Tuesday, September 3, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၆) - မင်းကျော်ခိုင်

ကေမြိုးက ရိုးတယ်၊ သူ့ကိုကြပ်လို့ကြပ်မှန်း မသိဘူး။ သူ့နာမည်အရင်းက မျိုးကြွယ်။ ဘာလို့ ရှေ့က K (ကေ) ထည့်သလဲဆိုတော့ သူ အိမ်ထောင်မကျခင် သူ သွားသွားပိုးနေတာက RC3 က ဆရာမ ကေခိုင်၊ ထို့ကြောင့် အမောင်သကောင့်သား ကေမြိုး ဖြစ်သွားတာ။ 

သူ့အမျိုးသမီး ကေခိုင်ကို ကျနော် တခါမှ မမြင်ဖူးဘူး။ တခါသား ကျနော်က ရန်ကုန်မြို့ထဲသွားမလို့ ၁၂ စီးသန့်ကား (ဟံသာဝတီအဝိုင်းနဲ့ သီတာသင်္ဘောဆိပ် ပြေးတဲ့ကား၊ ဘယ်စီးစီး တယောက် ၁ ကျပ်) စီးတော့ သူလည်း ကျနော်နဲ့ပါလာတယ်။ သူက RC2 မှာ သွားကြူတာ။ ကျနော်သိတော့ အေးဗျာ ကိုမြိုး ကျနော်က အချိန်စောနေသေးတယ်၊ ခင်ဗျားနဲ့လိုက်ခဲ့မယ်ဗျာ... ဆိုပြီးပြောတော့ ဟေ့ကောင် မင်းလိုက်လို့မရဘူး... ငါ့ကို မနှောက်ယှက်နဲ့လို့ ဆိုတယ်။ မရဘူးဗျာ... လိုက်မှာပဲ ခင်ဗျားဘယ်လိုဖြစ်နေတာလဲ... ဒါလေး လိုက်ကြည့်တာကို...။ အဲဒီမှာ ကျနော့်ဘော်ဒါ ကိုကေမြိုးက ကဲ ပြောမရမယ့်အဆုံး ငါလည်း မသွားတော့ဘူး မင်းနဲ့ပဲမြို့ထဲလိုက်ခဲ့တော့မယ်ဆိုပြီး ကျနော်နဲ့ ပါလာတော့တာပဲ။ 


သူ ဘာလို့ ကျနော့်ကိုကြောက်လဲဆိုတော့ သူကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေအားလုံးက ကျနော့် အသိအကျွမ်းတွေ ဖြစ်ဖြစ်နေလို့။ ကေခိုင်နဲ့သူ မတွေ့ခင် သူ ပိုးနေတဲ့ ကောင်မလေးတယောက် ရှိတယ်။ သင်္ချာက၊ လ္ဘက်ရည်ဆိုင်မှာ 8126..8126 နဲ့ ခဏခဏ လာလာညည်းနေတာနဲ့ အဲဒါ ကားနံပါတ်မဟုတ်လား volkswagen လေလို့ သူ့ပြောလိုက်တော့၊ မင်းက ဘယ်လိုလုပ်သိလဲတဲ့၊ ဟားဟား... အဲဒီခင်ဗျားပိုးနေတဲ့ကောင်မလေးရဲ့မောင်အရင်းက ကျနော့်နဲ့ အရမ်းခင်တဲ့ကျောင်းနေဘက်သူငယ်ချင်း...TTC က သူ့နာမည် ကြည်ဝင်း၊ တောင်ဥက္ကလာ ဘောက်ထော်မှာနေတယ်ဆိုတော့... ဟ တကယ်လား လုပ်ပါအုန်းကွာ... အားကိုးပါရစေဆိုတာနဲ့ တည ကေမြိုးကို ကြည်ဝင်းတို့အိမ်ခေါ်သွားပြီး... ဘာရယ်မဟုတ်ပါဘူး၊ ကြည်ဝင်းကို ငါတို့ အရက်ဖိုးပြတ်သွားလို့ မင်းဆီဝင်လာတာ ဘာညာလုပ်ရတာပေါ့။ ကြည်ဝင်းက ဒါနဲ့ သူ့အမဆီက ပိုက်ဆံတောင်းလာပြီး ကျနော်တို့နဲ့ အရက်ဖြူ ဘုံဆိုင်ကိုလိုက်လာပြီး စကားတွေပြောကြတာပေါ့။ ကြည်ဝင်းက ကေမြိုးကို မသိဘူး၊ ဒါ ဘယ်သူဘယ်ဝါ အဲလောက်ပဲ မိတ်ဆက်ပေးလိုက်တယ်။ ကေမြိုးက သူ့ယောက်ဖလောင်းလေးဆိုပြီး သူ့ပန်းချီပုံတွေပါတဲ့ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတအုပ် လက်ဆောင်ပေးလိုက်တယ်။ 

အမှန် သူပေးချင်တာက ကြည်ဝင်း အမကို။ ကျနော်ကလည်း ကြည်ဝင်းကို အဲဒီစာအုပ် မင်းအမကိုပေးလိုက်၊ ဘာလို့ဆို သူက ငါတို့အတွက် အရက်ဖိုးပေးလိုက်တာမို့လို့ လို့ဆိုတော့ ကေမြိုးမျက်နှာ ပြုံးဖြီးဖြီး...။ ကြည်ဝင်းက အရက်မသောက်ဘူး၊ အေးအေးနေတတ်တာ၊ ကြည်ဝင်းနဲ့ လမ်းခွဲပြီးပြန်ကြတော့ ကေမြိုးက ကြည်ဝင်းကို မူးမူးနဲ့ ကျေးဇူးတင်ကြောင်းပြောတာတွေက ထပ်နေပြီ။ ဟေ့လူ တော်လောက်ပြီ ပြန်ကြမယ်ဆိုပြီးပြန်လာကြတော့ လမ်းမှာ... ကိုမြိုးရေ... ဒီညသောက်တဲ့ အရက်ဖိုးက ကြည်ဝင်းပိုက်ဆံ မဟုတ်ဘူး... သူ့အမ ခင်ဗျားမဒီကြီးပိုက်ဆံနဲ့သောက်တာ... သောက်လို့ ကောင်းမှကောင်း... ဆိုတော့ ကိုယ့်ဆရာကေမြိုး ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့...။ ဒါက အရင် ကေခိုင်နဲ့ မတွေ့ခင်ကပါ၊ သူနဲ့ 8126 လည်း ဘာဆို ဘာမှ မဘာခဲ့ကြပါဘူး...။ 

(ဘာလိုလိုနဲ့ ခုလာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ဆို ကေမြိုးဆုံးတာ ဆယ်နှစ်တင်းတင်းရှိခဲ့ပြီ) သူမဆုံးခင်က ကျနော် မက္ကစီကိုနိုင်ငံမှာ ရောက်နေတယ်။ သူနဲ့ဖုန်းပြောဖြစ်တယ်၊ သူဆုံးခါနီး လှမ်းနှုတ်ဆက်လိုက်ခဲ့မိသလိုပါပဲ။ နောက် သူငယ်ချင်းအရင်းခေါက်ခေါက် သောက်ဖော်သောက်ဖက် ပန်းချီဝင်းမော်ဟန်လည်း ကိုကေမြိုးနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ဆုံးသွားခဲ့တယ်။ 

သွားလေသူ မော်ကြီး (ဝင်းမော်ဟန်) ရေးတဲ့ သွားလေသူ ပန်းချီကေမြိုး ပုံ 

ကေမြိုးက သူ့ကဗျာကို ကိုရဲသံစဉ်နဲ့ သီချင်းသာဖြစ်သွားခဲ့တာ၊ သူလည်း ဂစ်တာ လုံးဝ မတီးတတ်ဘူး။ 

ကျနော်တို့ ကေမြိုးတို့ ရန်ကုန်တက္ကသိုလ် နှစ်လည်ပန်းချီပြပွဲတွေလုပ်ကြတဲ့အချိန် ကျနော်တို့ဆီလာလာလည်နေကြက ကွယ်လွန်သွားပြီဖြစ်တဲ့ ရန်ကင်းသား အဆိုတော် ချစ်လူမိုက် စိုးလွင်လွင်၊ စိုးလွင်လွင်က သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေဘက်ကို မလာဘူး...။ သူသွားဆိုနေကျက အင်းလျား၊ မာလာ၊ သီရိဆောင်တွေ၊ ဘယ်အချိန်ကြည့်ကြည့် စစ်အင်္ကျီ တပတ်နွမ်း ဆေးပေါ့လိပ်လက်ကြားညှပ်နဲ့ပဲ။ 

ကျနော် ကိုတိုး၊ ကိုရဲတို့အုပ်စုနဲ့ တွဲနေတဲ့အချိန်မှာပဲ ၁၉၈ဝ ထဲလို့ ထင်တယ်၊ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမကို အလည်လာနေကြ စီးပွားရေးတက္ကသိုလ်ကျောင်းသား မြင့်မိုးအောင်၊ သူက သမိုင်းဝင်းထဲက ခပေါင်းဆောင်မှာနေတယ်။ တရက် ကျနော် မြင့်မိုးအောင်အခန်းမှာရှိနေတုန်း ကျနော်နဲ့ TTC ကျောင်းနေဘက် ငယ်သူငယ်ချင်း ငချို (တင်မောင်ချို) နဲ့ မျက်မှန်ထူထူတပ်ထားတဲ့ သူ့သူငယ်ချင်း ရောက်လာတယ်။ ငချိုက (သူ့အဖေက တက္ကသိုလ်ကဆရာ) တာဝန်နဲ့ သူ့အဖေ ပြောင်းသွားတဲ့ ပုသိမ်ကောလိပ်ကနေလာတာ။ သူနဲ့ပါလာတဲ့ သူ့သူငယ်ချင်းကို ကျနော်နဲ့ မိတ်ဆက်ပေးတယ်၊ သူ့နာမည်က ကျော်မြင့်လွင်၊ ငချိုက သူ့သူငယ်ချင်းနဲ့လာတာ လက်ချည်းမဟုတ်ဘူး၊ ထန်းရည် နှစ်ပုံး (ပလပ်စတစ်ပုံးနဲ့) တောင်ပါလာတာ၊ ကျော်မြင့်လွင်ဆိုတာ တချိန်မှာ အောင်မြင်တဲ့အဆိုတော်ဖြစ်လာမဲ့ ထူးအိမ်သင်ပါပဲ။ 

အဲဒီတုန်းက မြင့်မိုးအောင်နဲ့ သူတို့ သီချင်းတွေစပ်ကြဆိုကြပေမယ့် ကျနော့်အပေါ် လွှမ်းမိုးနေတာက ကိုတိုးရဲ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီထဲက သီချင်းတွေ။ 

ကျော်မြင့်လွင် အဆိုတော်ဖြစ်ပြီး ကျနော်နဲ့ မတွေ့ဖြစ်ခဲ့ပါဘူး။ ၁၉၈၈ ကျနော် တောခိုတဲ့အချိန် ဘုရားသုံးဆူသွားတဲ့လမ်း ဒေါနတောင်တန်း တောတွင်းတနေရာမှာ သူနဲ့ ပြန်ဆုံကြတာ။ တောထဲသူ့တွေ့တော့ ကိုယ့်ဆရာ အဆိုတော်ထူးအိမ်သင်က ဟေ့ကောင် ဒါပဲ... ဒါပဲ... ဒါပဲ ငါတို့အတွက်လိုတာလို့ပြောရင်း သူ့လက်ညှိုးကို သေနတ်ပစ်သလို အမူအယာနဲ့ ပြတယ်။ သူ ဝတ်ထားတာကြည့်လိုက်တော့ အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီ အဖြူနဲ့။ 

ဘုရားသုံးဆူရောက်ကြတော့ ဘာအဖွဲ့အစည်းမှ မရှိသေးဘူး။ ရှိပြီးသား မွန်ပြည်သစ်ပါတီတော့ ရှိတာပေါ့လေ။ ကျနော်တို့ကလည်း ကျနော်တို့ ကျောင်းသားအဖွဲ့တွေ အားလုံးဆုံပြီးမှ ဆုံးဖြတ်ချက်ချမယ်ဆိုပြီး မွန်ပြည်သစ်ပါတီရဲ့ စည်းရုံးရေးမှုကို ရှောင်ရတယ်။ 

သုံးဆူမှာ ထူးအိမ်သင်တို့က အိမ်တလုံးငှားနေကြတယ်။ ကျနော်တို့က ဝါးဖောင်မှာနေတဲ့ လှေသမား ကိုန ရဲ့ဖောင်အိမ်မှာနေကြတယ်။ နောက်ရက်တော်တောကြာမှ ဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းတပါးဆီမှာ ပြောင်းနေဖြစ်တယ်။ ဦးပဉ္ဇင်းဘွဲ့နာမည်က ဦးဇင်း ခမ်းချွန်။ ဦးဇင်းက ဟိုး အရင် ဝန်ကြီးချုပ်ဟောင်း ဦးနုတောခိုတုန်းက မျိုးချစ်ပါတီက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ယျာ၊ ဆရာရန်ကုန်ဘဆွေတို့ရဲ့ တပည့်အရင်း။ 

တကယ်တမ်း ဘုရားသုံးဆူနယ်စပ်မှာ ကြာကြာနေလာရတော့ စားရေးသောက်ရေး အခက်အခဲဖြစ်လာကြတယ်။ ကျနော်အဖွဲ့မှာက ကျောင်းသူနှစ်ယောက် အပါအဝင် သူငယ်ချင်းအားလုံး ၁၄ ယောက်။ ဘန်ကောက်တက်ပြီး အဆက်အသွယ်တွေ ရှာမယ်ဆိုပြီးကြိုးစားရင်း ဝါးကုန်သည်ပွဲစား ထိုင်းစကားတတ်တဲ့ မွန်လူမျိုးတယောက်နဲ့ ချိတ်မိတယ်။ ဒါနဲ့ စားသောက်ဆိုင်တခုရှေ့က ကျောက်ခုံစားပွဲဝိုင်းတခုံမှာ ထိုင်စကားပြောကြတယ်။ အဲဒီအချိန်တုန်းက တော်လှန်ကျောင်းသားတွေကို ထိုင်းက တော်တော်လေးစားနေကြတဲ့အချိန်။ ပွဲစားက ကျနော့်ကို အရက်သောက်တတ်လားမေးပြီး ထိုင်းအရက် မဲခေါင်တပြားနဲ့ အမြည်းနဲ့ပေါ့။ 

သူနဲ့ပြောနေတုန်း မထင်မှတ်ပဲ အနားရောက်လာတာ မွန်းအောင်။ ကျနော့်ကိုတွေ့တော့ ဟာ... မင်းက ရှပ်ကီတွေ ဘာတွေနဲ့ ... ငါလည်း ကစ်ချင်တယ်ကွာ ပိုက်ဆံတော့မရှိဘူး၊ ခု ငါ ဂျပန်ရေတွင်း Camp မှာ ငါ့ အုပ်စု ၁ဝ ယောက်စာ တယောက်ကို တလ ဘတ် ၅ဝ နှုန်းနဲ့ အားလုံးအတွက်ရိက္ခာ တလစာ လာဝယ်တာ လို့ပြောတယ်။ ရတယ်... ဒါတွေ ငါ့ပိုက်ဆံနဲ့ဝယ်တာလည်း မဟုတ်ဘူး၊ ဒီမှာ ဝါး ပွဲစားကပြုစုနေတာလို့ပြောတော့ ပွဲစားက ပွဲစားပီပီ အထာပေါက်တယ်၊ အားလုံးကျသလောက်ရှင်းပေးခဲ့ပြီး သူအလိုက်တသိ ထပြန်သွားပါတယ်။ 

အဲ...ကျနော်တို့နှစ်ယောက်ထိုင်နေကြတုန်း... ငေးတေး ငေးတေးနဲ့ အနားရောက်လာတာက ထူးအိမ်သင်။ ဟား မင်းတို့ တယ်ငြိမ့်နေကြပါလားဆိုပြီး ဝင်ထိုင်တယ်၊ အေး ချကွာဆိုတော့ ငါ အရက်တော့ မသောက်ချင်ဘူး၊ ဒါပေမယ့် မင်းတို့မှာ ပိုက်ဆံရှိရင် ယိုးဒယားခေါက်ဆွဲပြုတ်တပွဲတော့ စားချင်တယ်ကွာ... တဲ့။ အဲလောက်တော့ ငါ့ရှိပါတယ်ကွာဆိုပြီး ခေါက်ဆွဲပြုတ်တပွဲ မှာပေးလိုက်ပါတယ်၊ (အဲဒီအချိန်က ခေါက်ဆွဲပြုတ်တပွဲ ၅ ဘတ်)။ မိန်ရေယှက်ရေနဲ့ စားနေတဲ့သူ့ကို ပြန်မြင်ယောင်မိတယ်။ သူ့ကို စောစောစီးစီးကြွေသွားလိမ့်မယ်လို့ အဲဒီတုန်းက လုံးဝ ထင်မထားခဲ့မိဘူးလေ။ 

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင် 


 

No comments: