လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်
မင်းကမ်းစပ်မှာ
လက်ပမ်းကျတဲ့ပင်လယ်
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ်
လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်
မင်းစဉ်းတီတုံးပေါ်
အရှင်လတ်လတ်ငါးတကောင် သေငယ်ဇောငင်သလို ပင်လယ်
မင်းကောင်းကင်အောက်မှာ
လှိုင်းတွေနဲ့ဘောင်ဘင်ခတ်
မှန်တချပ်လို ဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်
မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ်
မင်းမုန်တိုင်းတွေမှာ
အဘိဓမ္မာဆရာတယောက်လို ငိုကြွေးပြီး
မင်းလေညင်းတွေမှာ
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူ ပင်လယ်
ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ
စင်ရော်တွေကိုပျံသန်းခိုင်းပြီး
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်
လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူ ပင်လယ်
မင်းအနမ်းမှာပဲ
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ ပင်လယ်
မင်းသေနတ်ထဲမှာပဲ
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်
မင်းရာဇဝင်မှာပဲ
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ ပင်လယ်
မင်းလက်ဝါးကပ်တိုင်မှာပဲ
သူတော်စင် ငါဖြစ်ချင်တဲ့ ပင်လယ်
လာတုန်းကတော့
အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်
(၂၀၀၉)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment