လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကအထိ မြန်မာပြည်မှာ ဒီမိုကရေစီလို့ ပြောမိရင် သေချာတယ်အနည်းဆုံး ထောင် ၇ နှစ် ပါပဲ။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မတန်ဘူးလို့ ပြောဆို နှိပ်ကွပ်မှုတွေကိုလည်း ရင်စည်းခံခဲ့ကြရပါတယ်။ ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလိုလိုပြောဆိုမှုတွေ၊ မြန်မာ့လူ့ဘောင်အတွက် ဆိုရှယ်လစ်စနစ်သာလျှင် အသင့်လျော်ဆုံးဆိုတဲ့ အတွေးအခေါ်တွေကို လူငယ်တွေခေါင်းထဲ ရိုက်သွင်းခံခဲ့ရတာပါ။
ကျွန်မတို့ခပ်ငယ်ငယ်က သမိုင်းသင်ရိုးမှာ ပါလီမန်ဒီမိုကရေစီခေတ်ကို ရောင်စုံသူပုန်တွေထတဲ့ ခေတ်၊ ပါလီမန်ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်ချောက်ထဲကျအောင်လုပ်ခဲ့တဲ့ စနစ်၊ ဒီမိုကရေစီဆိုတာ တယောက်တပေါက်ပြောကြတဲ့ ခေတ်ရယ်လို့ သင်ကြားခဲ့ရပါတယ်။
အဲဒီ့ခေတ်ကထုတ်ဝေတဲ့စာအုပ်တွေဟာ ဆိုရှယ်လစ်ပန်းတိုင်ကို အထောက်အပံ့ပြုတဲ့ စာပေတွေကိုပဲ ထုတ်ဝေခွင့်ပြုတာပါ။ ဒါကြောင့်လည်း ရှရှားဘာသာကနေ ပြန်ဆိုတဲ့စာအုပ်တွေ၊ တရုတ်ဘာသာကနေပြန်ဆိုတဲ့ စာအုပ်တွေသာ အများအားဖြင့် ဖတ်ရတာပါ။ အဲဒီ့ခေတ်က ပြန်တမ်းဝင်အရာရှိတွေမှ ဖတ်ခွင့်ရှိတဲ့ Time, Newsweek စတဲ့ မဂ္ဂဇင်းတွေမှာတောင် အစိုးရရဲ့မူဝါဒနဲ့မကိုက်ညီတဲ့ စာမျက်နှာတွေ ဆုတ်ဖြဲခံခဲ့ရပါတယ်။ တိုင်းပြည်တစ်ခုလုံး အမှောင်ချထားခဲ့ပြီး မြန်မာအသံကနေလာတဲ့ ဆိုရှယ်လစ် ရည်မှန်းချက်တွေကို မစားရဝခမန်း အိပ်မက်နေခဲ့ရပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးအတွင်းမှာတော့ ''ဒီမိုကရေစီ'' ဆိုတဲ့အသံကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ ဒီမိုကရေစီဆိုတဲ့အသံကို အာဏာရှင်တွေက မုန်းတီးတယ်၊ ဒါကြောင့်လည်း ဒီမိုကရေစီကိုပိတ်ပင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အဓိကအချက်က ပြည်သူလူထုရဲ့အာဏာပါ။ ပြည်သူလူထုက သူတို့အကျိုးကိုရှေ့ရှုမယ့် အဖွဲ့အစည်းတွေကို မဲပေးရွေးချယ်ကြပါတယ်။ ပြည်သူတွေ ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့ဟာလည်း ပြည်သူတွေ တိုးတက်ဖွဲ့ဖြိုးလာအောင်လို့ ကြိုးပမ်းရွက်ဆောင်ရပါတယ်။ အစိုးရ သက်တမ်းတစ်လျှောက် ပြည်သူအတွက်မဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင် နောက်ရွေးကောက်ပွဲမှာ ပြည်သူက အစိုးရဟောင်းကို ရွေးချယ်တော့မှာ မဟုတ်ပါဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ ခိုင်းဖတ်ပဲဖြစ်ရမှာပါ။ ပြည်သူရဲ့ အရှင်သခင်အဖြစ် ကိုယ့်ကိုကိုယ်ယူဆနေရင် အဲဒါ အစိုးရ မဟုတ်တော့ဘူးဆိုတဲ့ အယူအဆ၊ လူအားလုံး တန်းတူညီမျှရှိရမယ်၊ လူနည်းစုရဲ့ အခွင့်အရေးကို လူများစုက လေးစားလိုက်နာရမယ်ဆိုတဲ့ အတွေးအခေါ်ကို အရေးတော်ပုံနဲ့အတူ ကျွန်မတို့ သိခဲ့ရပါတယ်။
ဒီလိုနဲ့ ကျွန်မတို့မျိုးဆက်တွေဟာ တပါတီအာဏာရှင်ရဲ့လက်အောက်ကနေ စစ်အာဏာရှင်ရဲ့ လက်အောက်ကို ရောက်ခဲ့ရပါတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုးတာမဟုတ်ပေမယ့် ကျားထက်ဆိုးတဲ့ ရှင်ကြီးရဲ့လက်ထဲမှာ ကျွန်မတို့ပြည်သူတွေ မွဲပြာကျခဲ့ရပါတယ်။ ပြည်သူတွေ မွဲပြာကျခဲ့သလောက် စစ်အာဏာရှင်နဲ့ ပြေလည်သူတွေ၊ ဆွေတော်မျိုးတော်တွေဟာ လူချမ်းသာတွေဖြစ်ခဲ့ပြီးတော့ ပြည်သူလူထုအပေါ်ကို ထပ်မံ ဗိုလ်ကျစိုးမိုးကြပါတယ်။
ကမ္ဘာ့ရေစီးကြောင်းအရ မြန်မာ့နိုင်ငံရေး ပြောင်းလဲဖို့လိုအပ်လာတဲ့အချိန်မှာ နှစ်ပေါင်း ၂ဝ ကျော်လောက် ဗိုလ်ကျစိုးမိုးလာခဲ့တဲ့ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ စီပွားရေးအင်ပါယာအတွင်းက လူတွေဟာ တကယ့် အပြောင်းအလဲကို ငြင်းဆန်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို သွားနေပါတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အာဏာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ''စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ'' စနစ်အဖြစ် တီထွင်ဖန်တီးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ စည်းကမ်းရှိပြီးသားပါ၊ ထပ်ပြီး စည်းကမ်းတွေနဲ့ ကန့်သတ်ဖို့မလိုဘူးလို့ ပြောထားပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီစနစ်ကို လိုချင်တယ်။ အစိုးရက စစ်အာဏာရှင်တွေစိတ်ကြိုက် ဒီမိုကရေစီကို ဖန်တီးတယ်။ ဒီတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အာဏာရှင်ရဲ့အကျိုးစီးပွား ထိပ်တိုက်တွေ့လာပါတယ်။ အရင်တုန်းကလိုတော့ ပွဲကြမ်းလို့မရတော့တဲ့ အခြေအနေမှာ အခြေခံဥပဒေ သုံးသပ်ရေးကော်မတီကို ဖွဲ့ပေးပါတယ်။ အဖွဲ့ဝင် ၁ဝ၉ ဦးမှာ ပြည်သူတွေယုံကြည်တဲ့ ပါတီက အမတ် ၉ ဦးပဲ ပါဝင်ပါတယ်။ NLD ပါတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လက်မလျော့ပါဘူးတဲ့။ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ဆီကို သွားဖို့အတွက် အဓိက အဟန့်အတားဟာ ၂ဝဝ၈ အခြေခံဥပဒေပါ။ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် အဟန့်အတားလုပ်နေမယ်ဆိုရင်တော့ ၈၈ အရေးတော်ပုံထက် ပိုပြင်းထန်တဲ့ အရေးတော်ပုံတခုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တကယ်တော့ ပြည်သူအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆိုတာကို အကြီးအကျယ် ကျင်းပပေးတဲ့အပြင် ဒီမိုကရေစီနည်းကျကျ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ဖို့က ပိုအရေးကြီးပါတယ်။ စစ်မှန်မှုကို အလေးပေးမှာသာလျှင် တိုင်းပြည်ရဲ့အနာဂတ်က ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုတွေနဲ့ မဲဆွယ်စည်းရုံးတာကို မြန်မာပြည်သူတွေ နားယောင်တော့မှာ မဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေဟာ အတွေးအခေါ် ရင့်ကျက်တဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ။
ခင်ငြိမ်းသစ်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment