်း မပျောက်ဘူး။ ဒီလိုနဲ့ ဆေးစစ်လိုက်တော့ သူ့ဆီမှာ HIV ပိုးတွေ့ရတယ်။ ထောင်ထဲက ဆေးထိုးအပ်မှတစ်ဆင့် ကူးစက်ခံလိုက်ရပါတယ်။ 

ကိုစည်သူလိုပဲ ကိုဘိုနီအောင်၊ ကိုသုတ၊ ဦးလှသန်း ကိုးကိုကျွန်းအမတ်(၁၉၉၀) တို့လည်း ထောင်ထဲကနေ HIV ပိုး ကူးဆက်ခံခဲ့ရပါတယ်။ ၂၀၀၁ ခု ဇူလိုင်လထဲမှာ ကိုစည်သူ ကွယ်လွန်ပါတယ်။ ကိုစည်သူ ကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး သူ့မိသားစုကို မေးကြည့်တဲ့အခါမှာ "အဲဒီ့အချိန်တုန်းက တာဝန်ရှိခဲ့တဲ့ လူတွေအနေနဲ့ ခံစားခဲ့ရတဲ့ မိသားစုတွေကို ဝန်ခံသင့်ပါတယ်။ အဲဒီ့အချိန်က ထောက်လှမ်းရေးအကြီးအကဲလည်း in service မဟုတ်တော့ပေမယ့် ဝန်ခံမယ်ဆိုရင် ဝန်ခံလို့ရနေသေးတာပဲ။ ဒါပေမယ့် သူက ဝန်မခံတဲ့အပြင် အင်တာဗျူးတွေမှာ ခံခဲ့ရသူတွေကပဲ လုပ်ကြံပြောသလိုပြောနေတော့ မိသားစုတွေကို ပိုဒေါသထွက်အောင် လုပ်နေတာနဲ့တူတယ်" လို့ ပြောပြခဲ့ပါတယ်။ 

အဲဒီလိုပါပဲ၊ ၁၉၈၈၊ သြဂုတ်လ ၉ ရက်နေ့က စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းမှာရှိတဲ့ နတ်မိမယ် လက်ဖက်ရည်ဆိုင်အတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင်သေဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်မွန်ရဲ့မိခင်ကတော့ "အန်တီ့အနေနဲ့လေ သင်ပုန်းတော့ မချေနိုင်သေးဘူး။ ဒါပေမယ့် လက်စားချေချင်တာတော့ မဟုတ်ပါဘူး။ အန်တီတို့သားတွေ ဖြစ်ခဲ့တာမျိုးနောက် ထပ်မဖြစ်စေချင်ဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံသင့်ပါတယ်" လို့ ၈၈ ငွေရတုသဘင် အခန်းအနားမှာ တွေ့ဆုံစဉ်က မေးခဲ့တဲ့အပေါ်မှာ ပြန်ဖြေခဲ့တာပါ။ 

၁၉၈၈ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်စဉ် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ မဝင်းမော်ဦးရဲ့မိခင်ကတော့ "အန်တီအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်စေချင်ဘူး။ နောက်ထပ် နောက်ထပ် တန်ဖိုးရှိတဲ့လူငယ်တွေ သေဆုံးသွားမှာကို မမြင်ချင်ဘူး" လို့ပြောကြားခဲ့ပြန်ပါတယ်။ မဝင်းမော်ဦး သေဆုံးပြီးတဲ့နောက်မှာ ကျန်ရစ်သူမိသားစုကို ထောက်လှမ်းရေးတွေ မျက်စိဒေါက်ထောက်ကြည့်တာကို ခံခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကျွန်မအမြင်ကတော့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ၈၈ မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ဝန်ခံသင့်ပါတယ်။ ဒါမှလည်း ကာယကံရှင်တွေက ခွင့်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းနေပြီလို့ အစိုးရက ထုတ်ဖော်ပြောဆိုနေတဲ့အချိန်ဖြစ်လို့ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုရှိဖို့အတွက်လည်း လိုအပ်နေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဒီ့အပြင် ၈၈ သမိုင်းကြောင်းအမှန်တစ်ခုကို ဖော်ထုတ်ပေးသင့်ပါတယ်။ ဒါမှ ကျဆုံးသူ ဘယ်နှစ်ယောက်၊ ထိခိုက်ဒဏ်ရာရသူ ဘယ်နှစ်ယောက်ဆိုတာကို အနီးစပ်ဆုံးသိနိုင်မှာပါ။ 

နောက်ထပ် တောင်းဆိုချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝကို ပြန်လည်ထူထောင်ပေးသင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ထောင်ထဲမှာ အနည်းဆုံး ၇ နှစ်ကနေ တစ်ချို့ဆိုရင် နှစ် ၂၀ ကျော်နေခဲ့ရသူတွေ၊ တစ်ချို့ကတော့ အကြိမ်ကြိမ်ထောင်ကျခဲ့သူတွေဖြစ်တာကြောင့် သူတို့ဟာ ဘဝကို မထူထောင်နိုင်ခဲ့ကြပါဘူး။ ဒီ့ထက်ပိုဆိုးတာက ထောင်ကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်အကိုင် လုပ်ရတာ အဆင်မပြေအောင်၊ ကျောင်းသားတွေဆိုရင် ကျောင်းပြန်တက်ခွင့်မရအောင်လို့ ထောက်လှမ်းရေးတွေ သူတို့လုပ်နိုင်တဲ့အခွင့်အာဏာကိုသုံးပြီး ဖိနှိပ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝတွေ၊ မိသားစုတွေရဲ့ဘဝတွေဟာ အများအားဖြင့် နွမ်းကြေနေခဲ့ရပါတယ်။ 

စနစ်ဆိုးကို ဖြတ်ကျော်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝကို အာဏာရ အစိုးရတွေအနေနဲ့ ပြန်လည်ထူထောင်ဖို့ အကူအညီပေးသင့်ပါတယ်။ ဒါမှလည်း ခေတ်တကယ်ပြောင်းသွားပြီလို့ နိုင်ငံရေးအင်အားစုတွေဘက်က ယုံကြည်လာမှာပါ။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတဲ့ ရာစုနှစ်ဝက်လောက်ရှိနေခဲ့ပါပြီ။ ဒေသခံတွေဟာ စစ်ဖြစ်နေတဲ့ သူတို့ရဲ့ဇာတိတွေမှာ မနေရဲကြပါဘူး။ တပ်မတော်ဟာ ဒေသခံတိုင်းရင်းသားတွေအားလုံးကို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အမျိုးအနွယ်တွေလို့ သတ်မှတ်ပြီး ဖိနှိပ်ပါတယ်။ 

အခုလတ်တလောဖြစ်ခဲ့တဲ့ ဦးဘရန်ရှောင်ရဲ့ အဖြစ်အပျက်ကိုကြည့်ရင် သိသာပါတယ်။ အတင်းအဓမ္မ နှိပ်စက်ပြီးတော့ ကေအိုင်အေ တပ်သားအဖြစ် ဝန်ခံခိုင်းခဲ့တယ်လို့ ဦးဘရန်ရှောင်က သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် ၁ သိန်းကျော် ရှိနေခဲ့တာပါ။ တိုင်းရင်းသားတွေလိုချင်နေတာက တန်းတူရှိမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပါ။ တန်းတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့အတွက်ဆိုရင် နှစ်ပေါင်းများစွာ စစ်ပွဲတွေဖြစ်ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှသာ အောင်မြင်မှာပါ။ တိုင်းရင်းသားတွေအားလုံးက ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်ကြပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးရပါလိမ့်မယ်။ တကယ်လို့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ် စစ်စစ် ပြည်ထောင်စုဖြစ်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ တိုင်းရင်းသားတွေဟာ သူတို့ကို ဖိနှိပ်ခဲ့တာတွေ၊ သူတို့အပေါ် ရက်စက်ခဲ့တာတွေကို မေ့လိုက်နိုင်မှာ သေချာပါတယ်။ 

လွှတ်တော်အမတ်တစ်ဦးကတော့ အစိုးရဝန်ခံလာအောင် ချက်ချင်းလုပ်လို့မရဘူး၊ တဖြည်းဖြည်းချင်း လုပ်ယူရမယ်လို့ ပြောခဲ့တာကို ဖတ်လိုက်ရပါတယ်။ ကျွန်မရဲ့ ယူဆချက်နဲ့တော့ ဝေးပါတယ်။ ကျွန်မကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဝန်ခံလာဖို့၊ တရားမျှတမှုဖော်ဆောင်ဖို့ တောင်းဆိုနေသင့်တယ်လို့ ယူဆပါတယ်။ အမုန်းတွေဆိုတာ အချိန်ကြာတာနဲ့အမျှ အငြိုးအတေးအဖြစ်၊ လက်စားခြေလိုခြင်းအဖြစ် ပေါ်ထွက် လာတတ်သလို၊ တောင်းပန်မှုပြုလုပ်စရာမလိုတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ခွင့်ပြုထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အချိန်မရွေး ညှင်းပန်း နှိပ်စက်မှုတွေ ဖြစ်ပေါ်နေမှာပဲဖြစ်လို့ပါ။ 

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ အများအားဖြင့်တော့ စိတ်သဘောထားကောင်းမွန်ကြလေ့ရှိပါတယ်။ ရုပ်ရှင်တွေထဲမှာပဲဖြစ်စေ၊ အိပ်ယာဝင်ပုံပြင်တွေမှာပဲဖြစ်စေ တောင်းပန်လာတဲ့ လူဆိုးကို ခွင့်လွှတ်ပေးတဲ့ ဇာတ်ကြောင်းတွေပဲရှိပါတယ်။ ကလဲ့စားခြေခြင်းကို မကောင်းတဲ့ ဆိုးယုတ်တဲ့ စိတ်နေစိတ်ထားအဖြစ်လည်း သတ်မှတ်လေ့ရှိပါတယ်။ ဒါကြောင့် ဝန်ခံတဲ့ သူက ဝန်ခံမယ်၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုတွေကိုလုပ်မယ်ဆိုရင် အခြေခံဥပဒေမှာ ထည့်ထားတဲ့ နောက်ကြောင်းပြန် တရားမစွဲရဘူးဆိုတဲ့ဥပဒေတောင် ထည့်ဖို့မလိုလောက်ဘူးလို့ ကျွန်မ ယူဆပါတယ်။ 

ခင်ငြိမ်းသစ် 

နွယ်နီမဂ္ဂဇင်းတွင်ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။ 


 

No comments: