Wednesday, September 25, 2013

ကျွန်တော် နေ့စား ဆယ့်နှစ်ကျပ် ပြားငါးဆယ်သမား (မင်းသိုက်)

အပိုင်း (၁) 

ဆယ်တန်းစာမေးပွဲကို ၃ ကြိမ်တိတိဖြေဆိုပြီးခါမှ အင်္ဂလိပ်စာအမှတ် ၄၀၊ သင်္ချာ အမှတ် ၄၀ (မော်ဒရေးရှင်း)၊ သမိုင်းဂုဏ်ထူးလေးတစ်လုံးပိုက်ပြီး ၁၉၈၆ ဒီဇင်ဘာလ ၅ ရက်နေ့မှာ လှိုင် တက္ကသိုလ်ကြီး စတက်ခွင့်ရတယ်။ နိုင်ငံတကာဆက်ဆံရေး IR ကို အမှတ်မီသော်ငြားလည်း ကျွန်တော် သမောသားလေးဖြစ်ရပါလို၏ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကင်းရီးယားအောင်ရင် ရေသိပံ္ပပြောင်းဖို့စိတ်ကူးနဲ့ ဖီးဇစ်မောဂျာယူပလိုက်ထာ။ မိစုံဖစုံမရှိတော့ စတိုင်ပင် တစ်လ ၇၅/- ကျပ်တိတိ အစိုးရက ပေးတယ်။ ကြီးတော် အပျိုကြီး ၂ ယောက်က မုန့်ဖိုး တစ်နေ့ ငါးကျပ်ပေးတယ်။ တစ်ပတ်စာ ၂၅ ကျပ် တစ်ခါထဲပေးထားတာ၊ စနေ တနင်္ဂနွေ မရဘူး။ တနင်္လာနေ့ဆိုတာနဲ့ တပတ်စာ အစိတ်က ပြောင်သွားပြီ၊ အကုန်လုံး ဆေးခြောက်ဝယ်ရှူပလိုက်ထာ။ အဆောင်ကန်တင်းက ကိုလုံးရဲ့ ရွှေဒင်္ဂါးက အသည်းစွဲပေါ့။ 

ဒေါင်ဒေါင်ဒင်ဒင်လေး ဟိုစပ်စပ် ဒီစပ်စပ်က ဝါသနာထုံတော့ ကိုယ်ပိုင်ဂစ်တာလေးတစ်လုံး ပိုင်ဆိုင်ချင်လာတယ်။ ဖရေဇာလမ်းမပေါ်က သီဟ ဘိုင်စကုပ်ရုံတည့်တည့် ဂစ်တာမြို့တော်က ရှယ်ဂစ်တာတစ်လက် အော်ဒါမှာရင် ထိုစဉ်က ကျပ်ငွေထောင့်ငါးရာ၊ လုံးဝ အိပ်မက်ပဲ။ ယင်းတိုက်သား ဖလက်တံနဲ့၊ ဂစ်တာကီးတွေက ဂျပန်မိတ် မာယာကီးတွေနဲ့ … … … … ...။ 


ဒီအိပ်မက်ကို စအကောင်အထည်ဖော်ဖို့ ကျွန်တော် ငွေလိုတယ်။ ရပ်ကွက်ထဲက ဆေးခြောက်သမား ရှူဖော်ရှူဖက် သိန်းတိုးကြီးက ဘိုင်စကုပ်လောကမှာ နေ့စားမှန်ထိုးမီးထိုးလုပ်နေပြီ။ ကျွန်တော် ကျောင်းပုံမှန်မသွားဖြစ်တော့ဘူး။ ပရယ်တီကယ် တိုရီယယ်တွေကို မူကြိုကထဲက ဆိုးဖော်ဆိုးဘက် နေလင်းခေါင်းကြီးကို အကုန်လွှဲပြီး ဘိုင်စကုပ်လောကထဲ တစ်နေ့ နေ့စား ဆယ့်နှစ်ကျပ်ခွဲနဲ့ မှန်ထိုးမီးထိုးဘဝ ရောယောင်ရောက်သွားပါလေရော။ ရည်ရွယ်ချက်ကတော့ ဂစ်တာတစ်လုံးဖိုး ရရှိနိုင်ရေးပါ၊ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ 

တစ်ချိန်မှာ “ရပ်ကြည့်သွား” ဆိုတာကို ဖန်တီးမည့် ဒါရိုက်တာ ချိုင်းရှိန်၊ ရှုတင်မန်နေဂျာလုပ်တဲ့ ကာလခေတ်ရောက်တော့ ကျွန်တော် နေ့စားတစ်နေ့ ၂၅ ကျပ်စားနေပြီ။ သူ့နာမည်က ကိုခင်မောင်လတ်။ များသောအားဖြင့် ရှုတင်ပြီးလို့ နေ့စားခထုတ်ရင် “မင်းတို့ကလဲ နေစမ်းပါ အုန်းကွာ ဒီမှာ အလုပ်ရှုတ်နေလို့ နက်ဖြန်မှပေါင်းယူ” ဆိုတာမျိုး အလွန်အပေါက်ဆိုးတဲ့မန်နေဂျာ။ သူ ရူတင်မန်နေဂျာလုပ်တဲ့ကားတွေဆို လုံးဝ မလိုက်တော့ဘူး။ ဒါရိုက်တာကြီး ဦးမြင့်ကျော်၊ အန်တီဒေါ်ခင်မာလာ (ကောလိပ်ဂျင်ကြီး မဟေသီ)၊ ဒါရိုက်တာ ကာတွန်း ကိုဒေါန (ကျွန်တော် အလွန်လေးစားသော မန္တလေးသား အနုပညာရှင်တစ်ဦး) တို့ ဇာတ်ကားတွေမှာ ပိုအလိုက်များတယ်။ 

ထိုစဉ်က ဓာတ်ရှင်ကို စတိုရီဘုတ်ခြစ်ပြီး အတိအကျရိုက်တာ ကိုဒေါနပဲ။ အဲလိုရိုက်ရပါလား ကျွန်တော် ထိုအချိန်က စသိခဲ့တယ်။ ကျွန်တော်လိုက်တဲ့ အဖွဲ့ခေါင်းဆောင် ကင်မရာဆရာက နတ်ရေကန် ရွှေစောင်းဆု (ပိုလီယို မေတ္တာဇာတ်ကား) ရခဲ့တဲ့ ဂျိုကာ မောင်မောင်တို့ညီအစ်ကိုတွေ၊ အဲဒီအချိန်က ရွှေစောင်းဆု မရသေးဘူး။ ကိုမောင်မောင်က သိပ်တော်တာ အေဝမ်းခြံထွက်။ သူလည်း မှန်မီးထိုးဘဝနဲ့ ဒီလောကထဲ ရောက်ခဲ့တာ ...သို့သော် ထိုဘဝ ထိုအချိန်က ရိုက်ကွင်းပေါ်မှာ အချိုးမပြေရင် မအေနှမနဲ့ တိုင်းဆဲခံခဲ့ရပြီး သိခဲ့ နားလည်ခဲ့ရတဲ့ အသိပညာအတတ်ပညာတွေ အပုံကြီး ထိုက်ထိုက်တန်တန်ရခဲ့လိုက်တယ်။ 

နောက်တော့ ကျွန်တော် ရိုက်ကွင်းတွေပေါ်မှာ မွန် ဒါရိုက်တာ၊ အဆိုတော်၊ ဓာတ်ရှင်ထုတ်လုပ်သူ ဆရာကြီး ကိုမင်းကိုသာနဲ့ဆုံဖြစ်ရင်း ကျွန်တော့် သွက်လက်ဖျတ်လတ်မှုတွေ သူ သတိထားသွားမိပုံရတယ်။ သူ့ရဲ့ “ချမ်း ဗွီဒီယို” ထုတ်လုပ်ရေးတိုက်မှာ ပုံသေဝန်ထမ်းသဘော ခန့်လိုက်တယ်။ ဗဟန်း ၃ လမ်းက သူ့တိုက်မှာပဲ ကျောင်းအိပ် ကျောင်းစား၊ ဗမာဓာတ်ရှင်တွေနဲ့ ဝေးပြီး မွန်ဇာတ်ကားတွေမှာ ဇာတ်လမ်း မှတ်တမ်းသမားဘဝ၊ နောက်တော့ သူ့ဆီမှာရှိတဲ့ ပင်နယ်ဆော့နစ် အမ်တွမ်တီဝမ်း အက်စ်ဗွီအိပ်ခ်ျအက်စ် ကင်မရာလေး ထမ်းခွင့်ရလာတယ်။ ပင၊ ကရွတ်ပိ၊ နှစ်ကရင်၊ ထင်းရှူးမွန်ရွာတကြောမှာ မွန်ဇာတ်ကားရိုက်ကူးရေးတွေ ထွက်။ 

လနဲ့ချီ ရိုက်ကွင်းထွက်ပြီးပြန်လာရင် တည်းဖြတ်ခန်း ဆရာတပည့် ၂ ယောက်ဝင်ကြတယ်။ ထိုစဉ်က တည်းဖြတ်ခန်းဆိုလို့ တစ်နံပတ်ထိပ်တန်းက ဟင်္သာကုမ္ပဏီက ကိုဒက်ကီ၊ ကြောင်ကမ္ဘာ၊ အန်တီဒေါ်ဖြူသီရဲ့ လူပျံတော်ပတ္တမြားခြံ ဒါပဲရှိတာ။ 

ဗွီဒီယိုကင်မရာရိုက်ရတာ အရမ်းပင်ပန်းတယ်။ ကျွန်တော့်လက်ဦးဆရာ ရုပ်ရှင်ကင်မရာမင်းကြီး အဘခိုင်၊ သူက ရုပ်ရှင်ကင်မရာကနေ ဗွီဒီယိုကင်မရာထမ်းရတော့ အသက်လည်း ကြီး …. မျက်လုံးကလည်း မကောင်းတော့ ဒါရိုက်တာအော့ဖ် ဗွီဒီယိုဂရပ်ဖီအရာပဲ နေတော့တယ်။ 

သစ်ပင်ပေါ်တက်ရ၊ ရွံ့နွံထဲဆင်းရ၊ နေပူထဲရပ်ရနဲ့ စိတ်ကုန်စရာပါပဲ။ ဟင်္သာ ကိုဒက်ကီတို့ … ကြောင်ကမ္ဘာက တရုတ်ကြီးတို့ဘဝတွေ လေအေးစက်အောက်မှာ ခလုပ်နှိပ်နေတာကို အားကျလာပြန်ပါလေရော။ 

ကျွန်တော် ဆရာကိုသာကြီးကို ခဏခဏ ပူဆာတယ်။ အက်ဒစ်ခန်းလေး ထောင်ပါ့လားပေါ့… ကျွန်တော် အက်ဒစ်ပဲလုပ်ချင်တယ်ပေါ့၊ ကျွန်တော် ဂျီကျပါများတော့ ကိုသာက ဖရေဇာက ဂျပန်ကျ ဒိုမက်စတစ် ယာမဟာ အက်စ်ဗွီဒီယိုအောက်စက်လေး၂ လုံး၊ ဆိုနီမော်နီတာ အစုတ်လေးတစ်လုံးဝယ်ပြီး တစ်ခါမှ အက်ဒစ်မလုပ်ဖူးတဲ့သူက ကျွန်တော့်ကို အယ်နာလော့ တည်းဖြတ်ခြင်းစ သင်ကြားပေးပါတော့တယ်။ 

လပ်ဖ်ဆင်းန်တွေ သိပ်ဆက်ချင်တာပဲ လောင်းရှော့တွေဆိုတော့ လက်သိပ်မပေါက်ဘူး။ ဒီတိုင်းလွှတ်ထားရတာ များတယ်။ မင်းသမီးသေခါနီး အလွမ်းခန်းတွေဆက်ရတာ ပျော်တယ်၊ တယောဒါဗင်လေးနဲ့ လောင်းရှော့တွေ လွှတ်ထာပဲ။ စိတ်ညစ်စရာက ဖိုက်တင်ခန်းတွေပဲ အရမ်း လက်ပေါက်ကပ်တယ်။ အသံနဲ့အရုပ်နဲ့ လွဲတာတွေက တစ်မျိုး၊ ဒက်တွေကလည်း ပေါ့စ်ဖမ်းလိုက်ရင် ၂ စက္ကန့်စာလောက် လစ်သွားသေးတာ၊ အခွေထုတ် လက်မှန်းနဲ့ နောက်ပြန်ရစ်ရတာမျိုးကရှိသေး၊ တစ်ညလုံးဆက်မှ ဆယ်မိနစ်စာကျဖို့ အသည်းအသန်ခေတ်။ 

ထိုစဉ်က ကျွန်တော့်အိပ်မက်အသစ်က တစ်ချိန် ငါ တည်းဖြတ်ခန်းတစ်ခန်း ပိုင်ဆိုင်ချင်လိုက်ထာ ... ... .... .... ...။ 

အချစ်ကလေးပြုံးတဲ့ ရှစ်လေးလုံးကာလ ဝေးဟေးဟေးနဲ့ ယောင်ခြောက်ဆယ်လိုက်ချီတက်ရင်း (သူများတွေက ခံစားချက်အပြည့်နဲ့ ကျွန်တော်က အပျော်၊ အမှန်ဝန်ခံတာနော်) ပါးချိုင့် အကြီးကြီးပါတဲ့ ဆယ်တန်းကျောင်းသူလေးနဲ့ မေတ္တာမျှပါလေရော။ ၈၉ ဒီဇင်ဘာလကျတော့ သုတ်ပြေးတာပဲ။ ၈၈ နောက်ပိုင်း ကိုသာကြီးအပေါ် ကျွန်တော် သစ္စာမပျက် အလုပ်မရှိလည်း တိုက်ကို ပုံမှန်သွားတယ်။ ပလေကပ်ပုဆိုး ပေါင်သုံးနေရတဲ့ ကျွန်တော်တို့လင်မယားကိုလည်း ကိုသာ က ကျေးဇူးကြီးတယ်။ ဒီလိုနဲ့ တစ်ရက် ကြောင်ကမ္ဘာမှာ အသံထပ်နေတုန်း ကျွန်တော့် ၇ တန်းတုန်းက သင်္ချာကျူရှင်ဆရာမ ယောက်ကျားလုပ်သူက ဘန်ကောက်မှာ တောက်တိုမယ်ရခိုင်းဖို့ ခေါ်သွားပါရဇီ ဆိုပြီး ကြီးတော်ကြီးတွေဆီ ခွင့်ပန်တော့ ကျွန်တော် ပိုက်ဆပ်တစ်ပြားတစ်ချပ်မှ မကုန်ပဲ ပတ်စ်ပို့နဲ့ လင်ပျံကြီးစီး ၁၉၉၀ စက်တင်ဘာလမှာ ထိုင်းမြေကို စနင်းပါ တော့တယ်။ 

အယ်နာလော့ တည်းဖြတ်သမားလေးတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုးပေါ့။ 

ဆက်လက် ရေးသားပါဦးမည်။ 

မင်းသိုက် 
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၁၃။ 

သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: