Wednesday, September 4, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၇) - မင်းကျော်ခိုင်

ထူးအိမ်သင် ဆုံးပြီးနောက် ကျနော်နဲ့မွန်းအောင် အောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့ ဘုရားသုံးဆူ စမ်ခပူရီကိုလာကြတဲ့အခါ ကျနော်တို့နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ကျနော်တို့ ၃ ယောက် ထိုင်ခဲ့ကြဖူးတဲ့ အဲဒီကျောက်ခုံနေရာလေးကို ပြန်သွားခဲ့ကြတော့ နေရာတွေအားလုံးဟာ လုံးဝ ပြောင်းလဲနေပါပြီ။ ကျောက်ခုံလေးလည်း မတွေ့တော့ပါဘူး။ 

ထူးအိမ်သင်က ကျနော် ဘန်ကောက်တက်ခါနီး သူလည်း ငါပြန်ချင်ပြီကွာ... ဒီမှာ ငှက်ဖျားနဲ့ အစားအသောက်အဆင်မပြေတာနဲ့ မလွယ်ဘူး... ငါ့သူငယ်ချင်း ကိုကျောက်ခဲဆိုတာ မဲဆောက်မှာ ရှိတယ်၊ တကယ်လို့များ မင်း မဲဆောက်ဘက်ရောက်ခဲ့ရင် ငါ့စာလေး ပေးပေးပါကွာဆိုပြီး ကိုကျောက်ခဲအတွက် အိပ်ဖွင့်ထားတဲ့စာတစောင် ကျနော်နဲ့ လူကြုံပါးတယ်။ အမှန်ကတော့ ပိုက်ဆံအကူအညီ လှမ်းတောင်းတဲ့စာပါ။ ကျနော်လည်း ငါ ရောက်ရင် စုံစမ်းပြီး ပေးပေးပါ့မယ်လို့ပြောခဲ့ပေမယ့် ကျနော့်မှာ ဘန်ကောက်လည်း မရောက်၊ မဲဆောက်ကိုဆို ဝေလာဝေး လမ်းတဝက်မှာတင် လတော်တော်ကြာအောင် ရွာလည်နေခဲ့တယ်။ 


ဒါပေမယ့် ထူးအိမ်သင်ကို မွန်းအောင်က သူ့စခန်းကိုခေါ်သွားခဲ့တယ်လို့ နောက်မှသိရတာပါ။ နောက် ထူးအိမ်သင်က မွန်းအောင်နဲ့အတူနေရင်း တော်လှန်ရေး သမိုင်းဝင်သီချင်းတပုဒ်ဖြစ်တဲ့ အရေးကြီးပြီ သီချင်းကို ရေးပေးခဲ့တာသိရတော့ သူ့အတွက် လေးစားဂုဏ်ယူမိပါတယ်။ အဲဒီအချိန်တွေမှာ ကျနော် သူတို့နဲ့မရှိတဲ့အတွက် အသေးစိတ် ကျနော် မသိပါဘူး၊ နောက်မှ မွန်းအောင်ကို ဖုန်းဆက်ပြီး မေးကြည့်ပါဦးမယ်။ 

ကိုနေဝင်းတို့အကြောင်းဘက်ပြန်ဆက်ရရင် ကိုနေဝင်းက သူရေးတဲ့ ခွန်အားဖြည့်မိငယ် သီချင်းကို ခရမ်းပြာအဆောင် သူ့အခန်းမှာ သူဆိုတော့ သူ့စာသားထဲမှာ ရဲရင့်မှ ကျော်ဖြတ်သွားဆိုတာ ပါတယ်။ သူ့သီချင်းဆုံးတော့ ကိုရဲက ရဲရင့်ကကျော်သွားတော့ ကေသွယ်ရုံကိုရောက်မှာပေါ့ဆိုပြီး ကျနော့်ကိုလှမ်းကြည့်ပြီး ပြောတယ်။ ကိုနေဝင်းကတော့ ကိုရဲအကြောင်းသိပြီးသားဆိုတော့ ဘာမှ ပြန်မပြောဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှာက်မှာ ပန်းဆိုးတန်းဘက်ချမ်းရောက်တော့ ရဲရင့်ရုံ (အိန္ဒိယရုပ်ရှင်တွေပြတဲ့ရုံ)၊ သူ့ကိုကျော်သွားရင် ကေသွယ်ရုံရှိတာကိုး...။ ကိုရဲက အဲလို စကားအစအနလေးတွေကောက်ကောက်ပြီး နောက်တတ်တယ်။ ဒါကြောင့် သူက လူချစ်လူခင်များတယ်။ 

ကိုရဲနဲ့ ကျနော်က အတွဲများတယ်။ သူ တခါတခါ အင်းစိန်ဘက်သွားရင် ကျနော့်ကို ခေါ်ခေါ်သွားတတ်တယ်။ တခါသား ကျနော်တို့နှစ်ယောက် ကောင်းကောင်းနဲ့ အင်းစိန်က စံပ္ပာယ်ရုံလမ်းဘက်သွားကြတယ်။ ကျနော်နဲ့ လမ်းမှာ ဟိုအကြောင်း ဒီအကြောင်းတွေပြောပြီး သွားကြတာပါပဲ။ ညဘက်ကျ ကျနော်တို့နှစ်ယောက် အရက်အတူ သောက်ဖြစ်ကြတော့ အဲဒီမှာ ကိုရဲက ကျနော့်ကို ရင်ဖွင့်တယ်၊ မိုင်ကျော်ခင်းရာ... ကိုယ် သူ့အပေါ် ဘယ်တော့မှ မေ့လို့မရဘူးကွာ... ဟိုး... အဝေးကနေကတည်းက အလိုလို ရင်တွေခုန်နေတယ်၊ လမ်းမှာ သူနဲ့တွေ့ဖို့မဆိုထားနဲ့ အိမ်ထဲကို ပြန်ဝင်သွားတဲ့ သူ့ ခြေဖဝါးလေးတဖက်ပဲ ကိုယ်မြင်လိုက်၊ သူမှန်းကိုယ်သိတယ်၊ ရင်တွေ အရမ်းခုန်တယ်၊ အဲဒီ လမ်းထဲကိုလျှောက်ရမှာ ကိုယ် မရဲဘူးကွာ... မရဲပေမယ့် သွားလည်း သွားချင်တယ်လို့ ပြောတယ်။ ကျနော် သိတယ်၊ ကျနော် ကိုရဲနဲ့ ညီအကိုလိုပေါင်းနေကြတာပဲဗျာ... သူ အဲလိုရင်ဖွင့်တဲ့အချိန် ကျနော်တို့မှာ ဂစ်တာ မပါဘူး၊ ပါရင် ကျနော် သူ့ကို ဘာသီချင်း တီးခိုင်းမယ်ထင်သလဲ...။

ဒွိဟစိတ်နဲ့ သုညမှာ၊ နောက်တပုဒ်က ကိုယ်မငိုတတ်တော့ဘူး... အဲဒီသီချင်းတွေက ကိုရဲရဲ့ သူ့ချစ်သူ အလွမ်းသီချင်းတွေပါ၊ သူ့ရင်ဘတ်နဲ့ ရေးခဲ့တာတွေ၊ အချစ်ဆိုတာ ပေါင်းရသည်ဖြစ်စေ၊ မပေါင်းရသည်ဖြစ်စေ ကိုယ်က အမြဲချစ်နေမှာပဲလေ၊ သူ့နာမည်က တိုးတိုး၊ ပြန်ကြည့် သူ့သီချင်းတွေမှာ တိုး ဆိုတဲ့ စကားလုံးပါတာ များတယ်။ နောက်တခု ကိုရဲက ကိုတိုးအပေါ် သံယောဇဉ်ကြီးတဲ့အထဲ အဲဒါလည်းပါတယ်။ 

တကယ်တော့ ကိုရဲက သူ့အပေါင်းအသင်းတွေအားလုံးကို သံယောဇဉ်ကြီးပါတယ်။ ကိုရဲ ရဲ့ ခဏခဏအဟောက်ခံရတာကတော့ ကိုဇော်ကြီး(ကိုဇော်မျိုးထွဋ်)။ ကိုဇော်ကြီး အမေရိကားလာတော့ ကျနော့်ကိုပြောတယ်။ ကိုရဲက ကျနော့်ဆို ရည်ရည်လည်လည် ကောတယ်ဗျာ... တဲ့။ ကိုရဲက ချစ်လို့ကောတာနေမှာပေါ့လို့...။ နောက် သူက ငွေနဲ့ပတ်သက်လို့ တပ်မက်မှုမရှိဘူး၊ မှတ်မိသေးတယ် သူ အမေရိကားလာခါနီး ကျနော်နဲ့ ဖုန်းပြောတော့ မိုင်ကျော်ခင်း ကိုယ်ကတော့ အမေရိကားကို လွယ်အိပ်တလုံးနဲ့ပဲ လာမှာနော်။ ကျန်တာ မိုင်ကျော်ခင်းတာဝန်ပဲ... လွယ်အိပ်နဲ့လာပြီး အပြန်ကျ အိပ်နဲ့လွယ်ပြန်မှာ...ကိုရဲနဲ့ စကားပြောရင် အဲလို၊ ကျနော်ကလည်း ဘယ်ရမလဲ ကိုရဲ ဒီမှာ လွယ်လွယ်နဲ့ အိပ်လို့ရမယ်ထင်သလား! မိတ်ဆက်မယ့်သူတွေ မက်ဆေ့ ပို့ထားတာနည်းတာ မဟုတ်ဘူးလို့...။ 

ကိုရဲ ကျနော့်ကိုပြောပြတာ တခုရှိသေးတယ်။ မင်းသား ကျော်ဟိန်းနဲ့ကိစ္စပါ။ တခါသား သူ့ ငယ်သူငယ်ချင်းကျော်ဟိန်းက သူ့ကိုခေါ်တွေ့တယ်၊ ရဲကြီး ဒို့ငယ်ငယ်တုန်းက ရထားသံလမ်းဘေးမှာ အတူပေခဲ့တေခဲ့ကြဖူးတယ်။ ခု ကိုယ်က နာမည်ကျော်မင်းသား ကျော်ဟိန်းဖြစ်နေပြီ၊ ခု ကိုယ်က ရဲကြီးကို ခေါ်တွေ့တယ်၊ ရဲကြီးကိုယ့်ဆီလာရတယ်၊ ကိုယ် သီချင်းဆိုမလို့ ဒါကြောင့် ရဲကြီးကို ကိုယ်ဆိုမယ့် သီချင်းတခွေစာအပ်မလို့၊ ရဲကြီး ကိုယ့်ကိုရေးပေးပါ၊ ရေးရမဲ့သီချင်းတွေ ကိုယ်ရွေးထားပြီးသား... သံစဉ်ကရှိပြီးသားဆိုတော့ ရဲကြီးက စာသားသွင်းရုံပဲ၊ ကိုယ် ရဲကြီးတောင်းတဲ့ဈေး ကိုယ်ပေးမယ်၊ ကိုယ်တို့ သူငယ်ချင်းတွေပဲကွာ အိုကေ မဟုတ်လားဆိုပြီး ကျော်ဟိန်းက ပြောတယ်။

ကိုရဲက ငါ မရေးပေးနိုင်ဘူး ဖိုးကျော်၊ ငါ ကော်ပီသီချင်းဘယ်တော့မှ မရေးတော့ဘူးလို့ ဆုံးဖြတ်ပြီးသား၊ ငွေမရှိပေမယ့် ငွေရဖို့အတွက် အဲလိုရေးခိုင်းတိုင်း ငါ မရေးဘူး၊ မင်းဆိုချင်ရင် ငါ ကိုယ်ပိုင်သံစဉ်သီချင်းတွေရှိတယ် လို့ ကိုရဲကပြောတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက ပေါက်ဖို့ မသေချာဘူး၊ ကမ္ဘာမှာပေါက်ပြီးသားသီချင်းတွေကိုပြန်ဆိုမှ ပရိသတ်ကလက်ခံမှာဆိုပြီး ကျော်ဟိန်းက ပြန်ငြင်းတယ်၊ အဲဒီမှာတင်ပဲ သီချင်းကိစ္စပြတ်သွားတယ်။

ဒါပေမယ့် ကိုရဲကို ကျော်ဟိန်းက ကိုရဲ သူ့ဆီက မပြန်ခင် ရဲကြီး အရင်တုန်းက ဒို့ဟာ ဘာမှမဟုတ်ကြပေမယ့် ခုချိန်မှာ မင်းသူငယ်ချင်း ဖိုးကျော်ဟာ ခု ကျော်ဟိန်းဖြစ်နေပြီ၊ တနေ့ကျရင် ရဲကြီးဟာလည်း ရဲလွင်ဆိုတဲ့ နာမည်ကြီးတယောက်အနေနဲ့ ကိုယ့်ကို ဟေ့ ဖိုးကျော် ငါ မင်းကို တွေ့ချင်တယ်၊ ငါ့ဆီလာခဲ့အုန်းလို့ ခေါ်တာမျိုး ကိုယ်ကြားချင်တယ်ဆိုပြီး ပြောခဲ့ဖူးတယ်။ ကိုရဲက သူ့အနုပညာကို ဘယ်တော့မှ ငွေနဲ့ ရောင်းစားလုပ်စားတတ်တဲ့သူမှမဟုတ်ဘဲ ပြုံးပြုံးလေးပဲ ပြန်ခဲ့တာပါ။

ခုအချိန် ပြန်တွေးကြည့်ပါ။ ကျော်ဟိန်းကိုလည်း သူခေါ်စရာမလိုပါဘူး၊ ကိုရဲလွင်ဆိုတာ ခု ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား၊ လူထုချစ်တဲ့ လူထုဘက်တော်သားဖြစ်နေပြီလေ။ ဒါတွေကို ကိုရဲ တမင်ဖန်တီးယူခဲ့တာမှ မဟုတ်ဘဲ လူထုက ကိုရဲအပေါ် သူတို့ဖာသာသူတို့ မေတ္တာတုံ့ပြန်ခဲ့ကြတာပဲ။ ကိုရဲရဲ့ ညီမအငယ်ဆုံး မမေမေပြုံး မနှစ်က အမေရိကားလာတော့ ကျနော်တို့ ကျော်စွာသန့်၊ ချောအိသိန်းတို့ရဲ့ art@apt မှာ ဆုံကြတယ်။ 

မမေမေပြုံးက ဘာပြောလဲဆိုတော့ ကိုလေးနဲ့အပြင်သွားရင် တက္ကစီသမားတွေက ဈေးလျှော့သလားမမေးနဲ့ တခါတခါ အလကားတောင် လိုက်ပို့ပေးတယ်၊ ဒို့ချည်းပဲဆိုရင် အလကားဝေးစွ ဈေးတောင်လျှော့မပေးဘူး... ဟဲ့ မနေ့ကပဲ ငါတို့အကို ကိုရဲလွင်နဲ့ နင့်ကားစီးသေးတယ်လေလို့ပြောတော့ ကိုရဲကြီးက ကိုရဲကြီးပဲလေ အမတို့က အမတို့ပဲ မတူဘူး၊ ကျနော်တို့က ကိုရဲကြီးကို ချစ်လို့ လေးစားလို့ အမြဲကူညီတာလို့ ပြောပါသတဲ့ဗျာ... ပြည်သူကို တကယ်ချစ်တဲ့သူတွေကို ပြည်သူတွေကလည်း တကယ်ပြန်ချစ်ကြတာပါ၊ ကူညီကြမှာပါ။ 

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင်


 

No comments: