ကျနော်နဲ့ ကိုရဲ သားထွေးတို့အိမ် (ကီလီလမ်း) ကနေ ပဲခူးကို ထွက်ခဲ့ကြတယ်။ သားထွေးတို့အိမ်က ကျိုက်ထီးရိုးကားဂိတ်၊ သားထွေးတို့ကားဂိတ်ကနေ နှစ်ယောက်သား ဘတ်စ်ကားနဲ့ ပဲခူးကို ညသန်းခေါင်ကျော်လောက် ထွက်ခဲ့ကြတယ်။ ပဲခူးရောက်တော့ တော်တော်စောနေတယ်၊ ကိုတင့်အောင်အိမ်သွားပြီး တံခါးခေါက်တာ မနိုးကြဘူး။ ဒါနဲ့ ပဲခူး ရွှေမောဓော ဘုရားပေါ်တက်ကြတော့ ဘုရားရင်ပြင်တော် သံတံခါးက မနက် ၅ နာရီမှဖွင့်မယ်ဆိုတော့ နှစ်ယောက်သား သံဘာဂျာတံခါးရှေ့မှာပဲ ထိုင်နေလိုက်ကြတယ်။ အဲဒီအချိန် မြစ်ဟိုဘက်ကမ်းက အသံမစဲ ပဌာန်းပွဲက တရားသံတွေ ကြားနေရတယ်။ မနက်အလင်းရောင်ထွက်လာတဲ့အချိန်ကျမှ ကိုရဲနဲ့ကျနော် ဘုရားဝတ်ပြုပြီး ရွှေမောဓောကနေ ကိုတင့်အောင်ဆီ ပြန်သွားကြတော့ သူ နိုးနေပါပြီ။
ကိုတင့်အောင်နဲ့ လ္ဘက်ရည်ဆိုင်မှာ မနက်စာ လ္ဘက်ရည်နဲ့ မုန့်တွေစားပြီး သနပ္ပင်က ဝင်းဦးတို့အိမ် သွားကြတယ်။ ဝင်းဦးတို့အိမ်မှာပဲ ကိုရဲရဲ့ နဒီမင်္ဂလာသီချင်း ရေးတယ်။ ချက်ချင်းတော့ သီချင်း အပြီးမရေးနိုင်ခဲ့ပါဘူး။ သူတို့အိမ် လမ်းကလေး နဒီမင်္ဂလာလမ်းကိုအစွဲပြုပြီး နဒီမင်္ဂလာ လို့ ကိုရဲက သူ့သီချင်းခေါင်းစဉ်ပေးလိုက်တာ၊ သီချင်းက ရက်နည်းနည်းကြာမှ ပြီးခဲ့တာ။ ဝင်းဦးအတွက် သီချင်ချင်းတွေတိုက်ခဲ့ကြ၊ ကိုရဲကလည်း သူ့ကို သင်ပေးခဲ့တယ် ဆိုပုံဆိုနည်း၊ သူ့စီးရီးအတွက် အင်လျားကန်စောင်းမှာ ဓာတ်ပုံတွေရိုက်ကြ၊ ကျနော်ကလည်း တတ်သမျှမှတ်သမျှနဲ့ ဟိုပါ ဒီပါပေါ့။ သူ့စီးရီးနာမည်တောင် ပေးထားပြီးသား၊ လမင်းသာချိန် လို့။ ဖြစ်ချင်တော့ သူ့စီးရီးလည်း မထွက်ဖြစ်ခဲ့ဘူး။ ဝင်းဦးလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတယ်လို့ကြားရတော့ ကျနော် တကယ်စိတ်မကောင်းခဲ့ပါဘူး...။
ကိုတင့်အောင်နဲ့ ကျနော် နောက်ဆုံးပြန်ဆုံတာက မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မှာ။ ၂ဝဝ၄ ခုနှစ် ကျနော် အမေရိကားကို မထွက်ခင် မဲဆောက်မှာ မွန်းအောင်နဲ့အတူနေကြတဲ့အချိန် မွန်းအောင်က ပြောလာတယ်။ မိုင်ကျော်ခင်း ကိုတင့်အောင် ဒီရက်ပိုင်းထဲ ငါ့အိမ်လာလိမ့်မယ်၊ မဖြူလည်း ပါလာလိမ့်မယ်ဆိုတော့ ကျနော်လည်း ကိုရဲတို့ ကိုတိုးတို့အကြောင်းတွေ သူလာမှ မေးရတော့မယ်၊ သိရတော့မယ်ဆိုပြီး မျှော်နေလိုက်တယ်။ မဖြူဆိုတာက ကိုမောင်မောင် (အဉ္ဇလီ) ရဲ့ ဇနီးလေ...။ ကျနော် သူ့ကို တခါမှ မမြင်ဖူးသေးဘူး။ အမှန်အတိုင်းပြောရရင် မွန်းအောင်နဲ့ ကျနော်နဲ့က ဟင်းကောင်းကောင်းကောင်းချက်တတ်ကြတာ မဟုတ်ဘူး။ နှစ်ယောက်စလုံးက ညဘက်တော်တော်နဲ့ မအိပ်ကြဘူး၊ မနက်စောစောထရမှာလည်း တော်တော်ပျင်းကြတဲ့ ကျနော်တို့နှစ်ယောက်။ မဖြူလာမှ မဖြူကိုပဲ ဟင်းကောင်းကောင်းချက်ဖို့ ပြောကြမယ်ပေါ့...။
မွန်းအောင်က မနက် သူ အိပ်ယာကနိုးရင် ဆိုင်ကယ်နဲ့ မဲဆောက်ဈေးထဲသွားပြီး မုန့်ဟင်းခါး ဒါမှမဟုတ် အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုတ်၊ နန်းကြီးသုတ် တခုခု သူ သွားဝယ်လာပြီး ကျနော်တို့ စုစားကြတာပါ။ ကိုတင့်အောင်နဲ့ မဖြူရောက်လာတော့ ကျနော် ကိုမောင့်ကို တော်တော်သတိရမိတယ်။ သူ ဆုံးသွားခဲ့ပြီးပြီလေ...၊ ကိုတင့်အောင်က မြန်မာပြည်က ယမကာတွေ ပါလာတယ်။ ရွှေလိမ္မော်တို့၊ နောက် သံပုရာအရက်တဲ့ ကျနော်လည်း တခါမှ မတွေ့ဖူးတဲ့ ယမကာတွေ၊ နောက်တခုက မြန်မာပြည်က အရက်ဆို ရှင်းရှင်းပြောရရင် သောက်ရမှာ လန့်နေတယ်။ အရက်မစစ်ဘူးတို့၊ ဟိုဟာရော ဒီဟာရောနဲ့ ကြားဖူးထားတာကိုး...။ ဒါနဲ့ ကိုတင့်အောင် ကျေနပ်အောင် နည်းနည်းတော့ သောက်ပေးပြီး ကျနော်တို့ ထိုင်းနိုင်ငံက ယမကာနဲ့ပဲ ဒကာခံလိုက်ကြတယ်။ ကိုတင့်အောင်ကလည်း သူကသာ ကျနော်တို့အတွက်ဆိုပြီး မြန်မာပြည်က ယမကာ ယူလာတာ၊ သူကြိတ်သွားတာ ထိုင်းက ယမကာချည်းပဲ။
မဖြူနဲ့တွေ့မှ ကျနော် သိချင်တာတွေ မေးရတော့တာ။ မဖြူနဲ့ ကိုမောင့်သားသမီးတွေ အခြေအနေ၊ သားသမီးတွေ လိမ္မာကြတယ်ကြားတော့လည်း ဝမ်းသာရတယ်လေ။ နောက် ကျနော့် သူငယ်ချင်း ယဉ်ယဉ်ထွေး (ဂျီဂျီး) ကိုမောင့်ညီမရဲ့ ဖုန်းနံပါတ်ရတာနဲ့ ပြန်ဆက်မိကြတာ။ ကျနော်တောင် လှမ်းနောက်လိုက်သေးတယ်၊ ဂျီဂျီးဆီဖုန်းလှမ်းဆက်ပြီး (မဖြူ ပြောပြလို့ ဂျီဂျီးက သူ့အကို ကိုမောင့်သီချင်းတွေ လိုချင်ရင်ဖြစ်ဖြစ် ဝယ်ချင်ရင်ဖြစ်ဖြစ် သူ တာဝန်ယူထားတယ်ဆိုလို့) ကျနော် မယဉ်ယဉ်ထွေးနဲ့ စကားပြောချင်လို့ပါဆိုတော့ သူ့သမီးက ဖုန်းကိုင်တယ်၊ မေမေရေ မေမေ့ဖုန်းဆိုပြီး အော်ပြောသံကြားနေရတယ်။ မန္တလေးသူတွေရဲ့ လေသံအတိုင်း ကျနော် ယဉ်ယဉ်ထွေးပါ ပြောပါဆိုတော့ ကျနော်က သြော် ကျနော် ကိုမောင့်သီချင်းတွေ ဝယ်ချင်လို့ပါ၊ အဲဒါ သီချင်းတပုဒ်ကို ဘယ်လောက်နဲ့ရောင်းလဲ သိချင်ပါတယ် လို့မေးတော့ သူ ကျနော့်အသံ မမှတ်မိသေးဘူး၊ ဟုတ်ကဲ့ သူ့သီချင်းတပုဒ်ကို ငါးသောင်း သတ်မှတ်ထားပါတယ် (အဲဒါ ၂ဝဝ၄ တုန်းက ခုတော့ ရမှာမဟုတ်တော့ဘူး)၊ ဒါပေမယ့် ဘယ်သူဆိုမှာလဲ ဘယ်လိုဆိုမှာလဲဆိုတာတော့ သိပါရစေ၊ ကိုမောင်ရဲ့ မူရင်းသံစဉ်ပုံစံအတိုင်းပဲ ဆိုရမှာလို့ ပြောတယ်။
ဒါနဲ့ ကျနော်က ဟုတ်ပါတယ် သူ့မူရင်းပုံစံအတိုင်းပဲ ဆိုမှာပါ၊ ဆိုမယ့်စတိုင်ကတော့ အင်ကြင်းဆောင်နောက်က ပုံစံနဲ့ဆိုမှာ ဆိုမယ့်သူကတော့ မင်းကျော်ခိုင်ပါ လို့ပြောလိုက်တော့ မရွှေဂျီဂျီး ခဏ ငြိမ်သွားသေးတယ်၊ ပြီးမှ သေချင်းဆိုး ခု နင်ဘယ်ရောက်နေလဲ ရန်ကုန်မှာပြန်ရောက်နေလားဆိုပြီး မေးတယ်။ ကျနော် သူ့ကို အရင် ကျောင်းသားဘဝသူငယ်ချင်းအတိုင်း ပြန် စနေတာ သိသွားတယ်လေ။ နင် ငါ့ဖုန်းနံပါတ် ဘယ်ကရလဲမေးတော့ ငါ မဖြူဆီကရတာလို့ ပြောလိုက်ပြီး ငါ အခု မဲဆောက်မှာ မွန်းအောင်နဲ့ အတူနေနေတာလို့ပြောရင်း ကျနော်တို့သူငယ်ချင်းချင်း ပြန်အဆက်အသွယ်ရခဲ့ကြတာ။ ၁၉၈၃ လောက်ကတည်းက အဆက်အသွယ်ပြတ်နေခဲ့ကြတာ...။ ကိုမောင်နဲ့ မဖြူတို့ရဲ့သားသမီးတွေကို သူ တာဝန်ယူစောင့်ရှောက်ထားတဲ့အကြောင်းတွေပြောပြတော့ ကျနော် ကိုမောင့်ကိုယ်စား ကျေးဇူးတင်ဝမ်းသာရပါတယ်။
ကိုတင့်အောင်လာတာ သူ့ယူဂျီ ကိစ္စလာတာပါ။ သူ့ကိစ္စတွေက ကျနော်နဲ့ရော မွန်းအောင်နဲ့ရော ဘာမှမပတ်သက်ဘူး။ သူက ရှင်းရှင်းပြောရရင် သံယောဇဉ်ကြောင့် မွန်းအောင်အိမ်မှာလာတည်းတာ။ မဖြူက တပိုင်းကိစ္စ၊ သူ့ကိစ္စ စီးပွားရေးအဆင်ပြေမလားဆိုပြီး စမ်းလာတာ။ တကယ်တမ်းပြောရရင် ကိုတင့်အောင် သူ့ကိစ္စနဲ့သူ လာတယ်ဆိုပေမယ့် မွန်းအောင်ဆီမှာနေတာတော့ ထားပါ၊ ဘော်ဒါအရင်းတွေပဲဟာ။ ဒါပေမယ့် သူ့ဆရာကြီးများ တာဝန်မယူတဲ့အပိုင်းတွေ အများကြီး၊ ဒါတွေကတော့ နောက်မှ ကျနော် ရေးပါမယ်။ ဂီတသူရဲကောင်းများနဲ့ မပတ်သက်လို့ပါ။ ကျနော်နဲ့ တောတွင်းခရီးကြမ်းဆိုပြီး ရေးမှာပါ၊ စောင့်သာဖတ်ကြပါလို့ ပြောပါရစေ။ အဲဒီအခေါက်က ကိုတင့်အောင်နဲ့ ကျနော် နောက်ဆုံးတွေ့ခဲ့ကြတာပါပဲ။
ခု ကျနော်တို့က ဘိုတင့် လို့ခေါ်တဲ့ ရာပြည့်အကြောင်း စ ရပါတော့မယ်။
ကျနော် အမေရိကား နယူးယောက်ကိုရောက်တော့ ၂ဝဝ၄ အောက်တိုဘာ၊ ၂ဝဝ၉ နှစ်ဆန်းပိုင်းမှာ ကျနော် နယူးယောက်မှာရှိတယ်ဆိုတာ ဘိုတင့်သိပြီး ကျနော့်ဆီဖုန်းဆက်လာလို့ အဆက်အသွယ်ပြန်ရခဲ့ကြတယ်။ သူ မကြာခင် လောကကြီးကို စွန့်ခွာရတော့မယ်ဆိုတာ မသိခင်လေး... ကျနော်နဲ့ ပြောဖြစ်ကြတယ်။ (သူ ဆုံးတာ ဒီဇင်ဘာ ၉ ရက် ၂ဝဝ၉ လို့ ထင်တယ်) ဟိုးတုန်းကအကြောင်းတွေရော ခု ဘာလုပ်နေကြလဲပေါ့။ သူ့ကို ကျနော်တို့က ဘိုတင့်လို့ပဲ ခေါ်ကြတာ။ ဘိုတင့် ဘာလုပ်နေလဲဆိုတော့ ကိုယ် ပိုက်ဆံရတဲ့အလုပ်ပဲ လုပ်နေတာပေါ့ မိုင်ကျော်ခင်းရာ တွေ့ချင်တယ် စကားတွေလည်း ပြောချင်တယ် ဆိုပြီး ဖုန်းထဲ ငိုသံပါကြီးနဲ့ပြောလာတယ်၊ ဘိုတင့် သောက်တာ နည်းနည်းလျှော့သောက်လို့ပြောတော့ မိုင်ကျော်ခင်းရာ ကိုယ်အလုပ်ပင်ပန်းပြီး တွေးစရာ ဆွေးစရာတွေအတွက်က ဒါပဲ အဖော်ရှိတာလေဆိုပြီး ပြောတယ်...။ မိုင်ကျော်ခင်းနဲ့ ပြောစရာတွေ အများကြီးပဲကွာ...တဲ့။ သူ့အသံကြားတော့ ကျနော် သိတယ်၊ သူ ဟိုးတုန်းကအကြောင်းတွေပြောဖို့ သူ ရင်းနှီးတဲ့သူ မရှိဘူး၊ သူ့ပတ်ဝန်းကျင်မှာ...။
ဆက်ပါဦးမည်။
မင်းကျော်ခိုင်
No comments:
Post a Comment